Tuesday, December 31, 2013

နေ့တိုင်း....ငါတို့နေ့တွေရဲ့အတိုင်းအထွာ

သူဟာ ဗိုက်အောင့်နေရင်း၊ ငါဟာ လက်သည်းညှပ်နေရင်း၊ သူဟာ ကားစီးနေရင်း၊ ငါဟာ downloadဆွဲနေရင်း၊ သူဟာ အိမ်မှာ ပူတင်းဖုတ်နေရင်း၊ ငါဟာ ဘုရားပန်းသွားဝယ်ရင်း၊ သူဟာ ဂျူတီကျနေရင်း၊ ငါဟာ လက်ဖက်ထမင်းစားနေရင်း၊ သူဟာ ဆံပင်ညှပ်ဆိုင်ကို လမ်းလျှောက်သွားရင်း၊ ငါဟာ အ၀တ်အစားလဲရင်း၊ သူဟာ တရှုံ့ရှုံ့ငိုရင်း၊ ငါဟာ လက်ရေးလှလှလေးကို စိုက်ကြည့်နေရင်း၊ သူဟာ ၂ယောက်တည်းမြင်ရတဲ့နုတ်စ်တွေဖတ်ရင်း၊ ငါဟာ အောင်မင်္ဂလာကားကြီးဝင်းထဲ စိတ်တွေပြေးရင်း ၊ သူဟာ အမှောင်ကနေ နာလန်ထ လာရင်း၊ ငါဟာ ဆေးညွှန်းတွေမှတ်နေရင်း၊ သူဟာ ဟဲကုဒ်လိမ်းနေရင်း၊ ငါဟာ ဟာသတွေပြောရင်း၊ သူဟာ လေယာဉ်ပေါ်တက်သွားရင်း၊ ငါဟာ အိပ်ရေးတွေပျက်ရင်း၊ သူဟာ မွေးနေ့ဆုတောင်းကို သန်းခေါင်ကျော် လှမ်းပြောရင်း၊ ငါဟာ သ၀န်တိုနေရင်း၊ သူဟာ အေသင်ချိုဆွေသီချင်းကို ringtone လုပ်ရင်း၊ ငါဟာ လာမယ့်လမ်းကို မျှော်ရင်း၊ သူဟာ musm လို့ ငါနားမလည်တဲ့အတိုကောက်တွေသုံးရင်း၊ ငါဟာ Destop wallpaper ကို ကြည့်မိရင်း၊ သူဟာ စိတ်ညစ်တဲ့အခါတိုင်းကလေးလေးနဲ့တူရင်း၊ ငါဟာ အရခတ လို့ ပြန်ရေးမိရင်း၊ သူဟာ စောင်ကို ခေါင်းမြီးခြုံထားရင်း၊ ငါဟာ နှင်းတွေကို မျက်နှာနဲ့ မော့ခံရင်း၊ သူဟာ အနာဟောင်းတွေပြန်လှန်ပြရင်း၊ ငါဟာ ဂစ်တာတီးပြရင်း၊ သူဟာ လမ်း၃၀ကို လွမ်းရင်း၊ ငါဟာ နိုဘယ်လ်ဆုအကြောင်းရှင်းပြရင်း၊ သူဟာ မက်ဆေ့ပို့ထား၊ဖတ်ချင်တယ်လို့ ပူဆာရင်း၊ ငါဟာ နယ်မြို့လေးအကြောင်းစပ်စပ်စုစုလုပ်ရင်း၊ သူဟာ တီဗီကြည့်နေရင်း၊ ငါဟာ အိမ်နဲ့လမ်းထိပ် အခေါက်ခေါက်လျှောက်ရင်း၊ သူဟာ လက်ဖက်ရည်မသောက်ဖို့ တားနေရင်း၊ ငါဟာ ဘက်ထွီအားသွင်းနေရင်း၊ သူဟာ ရေခဲမုန့်ဝယ်နေရင်း၊ ငါဟာ မျက်ရည်တွေကျရင်း၊ သူဟာ shoppingထွက်နေရင်း၊ ငါဟာ ကန်စွန်းပင်ကလေးကို ပျိုးရင်း၊ သူဟာ အမေးဝါကျတွေတပ်ဆင်ရင်း၊ ငါဟာ ချောကလက်ကို လျှာနဲ့တို့ရင်း၊ သူဟာ ကင်မရာ၃၆၀ကိုဖွင့်ရင်း၊ ငါဟာ (သူ့အသုံးအနှုန်းအရ) ရကောက် ၀ ဆွဲ နေရင်း၊ သူဟာ သီချင်းတွေဆိုပြရင်း၊ ငါဟာ ဖိနပ်ဆိုဒ်လေးကို မှတ်သားရင်း၊ သူဟာ စကားကို တစ်ခွန်းအမြဲချန်ရင်း၊ .... ... ...


ကျွန်တော့်ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို သူ့အသံနဲ့နားထောင်ရမှာ ဖြစ်ပြီး
သူ့ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို ကျွန်တော့်အသံနဲ့ နားထောင်ရမှာ အသေအချာ။


ဟိန်း


ပြန်တော့လည်း ကျန်ခဲ့တာပါပဲ




မန္တလေးတောင်ပေါ်
အတွေးနဲ့ လှမ်းတက်ကြည့်တော့
တစ်ယောက်နှုတ်ခမ်းထဲ တစ်ယောက်ပြုတ်ကျခဲ့တဲ့နေရာလေးမှာ
နေ၀င်တဲ့အထိ ရပ်နေမိတယ်။
ငါတို့အပျော်တွေဟာ ရေခဲမုန့်တွေကို
ကူးစက်ပျံ့ပွားလို့ ..
သူတို့ပျော်နေတာထိုင်ကြည့်ရင်း
ငါတို့လည်း ထပ်ထပ်ပျော်လို့ ...
ဘယ်လောက်ထိလဲဆို
သူ့မျက်ခုံးလေးတွေ
ငါ့လည်ပင်းမှာ စွန်းထင်းကုန်တဲ့အထိလို့ ပြောမယ်
ဘယ်အချိန်ထိလဲဆို
သစ်ရွက်ကြွေကလေးတွေ
ရှက်ပြီးခြောက်သွေ့သွားတဲ့အထိလို့ ပြောမယ်
နှစ်ယောက်တည်းနားလည်ခဲ့တဲ့
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို
ဘယ်အဘိဓာန်မှာ ရှာရမှာလဲ
ဟိန်းနော် ... ဆိုရင် တားမြစ်ခြင်းကို ပြတယ်
ဟိန်းလို့ ... ဆိုရင် စိတ်မရှည်ခြင်းကို ပြတယ်
ဟိန်းရယ် ... ဆိုရင် သနားကရုဏာကို ပြတယ်
ဘာသာစကားကို အချစ်နဲ့ တွဲစပ်သုံးဆောင်တဲ့အခါ
စကြာဝဠာရဲ့ ထိပ်တန်းအရသာမျိုး ရခဲ့ပေါ့။
ငါ ရှူထုတ်လိုက်တဲ့ လေစီးကြောင်းမှာ
သူ့လက်ဖျံပေါ်က မွှေးညှင်းလေးတွေ ယိမ်းထိုးသွားတာ ..
သူ ပင့်ကြည့်လိုက်တဲ့ မျက်ခုံးနက်နက်မှာ
ငါ့စကားတွေ ဆင်ဆာထိခဲ့တာ ..
ငါတို့ ကွယ်ထားခဲ့တဲ့ ရေတမာပင်ပျိုလေးရော
ဘယ်နှလက်မလောက် အရပ်ရှည်လာမှာ ..
အလုပ်အားတဲ့အခါ ငါ့ဂစ်တာသံတွေ
သူ ဖုန်းထဲက ထုတ်ကြည့်နေမှာ .. သိတယ်။
ဆိုင်ကယ်အနောက်ထိုင်ခုံမှာ
ခြေတင်တုံးတစ်ဖက်ပဲ အမြဲတမ်းချထားတဲ့ လူငယ်တစ်ယောက်အကြောင်း
ခင်ဗျားတို့ ကြားမိရင် ကျွန်တော့်ကို သတိရပါ
ဂုဏ်ပြုတပ်ဖွဲ့တစ်ဖွဲ့ မပိုင်ဆိုင်တဲ့ကောင်ဟာ
ဒီနည်းနဲ့ပဲ သူ့ကို ခပ်လွမ်းလွမ်းလေးဂုဏ်ပြုနေမိတာလေ ... ။



ဟိန်း

၎.၁၂.၁၃

မပြန်နဲ့တော့ဆိုတာတွေ လေထဲပျံသွား

ဘာယူခဲ့ရဦးမလဲ မေးတော့
မင်းညှပ်နေကျ ကလစ်ကလေးယူခဲ့လို့
အူကြောင်ကြောင်ဖြေမိတယ်

စိတ်ကူးကောင်းတယ်ပြောရမလား
စိတ်ရူးပေါက်တယ်ပြောရမလား
အဲဒီ ကွန်ကရစ်လမ်းမကြီးတစ်ခုလုံးကို
ဖုန်တစ်မှုန်မှ မရှိအောင် တံမြက်စည်းလှည်းထားချင်တာ

ဂီတဆန်တဲ့ ရယ်သံတွေ ခရီးမပန်းစေနဲ့
လက်ဖျံကို ဖုံးထားတဲ့ မွှေးညှင်းနုလေးတွေ အိပ်ရေးဝနေပါစေ

ငါက 42.191104 မိုင် အကွာအဝေးကို
ရင်တခုန်ခုန်နဲ့ လာခဲ့မယ်
မင်းက 395.192078 မိုင် အကွာအဝေးကို
ရှက်သွေးတဖြာဖြာနဲ့ လာခဲ့ကွယ်
ကျောက်စာချပ်တွေနဲ့ ခရေပွင့်တွေကြား၊
အိုမင်းမစွမ်းတော့သော နန်းမြို့ရိုးကြီးအနား၊
ရေပြင်ကျယ်ကျယ်နဲ့ သစ်သားစန္ဒယားအိုကြီးလို တံတားပေါ်၊
လက်ညှိုးညွန်ရာ ဦးခိုက်ချင်မိသော ရှုခင်းကို မြင်နေရမယ့်ခုံတန်းလေး၊
ဒါတွေ ထားပါ။ သိပ်ခမ်းနားလွန်းနေသလား။
လမ်း၃၀နားတစ်ဝိုက်က လမ်းဘေးအအေးဆိုင်လေးမှာ
ကျောက်ကျော တစ်ယောက်တစ်ခွက် မှာလို့
ပါဆယ်ထုပ်လာတဲ့ အချစ်တွေ
ကိုယ့်အထုပ်သူဖြည်၊ သူ့အထုပ်ကိုယ်ဖြည် လို့
ခဏလေးဆိုပေမယ့် တစ်ချိန်လုံးငေးနေမယ့်အကြည့်တွေ
အလွမ်းရောင်သန်းနေတဲ့ ဆည်းဆာထဲ
ပိုလွမ်းကြရအောင် အရောင်တွေခြယ်လို့

နားထင်ပေါ်က မှဲ့နက်ကလေးရေ..
ကားမှန်တံခါးကို ပိတ်ထားနော်
ဘယ်လို လေထုဖိအားကိုမှ မခံစားနဲ့တော့
ငါ့ဝင်သက်ထွက်သက်ရဲ့ နူးညံ့သောတိုးတိုက်မှုဟာ
မင်းဘ၀တစ်သက်တာ နိုးထလာတဲ့မနက်ခင်းတိုင်းမှာ
သက်ရောက်ဖြစ်တည်နေတော့မှာမို့ ... ။


ဟိန်း

(၂၇.၁၁.၁၃)

အမြန်လမ်းအပြန်လမ်း မြန်မြန်ပြန်သွားတဲ့လမ်း




ကလေးဆန်တယ်ပဲပြောပြော
ကျုံးဘေးက သစ်ပင်တစ်ပင်ပင်မှာ
ကိုယ်တို့နှစ်ယောက်နာမည်ကြား
အပေါင်းလက္ခဏာလေးခံပြီး
ထွင်းထားချင်သေးတယ်
သူ့နားထင်က မှဲ့ကလေးလေ ..
ကိုယ့်ကျောမှာ ဘာမပြောညာမပြော
ထိုးစိုက်လျက်သားတန်းလန်းကြီး ပါလာတယ်။
"အလွမ်းခရီးသည်" သီချင်းကို
ကားထဲမှာ repeat လုပ်ထားပါ
မိတ္ထီလာရောက်ရင် အလွမ်းကို ခဏထိန်းပြီး
အဆာပြေတစ်ခုခုစားပါ
သစ်သီးဖျော်ရည်တစ်ခွက်ကို
ကိုယ်မှာပေးတယ် သဘောထားပါ
အင်တာနက်ဖွင့်လို့ H လို့မြင်ရင်
ကိုယ့်နာမည်ကို ၃ ခါရွတ်ပါ။
ကိုယ်လည်း မင်းနာမည်နဲ့ မြို့ကလေးဆီ
ပြင်ပဒဏ်ရာမတွေ့ရှိရစေဘဲ
အတွင်းကျကျ စုတ်ပြတ်ကြေကွဲလို့
ခရီးနှင်နေတာ။
၂၁မိုင်ကျော်လာလို့ စိမ့်ခနဲဖြစ်သွားတဲ့လေထုမှာ
ကွေ့ကောက်နေတဲ့လမ်းအတိုင်း
ပြီးခဲ့သောရက်စွဲလေးများထံ ပြန်ကွေ့ချင်လေလေ
သူ့ရဲ့ ဖြောင့်တန်းနေသောလမ်းအတိုင်း
ဘက်ဂီယာထိုးလာတဲ့ သတိရခြင်းဟာ
ပြန်ကွေ့လာတဲ့ကိုယ်နဲ့ ၀င်တိုက်မိလေလေပေါ့။
တောင်ဘက်အရပ်ဆီ ငေးရင်းဝဲနေမယ့် မျက်ရည်စတွေ
မေ လည်း အရှေ့ရိုးမဆီ စိတ်နဲ့ ဆန်တက်ပျံတက်လို့
အောက်မျက်ရစ်မို့မို့ကလေးတွေထဲ
ရေတံခွန်လေးဖြစ်တည်လာမယ့်အခါ
သီချင်းကိုပဲ အာရုံစိုက်နားထောင်ပါ။
ကိုယ်ဖွဖွလေးကိုက်ခဲ့ဖူးတဲ့ လက်ဖမိုးလေးနဲ့ တားထားပါ။
ဘယ်လို အလဲအထပ်လဲကွယ်၊
တစ်ဘ၀လုံးပေးခဲ့တယ်
ဆံပင်ပေါ်က ကလစ်ကလေးတစ်ခုပဲ ဖြုတ်ယူခဲ့ပါတယ်။


ဟိန်း

၃.၁၂.၁၃

ကိုယ်ဟာ အမြဲလူနာ


ချစ်လွန်းလို့ ခြစ်ခြစ်တောက်ပူနေတဲ့စိတ်နဲ့
သံသရာတစ်ခုလုံးရှိနေတာတောင် ဒီဆေးရုံပဲပို့ပါ အော်နေတာ..
သူများအနာတွေကို ချုပ်ပေးတယ်
ကိုယ့်ကိုကျ အကြည့်စူးစူးကလေးတွေနဲ့ထိုးထိုးဖြဲတယ်။
ပတ်တီးအဖွေးသားနဲ့လည်း
စပ်ဖြဲဖြဲလုပ်နေမိပေါ့
ကြိုက်တဲ့နေရာမှာ သာမိုမီတာလာညှပ်ပါ
ဘယ်ဘက်ရင်အုံနဲ့ အနီးတ၀ိုက်ကိုတော့ခွင့်မပြုပါရစေနဲ့ ..
ပြဒါးတွေ ပေါက်ထွက်ပေပွကုန်ရင်
အလုပ်ပိုရှုပ်မှာစိုးလို့။
ထုံဆေးကို ခါးဆစ်ရိုးထဲမထည့်ဘဲ
နားထင်ထဲ ထိုးစိုက်ပစ်စမ်း
ကိုယ့်ဦးနှောက်ကြီး ထုံထိုင်းသွားတဲ့အခါ
အချစ်ကဗျာတွေဆက်ရေးနေဦးမှာလို့
လူပြိန်းဆန်ဆန် သက်သေပြမလို့ .. ။
ဒရစ်ပိုက်က ခလုတ်ကလေးကို လှည့်လှည့်ပြီး
ကိုယ့်အနမ်းတွေ အတိုးအလျှော့လုပ်မလို့လား
ကုတင်ခြေရင်းက လူနာမှတ်တမ်း(chart)မှာ
မင်းလက်ရေးပြည့်ပြည့်လေးတွေနဲ့ ရေးခဲ့လိုက်ပါ
"ကျွန်မ ရယ်သံရှရှလေးများအား
တစ်နေ့သုံးကြိမ် အကြောထဲထည့်ရန်၊
ကျွန်မ နားထင်ပေါ်က မှဲ့နက်ကလေးကို
နှာသီးဝမှာ တစ်နာရီခြားတစ်ခါ ဖွဖွတေ့ပေးရန်၊
ကျွန်မ ဆိုပြခဲ့ဖူးသော သီချင်းများကို
လူနာအလိုရှိပါက ဂွမ်းဖြင့်တစ်စက်ခြင်းချပေးရန်"။
အောက်ကနေ လက်မှတ်ထိုးပါ။ ထပ်ရေးပါ။
"ဤလူနာ၏အသက်ဓာတ်သည် ကျွန်မထံတွင်သာ တည်ရှိနေပါကြောင်း"။
သမိုင်းထဲက အချစ်သူရဲကောင်းအပေါင်း
ကိုယ့်ကုတင်ဘေးမှာ လာပြီး ဒူးထောက်ကြတယ်။
ဆေးပုလင်းလေးတွေ နေ့တိုင်းခေါင်းဖြတ်သတ်နေတဲ့အမျိုးသမီး..
တော်ရုံသတ္တိနဲ့ဘယ်သူချစ်ရဲမလဲ
ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘူး
ကိုယ့်ကိုယ်ကိုမို့ ပြောတာ .... ။   ။


ဟိန်း 


၁၀.၁၂.၁၃

အနမ်း (၃)





ပင့်သက်တိုင်းမှာ
အဆုတ်ကို ၀င်ဝင်ဆောင့်တဲ့ သနပ်ခါးရနံ့လေး
ကိုယ် .. ဘယ်အတွင်းအားနဲ့ တွန်းထုတ်ရမလဲ။
လူတွေကလည်း ခက်တယ်
လာထိတဲ့အရှိန်ကိုပဲ ဖွဲ့တယ်
ဝင်စိုက်တဲ့ အတိမ်အနက်ကို မမြင်ဘူး
ကြယ်သီးမှာ ငြိနေတဲ့ ဆံပင်ရှည်လေးဟာ
မတော်တဆရတဲ့ အမှတ်တရ
ဒါ့အပြင်...
ကြိုက်တဲ့အသိုင်းအ၀ိုင်းနဲ့ဆွဲ
မပြတ်တော့တဲ့ ချည်နှောင်ပြီးသား ကြိုးတစ်စ။
လေတိုက်ရင်တောင် မင်းတို့မလှုပ်နဲ့ လို့
သစ်ရွက်ကလေးတွေကို လှည့်ဟောက်ပြီးတော့
ကိုယ်က သိသိကြီးနဲ့ ဆက်သွားတယ်
သူက သိသိကြီးနဲ့ ဆက်လိုက်တယ်
အချိန်တန်လို့ ပြန်ကြရတဲ့အခါ
သူ့ဘယ်ဘက်ပခုံးပေါ်မှာ ကိုယ့်roll-onရနံ့ဟာ စွဲလို့
ကိုယ့်ညာဘက်ပခုံးပေါ်မှာ သူ့shampooရနံ့ဟာ မြဲလို့
ချိုချဉ်လေးတစ်လုံးကို
ဝေစုမတည့်ရာက စတယ်
ဘယ်တော့မှ မဆုံးတော့ ။


ဟိန်း

၂.၁၂.၁၃

အနမ်း (၂)

သေနတ်နဲ့ပစ်လည်း မမှန်တော့ဘူး
ဓားနဲ့ခုတ်လည်း မပြတ်တော့ဘူး
အနောက်ပြန်ရစ်ကြည့်လို့မရတဲ့ ရုပ်ရှင်ကို ရိုက်ခဲ့ပြီ။
ယုတ်စွအဆုံး
ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းအချင်းချင်းကိုတောင် မနာလိုဘူး။
ဖြူနေတဲ့စိတ်ကလေး အရောင်နည်းနည်းပါလာပြီဆို ခဏနား
ဒီလောက်လှတဲ့သီချင်းကို keyအယိုင် မခံနိုင်ဘူး။
ငါတို့ခြေထောက်ကို လာကိုက်တဲ့ခြင်တွေ 
ငိုယိုအော်ဟစ်ပြီး ပြန်သွားရတယ်
ဘာသွေးမှ စုပ်ယူမရရှိလို့တဲ့။
နှလုံးပင်မသွေးလွှတ်ကြောကြီးဟာ
ဘယ်နေရာကိုပဲ ရည်ရွယ်ပို့လွှတ်ပေးနေတယ်ဆိုတာ
ဘယ်သူမှမသိလိုက်ကြ
ခြေဖျားလက်ဖျားတွေအေးလို့
ဆံပင်ဖျားဖနောင့်ဖျားထိအေးလို့
တစ်နေရာတည်း နွေးနေတဲ့ ရပ်ဝန်းလေးကြောင့်
ကမ္ဘာကြီးပိုပူနွေးလာမလား ... 
အတူတူစိုးရိမ်နေမိတယ်။


ဟိန်း

၂.၁၂.၁၃

အနမ်း(၁)







