Thursday, January 10, 2013

သူတောင်းစားကဗျာ ◄မောင်ယုပိုင်►

သနားကြပါခင်ဗျာ သနားကြပါခင်ဗျာ
ပိုက်ဆံလေးနည်းနည်းလောက် စွန့်ကျဲကြပါခင်ဗျာ
လမ်းတကာလှည့်အော်ရင်း သူတောင်းစားဟာ တောင်းခံနေတယ်။
အစ်ကိုကြီးအစ်မကြီးတို့ရေ ထမင်းကျန်ဟင်းကျန်လေးများရှိရင်
စွန့်ကျဲကြပါ
ကလေးသူတောင်းစားတွေ တောင်းခံနေတယ်