ငြိမ်ငြိမ်လေးနေပြီး အလွန်မောပန်းနွမ်းနယ်တဲ့ အားကစား။
ဒီနေရာမှာ ရရင်ရ မရရင်ချ တို့
တောင်းယူလို့မရရင် တိုက်ယူရမယ် တို့
သုံးနှုံးလို့ မရဘူး။
စိတ်က မတုံ့ပြန်ရင်တောင်
စိတ်နဲ့ထိန်းချုပ်မရတဲ့ ကြွက်သားမျှင်လေးတွေက
တုံ့ပြန်မှာ အသေအချာပါ။
ဒါဟာ
တစ်ယောက်အနာကို တစ်ယောက်ကပ်ပေးလိုက်တဲ့ ပလာစတာလေး၊
တစ်ယောက်electronကို တစ်ယောက်protonဆီ
ချိတ်ဆက်ပေးလိုက်တဲ့ ကြားခံကိရိယာလေး၊
တစ်ယောက်ပခုံးပေါ်ကို တစ်ယောက်ဘ၀တစ်ခုလုံး
သော့ခတ်ပစ်တင်လိုက်တဲ့ သေတ္တာလေး၊
တစ်ယောက်ရှက်ပြုံးလေးကို တစ်ယောက်အမိဖမ်းနေတဲ့ ပိုက်ကွန်လေး၊
အထိအတွေ့က စပါးလုံးတစ်ထောက်စာ...
အနက်အရှိုင်းကတော့ ခါကာဘိုရာဇီတစ်ထောက်စာ ပေါ့။
မျက်ခုံးလေးကို ရည်ရွယ်တယ်
မှိတ်ထားတဲ့မျက်ခွံလေးပါ စက်ကွင်းမလွတ်ဘူး။
ရာသီဥတုက ပူတယ်
ကမ္ဘာမြေကြီးက ဆွဲငင်တယ်
ဒီတော့ ရေခဲတုံးနွေးနွေးကလေးဟာ အောက်ကို ပျော်ကျလာတာပေါ့။
ပြီးတော့ . . . ပြီးတော့ . . .
ဆက်ပြောရမှာ နည်းနည်းရှက်တယ်။


ဟိန်း

၁.၁၂.၁၃

ကစားသမား(၁၁)ယောက်ရဲ့နောက်မှာ (၁၂)ယောက်မြောက်ကစားသမားက ကပ်လျက်





ပြေးနေတဲ့ ခြေထောက်မှာ စိတ်ဓာတ်ပါတယ်
တိုက်ပစ်လိုက်တဲ့ ပခုံးမှာ အင်အားပါတယ်
ထွက်သွားတဲ့ ချွေးစက်တွေမှာ ခံယူချက်ပါတယ်
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ပထမပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးဒုတိယပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးအချိန်ပိုမိနစ်(၃၀)၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးပင်နယ်တီ(၉)လုံး၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ကစားရတယ်ဆိုတာ
တော်ရုံတန်ရုံဖိအားမျိုးမဟုတ်မှန်း ငါတို့နားလည်တယ်။
သူတို့ ..
အလှပြင်ဆိုင်သွားနေတာ မဟုတ်ဘူး။
အရပ်ထဲ အတင်းလှည့်အုပ်နေတာ မဟုတ်ဘူး။
ကိုရီးယားကားကြည့်နေတာ မဟုတ်ဘူး။
အချစ်ဝတ္ထုဖတ်နေတာ မဟုတ်ဘူး။
သွေးမထွက်တဲ့စစ်ပွဲတစ်ပွဲကို သွေးမပျက်ဘဲ
လက်ခုပ်သံတွေ ကျည်ထိုးပြီး တစ်တောင့်ချင်း တည်ဖြုတ်နေတာ။
အချက်တိုင်းမှာ မြန်မာ ၊ မြန်မာ ၊ မြန်မာ ဆိုတဲ့ အသံက ကပ်လိုက်လာတာ။
ရင်ဘတ်ပေါ်က အလံဟာ နှလုံးသားထဲထိ စိုက်ဝင်အမြစ်တွယ်နေတာ။
တိုင်ထိပြီး ပြန်ထွက်သွားတဲ့ဘောလုံးကို မျက်စိထဲက မထွက်ပေမယ့်
တကယ်ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်း စိတ်ထဲက ပိုမထွက်ဘူး
အသံတွေတိမ်ဝင်သွားပေမယ့် ဆူညံဆဲပါ
ငြိမ်သက်သွားပေမယ့် တုန်ခါဆဲပါ
အတူတူငိုခဲ့ကြပါတယ်၊ ရှိုက်သံတွေ တစ်ထပ်တည်းကျတဲ့အထိငိုခဲ့ကြပါတယ်
ဒါပေမယ့် .. မျက်ရည်တွေကို ချွေးစက်တွေနဲ့ ရောပြီး
အဲဒီမြက်ခင်းပေါ် သွန်ချထားခဲ့..
ငါတို့ ရင်ထဲလာပါ။ ဆက်ကန်ပါ။
ကွင်းထဲမှာ နိုင်ရင် ရွှေတံဆိပ်(၁)ခုပဲရမယ်
အခု ရွှေတံဆိပ်သန်း(၆၀)ရတယ်။
ကျန်တဲ့ပြိုင်ဘက်အသင်းတွေ နားလည်မှာမဟုတ်ဘူး
မြန်မာစကားက နည်းနည်းရှုပ်တယ်
"ဒီပွဲမှာငါတို့ရှုံးတယ်၊ ဒါပေမယ့် ငါတို့နိုင်ခဲ့တယ်" ဆိုတာ။



ဟိန်း

၁၉.၁၂.၁၃

နာနာလေးရေး...နာရေး






ငါက အဘိုးမျက်လုံးထဲကို ဓာတ်မီးနဲ့ထိုးတယ်
အထိုးခံရတဲ့မျက်လုံးတွေ ငြိမ်နေပြီး
ဘေးကကြည့်နေတဲ့အဖေ့မျက်လုံးထဲ မိုးရေချိန်လက်မ မြင့်တက်လာတယ်။
အေးစက်စ ပြုနေတဲ့လက်ဖျားလေးတွေကို အဖေဟာ တင်းတင်းဆုပ်ထား
အံကြိတ်ထားတဲ့ယောက်ျားဟာ ခြေဆောင့်ငိုနေတဲ့မိန်းမထက်
ပိုခံစားရတယ်ဆိုတာ အမေက သိတယ်။ သူ အဖေ့ပခုံးကို တင်းတင်းဆုပ်ထား။
သူတို့မျက်ရည်တွေဓာတ်ပြုတဲ့အားဟာ ငါတို့ညီအစ်ကိုတွေဆီ ကူးစက်လို့..
တစ်ယောက်အနာကိုတစ်ယောက်တင်းတင်းဆုပ်ထားရင်းနဲ့ပဲ
မိသားစုဟာ လျော့တိလျော့ရဲ ဆက်လက်ဖြစ်ပွားလျက်။

လူတိုင်းက သူတို့မဟုတ်ဘူး၊ သူတို့တိုင်းကတော့ လူ





ဆန်တစ်ပြည်လောက် မြန်မြန်ပေးပါ၊ ထမင်းအိုးလေးက အော်တယ်။
ကြက်ကင်၊ဘဲကင်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ပတ်တီးတစ်လိပ်လောက် မြန်မြန်ပေးပါ၊ငုတ်စူးခြေထောက်လေးက အော်တယ်။
မစ်ကီးမောက်စ်ပုံဖိနပ်လေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အနှီးတစ်ထည်လောက် မြန်မြန်ပေးပါ၊မီးဖွားမိခင်က အော်တယ်။
နာမည်ပေးကင်ပွန်းတပ်အခမ်းအနားဖိတ်စာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ချိုင်းထောက်တစ်ဖက် မြန်မြန်ပေးပါ၊ပေါင်တိုကောင်လေးက အော်တယ်။
ဘောလုံးကန်ဝတ်စုံလေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စောင်တစ်ထည်လောက် မြန်မြန်ပေးပါ၊ပြာနှမ်းနှုတ်ခမ်းက အော်တယ်။
လယ်သာဂျာကင်ကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ခဲတံတစ်ချောင်းလောက် မြန်မြန်ပေးပါ၊၀လုံးကလေးက အော်တယ်။
စက်ရုပ်ကွန်ပါဘူးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အရက်တစ်ခွက်လောက် မြန်မြန်ပေးပါ၊ ငှက်ဖျားလူနာက အော်တယ်။
ပုဂ္ဂလိကဆေးခန်းကြော်ငြာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထရံနှစ်ချပ်လောက် မြန်မြန်ပေးပါ၊ ပြိုကွဲအသိုက်လေးက အော်တယ်။
၃ထပ်RC ကြီးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖေဖေ့ကိုရှာပေးမယ်ဆိုတဲ့ကတိ မြန်မြန်ပေးပါ၊ မျက်ရည်စီးကြောင်းလေးက အော်တယ်။
Happy World ကစားကွင်းကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
သွေးတစ်ပုလင်းလောက် မြန်မြန်ပေးပါ၊ ဖြူဖျော့ခန္ဓာလေးက အော်တယ်။
ကျန်းမာရေးထောက်ပံ့စရိတ်လား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စိတ်အေးလက်အေးညတစ်ညလောက် မြန်မြန်ပေးပါ၊ တောတွင်းမိသားစုလေးက အော်တယ်။လျှပ်စစ်လွှတ်သံဆူးကြိုးတွေနဲ့ခြံလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အကြင်နာလက်တစ်ဖက်လောက် မြန်မြန်ပေးပါ၊ သေလုမြောပါး ခံနိုင်ရည်က အော်တယ်။
အထူးကုဆရာဝန်ကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတစ်ခုလောက် မြန်မြန်ပေးပါ၊ မွန်းကျပ်အဆုတ်က အော်တယ်။
လှပမွှေးပျံ့ပန်းခင်းကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖယောင်းတိုင်လေးတစ်တိုင်လောက် မြန်မြန်ပေးပါ၊ ပိန်းပိတ်ညအမှောင်က အော်တယ်။
ရေအားလျှပ်စစ်တွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထန်းလျက်တစ်ခဲလောက် မြန်မြန်ပေးပါ၊ တောင့်တလျှာဖျားလေးက အော်တယ်။
နိုင်ငံခြားချောကလက်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
Carol Singingသံတွေ မြန်မြန်ပေးပါ၊ ဘုရားထံငိုကြွေးနေသူက အော်တယ်။
ရောင်းအားအကောင်းဆုံးသီချင်းတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဟင့်အင်း...ဟင့်အင်း။ စန်တာကလော့ကြီးလား၊
သားတို့သမီးတို့ကို သမင်ကြီးတွေအစား လှည်းဆွဲခိုင်းပါ။
လက်ဆောင်ကူထုပ်ခိုင်းပါ။
စစ်ကိုနှစ်ခြိုက်သူတို့အပေါ် စစ်ပွဲတွေ ကြဲဖြန့်ဖြူးချလိုက်ချင်လို့........။


ဟိန်း

၂၅.၁၂.၂၀၁၂

ကိုအောင်ကျော်ရယ်၊ ကိုချမ်းအေးရယ်၊ ငါရယ်

ဆုံကြတယ် ။

မြွေကြီးတော့ နဂါး တဲ့
ဒါဆို နဂါးလေး နှစ်ကောင်ပေါ့
ဟောဒီမြေပြန့်ရဲ့ တစ်ခုတည်းသောအမို့အမောက်။
နိမိတ်များဖတ်ခဲ့လေသလား
မြို့ဟာ ဂန္ဓာလရာဇ်နဂါးတို့ မီးနဲ့ပြာကျနေပုံ။

ပန်းဝယ်မလား၊ ငှက်လွှတ်မလား၊ ငါးစာလိပ်စာကျွေးမလား၊
လည်နေတဲ့ခွက်တွေထဲအကြွေစေ့ပစ်ထည့်မလား၊ သနပ်ခါးသွေးမလား၊
ရေသပ္ပါယ်မလား၊ ငါးလွှတ်မလား၊ တံမြက်စည်းလှဲမလား၊ ရွှေကပ်မလား၊
အောင်တော်မူဘုရား ။
ပန်ကာအောက်မှာ တရားထိုင်ဖို့ နေရာလုနေတဲ့ အမျိုးသမီးကြီးနှစ်ဦးကိုငေးနေမိ
ငါတို့ဟာ မတ်တပ်ရပ်ရင်းနဲ့ပဲ တရားထူးကို ရရှိခဲ့တယ်။

Friday, October 11, 2013

စာကလေးများရဲ့ပြန်ကြားချက် ◄ မောင်သင်းပန် ►

ကျွန်တော်တို့ကို
ကောင်းကင်ပိုက် မြေပြင်ပိုက်ဆင်တာလည်း
သူပါပဲ
ကျွန်တော်တို့ကို
စာကုသိုလ်စာကုသိုလ်ဆိုပြီး
မြို့ထဲလည်ရောင်းတာလည်း
သူပါပဲ
ကျွန်တော်တို့ကို
ခင်ဗျားဝယ်ပြီး လွှတ်တော့လည်း
ပြုံးပြုံးကြီးကြည့်နေတာ
သူပါပဲ
ကျွန်တော်တို့ကို
နောက်တစ်ခါ ထပ်ရှာဦးမှာလည်း
သူပါပဲ
ကျွန်တော်တို့အသက်တစ်ခါလွှတ်
ခင်ဗျားဆယ်ခါလွတ်ပါစေ။

မောင်သင်းပန်

ပွဲတက်ဖက်ရှင်ကို နဂါးပုံ ရင်ထိုးလေးရွေးလိုက်တယ်

အနီရောင်ရဲရဲစာအိတ်ပေါ်မှာ ရွှေရောင်ပန်းစာလုံးနဲ့
စာအိတ်တစ်အိတ် ငါလက်ခံရရှိတယ်
ဒီဘက်နှစ်ထဲမှာ ဒီလောက် စိတ်ညစ်စရာကောင်းနေတာ
ဘယ်သူက ဘာပွဲတွေ ဖိတ်တာလဲ။
ငါနေတဲ့ "မြေစွန်းရွာ"မှာ ငါ့မိသားစုဝင် (၃)ဦး သေပြီ
"ရွှေကူ"က ငါနဲ့ကျောင်းနေဖက်ဘော်ဒါ(၁၀)ကောင် သေပြီ
"ဒုတိယမြစ်ကျဉ်း"က ငါ့ယောက္ခမကြီး၊ ငါ့တူလေးနဲ့ သူ့မိန်းမ သေပြီ
ငါလည်း ကျန်းမာရေးမကောင်းဘူး
ဘာ လိုးရှင်းမှ မလိမ်းဘဲ အသားတွေဖြူလာတယ်။
ဘာ ဆေးမှ မစားဘဲ စကားတွေဝဲလာတယ်။
မနက်စောစောဆို ၀ူရှူးက,ချင်တာလိုလို၊ ထိုက်ကျိ ကျင့်ချင်တာလိုလို ဖြစ်လာတယ်။
ငါ့နားလာဆော့တဲ့ သား ကိုတောင် ဆော့ခ ပေးရမယ်ဆိုပြီး
ငွေသံကြေးသံထွက်ချင်လာတယ်။
မိန်းမကလည်း "မန္တလေး ရောက်ရင် ပေါက်စီဝယ်ခဲ့ပါဦး"ဆိုပြီး ခဏခဏမှာတယ်။
စာအိတ်ကို ခုမှသေချာကြည့်မိ
ငါတို့ရဲ့ ဒုတိယသွေးလွှတ်ကြောကြီးမှာ
စီးနေတဲ့သွေးတွေ မရဲတော့ဘူး တဲ့။
ငါတို့ငိုချလိုက်ရင်တောင် ငါတို့မျက်ရည်ကို ငါတို့မပိုင်တော့ဘူး တဲ့။
ငိုရင်းနဲ့ ရှိုက်လိုက်မိရင်တောင် ရှိုက်တဲ့ကောင်က ပြန်လျော်ရဦးမတဲ့။
ငါတို့ဟာ မျိုးတုန်းပျောက်ကွယ်လုလု
ရေနေနို့တိုက်သတ္တ၀ါ
ငါတို့နာမည် အပြောင်းခံရတဲ့ပွဲကို ငါတို့ကိုယ်တိုင်တက်ရောက်ချီးမြှင့်ရဦးမှာပေါ့
ဟုတ်ကဲ့ ...
ငါတို့ကို Chinese Dolphin တွေလို့ ခေါ်ပါ။


ဟိန်း

ဂီတ (၃) ◄ စိုင်းဝင်းမြင့် ►

ဒီလိုညနေခင်းမှာ
မင်းနာမည်လေး သိခဲ့သူဆိုရင်လည်းေ
သြော် .. ဘယ်သူရယ်လို့
ငါလေ ရွတ်ဆိုမိဦးမယ်။
သစ်တစ်ပင်မှာ
ချစ်ခြင်းကို ထွင်းမိပါဦးမယ်။
ဒီလို ညနေခင်းမှာ
မင်းသာ အဝေးပြေး တွေးတတ်မယ်ဆိုရင်ပေါ့
ငါဟာ တမြည့်မြည့်အောက်မေ့ခြင်း စွန်တစ်ကောင်
မင်းဆောင်ထားတဲ့ ဓားမှာ စွဲလောင်လို့
မင့်တို့မြို့လေးမှာလည်း
ကိုယ့်အကြောင်းဖွင့်ပြောမယ်ဆိုတဲ့ တိမ်တစ်စ ..
လူတိုင်း အလွတ်ရကြမှာပဲ။

စိုင်းဝင်းမြင့်

မေ ◄ ဇော်ထိန် ►

မေ
လောင်ကျွမ်းသူ
မိုးနဲ့မြေမကျန် လောင်ကျွမ်းပြီးတော့။

မျှော်နေသူ
နေ့ရော ညပါ မျှော်နေပြီးတော့။

မေက
လူသားဆန်တဲ့ အချစ်သီချင်းဆိုလို့
မေ လာပြီ။

ပူပြင်းလောင်မြိုက်ခြင်းများပြီးဆုံးစေဖို့
မေ လာပြီ။

ခြောက်ခမ်းနေတဲ့ ရေတွင်းထဲမှာရေ
ခြောက်ခမ်းနေတဲ့ မြစ်ထဲမှာရေ
နှလုံသားတစ်ခု အက်ကွဲခြောက်ကပ်နေရင်
မေ လာပြီ။

မော့ကြည့်လိုက်စမ်းပါတော့
ရှင်သန်ခြင်းကို အသက်ဓာတ်ပြန်သွင်းပေးမယ့်
အစဟာ
မေ ပေါ့၊  မေမုတ်သုန် ပေါ့။ ။

ဇော်ထိန်

ကျွန်တော် ၀တ်ဆင်တဲ့ တီရှပ်တိုင်းမှာ ◄ ရက်မြတ်ဇော် ►

လွယ်လွယ်မချစ်တတ်ဘူးဆိုတဲ့ မင်း
လွယ်လွယ်နဲ့ မုန်းတတ်တာ
မင်းလမ်းခွဲထွက်ခွာသွားတဲ့ မနက်တစ်ခုက စ လို့
ငါ့ဘ၀က အရူးစိတ်ကူးနဲ့ ဖျပ်ဖျပ်လူးတော့တာပဲ။
အချစ်ဆိုတာ မကျွံခင် နှုတ်မှ
သံယောဇဉ်ဆိုတာ မလောင်ခင်တားမှ
ဒီလို အတွေးခေါ်တွေ စွဲကပ်နေတာကိုက
မင်းရဲ့ ခမ်းနားမှုတစ်ခုလား
အချစ်ကြီးသူဟာ အရှုံးကြီးသူဖြစ်တယ်
မင်း ဒီလိုသီဆိုခဲ့တယ်။
ပင်လယ်အပြောကျယ်တယ်ဆိုတာထက်
မိန်းမတွေရဲ့ အမြင်ကပိုကျယ်မှန်း
ငါ အခုတော့ သိခဲ့ပြီ။
ဒီမှာ
လွမ်းလိုက်တာ တအားပဲ
ဘ၀ကူးတဲ့အထိ ဒီအချစ်က ငါ့ကို စူးနေမှာ အမှန်ပဲ။
အမြန်ပြန်လာပါကွယ် အော်ဟစ်ခေါ်နေလည်း
အသံဝင်သွားတဲ့အထိ
ချစ်သူဟာ ငါ့ခန်းထဲ ၀င်မလာဘူး။
မင်းက အသည်းမာတယ်
ငါက ခေါင်းမာတယ်
မရှင်တော့တဲ့ အချစ်ကို
အသေခံ ပြန်စိုက်တယ်။

ရက်မြတ်ဇော်

မြန်မာသဒ္ဒါစာအုပ်နောက်ကျောဖုံး

တစ်ခန်းလုံးဆိုတဲ့ နိုင်ငံတော်သီချင်းမှာ
အသံလေးတစ်သံကိုပဲ ကွက်ပြီးကြားနေမိတဲ့အထိ
ငါ့နားတွေ ညံ့ဖျင်းနုံအ ခဲ့။
ဆရာမကြိမ်လုံးကို ခိုးရဲတဲ့သူငယ်ချင်း၊
ငါအပူကပ်မိတယ်။
နင့်ဘယ်ဘက်မျက်ခုံးလေးကို ခဏယူပေးကွာဆိုတော့
ကမ္ဘာအဆုံးထိထွက်ပြေးသွားတာ သူ့အမေတောင်ခုထိ ငိုငိုရယ်ရယ်။

ဘူတာကို လည်ပြန်ကြည့်သောရထားများ

ဒီအကြောင်းတွေးရင်
ပန်းခင်းကြီးထဲ ခေါင်းမော့အသက်ရှုနေရသလိုပဲ
ကံ့ကော်၊ ယုဇန၊ ချယ်ရီ၊ စကားဝါ၊ မာလာ ... စသဖြင့် ..
ဒီအကြောင်းတွေးရင်
ငါတို့ကိုယ်မှာ ပင်မသွေးလွှတ်ကြောကြီးတွေ ဖြာထွက်လာသလိုပဲ
ပင်မ(၁)(၂)(၃)(၄)(၅) .. စသဖြင့် .. ။

Tuesday, September 24, 2013

ဒီပဲရင်း

တိတ်ခွေတစ်ခွေရဲ့ ပါးစပ်ပေါက်ထဲက
တိတ်ကြိုးတွေ စောင့်ဆွဲထုတ်ပြီး ပစ်ချ လွှင့်ကျဲပစ်လိုက်ပေမယ့်
အဲ့ဒီကြိုးတွေ လမ်းမတစ်ခုအဖြစ် ဆက်လက်စီးဆင်းသွားတယ်ဆိုတာ သူတို့မှ မသိပဲ။

ဦးခေါင်းတွေကို အုံနဲ့ကျင်းနဲ့ အတင်းဝင်ရောက်ရိုက်ခွဲခဲ့ကြတယ်
သွေးသံရဲရဲကြားက ဥာဏ်ပညာတွေ ဆက်ကာဆက်ကာ ပွက်ပွက်ဆူ ထတောက်တုန်း။
ပင်လယ်ရဲ့အနားသတ်တွေလို ပခုံးသားတွေကိုဝိုင်းဝန်းပိတ်ဆို့ ခုတ်ဖဲ့ခဲ့ကြတယ်
သွေးနုသားသစ် အသားတစ်တွေ ဆက်ကာဆက်ကာ အသစ်သစ်ထွက်လာနေတုန်း။

ငါ့နာမည် ထိန်လင်း

ဟင်းချက်နည်း အမျိုးမျိုးကို မင်းတို့ အသည်းအသန်တွေးခေါ်နေချိန်မှာ
သူပုန်ထနည်း အမျိုးမျိုးကို အကြိတ်အနယ်ငါစဉ်းစားနေခဲ့တယ်။

နေမ၀င်အင်ပါယာကြီးက
ညည ငါ့အဖိုးဗိုလ်လရောင်ရဲ့ခေါင်းကိုဖြတ်ပြီး ငါ့ရှေ့မှောက် ဒရွှတ်ဆွဲခေါ်လာနေခဲ့တယ်။

အဖွားပြောပြတဲ့
ပုံပြင်တွေ ဇာတ်လမ်းတွေ သရဲတစ္ဆေ၀တ္ထုတွေထဲ ငါရလိုက်တာက
ဦးမင်းရောင်ဆိုတဲ့ အမှောင်မှာဘယ်တော့မှယောင်ကိုင်းမသွားနိုင်တော့မယ့်
ငါ့အတွက်အမြဲတမ်းသစ်နေမယ့် စစ်ပွဲတစ်ခုကိုဖွင့်ဖို့ခလုတ်တစ်ခုပဲ။

ပဉ္စမမြန်မာနိုင်ငံတော်ရဲ့အလံ (သို့မဟုတ်)ကျွန်တော်တို့ရဲ့ကောင်းကင်သစ်

ကျွန်မတို့ရွာကို
မိုးပေါ်ကပတ္တမြားကြီးတစ်လုံးပြုတ်ကျလာတယ်။
ဒါဟာ ဗြဟ္မာကြီးတစ်ဦး
ဒါဟာ နောက်ထပ်ဂြိုဟ်အသစ်တစ်လုံးလည်းဖြစ်မယ်။

အသံထဲကသမိုင်း
သမိုင်းထဲက အသံသာကြားဘူးတဲ့
ပြည်တန်တဲ့ ပတ္တမြားကြီး။
ဘယ်နေရာမဆို
စိမ့်ဝင်စီးသွားနိုင်တဲ့ ကမ္ဘာကျော် ဧရာမပုလဲလုံးကြီး။

ဧရာဝတီမေမေ(၂)

ဒီမြစ်ကြီးကို အမြစ်ကနှုတ်ယူနေမယ့်အစား
ငါတို့အံ့သွားတွေကိုသာ ဖြုတ်ယူသွားလိုက်ပါ။

ဒီမြစ်ကြီးကို အရိုးအဆစ်တွေဖြုတ်ယူနေမယ့်အစား
ဒီ စစ် စစ်စစ်ကြီးတစ်ခုလုံးကို စိတ်ကြိုက်ခုတ်ယူသွားကြပါတော့လား။

ဒီမြစ်ကြီးကို အရစ်လိုက်အရစ်လိုက် ငါတို့ချစ်ခဲ့ကြတယ်
ဒီမြစ်ကြီးကို တစ်ယောက်မရှိတော့တဲ့အခါ နောက်တစ်ယောက်
တစ်သက်မရှိတော့တဲ့အခါ နောက်တစ်သက် ဆက်ပြီး/စောင့်ပြီးချစ်ခဲ့ကြတယ်။

ဘ၀တစ်ခုရပါတယ်
မြစ်တစ်ခုရပါတယ်
မချစ်မနှစ်သက်သူများနဲ့ပေါင်းဖက်ခဲ့ရပြီးတဲ့နောက်မှာ
အဲ့ဒီဘ၀တစ်ခုရဲ့သွေးစီးကြောင်းကြီးအပေါ်မှာအဲ့ဒီမြစ်အလောင်းဟာဆန့်ဆန့်ကြီးစီးဆင်းသွားခဲ့ရ။

ကိုယ်တို့ပြောတာက
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် မီးမလင်းလည်း ရပါတယ်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ခွက်ဆွဲထွက်ရမယ်ဆိုလည်း ရပါတယ်
ကိုယ်အဓိပ္ပါယ်နဲ့ကိုယ် မြစ်ကိုဖက်ပြီးအိပ်မယ် နာမယ် အိုမယ် သေရမယ်ဆိုလည်း ရပါတယ်
ဒါပေမယ့် ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
ကိုယ်တို့ပြောတာက။

ဝင်မပြောနဲ့
သွေးမရှိဘူးဆိုရင် လက်ရှောင်နေ။
ဝင်မပြောနဲ့
ဆက်မလိုက်နိုင်တော့ဘူးဆိုရင် ထွက်ထိုင်နေ။
ဝင်မပြောနဲ့
ကျွန်ဇာတ်ဆက်မခင်းချင်တော့ဘူးဆိုရင်
အဲ့ဒီဂျိုကာတွေကိုသတ်ပြစ်လိုက် ၁,၂,၃,၄ နဲ့ပဲသွားမယ် ၅,၆,၇,၈,၉,၁၀
ဝင်မပြောနဲ့
ကွင်းဖဲတစ်ချပ်တည်းနဲ့ရတယ်
ဝင်မပြောနဲ့။

ဆည်ဝကထိုင်စောင့်နေသလို
ဘဏ်တိုက်ကြီးတွေရဲ့အ၀ကထိုင်စောင့်နေတဲ့ကိုယ့်လူကြီးတွေ
တစ်ချိန်လုံး ချုံးပွဲချငိုကြွေးနေသူတွေရှေ့ ခါးထောင့်ပြီးရပ်ကာ အရသာရှိရှိရယ်မောလို့။

ရှိတာအကုန်ထုတ်တဲ့ ဓါးပြကြီးက
ရှိတာက ပုဂံရယ် ဧရာဝတီမြစ်ကြီးရယ် ငါ့အိမ်ရှိမိန်းမအိုကြီးရယ်
ကျန်တာ ဒလန်တွေ သူလျှိုတွေ သတင်းပေးတွေနဲ့ အသားထဲကလောက်ထွက်တွေချည်းပဲ။

နည်းအမျိုးမျိုးနဲ့စုပ်ယူသွားခဲ့ပြီးတဲ့နောက်
ပြိုလဲကျန်ရစ်ခဲ့တဲ့ ကြောက်ဖြစ်ရုပ်ကြွင်းတွေ
အဲ့ဒီကြောက်ဖြစ်ရုပ်ကြွင်းတွေကို
အင်ကြင်းကျောက်တွေ မာဘယ်ကျောက်တွေလို လာဝယ်နေသေးပြန်တဲ့
မသဒ္ဓါရေစာမှသိပ်ကြိုက်တဲ့ သဒ္ဒါအသစ် ဗျူဟာအသစ်နဲ့ကောင်တွေ။

ငါတို့တွေ မလေးရှားမှာ ကျတယ်
ငါတို့တွေ စင်္ကာပူမှာ ကျတယ်
ငါတို့တွေ ထိုင်းမှာဆိုမြင်မကောင်းအောင် ကျခဲ့ပေါ့။

ဒီကောင်တွေကတော့ ဒီထက်ဆိုး ငါတို့အိမ်ထဲထိဝင်ကာ
အမေ့လည်ပင်းပေါ် ဓါးတင်လို့ အမေ့သမီးတွေကိုပါ လိင်ကျွန်လုပ်ဖို့ ဗြောင်ပဲခေါ်ခေါ်သွားနေခဲ့ကြတယ်။ ။

ခရမ်းပြာထက်လူ

(  ၂  ၀  ၁  ၃  )

အ၀ါရောင်အတုံးကြီးဝုန်းကနဲပိကျမှာကျွန်တော်တော့ကြောက်တယ်

ခင်ဗျားတို့မကြောက်ပေမယ့် ကျွန်တော်တော့ကြောက်တယ်
ကျွန်တော်ကြောက်ပေမယ် ခင်ဗျားတို့မကြောက်တယ် ပိတောက်ပန်းတွေကိုကျွန်တော်
ကြောက်တယ် ပိတောက်ပန်းတွေက ကျွန်တော့်ကိုမကြောက်ဘူး ဒါကြောင့် ပိတောက်ပန်းတွေကိုကျွန်တော်က ကြောက်ရတယ် တစ်နှစ်တစ်ခါ ၀ါထိန်အောင်ကျွန်တော်
ကြောက်ရသောပိတောက်ပန်းများ ကိလေသာအညှီမပွားအောင် ၀ါထိန်သောဆနွင်းများထည့်
ကြော်ရသောအရသာများ ကားတွေကိုသတိပေးရသောမျဉ်းကြားများ မီးပွိုင့်ရဲ့ဝမ်းပျဉ်းသားများ အ၀ါရောင်နွေရာသီများ အ၀ါရောင်နဲ့တသွေးလှဖို့ပြင်ဆင်နေသောမိန်းမများ
အ၀ါရောင်ကိုခင်ဗျားတို့မကြောက်တယ် ပခုံးပေါ်တန်းစီဓါးသွေးနေသော အ၀ါရောင်ကြယ်များ
နေကြာပန်းတွေကသေနတ်တွေကိုမကြောက်ဘူး သေနတ်တွေကနေကြာပန်းတွေကြောက်တယ်
ဒီလိုနဲ့ သေနတ်ကိုမကြောက်တဲ့ဗန်ဂိုးကိုပစ်သတ်လိုက်ပြီး နေကြာပန်းတွေနဲ့ပူဇော်လိုက်တယ်
ရွှေဝါရောင်တွေရွှဲရွှဲတောက်နေတဲ့လမ်းမပေါ်ကို သေနတ်တွေပြေးထွက်လာတယ် ငုဝါပန်းတွေသီထားတဲ့ လမ်းမရဲ့အနားသားမှာရွှေဝါရောင်ငြိမ်းချမ်းရေးဟာသွေးတွေနဲ့လျှံကျနေတယ်
ဒါကိုရှဲသွားအောင် ရှသွားအောင် ရှောင်သွားအောင် ဂေါက်သီးရိုက်သလို ထင်းခွဲသလို
ငရဲဆိုတာဘယ်လိုလည်းဖွင့်ကြည့်သလို ရွှေဝါရောင်တွေကို လမ်းပေါ်တင်ခွဲစိတ်ခဲ့ကြတယ်
ဒီခုနှစ်ကြီးဟာ အားလုံးရဲ့ခေါင်းတွေထဲမှာ တရှပ်ရှပ်နဲ့လျှောက်နေပြီး လမ်းမပေါ် တပျပ်ပျပ်နဲ့လျှက်နေတယ်
ရွှေဝါရောင်တွေရှိန်းရှိန်းစိုနေတဲ့
ဒီတိုင်းပြည်မှာ မိန်းမရွှင်တွေလို ပါးစပ်တရမ်းရမ်း သေနတ်တရမ်းရမ်း အမြီးတရမ်းရမ်းနဲ့
လမ်းသွာလမ်းလာတွေကို ထိုးထိုးဟောင်နေခဲ့ ရုပ်ရှင်ထဲကအာနိုး ငါ့အိမ်မှာမွေးထားတဲ့အာနိုး
အာနိုးဟာ ဘာကြိုးကိုကိုင်ပြီးဆင်းသွာသလဲ စက်တင်ဘာ(၂၇)ရက်နေ့မှာ ခန်းဂျီနာဂအီ ကို အ၀ါရောင်ဆူးလေဘုရားလမ်းအနီးမှာ အနီကဒ်ပြပြီး အနီးကပ်သေနတ်နဲ့ပစ်သတ်လိုက်တယ်
အ၀ါရောင်နေလုံးကြီးကျကွဲသွားတော့ ဒီကိစ္စ ပြီးပလား အဲ့ဒီ စက်တင်ဘာ(၁၇)ရက်နေ့က
ပတ္တနိက္ကုဇန ကံဆောင်သပိတ်ဟာ တောင်းပန်ရုံနှင့်မပြီး ကမ္မ၀ါဖတ်မှသာပြီးသတဲ့
ကြေ…….ကွဲ……. စ…….ရာ……ဖလား/ဇယား/မယားကြီးပိုက်လို့ သွားကြရဦးမယ်
ဒါကို ခင်ဗျားတို့မကြောက်တယ်
ကျွန်တော်တော့ကြောက်ခဲ့တယ် အိုဘယ့်နဂါးငွေ့တန်းကြီးထဲမျောနေတဲ့အ၀ါရောင်ကြယ်တွေရယ်။ ။

ခရမ်းပြာထက်လူ

 ၂   ၀   ၀   ၃

သေငယ်ဇောနဲ့မျောနေတာတောင် သူတို့မှာနိုင်ငံတော်ကြီးအတွက် မှာစရာတွေကအပြည့်

ဒါ ဂန္ဓီကြီးနဲ့ ဆားတွင်းတွေဆီ ချီတက်သွားတာဖြစ်နိုင်သလို
ဒါ မေရီအင်တွိုင်းနက်ရဲ့နန်းတော်ကြီးရှေ့ ပေါင်မုန့်တန်းစီနေတာလည်းဖြစ်နိုင်တယ်။

အခုရွတ်နေတာ
ဗားတော့ဘရက်ရဲ့ကဗျာ(သို့မဟုတ်) မကျွတ်မလွတ်သေးတဲ့အမှုတွဲတွေရဲ့ညည်းညူးသံတွေလား။

Saturday, August 31, 2013

စစ်နဲ့အတူကျကွဲသွားတဲ့ အနာဂတ်တွေဟာ တစ် စစ် စစ် နဲ့ တဆစ်ဆစ်ငိုကြွေး ◄ တည်တံ့ (G.B.K) ►


(၁)
ပြုံး ပြုံး ရယ် ရယ်
ခိုး ခိုး ခစ် ခစ် အသံ စီ စီ ညံ ညံ
ထောက်ခနဲ
ဘောလုံးလေးဟာ လိမ့်ဆင်းသွား
ဟော ကောက်လိုက်စမ်း
ကောက်ယူလိုက်ဖို့
“မေမေ .. သမီးရဲ့ လက်နှစ်ဖက်ဘယ်ရောက်သွားလဲဟင်”

ဆူးလေလမ်း ရာဇဝင်

ဆူးလေလမ်းဟာ
အိပ်ရာကနိုးပြီဆို
ဗဟိုမီးသတ်ကို နှုတ်ဆက်
လက်ရွေးစင်မှာ
လက်ဖက်ရည်တစ်ခွက်သောက်လိုက်တယ်။

ဆူးလေလမ်းဟာ
အမောင်းကြမ်းတဲ့
ဒတ်ဆန်း ကားတွေကို
ကျိန်ဆဲနေတတ်တယ်။

Wednesday, August 21, 2013

မြို့သိမ်းကဗျာ◄ ကိုရွေး ►



မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ

မင်းတို့မြို့ဟာယဉ်ကျေးမှုရဲ့အသည်းနှလုံး
မင်းတို့မြို့ဟာစီးပွားရေးအရကျုံးပေါ့
လယ်ယာမြေကောင်းထဲ ရေငန်တွေဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာနေပြီ
အောင်မြင်တဲ့ဂျုံခင်းထဲ ကျိုင်းအုပ်တွေကျလာသလို
မင်းတို့မြို့ထဲလူကျိုင်းတွေကျလာနေပြီ

Monday, August 12, 2013

ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့ ... ငါတို့ .... ငါတို့ ....




အလောင်းတွေလိုက်ရေရတာက သင်္ချာသင်ခန်းစာပဲ။
ဘယ်သူမှမဖတ်မယ့်နေရာဆီ သတ်ပုံမမှန့်တမှန်စာလေးတွေရေးရတာ မြန်မာစာသင်ခန်းစာပဲ။
ကျောပိုးအိတ်တွေ လွယ်ပိုးရတာက ကာယသင်ခန်းစာပဲ။
ကျင်းတွေချိုင့်တွေ ခုန်ကျော်ရတာက ကစားနည်းတစ်မျိုးပဲ။

ခုံနံပါတ်(၂၃)




ဟောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ ဘောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ တစ်ခါတစ်ခါပြင်သစ်၊ ရှရှား၊ ဂျာမန်၊ ဘရာဇီးကားတွေလည်း ရံဖန်ရံခါပေါ့။ အာရှမဟုတ်တာတော့သေချာတယ်။ ကိုရီးယားတွေ၊တရုတ်ကားတွေက မကြည့်လည်းမြင်နေတာပဲ။ ဗင်နီဇွဲလားအလှမယ်တွေအကြောင်းလည်း သေချာလေ့လာထားသေးတာ။ ဒါတောင် မခန့်မှန်းတတ်အောင် ဖြစ်နေတယ်။ အကြည့်ပြာပြာတွေလား၊ မီးရောင်ပြာပြာကြောင့်လား။ ဒါလည်းသိပ်မသဲကွဲပေမယ့် သိပ်အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ဘူး။ အဲယားကွန်းကလည်း အေးလိုက်တာ။ စောင်ခြုံထားတာထက် စောင်ထဲမှာ သူကိုယ်တိုင်စိတ်လိုလက်ရ နစ်ကျွံနေတာနဲ့ ပိုတူတယ်။ ကိုယ်လည်း ခြုံထားတယ်။ မျက်လုံးတွေတော့ ပူနေလို့ အပေါက်ကလေးဖောက်ပြီး ဟပေးထားတယ်။ ရိပ်မိပြီထင်တယ်။ အကြည့်ချင်းဆုံမှာကြောက်လို့ မျက်လုံးတွေမကြာခဏမှိတ်မှိတ်ပစ်နေတာတော့ ကိုယ်သူရဲဘောကြောင်လွန်းပါတယ်။ အလွန်ဆုံးရှိလှ ကိုယ်နဲ့ရွယ်တူ၊ ကြီးလှတစ်နှစ်၊ ငယ်လှတစ်နှစ်ပေါ့။ ဆံပင်လေးတွေကို ခဏခဏသပ်ပြီး ဖြူးချလိုက်တာ ဖြူးရောက်တော့တာပဲ။ အသုပ်စုံဆိုင်ရှေ့မှာ ရပ်ငေးနေတော့ မြန်မာ့ရိုးရာမုန့်တွေအကြောင်းရှင်းပြရင်း ၀င်လုံးရမလားတွေးတယ်။ မဖြစ်ဘူး။ တောင်အမေရိက လောက်ကဖြစ်မယ်။ အရပ်အမောင်းကလည်း ကိုယ်နဲ့ဆို မျက်ခုံးမျက်ခုံးချင်း၊ နားရွက်နားရွက်ချင်း ထိပစ်လို့ရတယ်။ အလင်းထဲမှာ မြင်မှ အသားအရည်တွေ ဒီလောက်လှမှန်းသိရတာကိုး။ ရဲပြီးမွဲနေတာမဟုတ်ဘူး၊ နုပြီးဥနေတာလေ။ အအေးဆိုင်ရှေ့လှလှကြွကြွလေးလျှောက်သွားပြီး ကုတ်တစ်ဘူးကို လက်ညှိုးထိုးမှာတယ်။ ဘယ်လိုအသံမျိုးထွက်လာမလဲလို့ မျှော်လင့်နေပါတယ်ဆို ရောင်းတဲ့သူကလည်း လက်တစ်ချောင်းထောင်ပြတယ်။ အားလုံးမှာ သူအရင်ပြန်တက်သွားတာပဲ။ ကိုယ်လိုက်သွားတော့ ၂၄ကလွတ်နေ၊ တစ်ယောက်မျက်လုံးက တစ်ယောက်မျက်လုံးထဲ စိုက်နေတော့ ကမ္ဘာသုံးနှုတ်ဆက်စကားနဲ့ အရဲစွန့်ကြည့်တယ်။ Hi ။ အသံပြန်မလာဘူး။ အရုပ်ပဲပြန်လာတယ်။ ပြုံးပြုံးလေးမြှောက်ပြတယ်။ ကုတ်ဘူးကို။ ရပါတယ်၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ English စကားတော့ ကိုယ်တောင်သိသေးတာပဲ။ သူလည်းသိမှာပဲ။ ပြောပစ်လိုက်တယ်။ ဒါပဲ။ ဘာမှဆက်မလုံးတတ်တော့ဘူး။ မလုံးရဲတော့ဘူး။ မလုံးရဲမှတော့ ဖြည်ဖို့ဆို ဝေးပေါ့။ ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး အစမှာရေးခဲ့တဲ့ စာကြောင်းတွေအတိုင်းပြန်လည်ကျင့်ကြံအားထုတ်တယ်။ ယုံလားတော့မသိဘူး။ တစ်ညလုံးကြည့်နေတာ သူ့နေရာလေးရယ်၊ ကားသမားရှေ့က ဒိုင်ခွက်ရယ်ပဲ။ ကားသမားက ကီလို၁၀၀ကျော်အောင် ခိုးခိုးနင်းတယ်။ သူကလည်း ကီလို၁၀၀ကျော်အောင် ကိုယ့်ကိုနင်းတယ်။ ကိုယ်မှာမရွေ့ဘဲ ပြေးနေတယ်။ တစ်ချက်တစ်ချက် သူ့မှာ ကိုယ့်ကိုကြည့်လိုက်၊ ၂၄ကိုကြည့်လိုက်လို့ထင်မိတယ်။ သွားထိုင်မယ် ထိုင်မယ်နဲ့ ကျွဲဆည်ကန်ကို ၀င်သွားတော့ ဒီကားအတော်မြန်သကွာလို့ ကျိန်ဆဲမိသေး။ အကွက်ဝင်ပြီ။ သူအိတ်ကိုဆွဲထုတ်တာ ကျပ်နေတယ်။ ၀ုန်းဆို ဘေးကလူကို တွန်းဖယ်ပြီး အမြန်ပြေးကူလိုက်တယ်။ သူနှစ်နှစ်ကာကာပြုံးတယ်။ "ကျေးဇူးပါပဲရှင်"တဲ့။ ကိုယ် ရပ်သွား၊ တန့်သွား၊ ငိုင်သွားတယ်။ တရုတ်ကားထဲက အကြောပိတ်ခံရတဲ့သိုင်းသမားလိုပဲ၊ ငါ့ကမ္ဘာဟာ အဲဒီနေရာမှာ နေကို မပတ်ဘဲ ငေးနေတယ်။ "ကျွန်မကို နိုင်ငံခြားသူထင်နေတာမလား၊ ဖေဖေက ဂျူး၊ မေမေက ဂေါ်ရခါး။ မိုးကုတ်မှာလေ။ အကြည့်တွေနဲ့တစ်လမ်းလုံးစောင့်ရှောက်ခဲ့တဲ့ရှင့်ကို ထပ်ပြီးကျေးဇူးတင်ပါတယ်။"



ဟိန်း

စစ်အေးတိုက်ပွဲတစ်ခုအတွက်ကင်မရာတစ်လုံးရှိနေတယ်(သို့မဟုတ်) Mike Pandey



အကြွေစေ့တစ်စေ့ကို လေထဲပစ်တင်လိုက်တယ်ဆိုပါစို့။ ပြန်ကျတဲ့အခါတိုင်း ခေါင်းချည်းပဲ အကြိမ်တစ်ရာဆက်တိုက်ကျအောင် ကျွန်တော်တို့ပစ်တင်နိုင်ပါ့မလား။ ရုတ်တရက်အားဖြင့် မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် ဒီပုစ္ဆာမှာ ဘယ်နှကြိမ်ပစ်တင်မှာလဲ၊ ဘယ်လောက်ကြာကြာပစ်တင်မှာလဲ ဆိုတဲ့ ပေးချက်မပါတာ ဂရုပြုသင့်ပါတယ်။ ကျွန်တော်တို့လူသားသက်တမ်းတစ်ခုစာလောက်၊ ကမ္ဘာကြီးသက်တမ်းတစ်ခုစာလောက်၊ စကြာဝဋ္ဌာသက်တမ်းတစ်ခုစာလောက် ပစ်တင်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာတော့ ခေါင်းချည်းပဲ အကြိမ်တစ်ရာဆက်တိုက်ကျနိုင်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အရေးကြီးတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်မယ်။ ဒါဆို ကမ္ဘာ့အဆုတ်ကြီး(၃)ခုလို့ တင်စားကြတဲ့ အာဖရိကတိုက်က ကွန်ဂိုသစ်တောကြီးရယ်၊ အမေရိကတိုက်က အမေဇုန်သစ်တောကြီးရယ်၊ အာရှတိုက်က မဲခေါင်-ဘော်နီယိုသစ်တောကြီးရယ်၊ ဒီသစ်တောကြီး ၃ ခုထဲက တစ်ခုလောက်ချက်ချင်းပျောက်ကွယ်သွားမှာလား။ လူတစ်ယောက်ဟာ ကြွပ်ကြွပ်အိတ်တစ်လုံးကို စည်းကမ်းမဲ့လွှင့်ပစ်လိုက်တယ်။ ဒါဆို မြေအောက်ရေကို အလွန်အမင်းမှီခိုနေရတဲ့ ဘန်ကောက်မြို့ကြီးတစ်ခုလုံး ချက်ချင်းဒုက္ခရောက်သွားမှာလား။ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မေ့ထားမိတဲ့ အချိန်(သို့မဟုတ်)အကြိမ်ဟာ မျှော်လင့်မထားတဲ့အဖြေတွေကို ထုတ်ပေးပါလိမ့်မယ်။ ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာလေးအတောင်တစ်ချက်ခတ်ရင် ဟိုဘက်ကမ္ဘာတစ်ခြမ်းမှာ မုန်တိုင်းကြီးတွေဖြစ်ပေါ်မယ်လို့ တင်စားကြတဲ့ Butterfly Effect ဟာ ဒီနေရာမှာ လုံးဝမှန်တယ်လို့ လူနည်းစုက ပြတ်ပြတ်သားသားထောက်ခံကြပါတယ်။ ခင်ဗျားရောထောက်ခံပါသလား၊ ကျွန်တော်ရောထောက်ခံရမှာလား။ ထောက်ခံကြတဲ့လူနည်းစုထဲမှာ Mike Pandey ဆိုတဲ့လူတစ်ယောက်လည်းပါပါတယ်။ အကြောင်းအရာတစ်ခုအပေါ် သာမန်လူတစ်ယောက်ယုံကြည်လက်ခံတာထက်စာရင် အနုပညာမှာမွေ့လျော်သူတစ်ယောက်ယုံကြည်လက်ခံတာက အများကိုပြောဆိုရှင်းပြစည်းရုံးဖို့ ပိုမလွယ်ဘူးလား။ Mike Pandey ဟာ လူများစုက မသိချင်ယောင်ဆောင်ထားကြတဲ့ ကမ္ဘာကြီးအပေါ် သူတတ်နိုင်တဲ့နေရာက ကျေးဇူးဆပ်နေခြင်းဖြစ်ပါတယ်။ သူ့ခံစားမှုတွေ အတတ်ပညာတွေကို အချိုးကျကျပေါင်းစပ်လို့ ကမ္ဘာပေါ်က မချောမွေ့မှုတွေကို ရင်ဘတ်နဲ့ ရွေဘော်ထိုးနေခြင်းဖြစ်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်ရဲ့ မျက်တောင်ကော့လေးတွေလို နူးညံ့ပွင့်အာလာတဲ့ ပန်းပွင့်ချပ်လေးအတွက် သူ့ပခုံးတစ်ခြမ်းနဲ့ ၀င်ထမ်းထားခြင်းဖြစ်ပါတယ်။ လေးထောင့်ကွက်သေးသေးလေးထဲ ၀င်လာတဲ့အလင်းတွေကို မျက်လုံးကဖမ်းယူ၊ နှလုံးသားနဲ့ တည်းဖြတ်ပြီး ကိုယ့်ကိုယ်ကို ပိတ်ကားတစ်ခုလိုကျင့်လို့ အများမြင်သာအောင်ရုံတင်ပြသနေခြင်းဖြစ်ပါတယ်။ အသက် ၆၀ ကျော်နေပြီဖြစ်ပေမယ့် သူ့ဘ၀ရဲ့ ရှေ့ပိုင်းနှစ် ၃၀မှာ ကမ္ဘာကြီးအပေါ် လူမသိသူမသိချစ်ခဲ့ပြီး နောက်ပိုင်း နှစ် ၃၀ မှာ သူ့ရဲ့ချစ်မြတ်နိုးမှုအပေါ် ကမ္ဘာကြီးက တုံ့ပြန်လာသူတစ်ဦးလို့ Milke Pandey ကိုဆိုနိုင်ပါတယ်။

တြိလွဲ





ငါ့လက်ထဲက တုတ်ရယ်၊
ဟိုကောင့်လက်ထဲက အုတ်ခဲရယ်၊
နင်ပြေးဆွဲပြီး "ငါ့ကို မချစ်ကြနဲ့ဟာ"လို့
ငိုခဲ့ဖူးတာ သတိရတယ်။

အခု မင်္ဂလာဆောင်မှာ
ရေခဲမုန့်လိုက်ချနေတာ ဟိုကောင်၊
ဒံပေါက်လိုက်ထည့်ပေးနေတာ ငါ။

လူအရမ်းရှုပ်တော့ ခဏခဏ၀င်တိုးမိတယ်။
တစ်ယောက်အရှုံးကို
တစ်ယောက်အိတ်ကပ်ထဲ လှမ်းမြင်ရတဲ့အထိပဲ။

သတို့သားဟာ
သူကိတ်မုန့်ခွံ့ပေးနေတဲ့ သတို့သမီးရဲ့ နှုတ်ခမ်းတွေ
ဘာလို့ တဆတ်ဆတ်တုန်နေကြောင်း
ဘယ်တော့မှ သိမယ်မထင်ဘူး။


ဟိန်း

ကလေးတွေရှေ့မှာလက်ထိပ်မခတ်နဲ့




ဘယ်လူယုတ်မာကများ ကမ္ဘာကြီးကို လှပအောင်လုပ်နိုင်ခဲ့လဲ
ဒါမှမဟုတ် ကမ္ဘာကြီးလှပအောင်လုပ်ခဲ့သူတွေထဲ ဘယ်သူ လူယုတ်မာ ပါလို့လဲ။
မေးခွန်းကို ကြိုက်သလိုကစား
လမ်းဘေးက ခွေးကလေးတောင် ထန်းလျက်တစ်ခဲကျွေးစရာမလိုဘဲ
ဖြေခိုင်းလို့ရတယ်။

အ၀ိုင်းခံထားရတဲ့ တစ်ယောက်က ဘာမှမဖြစ်ဘူး။
ဝိုင်းထားတဲ့ အယောက်(၂၀)လောက်က ချွေးတွေပြန်နေတာ။
ဇာတ်လမ်းက ရယ်ရခက် ငိုရခက်ကြီး။

ထိန်းချုပ်ကန့်သတ်ပစ်မယ့် ဆေးဝါးတွေကိုသာမက
အဲဒီဆေးကို တီထွင်ဖန်တီးတဲ့ပညာရှင်တွေအထိ
ပျံ့နှံ့တိုက်စားပစ်တဲ့ ဆဲလ်တွေကို မြင်ဖူးကြလား။
အဲဒါ ဒီမှာပဲ။

သားကြီးဖတ်ဖို့ စာအုပ်တွေ အနမ်းနဲ့ရွေးပေးခဲ့ရင်း
သမီးလေးပါးက သနပ်ခါးမှုန်လေးတွေ အနမ်းနဲ့ပွတ်ဆွဲယူခဲ့ရင်း
တိုးတိုးလေးပေမယ့် သူ မာမာကျောကျောပြောတယ်။
အပေါ်က ခေါင်းစဉ်။


ဟိန်း

(ကိုခန့်မင်းထက် .. သို့)

ကမ္ဘာ့ပထမဦးဆုံး မြေဇာပင့်အဖေသို့ ဂုဏ်ပြုမှတ်တမ်းလွှာ



တနင်္ဂနွေတိုင်း ဘုရားကျောင်းခန်းမထဲ ခေါင်းငုံ့ဒူးထောက်လို့
ကျောင်းသားကဒ်လေးကို ခင်ဗျားပွတ်သပ်နေမှာပဲ။
ဒါဟာ အရေပြားတွေ အချပ်လိုက်ကွာကျပြေးထွက်လာတဲ့ ဗီယက်နမ်မလေးရဲ့ ကဒ်
ဒါဟာ စာအုပ်တွေကို လှမ်းပစ်လိုက်တဲ့ကျည်ဆန်အတွက် ခေါင်းထိုးခံလိုက်တဲ့ မာလာလာရဲ့ ကဒ်
ဒါဟာ အမျိုးသမီးတွေအားလုံးကိုယ်စား နှာခေါင်းနဲ့နားရွက်တွေ အလှီးခံလိုက်တဲ့ အီရှာရဲ့ ကဒ်
ဒါဟာ ချိုင်းထောက်တစ်ချောင်းကို နှစ်ယောက်မျှသုံးတဲ့ ဆီးရီးယားကျောင်းသူလေးတွေရဲ့ ကဒ်
ကဒ်မှာရေးထားတာ ခင်ဗျားသမီးလေးနာမည်၊ ဒါပေမယ့် ဒါဟာ အများဆိုင်ကဒ်လေးဖြစ်တယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ




ကျည်ကာကားကြီး စီးပြီးမှတော့
အလောင်းတွေထ လက်ခုပ်တီးမှာ
ဘာကြောက်နေဦးမလဲ။
အနီရောင်စားပွဲခင်း၊ အနီရောင်လက်သုတ်ပုဝါ အစ
အနီရောင်ကတ္တီပါကောဇော၊ အနီရောင်ကတ္တီပါထိုင်ခုံ အလယ်
အနီရောင် ဆော့စ်ချဉ် အဆုံး ဘာမှ မသုံးနဲ့။
အိတ်ကပ်ထဲ မင်နီဘောပင်တစ်ချောင်းထောင်ထည့်လာရင်တောင်
အထဲမ၀င်ခင် လွှင့်ပစ်ခဲ့
သွေးညှီနံ့တွေ ထောင်းထောင်းထမယ်။
လက်မှတ်တွေထိုးကြ၊
ပြီးရင် စာရွက်ပေါ်မှာ နေရာလွတ်တွေ အများကြီးကျန်ဦးမှာ အသေအချာ
ဇွန်လနဲ့မသက်ဆိုင်တဲ့ကလေးလေးတွေကိုယ်စား
ဝလုံးတွေ တစ်ဝကြီးရေးခဲ့စမ်းပါ။
ကမ္ဘာမြေကြီးမှာ အပေးအယူရှိလား
လူတွေကို အောက်ထဲမြုပ်မှ
သယံဇာတတွေ ပြန်အန်ထုတ်ပေးမှာ
မြေပေါ်မြေအောက်အလဲအထပ်ပွဲမှာ ဘယ်သူရှုံးလဲ၊ ဘယ်သူမြတ်လဲ။
စားပွဲအောက်က သူချိန်ကိုယ်ချိန်ပြောင်းဝများ ခွပ်ခနဲ ထိခတ်မိတော့
ခွက်ချင်းတိုက်သံနဲ့ ရောချလိုက်ကြ၊
ကတိလေးတစ်လုံးအတွက် အဲယားကွန်းခန်းထဲ
ချွေးတွေ ဘူးသီးလုံးလောက်ကျပြ
ငှက်ဖျားပိုးဦးနှောက်ထဲဝင်တော့မလို လူနာများ
အခုမှ လှမ်းမြင်ကြ၊
သူ့ကိုယ်ပိုင်ဝတ်စုံနဲ့ ကိုယ့်ကိုယ်ပိုင်ဝတ်စုံများ လဲဝတ်ကြ၊
ပြီးတာနဲ့ သူဖြဲကိုယ်ဖြဲ အမြန်ဆွဲဖြဲပြီး
ပတ်တီးစတွေအဖြစ် စည်းပေးလိုက်ကြ၊
လက်ဆွဲနှုတ်ဆက်နေတဲ့ လက်နှစ်ဖက်ကြား
လက်ပစ်ဗုံးတစ်လုံးလောက် စနက်တံဆွဲဖြုတ်ပြီး
ဖိခိုင်းထားလိုက်ချင်တယ်။
ဒါမှ လက်တွဲမဖြုတ်ရဲတော့မှာ၊ ဘယ်သူမှ၊ ဘယ်တော့မှ။


ဟိန်း

1.6.13

The Full Weight Of Justice

ဒါဟာ ပန်းဝင်စည်းအနီးက အလံတွေကြားမှာ ရှိနေသလို ကျည်ကားကားပေါ်ကဆင်းလာတဲ့ လူမည်းတစ်ယောက်ပါးစပ်က ထိုးထွက်နေတယ်။ ဒါဟာ လုံးတက်လာတဲ့မီးခိုးတွေထဲ လွင့်ပါမသွားအောင် ဖွာထွက်ခြေထောက်သွေးကြောကြီးကို လက်နဲ့တင်းတင်းဆုပ်ထားတယ်။ ဒါဟာ ရုပ်ရှင်ထဲက မဖြစ်နိုင်တဲ့ရိုက်ချက်လိုပဲ၊ ရဲတွေဟာ လူတွေနဲ့ လားရာဆန့်ကျင်ကြတယ်။ ဒါဟာ တိုက်ခေါင်မိုးပေါ်ရောက်နေပြီးတော့ ပလက်ဖောင်းမှာကျောပိုးအိတ်အများကြီးနဲ့ လမ်းသလားနေတယ်။ ဒါဟာ ဘယ်သူ့ကိုမှ မစွပ်စွဲနဲ့ဦးဆိုပေမယ့် ဘယ်သူ့ကိုမှ မငိုနဲ့ဦးလို့ မတားတော့ဘူး။ ဒါဟာ CCTVတွေရဲ့ ကျေးဇူးတရားကို အောက်မေ့မိစေသလို ပြုံးရွှင်နေခဲ့တဲ့ ကလေးလေးကိုလည်း တွေ့မြင်ရမှာပါ။ ဒါဟာ ပန်းစည်းတွေ တောင်လိုပုံနေတော့ အထူးတပ်ဖွဲ့နဲ့ ၀င်စီးတာပေါ့။ ဒါဟာ ညီလေး .. ပြေး .. ပြေး .. ၊ စလိုးမိုးရှင်းချစ်ခြင်းမေတ္တာလို့လည်း ခံစားကြည့်နိုင်ပါတယ်။ ဒါဟာ သူတို့အပေါ်မှာပဲ အာရုံစိုက်ထားပြီး မဆိုင်တဲ့ ဦးလေး၊အဒေါ်၊သူငယ်ချင်းတွေကို ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါလို့ မခေါ်ဘူး။ ဒါဟာ မြို့သေးသေးလေးထဲ စစ်သည်အင်အားကိုးထောင်နဲ့တင့်ကားအများအပြား တရကြမ်းမောင်းဝင်သွားတော့ တောပြဇာတ်လို လက်ခေါက်တွေထမှုတ်ခြင်းပဲ။ ဒါဟာ သူတို့တွေ ညကြည့်မှန်ပြောင်းချွတ်၊ နားမှာခွေထားတဲ့ကြိုးအလိမ်လေးဖြုတ်၊ လက်ဖ၀ါးချင်းရိုက်၊ အားပါးတရ အော်ဟစ်ဖက်ရမ်းကြချိန် ဆေးရုံဝမှာ သတင်းထောက်တွေဝိုင်းနေတယ်။ ဒါဟာ ခေါင်းဆောင်စကားမှာ တရားကပ်ကြောင်းပြနေလို့ အားလုံးစိတ်ချလုံခြုံရတယ်။ ဒါဟာ ငါဘာသာမပြန်တတ်လို့ ထင်ရာတွေလျှောက်ရေးလိုက်ခြင်းလည်း ဟုတ်ပါတယ်။



ဟိန်း

ခေါင်းစဉ် = ဘော်စတွန်မြို့ဗုံးပေါက်ကွဲမှုအပြီး နာရီပိုင်းအတွင်းပြောခဲ့သော သမ္မတအိုဘားမားမိန့်ခွန်းမှ ။

(ကဗျာလောက(၃)တွင် ပါဝင်)

Wednesday, May 29, 2013

‘‘ကျွန်မသမ္မတကြီးဖြစ်ချင်တယ်’’



ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုး မြွေအစွယ်ကျိုးလို့လည်းပြင်ထားတယ်။

ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာ ညီလာခံကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓါးပေါက်ခံဖို့ရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်။

ကိုယ့်အရိပ်တောင်ကိုယ့်ကိုလုပ်ကြံဖို့ အနောက်က လိုက်နေသတဲ့လား


ငါငှက်တစ်ကောင် မဖြစ်ချင်တော့ဘူး
ငါဖြတ်ပျံသွားရမယ့် မြို့တိုင်းကို ငါ သံသယရှိတယ်
သူတို့ငါ့ကို ပစ်ချကြလိမ့်မယ်။

ကျွန်တော့်အကြောင်း နည်းနည်းနဲ့များများ


ကျွန်တော်ကဗျာရေးတယ်ဆိုတာ


ပင်လယ်ကမှုတ်ထုတ်လိုက်တဲ့ ကြယ်ငါးလေးတွေ ကန္တာရထဲပြုတ်ကျနေတာကို
ကမ်းခြေကကောက်ပြီး သမုဒ္ဒရာထဲ ပြန်ပစ်ချပေးနေခြင်းမျိုးပါ။
ကြယ်ငါးလေးတစ်ကောင်အသက်ပြန်ရှင်လာတာဟာ ကဗျာတစ်ပုဒ်အသက်ဝင်လာသလိုပါပဲ။

ကျွန်တော် ကဗျာရေးတယ်ဆိုတာ
သားကိုထောင်ချောက်ထဲကလိုက်ဆွဲထုတ်ရင်း
သူကိုယ်တိုင်ထောင်ချောက်ထဲပျော်ပျော်ရွှင်ရွှင်ဝင်သွားတဲ့
ယူကရိန်းသားလူငယ်
မက္ကဇင်ဂေါ်ကီရဲ့ mother အမေအိုတစ်ယောက်ရဲ့လျော့ရဲ ပျော့ပြဲကျနေတဲ့ကြွက်သားတွေပေါ်
မျက်ရည်စက်များယိုဆင်းစီးကျသွားခြင်းတစ်မျိုးပါ။
သူပြောတာက
‘‘မသေခင် အမေလည်း အမှန်တရားတစ်ခုနဲ့အတူတကွ လက်တွဲချီတက်သွားချင်ပါသေးသတဲ့’’

ကျွန်တော် ကဗျာရေးတယ်ဆိုတာက
အပြစ်ရှိသူ ၉ယောက် လွတ်ချင်လွတ်သွားပါစေ
အပြစ်မဲ့သူတစ်ယောက် အပြစ်ကျပြီး ကြိုးစင်ပေါ်မတက်ရရေး ဆိုတဲ့တရားနဲ့ပါ။

ကျွန်တော် ကဗျာရေးတယ်ဆိုတာ
ဝေဿန္တရာမင်းကြီး ကလေးနှစ်ယောက်စွန့်သလို မစွန့်နိုင်ပေမယ့်
ကိုယ့်လူရေ
လေဒီဂါဂါကိုရမယ်ဆိုလည်း မင်းယူ
စကြာဝတေးမင်း စည်းစိမ်ကိုရမယ်ဆိုရင်လည်း မင်းပဲယူ
ငါ့အတွက်တော့
ခုလာမယ့် မိုက်ကယ်လ်လန်းစ်လောက်ဆို ရပြီ
ခုလာနေတဲ့ သံမဏိနှင်းဆီလောက်ဆို ရပြီ။

ကျွန်တော့် တစ်ကိုယ်လုံး ပေါင်မုန့်နဲ့လုပ်ထားတယ်ဆို
အဲ့ဒါဟာ လေထဲကငှက်တွေ ရေထဲကငါးတွေနဲ့ ခိုက်ခိုက်တုန်နေတဲ့နှင်းတောထဲက ခင်ဗျားတို့အတွက်ပါပဲ။

ကျွန်တော့်တစ်ကိုယ်လုံး ကဗျာနဲ့လုပ်ထားတယ်ဆိုရင်တော့
သေချာတယ် အဲ့ဒါ ကမ္ဘာကြီးအတွက်ပဲ။

တစ်ခုပါပဲ
ကဗျာနဲ့ရှင်မယ် ကဗျာနဲ့သေမယ် ကနွဲ့ကလျနဲ့ကဗျာတော့မဆန်ခဲ့ချင်ဘူး။ ။

                                                                                                               ခရမ်းပြာထက်လူ
                                                                                                               (  ၂  ၀  ၁  ၃  )

ခင်ဗျားတို့ ကျွန်တော်တို့ကလေးတွေရဲ့ပညာရေး(၃)


ခင်ဗျားတို့သိလား

ခုံပေါ်ကိုဓါးမြှောင်တစ်ချောင်းထိုးစိုက်ပြီး စာမေးပွဲကိုဖြေခဲ့တာ။
ဒီအကြောင်းကျွန်တော်ကြားလိုက်တာကျွန်တော့်နောက် ကျားလိုက်လာသလိုပဲ။

ခင်ဗျားတို့ ကျွန်တော်တို့ကလေးတွေရဲ့ပညာရေး(၂)


မိုးမှာကျောင်းတွေပိတ်ပြီး နွေမှာကျောင်းတွေဖွင့်ကြတယ်။
ဘယ့်နှယ့် အပြင်မှာ အခန်းထဲမှာ ဆော့ကစားရမယ့်အရုပ်တွေလို ကလေးတွေ ပွပလဲနေရသလဲ
ဘယ့်နှယ့် အပြင်မှာ ခြံထဲမှာ မရှင်းပဲရှုပ်ထွေးနေတဲ့ အမှိုက်တွေလို ကျူရှင်တွေ ပွပလဲနေရသလဲ

နောက်ဆုံးခံတပ်



နောက်ဆုံး
သူတို့ အနွေးဓါတ်ရှိရာအရပ်ကို ထွက်သွားကြပြီ။

ယဉ်ကျေးမှု အရောင်းအ၀ယ်



စကားပြောရင် ပွင့်ပွင့်လင်းလင်းပြော
မြစ်တစ်မြစ်လို မိန်းမတစ်ယောက်လို
ကော်မာတွေ ဖူးစတော့တွေ ခံမနေနဲ့။

ကြယ်တွေကို အမိအရဆွတ်ဖို့ဆို ညီညွတ်ဖို့လိုတယ်



ပထမဦးဆုံး
အိမ်ကမိန်းမနဲ့ညီညွတ်ရမယ်။
ဒုတိယ
ကိုယ့်သားနဲ့ပေါ့။
တတိယ
မင်း သမီးလေးနဲ့ညီညွတ်ပြီးရင်
ငါတို့အိမ်ပြီးပြီပေါ့။

ဆာလောင်သူများရဲ့ စာရင်း



ဘယ်လောက်ဆိုးသလဲဆို
စာခိုးသင်လို့မရဘူး၊ ကြာပွတ်နဲ့အရိုက်ခံရတယ်။

ဘယ်လောက်အထိလည်းဆို
စာပြန်သင်ပေးမိရင် သတ်ပြစ်တော့တာပဲ။

ဟိုးတုန်းက
သမ္မတကြီး အိုဘားမားရဲ့အမျိုးတွေလေ။

ခုတော့… ကမ္ဘာမှာ
ခင်ဗျားတို့ စာအတတ်ဆုံး။ ။

ခရမ်းပြာထက်လူ

( ၉/၆/၂၀၁၁)

Tuesday, May 28, 2013

မာလာလာယူဆွတ်ဖ်ဇိုင် (သို့မဟုတ်) ကမ္ဘာကြီးအတွက်လက်ဆောင်



သမီးရေ လာ လာ လာ  လာကြည့်  ဒီမှာ




မာလာလာတဲ့ ဆွက်တောင်ကြားမှာ ပွင့်ခဲ့တဲ့ပန်းကလေး။

လောင်းကြေး



မြေကြီးကိုလိုချင်လို့ ကောင်းကင်နဲ့လဲလှယ်ခဲ့။




ဘဏ်သူဌေးကြီး
ခင်ဗျားက လှပတဲ့မိစ္ဆာ
ကျွန်တော်က
သနားစရာကောင်းတဲ့နတ်ဆိုး။

ကျွန်တော်ကျန်ခဲ့တဲ့ မေမေ

ကျွန်တော့် ဓါတ်ပုံဟောင်းလေးရှေ့ တစိမ့်စိမ့်ရွာလို့
ရပ်ကွက်ကျဉ်းကျဉ်းလေးတစ်လျှောက်
ကျေနပ်မှုတွေ အနှံ့အပြားတောက်ချကာ
ကျွန်တော့်စိမ်းလန်းမှုများ တသိမ့်သိမ့်ခါချရင်း သူပျော်။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ

နေပါဦးလား
ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့

နေပါဦးလား
တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ(၂)


နားပါ ဒီအကိုင်းကကြီးတယ် ဒီဂိုဏ်းကခိုင်တယ်
နားပါ ဒီအသိုင်းအ၀ိုင်းကကြီးတယ် universal love တံဆိပ်နဲ့။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ(၃)


သူပြောပြီးတဲ့ စကားတွေလည်းမှန်တယ်
သူမပြောရသေးတဲ့ စကားတွေလည်းမှန်တယ်။
နေရောင်ထဲ ငါ့မျက်လုံးတွေကန်းသွားသလို ဖြစ်ခဲ့ရင်လည်း ဒါ ငါ့အခွင့်အရေးပဲ
ရှေ့တစ်မျက်နှာစာအတွက်ပါ ပိုကန်းလိုက်ဖို့ ဒါ ငါ့ရဲ့ ဒီမိုကရေစီပဲ
ငါ့မှာအခွင့်အရေး ရှိတယ် စောင့်ပြီးစောင့်ကြည့်ရမယ့် player တွေထဲမှာ သူမ မပါဝင်သမို့
ငါ့မျက်လုံးတွေ သူ့မျက်လုံးထဲ ဖေါက်ထည့်လိုက်မယ်။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ(၄)



ဘာလို့ကြားညှပ်ရမှာလည်း
မသန်သူတွေ ပစ်ချသွားတဲ့အမှိုက်ပုံကို စွမ်းသူတွေရွှေကျင်တဲ့ပွဲ။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ(၅)



ကျွန်တော်နဲ့ငရဲပြည်ကြားက နံရံတစ်ခုလုံးကြေမွ ပျက်စီးသွားသလို
ဘာစာတစ်လုံးမှပြန်မရအောင် စာရွက်တစ်ရွက်လုံးသမုဒ္ဒရာပါးစပ်ကြီးထဲ ပျက်ကျသွားသလို
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့မရခဲ့တဲ့ နေ့တစ်နေ့။

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ(၆)



ဒီဘက်က ပလောပီနှံဥထည့်ရင် ဟိုဘက်က အချိုမှုန့်တွေထွက်ကျလာပေမယ့်
ဒီဘက်က တစ်ကျောင်းလုံးတစ်မြို့လုံးသိပ်ထည့်ရင်တောင်
ဟိုဘက်က ကဗျာဆရာတစ်ယောက်ထွက်မကျလာနိုင်ဘူး။

မင်းကိုနိုင်အတွက် ကဗျာ



ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ငါ့အခေါင်း ငါတာဝန်ယူတယ်
ကမ္ဘာမြေငါ့အတွက်နဲ့ ထင်းတစ်စ မစိုက်စေရဘူး။

ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ငါ့အဓိပ္ပါယ် ငါတာဝန်ယူတယ်
ကမ္ဘာမြေငါ့အတွက်နဲ့ မျက်ရည်တစ်ပေါက်မကျစေရဘူး။

ငြိမ်းချမ်းရေ ငြိမ်းချမ်းရေးကိုရေးတဲ့ကဗျာ ငြိမ်းချမ်းပါစေသား



စားပွဲပေါ်မှာ ရွှေပန်းကန် ငွေပန်းကန် ကြေးပန်းကန် ကြွေပန်းကန်တွေ။

ပန်းကန်တွေထဲမှာ
ကြက်ပေါင်တွေလို သေနတ်တွေ ၀က်အူချောင်းတွေလို ကျည်ဆံတွေ
ခုမှ စစ်ပွဲကထလာစ အငွေ့တလူလူ သွေးနံ့ယမ်းနံ့တွေနဲ့ စွတ်စိုယိမ်းယိုင်လို့။

Ambulance ကားတွေ အော်မြည်ပြေးဝင်လာသလို
ကားတွေ တစ်စီးပြီးတစ်စီး ထိုးဆိုက်လာတယ်။

တောတောင်တွေနဲ့တောပန်းတွေ တုတ်တုတ်မျှမလှုပ်ရဲ။

အပြေးအလွှားနဲ့ ရေကြီးသုတ်ပြာ
တစ်ယောက်နဲ့တစ်ယောက် ဖက်လှည်းတကင်း ပွေ့ဖက်ကာ
တစ်ယောက်နောက်ကျောကမြေပုံကို တစ်ယောက်ခိုးကြည့်ကြ။

ပြီးတော့ အနောက်ကိုအသာပြန်ဆုတ်
တစ်ယောက်ကိုတစ်ယောက် လက်ထိပ်ခတ်သလို လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

နယ်မြေဒေသလေ့လာသလို သက်သေအထောက်အထားများယူသလို
သတင်းထောက်တွေနဲ့ ဓါတ်ပုံသမားတွေ ပြေးလွှား
ပျားပန်းခပ် ရသမျှအရုပ်တွေ ကမ္ဘာထဲမောင်းထည့်ဖို့။

ပြီးမှ ပျော်ပျော်နဲ့ပါးပါး
ရှန်ပိန်နဲ့စိမ်ထားတဲ့ချိုးသားကို ၀ိုင်အရက်နဲ့မြည်းကာ
ရုပ်သေးရုပ်များလို တန်းစီကနေကြတာကို ငါတို့အားလုံး ဂြိုဟ်တုကတွေ့ခဲ့ကြ။ ။

                                                                                  ခရမ်းပြာထက်လူ
                                                                                  (  ၂  ၀  ၁  ၃  )

ဒီသစ်ပင်ဟာ ဘယ်သူပဲလာလာ အေးမြမှုတစ်ခုပဲ အလွတ်ရသမို့

ဝါယာရှော့ဖြစ်တာတွေ ခဏထားခဲ့
မိတ္ထီလာကန်တော်အောက်က ထောင်ချောက်တွေ ခဏထားခဲ့
ကြေးနီတောင်ထဲက သွေးနီရောင် သမိုင်းဝင်အရိုးစုတွေ ခဏထားခဲ့။

မကြောက်တတ်ဘူးဆိုရင်ခင်ဗျားအကြားအမြင်ရပြီ



အရာရာကိုကြောက်ရွံ့နေခဲ့မယ်ဆိုရင်တော့
ပိုးသတ်ထားတဲ့အခန်းထဲမှာနေဖို့ပဲကောင်းတော့တယ်။
                                               (ယူကရိန်း ပင့်ကူလူသား မူစတန်ရဲ့ပြောကြားချက်)

ဖြစ်နိုင်ရင်အမေ့ကိုကမ္ဘာကြီးထဲမှာအကြာကြီးထားခဲ့ပြီး ကျွန်တော်ရှေ့ကအရင်ထွက်သွားလိုက်ချင်တယ်


*ဆလီဘရက်တီတွေလိုငါ့အသက်ကို အာမခံထားလိုက်တာထက်
ဒီကလေးကိုကျောင်းစရိတ်ထောက်လိုက်တာက ပိုလှမယ်။

လက်ခုပ်တီးဖို့အမှန်ခြစ်ဖို့ ချီတက်ဖို့နဲ့ ကျွန်တော်တို့က ပွန်းတစ်ကောင်လိုရှေ့မှာ ကျည်ကာအင်္ကျီတစ်ထည်လိုနေဖို့


မျက်စိနှစ်ကွင်းအလင်းရဖို့
ကျွန်တော်ဘာလုပ်ပေးရမလဲ
တိမ်တွေကိုဆုတ်ဖြဲ နံရံတွေကို ခုတ်လှဲပေးရမလား။

မာယာကော့ဖ်စကီးလ်ကပြောတယ် ဒီနေ့လိုအပ်နေတာက သံလက်သီးနဲ့ကမ္ဘာ့ဦးခေါင်းကို ရိုက်ခွဲဖို့ပဲတဲ့


ပင်လယ်လေရှူမလို့ကျွန်တော် ကမ်းခြေအဖျားကိုရောက်ခဲ့တယ်
ကျောက်ဆောင်ပေါ်ကငှက်တစ်ကောင်ရဲ့ ကြောက်မက်ဖွယ်သွေးကွက်များ
ကျောက်ဆောင်ရဲ့အသားကထပွင့်တဲ့ *အဲ့လ်ဂျစ်(ခ်)တွေလို နီရဲလို့ ကျွန်တော်တွေ့ရတယ်။

အလုပ်ကြမ်းနဲ့ထောင်တန် ၃ ရွက်



ဘုရားသခင်နဲ့ခွေးတစ်ကောင်
အတူတူပါပဲဆိုတဲ့အစွန်းရောက် နဲ့ အကြမ်းဖက်သမားတွေရဲ့ကြားမှာ

ကြယ်တွေကို အမိအရဆွတ်ဖို့ဆို ညီညွတ်ဖို့လိုတယ်



ပထမဦးဆုံး
အိမ်ကမိန်းမနဲ့ညီညွတ်ရမယ်။
ဒုတိယ
ကိုယ့်သားနဲ့ပေါ့။
တတိယ
မင်း သမီးလေးနဲ့ညီညွတ်ပြီးရင်
ငါတို့အိမ်ပြီးပြီပေါ့။

ပေါက်ကြေး

အမေရိကန်သမ္မတကြီးက "မင်္ဂလာပါမြန်မာ" ဆိုတော့
လက်တွေနာအောင် လက်ခုပ်တီးမိ
ဒါလည်း ငါးထောင်ရလို့ပါပဲ။

ဂျာဆိုင်းအိန်အတွက်
သူ့သူငယ်ချင်းတွေ ၀ိုင်းငိုကြ
ဒါလည်း သုံးထောင်ရလို့ပါပဲ။

Gallery


အင်္ကျီနဲ့လုံချည်တူ၊ ဦးထုပ်နဲ့လွယ်အိတ်တူ၊ အနောက်မှာလှေတစ်စီးကို မှုန်ပျပျမြင်ရပြီး သောင်ပေါ်မှာ သဲတွေလှတယ်။ လက်မ,ပွတ်ဆွဲ။ ဆံပင်ခွဲကြောင်းထိပ်မှာ အဆီတွေပြန်နေတာ ငေးကြည့်ချင်စရာပဲ၊ Blue Mountainရေသန့်ဘူးကို မျက်လုံးမှိတ်ပြီးကြည့်နေတယ်။ လက်မ,ဘေးတွန်း။ နည်းနည်းမှောင်တော့ ညာဘက်နှုတ်ခမ်းစွန်းက မှဲ့ကလေးဘယ်မှာလဲ။ လက်မ,ရွှေ့ကြည့်။ နင်တို့ကလည်း ပန်းကန်ဆေးတာတောင် အလွတ်မပေးဘူးဆိုတဲ့ပုံနဲ့ ရယ်နေ။ လက်မ,တို့ထိ။ နှာခေါင်းဘေးမှာ ၀က်ခြံမှည့်နေပေမယ့် ဆံပင်ကို ကျွဲလိုစည်းထားတယ်။ လက်မ,ပွတ်ပြောင်း။ ဒါမေမြို့ကထွက်တဲ့ ဆွယ်တာကြီးပဲ၊ တစ်နိုင်ငံလုံးဝယ်ဝတ်ကြသမျှ သူနဲ့မှ လှတယ်။ လက်မ,ဘယ်toညာ။ ဂျူတီကုတ်ကို တွံတေးသိန်းတန်ဒီဇိုင်းနဲ့ ကိုင်ထားပုံက ဆံပင်ရှည်တွေထဲ မျောနေသလို။ လက်မ,ရွေ့လျား။ ပန်းရောင်ကို ခိုင့်အရောင်လို့ ပြောင်းခေါ်ကြစမ်းပါ။ လက်ညှိုး,လက်မ,စုတင်ပွတ်ချဲ။ တစ်ဖက်တစ်ချက်စီ ရွှဲကျနေတဲ့ မျက်ခုံးတွေရှင်းရှင်းသန့်သန့်။ လက်မ,လှုပ်လိုက်။ လင်းလင်းစတိုင်လ်နဲ့ပြောရရင် ခေါက်ရိုးကျိုးပါတိတ်နဲ့၊
ခေါက်ရိုးကျိုးနှာသီးဖျားလေးနဲ့၊ ခေါက်ရိုးကျိုးလက်သည်းတိတိလေးတွေ။ လက်မ,တို့ထိ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှူတဲ့ပန်းလေးရယ်၊ အောက်စီဂျင်ရှူတဲ့ ပန်းလေးရယ်။ လက်မ,ဘေးရွှေ့။ သူငယ်ချင်းငါးယောက်ထင်တာပဲ/ထင်းနေကြောင်းမျဉ်းသားမပြတော့ဘူး။ လက်မ,ဖွဖွပွတ်။ အပ်ထိုးခံနေတဲ့သွေးကြောကို မနာလိုဖြစ်မိတဲ့အထိ။ လက်မ,လက်ညှိုး,ဖိကား။ ဘယ်ဘက်နားရွက်လေးနဲ့ဘယ်ဘက်ညှပ်ရိုးလေးကို မျဉ်းဖြောင့်ဆွဲ၊ ဆုံမှတ်မှာ မှဲ့နက်ကလေးတည်ရဲ့။ လက်မ,ထပ်တွန်း။ ကြွပ်ကြွပ်အိတ်လိုဦးထုပ်ကြီးနဲ့၊ အစိမ်းရောင်ဝမ်းဆက်ကြီးနဲ့။ ဟေ့ .. ငါ့ကိုခွဲရင် ရာဘာလက်အိတ်မစွပ်နဲ့၊ ပကတိလက်ကလေးနဲ့ထိတွေ့လိုက်စမ်းကွယ့်။ လက်မ,တင်ရွှေ့။ လည်တိုင်သွဲ့သွဲ့မှာ နားကြပ်နီနီလေးခွေခွေ၊ နားကြပ်က L ကို Love လို့လိုရာဆွဲတွေးတယ်ကွာ။ လက်မ,ပွတ်ယူ။ ပိတောက်ခက်နဲ့မောင့်အသက် (ဒါဆို ခေတ်ဟောင်းဓာတ်ရှင်ကားနာမည်ဖြစ်သွားမလား)။ လက်မ,ဘေးတိုက်ပြေး။ မင်းကွန်းရောက်အမှတ်တရ။ သဲသဲရောငါပါခေါင်းပေါ်ဖုန်တွေသဲတွေအလိပ်လိပ်။ သဲသဲကိုင်ထားတဲ့ငါ့လက်မောင်းဟာ သဲသဲဘ၀ဖြစ်ကြောင်းငါမြင်နေရ။ ဒီနေရာရောက်မှ ခိုင့်အပေါ်လောင်တဲ့ မီးဟာ ဟုတ်ခနဲငြိမ်းသွားတယ်။



ဟိန်း



(  မိုင်တိုင်(၂၄)မှ ဆက်လက်ထွက်ခွာ - ကဗျာစာအုပ်(Poetry e-book) တွင် ပါဝင် )

http://www.mediafire.com/download/fhdxl9yksvfy24u/mile24.pdf  )

Friday, May 17, 2013

ကေတီဗွီ ◄ မောင်ရှင်စော ►




ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် သုံးဆယ့်ငါးသန်းအတွက် ရှာကီရာဟာ
သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်
အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲကပန်းနုရောင်ပေါင်တံတွေဟာ
အဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲ
ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့
သိုးစော်နံနေတဲ့ အဲ့ဒီအဆီတစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်
ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်
တစ်လတစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ်
ကောင်းရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး
စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ
ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ
ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ်
ကျွန်မနာမည်လား . . အမေပေးခဲ့တာတောင်မေ့တေ့တေ့ရယ်
ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ
ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး
ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ
ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦးမှိုပွင့်တွေပဲ
စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေးမှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင်ကျွန်မကိုမကြည့်ပါနဲ့
ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ
သူများအိမ်ထောင်ရေးတွေပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို
ကျွန်မတို့ကပဲ သူများမိသားစုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ်ဖွင့်နေသလိုလို
ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ်ခေါက်နေသလိုလို
အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာ
ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်မတို့အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး
ကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည်ဆောက်ပုံမမှန်ကန်ပါဘူး
ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်
"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ
ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ
တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင်ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ်
ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက်ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး
အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ
သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။           ။

မောင်ရှင်စော

ရတီမဂ္ဂဇင်း
2012

Thursday, May 16, 2013

သမ္မတကြီးမွဲတေနေသည် (သို့မဟုတ်) José Mujica



    ကမ္ဘာပေါ်က အလှူအတန်းများအကြောင်းကို တစ်ခါတစ်ခါတွေးနေမိပါတယ်။ ကွမ်းဝယ်ရာကအအမ်းပြန်ရတဲ့ အကြွေတစ်ရာကို လမ်းပေါ်ထိုင်နေတဲ့ အဘွားအိုဆီ လှူလိုက်တယ်။ ဒါက သေးသေးမွှားမွှား။ သူငယ်ချင်းအယောက်သုံးလေးဆယ်စုပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအချို့ကို ဒုက္ခသည်တွေဆီလှူလိုက်တယ်။ ဒါက တစ်ပိုင်တစ်နိုင်။ သိန်းပေါင်းများစွာကို မည်သည့်လုပ်ငန်းစုကြီးမှ မည်သည့်အဖွဲ့အစည်းထံ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားဆိုပြီး အခမ်းအနားကြီးတစ်ခုကျင်းပလို့ လှူလိုက်တယ်။ ဒါက ကြီးကြီးကျယ်ကျယ်။ ရှိစေတော့။ ဘယ်လိုလှူပုံတန်းပုံမျိုးဖြစ်ဖြစ် လက်ကမ်းသူရော၊ လက်ခံသူရော၊ မြင်ရကြားရသူရော သုံးဦးသုံးဖက်စိတ်ကြည်နူးစရာကောင်းလှတဲ့ လုပ်ရပ်တွေပါပဲ။ ထောင်မြင် ရာစွန့်သော အလှူများက လွဲလို့၊ ညောင်ပင်ကြီးရချင်လို့ ညောင်စေ့လေးပျိုးသော အလှူများက လွဲလို့၊ ငါးစိမ်းကိုမြင်လို့ ငါးကင်ပစ်သော အလှူများက လွဲလို့၊ ပွဲလန့်တုန်း ဖျာဝင်ခင်းသော အလှူများက လွဲလို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ခင်ဗျားတို့ ပေးကမ်းလိုက်သော အရာများဟာ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်ဝေစုထဲက အစိတ်အပိုင်းသေးသေးကလေးတချို့ပါ။ ဘယ်သူကများ "ငါ့မှာတစ်သောင်းရှိတယ်။ ရော့ နင်ငါးထောင်၊ ငါငါးထောင်လို့"လမ်းဘေးက ကလေးငယ်ကို ပေးမှာလဲ။ ဘယ်သူကများ "ကျွန်တော့်မှာ ကားသုံးစီးရှိတယ်။ ခင်ဗျားတို့ နှစ်စီးယူလိုက်"လို့ ပေးမှာလဲ။ ကိုယ့်ဝေစုထဲက၊ ကိုယ့်ရပိုင်ခွင့်ထဲက တစ်ဝက်ကျော်ကျော်(သို့မဟုတ်)အားလုံးနီးနီးကို ပေးလှူလိုက်သူတွေရှိပင်ရှိသော်ငြား ဒီလိုလူတွေကို ကျွန်တော်တို့ လက်ချိုးရေတွက်နိုင်တယ်မဟုတ်လား။ ဒီလိုလူနည်းစုထဲမှာမှ နိုင်ငံတော်အကြီးအကဲတစ်ယောက်လည်း ပါဝင်နေတာကဖြင့် ထူးဆန်းမှုတစ်ခုလို့ ခံစားမိတာပါပဲ။ ပေးသူထက် ယူသူတွေများသော ဟောဒီကမ္ဘာကြီးပေါ်မှာလေ။

Wednesday, May 15, 2013

တစ်လောကလုံးရယ်ချင်ရယ်ကြလည်း၊ သမီးကတော့ ငို


သမီးရေ ... ။
"နားပါရယ်ချင် .. နား"ဆိုတဲ့ တစ်ခါတစ်ခါမှ ကြားရတတ်တဲ့အသံကလေးကို အမှတ်မထင်ဘဲ ဖေဖေကြားလိုက်ရတော့ ကိုယ့်စာရေးစားပွဲခုံကလေးမှာကိုယ် စာရေးနေရာက နည်းနည်းကလေး တန့်သွားမိတာကတော့ အမှန်ပါပဲသမီးရေ ..။ ပြီးတော့ ဘောလ်ပင်ကို လက်မှာကိုင်ထားရင်း ရေးလက်စ စာကို ခဏဖြတ်ထား၊ ရပ်ထားရင်းကနေ လမ်းမဘက်ကို လှမ်းကြည့်လိုက်မိတာကလည်း အမှန်ပါပဲ။ သည်တော့လည်း ဟထားတဲ့ တရုတ်ကတ်မှန်ချပ်တွေကြားကနေ ဖေဖေလှမ်းတွေ့လိုက်ရတာက ဟိုသားအမိနှစ်ယောက်ပဲလေ။
လောကဓံသားအမိ။ လောကဓံသားအမိ။ ထုံးစံအတိုင်း ငါးဗန်းကိုခေါင်းမှာရွက်လို့။ ကလေးကို ခါးမှာ ခါးထစ်ခွင်လို့။ လမ်းပေါ်မှာ တရွေ့ရွေ့လျှောက်နေတဲ့ သည်သားအမိကိုကြည့်ရင်း ဖေဖေ့ဘာသာဖေဖေ တိတ်တခိုးပေးထားတဲ့ လောကဓံသားအမိဆိုတဲ့ နာမည်ကလေးကို အမှတ်ရမိကာ သက်ပြင်းချမိပါရဲ့ သမီးရယ်။ သမီးသာ အိမ်မှာရှိနေခဲ့ရင် သားအဖနှစ်ယောက်တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိကြဦးမှာ။ ခုတော့.. သမီးကကျောင်းသွားနေလို့သာပဲပေါ့။

Saturday, May 11, 2013

ခုန်ချ / ပြုံကျ



ညွှတ်မူးသွယ်ကျနေတဲ့ ဓာတ်ကြိုးပေါ်
ဖုန်းနံပါတ်တစ်ခု ပစ်တင်လိုက်တယ်
စိတ်အဆာကို ပလပ်ထိုးပြီး
ရေဒီယိုလေး ကလိနေမိ
"ရှစ်ရှစ်ရှဲရှဲ" "ရှစ်ရှစ်ရှဲရှဲ" ။
1500.0 MHz မှာ ဘယ်လိုင်းက
လာမိနေပါလိမ့်
ဘ၀တွေက ဝေးလွန်းရဲ့။
ငါက ခါးပတ်ကွင်းကို လျှော့လိုက်တင်းလိုက်
သူက ပဋ္ဌာန်းစာအုပ်ကို ဖွင့်လိုက်ပိတ်လိုက်
သံပုရာရည်တစ်ခွက်မှာပြီး
အိတ်ကပ်ထဲ နှစ်ယောက်သားလောင်းထည့်
သံပုရာအစေ့ကလေးတွေ
တင်ကျန်နေခဲ့ရတာကို
သဘောအကျကြီးကျနေ
ဖိနပ်တွေ ထပ်ထား
လက်အိတ်တစ်စုံကို တစ်ဖက်စီဝတ်ပြီး
ကျန်တစ်ဖက်စီနဲ့ လက်ဆယ်ဖြာမိုးကြတယ်။
နားရွက်ဖျားလေးကို အပူထုတ်ပေးစမ်းပါ
ငါ ဟာ အရုပ်လိုချင်တဲ့ ကလေးပေါ့
ငိုတိုင်း မရပေမယ့်
ရတိုင်းတော့ ငိုနေမိမှာပဲဟေ့။
ပျော့နူးလေးတွဲ့နေတဲ့ ဆံပင်တွေပေါ်
တစ်ကိုယ်လုံးပစ်တင်လိုက်တယ်
ဒီလိုနဲ့ ..
တွန်းရင်း၊ တိုက်ရင်း၊ ကိုက်ရင်း၊
ကုတ်ရင်း၊ ရိုက်ရင်း၊ စိုက်ရင်း၊
မိုက်ရင်း၊
သွေးတွေ ဖျဉ်းခနဲထပွင့်တာ
သံသယတွေ ကင်းတဲ့အထိ။

ဟိန်း

ရေတမာငေးငေးတွေ

ဝတ္ထုဝယ်တာက အစ
ဇာတ်ကားရုံတင်တဲ့ အဆုံး
ဇာတ်လမ်းဟာ ဒီမှာ စ/ဆုံးခဲ့မှာပဲ။

မရပ်ရ မနေနိုင်ဘူး
မလျှောက်ရ မနေနိုင်ဘူး
မထိုင်ရ မနေနိုင်ဘူး
မမှီရ မနေနိုင်ဘူး
ကြိုက်တဲ့အချိန်ပြော
ဟောဒီ လေးပြင်လေးရပ်
သူတို့အမျိုးချည်းပဲ။

မြစ်ထဲကို ပင်လယ်လိုက် လောင်းထည့်သလို




ရန်သူမျိုးငါးပါးမှာ
မီးကလွဲပြီး အလုံးအရင်းနဲ့ ၀င်တိုက်တယ်
ရေ = လေ = မင်း = မချစ်မနှစ်သက်သောသူ ။

ကြိုမြင်သူတွေ၊ ကြိုသိသူတွေ၊ ကြိုကြားသူတွေ၊ ကြိုတွေ့သူတွေဟာ
ကြိုမပြောဘူး။
120 mph မှာ ထိုင်ခုံတစ်လုံးကို ဖိထားပြီး
အားလုံးကို အလွင့်စင်ခံလိုက်တယ်။

မေလည်းမမေနဲ့ ဒေးလည်းမဒေးနဲ့


ငါတို့နေ့သာပြောတယ်
အိပ်မပျော်ဘဲ နိုးရတုန်း ထမင်းကြမ်းခဲမျိုရတုန်း
တစ်နေကုန်စက်ရုပ်ယောင်ဆောင်ရတုန်း
ကုန်း(ဂုံး)တံတားအောက်ရပ်ရတုန်း ကိုယ့်ဈေးကိုယ်ဖြတ်ရတုန်း
ငါတို့နေ့သာပြောတယ် ငါတို့မနားရဘူး။

တစ်လလုံးအထည်ချုပ်တာ
တစ်သောင်းနှစ်ထောင်ပဲရတယ်ဆိုတာထက်
တစ်ချက်တည်းကျင်းဝင်တာက သတင်းဖြစ်တယ်
ငါတို့သူဋ္ဌေးဟာ ငါတို့စကားမတတ်ဘူး
သူတတ်တာ ငါတို့ဘဝတွေအတွက်
လက်ဝါးချင်းရိုက်ဖို့ လက်သိပ်ထိုးကျွေးဖို့
လက်ဝါးကြီးအုပ်ဖို့ လက်မောင်းသွေးဖောက်ဖို့ လက်ပေးသင်ဖို့ပဲ။

နိုင်ငံသားအားလုံးရဲ့ ၁၀%ဟာ
ပြည်ပမှာပြောင်းရွှေ့အလုပ်သမားတွေတဲ့
ဒါဆိုအဝေးကွင်းရော အိမ်ကွင်းပါ ရှူံးတဲ့အသင်းက
ငါတို့ပေါ့။

လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင်
အဲ့ဒီစကားပုံ version အသစ်ထွက်တယ်။
လုပ်စားတော့လယ်သိမ်း ခိုးစားတော့ဖမ်းထိန်း
-ာခံစားမှ အေးအေးငြိမ်းငြိမ်း။

ပြက္ခဒိန်မှာ နီနေတာလောက်နဲ့လာမပြောနဲ့
ငါတို့သူဋ္ဌေးမဖြစ်ချင်ပါဘူး/မဖြစ်နိုင်ပါဘူး
ငါတို့ခွေးမဖြစ်ချင်လို့ပြောနေတာ/ဖြစ်နေလို့ပြောနေတာ။


ဟိန်း

ကျယ်မှန်းသိတော့ ကျဉ်းထားတယ်




ဒီအကြောင်းပြောရင်
ဘုရားမှာ လွှတ်တဲ့ ငါးတွေငှက်တွေပဲ
ကိုယ်စားသရုပ်ဆောင်ပေးနေရ။

ရွာသူရွာသားတွေအတွက် လုပ်တယ်
ကမ္ဘာသူကမ္ဘာသားတွေက သိတယ်

မထူးဆန်းဘူးလား
သစ်တောကြီးက ဘလိတ်ဓားလေးကို
ကြောက်သတဲ့။

အဲဒီနေရာ ဗလာဖြစ်၊ မဖြစ်ဟာ
အမှန်တရားနဲ့ ပြောင်းပြန်အချိုးကျတယ်။

ဟိန်း

Thursday, April 18, 2013

အဆိပ် ◄ အောင်ဘညို ►

ငါ့အဆုတ်ထဲမှာ
ကာဗွန်ဒိုင်အောက်ဆိုဒ်
၁၀၀%နှုန်းနဲ့ .. ။

အသီးအရွက်တွေကလည်း
အရွက်ဖျန်းဆေးတွေနဲ့၊ အသီးဖျန်းဆေးနဲ့
ပိုးသတ်ဆေးတွေ ဒင်းကြမ်းနဲ့ ... ။
ရယ်ဒီမိတ်တွေကလည်း
ဆိုးဆေးတွေ၊ မသိုးဆေးတွေ အလျှံပယ်နဲ့ ... ။

မိန်းမကလည်း
ဒီစားအုန်းဆီနဲ့
ဒီအချိုမှုန့်နဲ့

ငါသောက်နေတဲ့ ရေက
အာဆန်းနစ် နန်းချင်းနဲ့ ... ။

အသက်ကို
အသက်ရှူ ရပ်မသွားရအောင်
ဖြည်းဖြည်းဖွဖွလေး ရှူနေရတယ်။

အောင်ဘညို

“ညီမလေး” ဓမ္မဓိဋ္ဌာန် ◄ မာန်ထက်သာ ►

(မေးခွန်း)
၁။ ညီမလေးဆိုသည်မှာ ကျွန်တော်နှင့် ဘာမျှမတော်စပ်သောအရင်းနှီးဆုံး (........) တစ်ယောက်ဖြစ်ပါသည်။
၂။ ညီမလေး၏ နှုတ်ခမ်း၌ (........) ရှိပါသည်။
၃။ ညီမလေး၏ လက်ယာဘက်တံတောင်ဆစ်မှ အမှတ်ကလေးသည် (........) ဖြစ်ပါသည်။
၎။ တစ်ခုသော ညတစ်ည၌၊ ကြယ်ကြွေရှုခင်းကို မှင်သက်ငေးမောရင်း ညီမလေးသည် (........) ကို မေ့သွားပါသည်။
၅။ ကျွန်တော့်မှာတော့ အိမ်တံစက်မြိတ်မှ စီးကျလာသော မိုးရေစက်များကို (........) ဖြင့် ခံယူရင်း အဖြေရှာခက်ခဲခဲ့ပါသည်။
၆။ ဒီဘ၀၌ ညီမလေး ကျွန်တော့်ကို ရှင်ကွဲခွဲခဲ့သည်မှာ နှစ်ပေါင်း (........) ရှိခဲ့ပါပြီ။
၇။ ဆေးလိပ်ဖြတ်တိုင်း မအောင်မြင်သူသည် (.........) ဘာသာဗေဒကို နားလည်ခံစားတတ်ဆုံးဖြစ်ကြောင်း ညီမလေးသိသင့်ပါသည်။
၈။ (........) ၌ ရေးထားသော ညီမလေး၏နာမည်ကို သတိရတိုင်း လက်သီးဖြင့် ထိုးမိပါသည်။
၉။ အမှတ်တမဲ့ပြန်ဆုံကြသောတစ်နေ့၌ .. တစ်ယောက်နှင့်တစ်ယောက် မမြင်ချင်ဟန်ဆောင်ကြသောကြောင့် ညီမလေးနှင့် ကျွန်တော် (........) ၌ ပြန်ဆုံလျှင် မှတ်မိနိုင်ကြမည်လား။
၁၀။ မည်သို့ပင်ဖြစ်စေ .. ညီမလေး (........) ငြိမ်းချမ်းပျော်ရွှင်သာယာချမ်းမြေ့ပါစေဟု ကျွန်တော်ဆုတောင်းပေးနေပါသည်။

(အဖြေ)
၁။ သူစိမ်း၊ ၂။ ဗွေ၊ ၃။ မာန်ထက်သာ၊ ၄။ အတိတ်၊ ၅။ ပါးပြင်၊ ၆။ ငါးရာ၊ ၇။သံယောဇဉ်၊ ၈။ နံရံ၊ ၉။ နောက်ဘ၀၊ ၁၀။ ထာဝရ

မာန်ထက်သာ

Beautyမဂ္ဂဇင်း
March,2013

ကမ္ဘာကြီးဟာအဖြူရောင်အနားကွပ်နဲ့ အပြာရောင်ဝတ်ရုံတစ်ထည်ကို မှတ်မှတ်ရရရှိနေဆဲ





"အကြင်နာတရားဆိုတဲ့စကားလုံးဟာ တိုလည်းတိုတယ်။ ပြောရလည်းလွယ်တယ်။ သူ့ရဲ့ပဲ့တင်သံကတော့ ရှည်လျားကျယ်ပြောပါတယ်။"

ဒီစကားကို ပြောခဲ့တာဘယ်သူလဲ။ သမ္မတလား၊ အဖြုတ်ချခံအာဏာရှင်လား၊ ကမ္ဘာကျော်ပန်းချီဆရာလား၊ အရက်သမားလား၊ တော်လှန်ရေးသမားလား၊ ပါတီဥက္ကဌလား၊ ၀ပ်ရှော့အလုပ်သမားလား၊ ပီဇာပို့သူလား၊ ကဗျာဆရာလား၊ အသေခံဗုံးခွဲသူလား။ မဟုတ်ပါဘူး။ သီလရှင်ကြီးတစ်ပါးပါ။ ရိုမန်ကတ်သလစ်သီလရှင်ကြီးတစ်ပါးပါ။ မွေးရပ်မြေက တခြား၊ သူပေးဆပ်ခဲ့တဲ့နေရာက တခြား။ သူကိုးကွယ်တာက တစ်ဘာသာ၊ သူစောင့်ရှောက်ခဲ့တာက ဘာသာစုံ။ သူလိုချင်မျှော်လင့်ခဲ့တာက ကမ္ဘာကြီးမှာမေတ္တာတရားတွေထွန်းကားဖို့၊ သူလက်ခံရရှိခဲ့တာက ဘွဲ့ထူးဂုဏ်ထူးပေါင်းများစွာနဲ့ဆုတံဆိပ်များ။ သူတည်ထောင်ခဲ့တဲ့ဂေဟာတွေကနေတဆင့် အခုဆိုရင် ဂေဟာပေါင်းမြောက်မြားစွာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ ပျံ့နှံ့လို့။ ကမ္ဘာသူကမ္ဘာသားတို့ဟာလည်း သူ့နာမည်ကို အခွင့်ကြုံတိုင်းတဖွဖွပြောလို့။ အယ်ဗေးနီးယန်းလူမျိုးတွေဟာလည်း သူ့ကြောင့် ဂုဏ်သိက္ခာတွေတက်လို့။ ၂၀ရာစုရဲ့ ယုံကြည်လေးစားမှုအခံရဆုံးပုဂ္ဂိုလ်များစာတမ်းမှာ သူ့နာမည်ဟာ ထိပ်ဆုံးမှာရပ်လို့။ ဟုတ်ပါတယ်။ ပရဟိတနဲ့ပတ်သက်လာရင် ခင်ဗျားတို့ကျွန်တော်တို့ လက်ဖျားခါကြရမယ့် သီလရှင်အိုကြီးမာသာထရီဇာ။

ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ်

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ စာရှုသူအဆွေမှာ ဒီကောင်ငဟိန်း ဘာတုန်းဟ လို့ ရေရွတ်မိမည်ထင့်။ သမိုင်းပညာရပ်နယ်ပယ်၌ နေလိုလလိုပင်လယ်လိုကောင်းကင်လို ထင်ရှားသည့်ဆရာကြီး ဒေါက်တာသန်းထွန်း၊ ၁၉၅၆တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၃တွင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၈တွင် အမေရိကန်မြောက်အီလီနွိုက်နှင့် ဂျပန်မီရှီဂန်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊  နိုင်ငံတွင်းတက္ကသိုလ်များတွင် နည်းပြဆရာလေးဘ၀မှ ပါမောက္ခအထိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာသန်းထွန်း နှင့် ကဗျာခံစားမှုများ၊ဆောင်းပါးများ ရေးသားအောင်မြင်ခဲ့၊ ရေးသားအောင်မြင်ဆဲဖြစ်သော ဆရာမောင်သာချို၊ စာပေဟောပြောပွဲများတွင် ပရိသတ်ရင်ကို အညှို့ငင်နိုင်ဆုံးဆရာမောင်သာချို၊ သူ၏ဆောင်းပါးများကို အက်ဖ်အမ်များမှပင် ဖတ်ပြထုတ်လွှင့်ပေးနေရာသော ဆရာမောင်သာချို၊ ပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေသော ဆရာမောင်သာချို။ ဤသို့သော ပုဂ္ဂိုလ်ကြီးများကို ဘာကောင်မှမဟုတ်သည့် ငဟိန်းက သုံးသပ်ထည့်လိုက်ပါပြီ။ ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ် တဲ့။

Sunday, April 14, 2013

လာပါပြီ ဗမာပြည် လူမှုလိင်တစ်ပုဒ်

ကျွန်မလို့ပဲ ပြောပါရစေ။
ကျွန်မကို သူတို့ မကြိုဆိုကြဘူး။
ကျွန်မကို သူတို့ ရွံရှာစက်ဆုပ်တဲ့ အကြည့်နဲ့ ကြည့်တယ်။
ကျွန်မကို သူတို့ ပါးစပ်ကနေ မကြားတကြား လှောင်ပြောင်သရော်တယ်။
မဟုတ်ဘူး မဟုတ်ဘူး ကျွန်မကို သူတို့ထဲက တစ်ယောက်ယောက်
မဟုတ်ဘူး မဟုတ်ဘူး ကျွန်မကို သူတို့အားလုံးပဲ။
ကျွန်မ အပြာကားတွေ ကြိုက်တယ်။
ကျွန်မ အပြာကားတွေ မကြာခဏ ကြည့်ဖြစ်တယ်။
ကျွန်မ မိန်းခလေးသူငယ်ချင်းတွေကိုလည်း ခေါ်ပြဖြစ်တယ်။
အထင်မလွဲပါနဲ့။
ကျွန်မဟာ ဗမာမိန်းခလေးပါ။
ကျွန်မဟာ မိကောင်းဖခင်သားသမီးပါ။
ကျွန်မဟာ သာမန်တက္ကသိုလ်ကျောင်းသူတစ်ဦးပါ။
ကျွန်မအသက် ၁၈ နှစ်လည်း ပြည့်ပြီးပါပြီ။
ကျွန်မမှာ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ရှိတယ်။
သူနဲ့ ကျွန်မ ကျောင်းကင်တင်းအတူထိုင်တယ်။
သူနဲ့ ကျွန်မ နေရာအတော်များများ တွဲသွားတွဲလာတယ်။
သူနဲ့ ကျွန်မ စကားတွေ အများကြီးပြောတယ်။
ဒါပေမယ့် သူနဲ့ ကျွန်မ ဘာမှ မဟုတ်ဘူး။
သူနဲ့ ကျွန်မ အပြာကားလည်း အတူမကြည့်ဖူးဘူး။
ကျွန်မဟာ မိကောင်းဖခင်သားသမီးလေ။

Thursday, April 11, 2013

တစ်ခွန်းရပ်ပြဇာတ်(များ)

ဘ၀မှာ တချို့မြင်ကွင်းတွေ၊ ဇာတ်လမ်းတွေအတွက် တစ်ခန်းလုံးကပြ/တစ်ခန်းလုံးစောင့်ကြည့်နေစရာမလိုပါဘူး။ တစ်ခွန်းတည်းနဲ့လည်း တစ်ဘ၀လုံးကို မြင်လိုက်ရတဲ့ခဏတွေရှိတယ်လို့ ကျွန်တော်ယုံကြည်မိလို့ ဒါတွေကိုရေးမိပါတယ်။

စစ်ပွဲတွေကြားမှာအော်သံတွေပျောက်သွားတယ်။ ◄ ဟိန်း ►




၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မက်ဆီကန်ဇာတ်ကားလေးတစ်ကားပါ။ ဆုပေါင်း ၁၂ရရှိခဲ့တဲ့အပြင် ဆန်ကာတင်အဖြစ်ဆုပေါင်း၁၀ဆုသတ်မှတ်ခံခဲ့ရပါတယ်။ Voces Inocentes တဲ့။ အင်္ဂလိပ်လိုဆိုရင်တော့ Innocent Voices ပေါ့။ တောင်ဘက်မှာ ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်မှာ ဂွာတီမာလာနိုင်ငံနဲ့ အရှေ့နဲ့မြောက်ဘက်မှာ ဟွန်ဒူးရပ်စ်နိုင်ငံတို့ ၀န်းရံထားတဲ့ El Salvador နိုင်ငံလေးရဲ့ ပြည်တွင်းစစ်ကို အခြေခံလို့ ရိုက်ကူးထားပါတယ်။ ၁၉၇၉ခုနှစ်ကနေ ၁၉၉၂ခုနှစ်အထိ ၁၂နှစ်ကျော်ကြာတဲ့ပြည်တွင်းစစ်ကြီးအတွင်းမှာပေါ့။ အဓိက သရုပ်ဆောင်ကတော့ အသက် ၁၁နှစ်အရွယ်ကလေးသရုပ်ဆောင်လေးပါ။ သူ့နာမည်က ချာဗာ။ သူ့အမေအပါအ၀င်မိသားစု ၄ယောက်ဟာ ဘ၀ကိုဆင်းဆင်းရဲရဲကျော်ဖြတ်နေရတာပါ။ အဖေလုပ်သူကတော့ စစ်ကြီးစတင်ကတည်းက မိသားစုကိုပစ်ပြီး ထွက်သွားခဲ့ပါတယ်။ အမေလုပ်သူက အိမ်မှာ စက်ချုပ်စက်ကလေးနဲ့ တနိုင်တပိုင်အထည်လေးတွေချုပ်၊ ချာဗာလေးက ဆိုင်တွေကိုလိုက်သွင်းပေါ့။ ကျောင်းပိတ်တဲ့ရက်တွေဆိုရင်တော့ ဘတ်စ်ကားမောင်းသူကြီးတစ်ယောက်ရဲ့သနားကြင်နာမှုကြောင့် ချာဗာဟာ ဘတ်စ်ကားစပယ်ယာအလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဖြစ်ချင်တော့ သူတို့ရွာကလေးဟာ အစိုးရတပ်တွေနဲ့ ပြောက်ကျားတပ်တွေ တိုက်ပွဲမကြာခဏဖြစ်ပွားတတ်တဲ့နေရာလေးမှာတည်ရှိနေပါတယ်။ သူ့ဦးလေးတစ်ယောက်က ပြောက်ကျားတပ်သားပါ။ တစ်နေ့တော့ သူတို့အိမ်ကို ခိုးကြောင်ခိုးဝှက်လာပြီး ချာဗာကို သူနဲ့ထည့်ပေးလိုက်ဖို့ အမေဖြစ်သူကိုခွင့်တောင်းပါတယ်။ ချာဗာ့ရဲ့မိခင်က လုံးဝသဘောမတူပါဘူး။ ဒါနဲ့ ဦးလေးလုပ်သူက ရေဒီယိုလေးတစ်လုံးကို လက်ဆောင်ပေးပြီးပြန်သွားပါတယ်။ အစိုးရတပ်သားတွေရှေ့မှာ မဖွင့်ဖို့လည်းပြောပါတယ်။ သူတို့ဘက်ကနေ ထုတ်လွှင့်နေတဲ့လိုင်းတစ်ခုကိုဖမ်းတတ်အောင် သင်ပေးသွားခဲ့ပါတယ်။ ချာဗာဟာ ကျောင်းသွားကျောင်းပြန်တိုင်း ရေဒီယိုလေးကို နားမှာကပ်လို့ တော်လှန်ရေးသီချင်းတွေ၊
တော်လှန်ရေးမိန့်ခွန်းတွေကိုနားထောင်တတ်ပါတယ်။ တစ်နေ့တော့ သူနားထောင်နေရင်းလမ်းလျှောက်သွားနေချိန်မှာ အစိုးရစစ်သားတစ်ယောက်ဟာ မယုံသင်္ကာဖြစ်လာလို့ ချာဗာ့ အနားကိုကပ်လာပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ သင်းအုပ်ဆရာကြီးက ဘုရားကျောင်းထဲကို အမြန်ပြေးဝင်ပြီး တားမြစ်ထားတဲ့တော်လှန်ရေးသီချင်းတစ်ပုဒ်ကိုဖွင့်တော့တာပါပဲ။ ဒီအချိန်မှာ အစိုးရစစ်သားတွေရဲ့အာရုံဟာ ဘုရားကျောင်းဘက်ကို ရောက်သွားပါတယ်။ သူတို့ထဲက ခေါင်းဆောင်က ဒါဟာတားမြစ်ထားတဲ့သီချင်းဖြစ်လို့ အခုပိတ်ပေးပါလို့ သင်းအုပ်ဆရာကြီးကိုပြောပါတယ်။ သင်းအုပ်ဆရာကြီးက ပိတ်ချင်ရင်ကိုယ်တိုင်ဝင်ပိတ်ပါလို့ မချေမငံပြန်ပြောတဲ့အတွက် စစ်သားတွေဟာ ဘုရားကျောင်းမှာချိတ်ထားတဲ့လော်စပီကာကြီးကို သေနတ်နဲ့ပစ်ချလိုက်ပါတယ်။ ဒီအချိန်ကစပြီး ပြည်သူတွေဟာ အစိုးရစစ်သားတွေအပေါ် ရွံ့ရှာခဲ့ကြပါတယ်။ သိပ်ကြေကွဲစရာကောင်းတဲ့အဖြစ်တွေဟာ မကြာခင်မှာပဲဖြစ်လာပါတယ်။ စစ်သားတွေဟာ ရွာထဲကကျောင်းကိုဝင်ပြီး အသက်၁၂နှစ်ပြည့်ပြီးတဲ့ ကျန်းမာရေးကောင်းသူကလေးတိုင်းကို စစ်သားအဖြစ်စုဆောင်းပါတယ်။ ချာဗာလေးက လအနည်းငယ်လိုနေလို့ ကံကောင်းထောက်မစွာကျန်ခဲ့ပါတယ်။ ချာဗာရဲ့သူငယ်ချင်းတချို့ကတော့ ငိုယိုမြည်တမ်းပြီး စစ်ကားကြီးပေါ်ကို ပါသွားကြပါတယ်။ ကလေးတချို့ခမျာ ဘောင်းဘီထဲမှာ ဆီးတွေတောင်ထွက်ကျလို့ပါပဲ။ ချာဗာ့မှာ ချစ်ရတဲ့သူလေးလည်းရှိနေပါသေးတယ်။ သူတို့အတန်းပိုင်ဆရာမရဲ့သမီးကလေးကိုပါ။ ဒီလိုနဲ့တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ ချာဗာတို့ ကျောင်းကလေးအနားမှာတောင် တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့သားသမီးတွေကိုစိတ်ပူလို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကြားထဲကို လက်ကိုင်ပုဝါအဖြူလေးတွေ ဝှေ့ယမ်းပြီး အပစ်အခတ်ရပ်ကြဖို့ အော်ရင်း ပြေးဝင်လာကြပါတယ်။ ဒါပေမဲ့ ကျည်ဆံတွေဟာ မိခင်မေတ္တာကိုနားမလည်နိုင်ခဲ့ပါဘူး။ ဒီလိုဆိုးရွားနေတဲ့အခြေအနေတွေကြောင့် ချာဗာ့ရဲ့အမေဟာ သူ့ရဲ့မိခင်၊ ချာဗာ့ရဲ့အဘွားနေထိုင်တဲ့ ရွာကလေးကို ပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီရွာကလေးက မြစ်ရဲ့တစ်ဖက်ကမ်းမှာပေါ့။ အဲဒီရွာကလေးမှာ နေထိုင်နေရင်းကနေ တစ်ရက်တော့ သူ့ဦးလေးရဲ့တပည့်၊ တော်လှန်ရေးစစ်သားတစ်ယောက်ဟာ ချာဗာ့ကို တိတ်တဆိတ်လာတွေ့ပါတယ်။ အစိုးရတပ်က မနက်ဖြန်မှာ ပေါ်တာဆွဲမှာဖြစ်တဲ့အတွက် ယောက်ျားကလေးတွေအားလုံးရှောင်နေကြဖို့ပေါ့။ ချာဗာနဲ့ သူ့သူငယ်ချင်း၃ယောက်ဟာ ကျောင်းစာအုပ်တွေကိုဖြဲ၊ ခဲတံလေးတွေနဲ့ မညီမညာရေးလို့ "မနက်ဖြန်ပေါ်တာရှိတယ်"ဆိုတဲ့စာတွေကို အိမ်ပေါက်စေ့ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလိုနဲ့ အစိုးရတပ်တွေရွာထဲကို ၀င်လာချိန်မှာတော့ ကလေးတွေတော်တော်များများကိုမတွေ့ရတဲ့အတွက် မိခင်တွေကိုရိုက်နှက်ကန်ကျောက်ပြီး နှိပ်စက်ကြပါတယ်။ တွေ့ရတဲ့ကလေးတွေကိုတော့ ခေါင်းပေါ်လက်တင်စေပြီး သေနတ်နဲ့ချိန်လို့ ခေါ်သွားကြပါတယ်။ ဒီနေရာမှာ ကျွန်တော်စိတ်ထိခိုက်မိတဲ့ဇာတ်ဝင်ခန်းလေးကို သတိရမိပါတယ်။ ရှေ့မှာခေါင်းပေါ်လက်တင်လို့ လျှောက်နေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်၊ အနောက်ကနေ သေနတ်နဲ့ချိန်ပြီးအော်ဟစ်ဆဲဆိုနေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်။ ဒီကောင်လေးဟာ ဟိုတစ်လောတုန်းက ကျောင်းမှာပေါ်တာလာဆွဲတဲ့အချိန် ဘောင်းဘီထဲဆီးတွေထွက်ကျနေခဲ့တဲ့ကောင်လေးပေါ့ဗျာ။ စစ်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ ကိုယ့်သူငယ်ချင်းကို သေနတ်နဲ့ချိန်တတ်လာတဲ့အဖြစ်။ နောက်ထပ်စိတ်မကောင်းစရာတစ်ခုက အောက်မှာမိခင်တွေကိုရိုက်နှက်နေတဲ့အချိန် ကင်မရာကိုတဖြည်းဖြည်းအပေါ်စီးကနေ ဆွဲရိုက်ပြလိုက်တော့....ဟာဗျာ...ကလေးလေးတွေအားလုံးဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ပြားနေအောင်အိပ်လို့..။ ပုန်းအောင်းနေကြတာလေ။ ဒီလိုအဖြစ်အပျက်ကြီးဟာ ၃ရက် ၄ရက်ဆက်တိုက်ဖြစ်နေတော့ ချာဗာတို့အရွယ်တွေဟာ ညဘက်တွေမှာပါ ခေါင်မိုးပေါ်မှာပဲ ပက်လက်လှန်လို့ တစ်ညလုံးလိုလိုနေခဲ့ရပါတယ်။ ဒီနေရာမှာချာဗာပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်မှတ်မိနေပြန်ပါတယ်။"ကြယ်တွေကိုရေတွက်တိုင်းကစားကြတာပါ။ တစ်ညတစ်ညကို ကြယ်အလုံးပေါင်း ၂သိန်း၃သောင်းလောက်တော့ အသာလေးရေတွက်လို့ရပါတယ်" တဲ့။ ချာဗာဟာ သူချစ်ရတဲ့ ဆရာမသမီးကလေးကို သတိရလွန်းမက ရလာတော့ သူတို့နေခဲ့တဲ့အိမ်ကလေးကို ပြန်ပြေးသွားပြီးကြည့်မိပါတယ်။ အိမ်ကလေးနေရာမှာ မီးလောင်ပြင်ကြီးတစ်ခုကိုပဲသူတွေ့လိုက်ရတော့ သူဟာရူးမတတ်ဖြစ်သွားပါတယ်။ သူ့ဆရာမရယ်၊ သူချစ်တဲ့ကောင်မလေးရယ်မရှိကြတော့ဘူး။ သူဟာလက်နက်ကြီးတိုက်ရိုက်ထိမှန်ခံထားရတဲ့ အိမ်ပျက်ကြီးထဲမှာ မွှေနှောက်ရှာဖွေရင်း သူချစ်တဲ့ကောင်မလေးဝတ်နေကြ အကျီင်္အပိုင်းအစလေးတစ်ခုကိုသာရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချာဗာနဲ့သူ့သူငယ်ချင်းတွေဟာ တော်လှန်ရေးတပ်ဆီကို မိဘတွေမသိအောင် ထွက်ခွာကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ထို့နောက်မှာတော့ ......... ။

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်နဲ့သမိုင်းဆိုင်ရာအချက်အလက်တွေအပေါ်အခြေခံပြီးရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ရင်ထဲအကြေကွဲမိဆုံးဇာတ်ဝင်ခန်းတွေကတော့ အများကြီးပါပဲဗျာ။ ၁၂နှစ်သားကလေးတွေကို ဒူးထောက်ထိုင်ခိုင်းပြီး နောက်စေ့ကို သေနတ်နဲ့ပစ်သတ်တဲ့ အစိုးရတပ်တွေကို ကျွန်တော်သွေးပျက်လောက်အောင် ရွံရှာမိတော့တာပါပဲ။ ရေးသားသူ  Luis Mandoki ကိုယ်တိုင် ရိုက်ကူးတဲ့ ဒီဇာတ်ကားလေးဟာ ကလေးစစ်သားအသုံးပြုခြင်းအပေါ်ကမ္ဘာကြီးက ပိုမိုအာရုံစိုက်မိလာအောင် ရည်ရွယ်ပုံရပါတယ်။ ချာဗာအဖြစ်သရုပ်ဆောင်တဲ့ Carlos Padilla ရဲ့ လူ့ဘ၀ကြီးအပေါ်စိတ်ပျက်အားလျော့နေတဲ့ မျက်နှာကလေးဟာ ဒီရုပ်ရှင်အပေါ်အများကြီး အကျိုးရှိစေခဲ့ပါတယ်။
ကလေးစစ်သားလေးတွေရဲ့ဘ၀တွေကို စာနာပေးနိုင်ရင်ဖြင့်၊ ပြည်တွင်းစစ်ရဲ့ ကောင်းကျိုးတစ်စက်မှမရှိတဲ့ ဆိုးကျိုးတွေကို နားလည်နိုင်မယ်ဆိုရင်ဖြင့်၊ သေနတ်တွေအစား မြေဖြူတောင့်တွေပဲထုတ်လုပ်ဖို့ အလိုရှိတယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်စေချင်တော့တာပါပဲ။


ဟိန်း
၈.၃.၁၃

ကပ်ရောဂါမဟုတ်တဲ့ကပ်ရောဂါဟာ ကမ္ဘာကိုစိန်ခေါ်နေလေရဲ့




အိုရမယ်
နာရမယ်။
သေရမယ်။
ဒါက ကမ္ဘာပေါ်က လူသားတိုင်းရဲ့ ဘ၀နေ၀င်ချိန်သမာရိုးကျ ဇာတ်ကွက်တွေဖြစ်ပါတယ်။ တမူဆန်းသူတွေလည်း ရှိနေနိုင်ပါတယ်။ မအိုခင်နာရတာမျိုး၊ မအိုခင်သေရတာမျိုး။ ဒါကတော့ တစ်ပိုင်း။ အခုကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းနဲ့အိုကြမလဲ။ ဒီနေ့ခေတ်ကမ္ဘာ့လူဦးရေရဲ့ ၇ ရာခိုင်နှုန်းဟာ လူအိုတွေပဲလို့ ကျွန်တော်တို့သိခဲ့ရပြီးပါပြီ။ တစ်နေ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီသတ်မှတ်ချက်ထဲမှာ ပါဝင်ကြရမှာပါ။ ဟုတ်ပါတယ်။ ဘယ်လိုပုံစံနဲ့ ကျွန်တော်တို့ပါဝင်ကြမလဲ။ သားကြီးနဲ့သူ့မိသားစုက နိုင်ငံခြားမှာစားသောက်ဆိုင်လုပ်ငန်း၊ သမီးအလတ်က တက္ကသိုလ်မှာ ကထိက၊ သမီးအငယ်ဆုံးက အထူးကုဆေးခန်းကြီးတစ်ခုရဲ့ ပါရဂူများစာရင်းဆိုင်းဘုတ်ပေါ်မှာ နေရာတစ်နေရာရသူ။ ဒီလို သားသမီးတို့ကိုပိုင်ဆိုင်ထားသော အသက်၆၀ကျော်အဘွားကြီးတစ်ယောက်။ နွေရာသီရောက်ရင်တော့ တောင်ပေါ်မြို့ကလေးရဲ့ တိုက်သစ်ကြီးမှာ ကျန်းမာရေးအတွက်သွားပြီး အပန်းဖြေတတ်သေး။ ဒီလိုအဆင့်အတန်းနဲ့ လူအိုတွေအတွက်ကတော့ အိုခြင်းဆိုတာ ဒုက္ခပါးပါးလေးသာ။ ယောက်ျားက ပန်းရံလုပ်ရင်းတိုက်ပေါ်က ပြုတ်ကျပြီးကွယ်လွန်၊ သားကြီးကလည်း ဖားကန့်ဘက်အလုပ်လုပ်သွားမယ်ဆိုပြီး ပြန်မလာတော့တာ ၆နှစ်၊ သမီးကလေးက စတိုးဆိုင်မှာအရောင်းဝန်ထမ်း၊ ကိုယ်တိုင်ကတော့ ယိုင်နဲ့နဲ့စုတ်ချာချာတဲကလေးထဲမှာ ပန်းနာရင်ကြပ်ရောဂါနဲ့နေ့စဉ်စစ်ခင်းပြီးနေရသူ၊ အသက်၆၀ကျော်အဘွားကြီး။ ဒီလိုလူမျိုးတွေအတွက်ကျတော့ အိုခြင်းဆိုတာ ရှေ့မှာကာထားတဲ့ တံတိုင်းကြီး၊ ခေါင်းပေါ်ရွက်ထားတဲ့ ကျောက်တုံးကြီး၊ ခြေထောက်ကိုချည်ထားတဲ့ သံကြိုးကြီး။ တချို့သောအိုခြင်းမျိုးက ပိုဆိုးပါသေးတယ်။ ကျောထောက်နောက်ခံဆွေမျိုးမရှိလို့၊ သားသမီးတွေအားလုံးက တစ်နယ်တစ်ကျေးမှာမို့၊ သားသမီးတွေကိုယ်တိုင်ကိုက ပြုစုချင်စိတ်မရှိကြတော့လို့၊ စတဲ့ဒီလိုအကြောင်းပြချက်တွေကြောင့် လူအိုရုံလို့ခေါ်တဲ့နေရာတစ်ခုကို အဘိုးအို၊အဘွားအိုတို့ ရောက်ခဲ့ကြရပါတယ်။ တဲ့တိုးခေါ်တော့ လူအိုရုံ၊ နည်းနည်းဖျော့ခေါ်တော့ ဘိုးဘွားရိပ်သာပေါ့။ အိုမင်းခြင်းဟာ ကမ္ဘာကြီးရဲ့ ကြောက်စရာကောင်းသောကပ်ရောဂါတစ်ခုလို နေ့စဉ်နဲ့အမျှကြီးထွားလာပါတယ်။ ကျွန်တော်တို့ထက် လူနေမှုအဆင့်အတန်း၊ ပညာအဆင့်အတန်းမြင့်မားတဲ့ ဂျပန်လိုနိုင်ငံမျိုးမှာတောင် လူအိုတွေအပေါ် ထားရှိတဲ့ဂရုစိုက်မှုတွေဟာ ခေါင်းပါးလာကြောင်း ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ စကားကို ကိုးကားပြီး ပြောချင်ပါတယ်။ သူတို့နိုင်ငံမှာ သက်ကြီးရွယ်အိုတွေနဲ့ ဆွေမျိုးမြေးမြစ်တွေဟာ တစ်နေရာစီနေကြပါသတဲ့။ ခေတ်ကြီးရဲ့လိုအပ်ချက်အရ တစ်ရက်ကို အလုပ်ချိန် ၁၂နာရီလောက်လုပ်နေရတဲ့ဘ၀မှာ မိဘဘိုးဘွားတွေကို ၂ရက်နေလို့ တစ်ခါတောင် သွားမကြည့်နိုင်ပါဘူးတဲ့။ မနက်အိပ်ရာနိုးလို့ ရေနွေးအိုးတည်တာဖြစ်ဖြစ်၊ သန့်စင်ခန်းဝင်တာဖြစ်ဖြစ် အဘိုးအဘွားတို့က နေ့စဉ်လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်တဲ့အခါမှာ သားသမီးမြေးမြစ်တို့ရဲ့ အိမ်မှာ အချက်ပေးခေါင်းလောင်းကလေးတွေက မြည်ပါတယ်။ သဘောကတော့ အဘိုးအဘွားတို့ရဲ့အိမ်နဲ့ ဆွေမျိုးသားသမီးတို့ရဲ့အိမ်ကို စနစ်တစ်ခုနဲ့ချိတ်ဆက်ထားတယ်ပေါ့။ နေ့စဉ် အချက်ပေးခေါင်းလောင်းသံကြားနေသရွေ့ စိတ်မပူမိကြပါဘူး။ အချက်ပေးခေါင်းလောင်းသံမကြားရတဲ့နေ့မျိုးမှာမှ တစ်ခုခုများဖြစ်သလားဆိုပြီး အပြေးအလွှားသွားကြည့်ကြပါသတဲ့။ ခေတ်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့ ရင်နာစရာအလေ့အကျင့်တစ်ခုပါပဲ။

သင်္ကြန်(၂)

ပိတောက်ကိုင်းကလေးတွေဟာ
သင်္ကြန်မိုးလောက်နဲ့ မဖြုံကြတော့ဘူး။
ဦးနေအောင်ကြီး ရှိနေသေးတယ်
စန္ဒယားဆရာလေးကိုငြိမ်းမောင်သေပြီ။
ကိုငြိမ်းမောင်ဟာ ပြီးပါပြီ လို့ စာတန်းမထိုးခင်သေနှင့်ပြီ။
သူသေတော့ အကုန်လိုက်သေပြီ။
ငွေငန်းကြီးလည်း ငွေငမ်းတွေရဲ့ အနောက်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ။

အတိအလင်းဆိုတာ အဖြေတိုင်းမှာ ထည့်ဖို့မဟုတ်ဘူး


နေရင်းထိုင်ရင်း လဲသေသွားတဲ့ ကမ္ဘာကြီးပေါ်
ငါတို့ဟာလည်း နေ-ရင်း-ထိုင်-ရင်း။
ခေတ်ညံ့ကြီးထဲက လူညံ့ကြီးတွေ
သမိုင်းပါ ညံ့ကြပေတော့ ဆိုပြီး
နာရီဟာ နာနာကျင်ကျင်အော်ရယ်နေလေရဲ့

လက်ညှိုးကွေးလိုက်တာခေတ်ကြီးလည်းလိုက်ကွေး

စိုးရိမ်စိတ်ဟာ
အသွေးအသားထိ စိုက်ဝင်ခဲ့တော့
အိမ်ကိုပြန်တဲ့လမ်းဟာ
မှောင်လို့ ..... ။

အမှောင်ကို စာစီကုံးပြီး
စာရွက်အပိုထပ်ယူနေရတဲ့
စာမေးပွဲတစ်ခုပဲ
ချွေးတွေ၊ သွေးတွေ၊ စိုးရိမ်စိတ်တွေ။


နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက်ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တ၀ီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ
မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့
ခက်ခဲသော ငါတို့ အကြောင်းတွေရဲ့
အစပေါ့……..။    ။


နေမျိုး

ညီမလေးနဲ့ မျက်စောင်းထိုးနေရာလေးမှာထိုင်လို့ ◄ ဟိန်းမြတ်ဇော် ►

ပြဒါးနဲ့ဖမ်းယူရလောက်တဲ့အထိ
ငါ့စိတ်ကူးတွေ အကျအပေါက်များခဲ့ရတယ် ။

ဝက်ဝက်ကွဲ ရယ်ချလိုက်တဲ့အသံမှာ
ဘ၀ကူးကောင်းဖို့တဲ့
ငါ့ကို ဒီစကားလုံးတွေနဲ့ ကယ်တင်လိုက်နိုင်တာ
ဘယ်သူများလဲ ။

ငါ့မှာ(တစ်ကိုယ်တည်း)
ဥယျာဉ်ခြံမြေမရှိ ဟင်းလင်းကြီးပွင့်လို့ ။
 
ဟိန်းမြတ်ဇော်

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

လူရွှင်တော်

ငှက်ပျောခွံကို တက်နင်းမိပြီးချော်လဲတယ်
ကွန်တော့်ကိုကြည့်ပြီး တဟားဟားရယ်ကြတယ်
ကျွန်တော် ပြန်ထ ခါးကိုမတ် ထော့နဲ့ ထော့နဲ့လမ်းလျှောက်လာ
ခွေးတစ်ကောင်ထိုးဟောင်တယ် ၊ ပြီးတော့ လိုက်ကိုက်
ကျွန်တော် လှည့်ပတ်ပြေးရ
ကျွန်တော့်ကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကြတယ်
ကျွန်တော်သစ်ပင်ပေါ်တတ်ပြေး
ကိုင်းဖျားနားရောက် အဲ့ဒီအချိန် သစ်ကိုင်းကျိုးကျ
ကျွန်တော်လည်းလိမ့်ကျပေါ့
ကျွန်တော့်ကိုကြည့်ပြီး လက်ခေါက်တရွှီရွှီမှုတ်ကြတယ်
တအုန်းအုန်းရယ်ကြတယ်
သူဟာ လူရွှင်တော်ပါ
သူနာကျင်တဲ့အခါ အားလုံးဝိုင်းရယ်ကြပေတာ ။

နေမျိုး

Sunday, March 24, 2013

ခေတ်ပျက်ကြီးထဲမှာ လူပြက်တွေအဖြစ် ငါတို့ အသုံးတော်ခံကြတယ်





ဓားကို ကျောက်တုံးပေါ်တင်သွေးမယ့်အစား
ဓားကို စာအုပ်တွေပေါ် တင်သွေး
ဓားကို ကိုယ်ချင်းစာတရားပေါ် တင်သွေး
ဓားကို မျက်ရည်နဲ့သုတ်ပြီး သွေး
တောစပ်ကလေးမှာမီးကျွမ်းနေတာ ငါ့အဖေ
ဘောလုံးကွင်းထဲမှာ စုပြုံကြပ်ညပ်နေတာ ငါ့အမေ
ကြောက်လန့်တကြားပြေးထွက်လာတာ ငါ့ညီလေး
ဒါပဲ မလား။ ဒါလေးပဲမလား။
ဓားကို ဆင်ခြင်တုံတရားပေါ်တင်သွေးစမ်းပါ။

Friday, March 15, 2013

ကျွန်တော့်ကျက်သရေကို သူတို့လာတုံးတယ်မေမေ

ဓားဟာ ရေမြွေလို ခွေထားတဲ့အရာပဲ။
ဘာအကြောင်းနဲ့မှ နောက်ကျောတွေနဲ့ မရင်းနှီးစေခဲ့။
စားပွဲပေါ်ပစ်စိုက်ပြီး တစ်ယောက်နဲ့တစ်အုပ်တစ်သင်း
ရှင်းရဲပါတယ်။

ငါးပါးသီလမမြဲဘူး
ကျွန်တော့်လိပ်ပြာ ရဲတယ်။
ဒါကြောင့် ..
မေမေငိုခဲ့
အောင်စာရင်းတွေနဲ့လွဲခဲ့
တောင်တန်းပေါ်ကခုန်ချခဲ့
ဆံပင်တွေရှည်ခဲ့
နေ့တွေမှာ လောကကြီးအပြင်ကို ကျွန်တော်ရောက်ရောက်နေပြီး
ညတွေမှာ ကျွန်တော့်အပြင်ကို လောကကြီးရောက်ရောက်နေခဲ့
ဒီလိုရင်းပြီး ဒီလမ်းကိုဖောက်၊ ဒီလမ်းကိုလျှောက်နေတုန်း
သူတို့က ခပ်လွယ်လွယ်ဖြတ်တားတယ်။

Thursday, March 14, 2013

ပြည့်တန်ဆာမှတ်စု ◄ မောင်ယုပိုင် ►

ကျွန်မတို့ဟာ
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ
ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။

ကျော်မကောင်းကြားမကောင်းဖြစ်မီ လူကြီးလူကောင်းများ
ဖွတ်မထွက်မီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမ၀င်မီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။

Friday, March 8, 2013

နံရံဂစ်တာ ◄ ၀ိုင်ချို ►

ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့တဲ့ လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင် မြင်နိုင်ပေမယ့်
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေ ကျနေတာပါ နှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်တစ်ခွင်လုံးဟာ
လွမ်းလို့ သေတောင် မလွမ်းတော့ဘူး။

ဝိုင်ချို

သေရမှာ သိပါတယ်

အရင်တုန်းက ထင်ခဲ့တယ်
ကိုယ်က အရင်ပျက်မယ်
ကမ္ဘာကြီးက ကိုယ့်နောက်မှ ပျက်မယ်လို့
ခုတော့ ကမ္ဘာကြီးက အရင်ပျက်ပြီ
ကိုယ်ကလည်း မပျက်တပျက်
သေရမှာ သိပါတယ်။    ။

လှသန်း

(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)

ဗေဒင်မေးကြည့်ခြင်း

၂၀၁၁မှာ အောင်မြင်မယ် တဲ့
ဘာတွေ အောင်မြင်မှာလဲ
အလုပ်လုပ်မယ်ဆိုရင် ကြာသပတေးနေ့ စ လုပ်ပါ တဲ့
ဘာထူးမှာမို့လို့လဲ
အလုပ်လုပ်မယ်ဆိုရင် တနင်္ဂနွေနံနဲ့စတဲ့ အလုပ်လုပ်တဲ့
အရက်ဆိုင်ဖွင့်ရမှာလား၊ အနှိပ်ခန်းဖွင့်ရမှာလား
သူရဿတီမယ်တော် စောင့်ရှောက်မယ်တဲ့
ကိုယ့်မိန်းမလောက် စိတ်မချရဘူး
ငွေရှာလို့လွယ်မယ် ပိုက်ဆံမမြဲဘူး တဲ့
မဟုတ်ပါ မဖြစ်နိုင်ပါ

ဝန်ခံခြင်း

ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ၀ါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။      ။

လှသန်း

(မောင်သီးသန့် ကလောင်နဲ့ရေးခဲ့)

စု ◄ ဇော်ယုအောင် ►

ရနံ့ဝေဖို့
ပန်းရုံကြီးက ပန်းတွေစု
အရိပ်ပေးဖို့
သစ်ပင်ကြီးက သစ်ရွက်တွေစု
မိုးရွာဖို့
ကောင်းကင်ကြီးက ရေခိုးရေငွေ့တွေစု
ဝမ်းစာအတွက်
လယ်ကွင်းကြီးက ကောက်ပင်တွေစု
နောင်လာနောက်သားကောင်းတွေမွေးဖို့
ကျောင်းတွေက ကျောင်းသားတွေစု
ဒေါ်လာတွေ ဘီလီယံပေါင်းများစွာရဖို့
ကမ္ဘာမြေကြီးက သယံဇာတတွေစု
ပြဿနာနဲ့ဒုက္ခတွေခေါ်ဖို့
လူတွေက လောဘ ဒေါသ မောဟတွေစု
ပုဂံပြည်ကြီးက ဘုရားပုထိုးစေတီတွေစု
တပ်ခ်ျမဟာက အလွမ်းပုံရိပ်တွေစု
အန်းကောဝပ်ကျောင်းတော်ကြီးက ရှေးဟောင်းခမာလက်ရာတွေစု
ပိရမစ်ကြီးက ကျောက်တုံးတွေစု
မဟာတံတိုင်းကြီးက သွေး ချွေး နဲ့ ၀ိညာဉ်တွေစု
စစ်က စစ်သားတွေစု
စစ်မြေပြင်က နာဂစ်လို အလောင်းတွေစု
အကြမ်းဖက်တွေက အသေခံတွေစု
ကမ္ဘာဖျက်ချင်သူတွေက လက်နက်တွေစု
အင်အားကြီးနိုင်ငံတွေက နောက်လိုက်နောက်ပါနိုင်ငံတွေစု
ဇီဝဇိုးက သွေးစွန်းတဲ့ အန်ဖတ်တွေစု
ကဗျာဆရာက မသေတဲ့ ကဗျာတွေစု
အများအတွက် အသက်ရှင်သူတွေက ထောင်သက်တွေစု
ဇာဂနာက နိုင်ငံရေးပျက်လုံးတွေစု
ဘာမှမစုတဲ့ အမေစုမှာ ကမ္ဘာကျော်ဆုတွေ လာစု။ ။

ဇော်ယုအောင်

နားစွင့်

သူနဲ့စကားပြောတဲ့အခါ
နားစွင့်ပါ
ကြားရလိမ့်မယ်
သူ့ စာရိတ္တက မြည်တဲ့အသံ
နားစွင့်ပါ သူ့စရိုက်က မြည်တဲ့အသံ
နားစွင့်ပါ
သူ့အသည်းနှလုံးက မြည်တဲ့အသံ
နားစွင့်ပါ
သူနဲ့ စကားပြောတဲ့အခါ ... ။

နေမျိုး

ငယ်ငယ် ◄ မိုဃ်းဇော် ►

ဘုရင့်ရုံရှေ့က
မိတ်ကပ်ထူထူ
မိန်းမ၀၀ကြီးက
ရှော့(ခ်)ရိုက်သလို ကျွန်တော့်ကို လှမ်းပြောတယ်။

"ဒီမှာ ငယ်ငယ်ကလေးတွေ
ရှိတယ်ဆရာ"

"ဟုတ်လား
ဆောရီးပဲဗျာ
ကျွန်တော့်မှာ ကဗျာငယ်ငယ်ကလေးတွေရှိတယ်
ကျွန်တော့်မှာ အိပ်မက်ငယ်ငယ်ကလေးတွေရှိတယ်
ကျွန်တော့်မှာ အတွေးအခေါ်ငယ်ငယ်ကလေးတွေရှိတယ်"

လူတွေကြားထဲတိုးဝှေ့ပြီး
ကျွန်တော်ဆက်လျှောက်လာခဲ့တယ်။

စကြာဝဋ္ဌာငယ်ငယ်ကလေးထဲမှာ
ကမ္ဘာငယ်ငယ်ကလေးက
ကျွန်တော့်ကို ကြိုလို့ပေါ့ ... ။


မိုဃ်းဇော်

Thursday, March 7, 2013

အတ္တမိတ္တူ

အရင်က
သေရမှာကြောက်လို့
ရှောင်ရတာ များလှပါပြီလို့ ညည်းခဲ့

အခုတော့ ...
ရှောင်ရမှာခက်လို့
သေရမှာကို ထည့်မတွက်တော့ပါဘူး

ကိုယ့်ကဗျာက
မဂ္ဂါဝပ်ဘယ်လောက်ထွက်မှာလဲ
ကိုယ့်ကဗျာဖတ်သူတွေ
ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ
ဘောလုံးတစ်သင်းစာလောက်ရှိရင် တော်ပါပြီ

မျက်နှာပြောင်တယ်ပဲပြောပြော
ဒီဘ၀မှာ
အဘဘိုးမင်းခေါင်လောက်တော့
အောင်မြင်ချင်ပါတယ်။ ။

လှသန်း
(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)

ဆရာကြီးဂျက်၏ မွေးနေ့သဘင်

ကုန်ဆုံးလွန်မြောက်ခဲ့ပြီး ဖြစ်လေသည့် ဥသြတွန်ကျူး နွေဦးကာလ အခါသမယ ရက်ကလေးများဆီ၌ ကျွနိုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းသည် မိမိ၏ဇာတိချက်ကြွေ သပွတ်အူမွေးဌာနေသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိကာ အနားယူလျက် ရှိခဲ့လေချေသည်တမုံ့။ စင်စစ်ကျွန်ုပ်သည် မိမိ၏ မွေးမြေသပွတ်အူဌာနေသို့ ရံဖန်ရံခါ ပြန်ပြန်လာလေ့ရှိသည်မှာ မှန်သော်လည်း အများအားဖြင့်မူ မြို့တော်ရန်ကုန်၌သာ အနေများပြီး စာပေလောကသားတို့အလယ်၌ တင့်တယ်ဝင့်ကြွယ်နေခဲ့သူတစ်ဦးဖြစ်ဘိချေ၏။ သို့စင်လျက် လွန်လေပြီးသည့် အနှီနွေရက်များတုန်းကမူ ကျွန်ုပ်တစ်ယောက်သည် သပွတ်အူဝန်းကျင်၌ တော်တော့်ကိုပင်လျှင် အချိန်ကုန်ခဲ့ပါလေသည်။ အကြောင်းမှာကား ကျွန်ပ်ရင်ထဲ၌ မထွေးနိုင် မအန်နိုင် မ၀ါးနိုင် မမျိုနိုင်နှင့် အစိုင်အခဲကြီးတစ်ခု ပမာ ဝေဒနာတစ်ခု ကပ်ငြိနေခဲ့သောကြောင့်ပါပေတည်း။

သူရဲကောင်းအပေါင်းနှင့် ကဗျာဆရာများအား အလွန်အမင်းအားနာမိခြင်း


"ကဗျာဆရာတွေက သူရဲကောင်းတွေရဲ့အသားကိုကြိုက်တယ်
အသေရရ အရှင်ရရ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးသလို သူတို့ကိုကဗျာရေးကြတယ်။"

ကဗျာဆရာခရမ်းပြာထက်လူ က သူ၏ကဗျာတစ်ပုဒ်တွင် ဤသို့ရေးခဲ့သည်။

စစ်မှန်သောကဗျာဆရာတို့နှင့် စစ်မှန်သောသူရဲကောင်းတို့ဆိုတာက ခေတ်အဆက်ဆက်တွင် မခွဲမခွာတွေ့ရသော သမိုင်းမှတ်တိုင်များပင်ဖြစ်သည်။ ဂန္ဒီအကြောင်းကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကဗျာများ၊ ငုယင်ဗန်ထရွိုင်းအကြောင်းကဗျာများ၊ ချေဂွေဗားရားအကြောင်းကဗျာများ စသဖြင့် သူရဲကောင်းတို့အကြောင်းကို နှောင်းလူများရင်ထဲတွင် ဆို့ခနဲ၊ နင့်ခနဲဖြစ်အောင်၊ နှောင်းလူများမျက်ဝန်းတွင် မျက်ရည်ဝဲခနဲ၊စို့ခနဲဖြစ်အောင် ဖွဲ့ခဲ့ကြသော ကဗျာအပေါင်းကို ကျွန်တော်တို့ ဖတ်ရှုခဲ့၊ဖတ်ရှုဆဲဖြစ်သည်။ ဒါတွေဒီလိုဆိုလိုက်တော့ မေးစရာကရှိလာပြီ။ ဘယ်လိုပုဂ္ဂိုလ်မျိုးက သူရဲကောင်းလဲ။ မှန်ပါသည်။ သူရဲကောင်းဆိုသည်ကို ကျွန်တော်တို့ ဘယ်လိုစံနှုန်းမျိုးနှင့် တိုင်းတာကြမည်နည်း။ သူ့အသက်အရွယ်လား၊ သူလုပ်ဆောင်ခဲ့သောလုပ်ရပ်များလား၊ သူ၏ဘ၀နိဂုံးအဆုံးသတ်လှခြင်းမလှခြင်းလား။ သည်လိုအချက်များကိုအခြေခံ၍ ငြင်းခုံကြစတမ်းဆိုလျှင် အဖြေကားထွက်ကောင်းထွက်မည်။သို့သော် မှန်ချင်မှမှန်မည်။ ကန့်ကွက်သူများလည်းရှိနိုင်သည်။ အကောင်းဆုံးနည်းလမ်းကတော့ ကမ္ဘာကြီးကို အဆုံးအဖြတ်ပေးခိုင်းလိုက်ခြင်းပင်ဖြစ်၏။ အချိန်တစ်ခုတော့ပေးရမည်။ ကာလတစ်ခုတော့ကြာမည်။ သို့သော်အဖြေမှန်မည်။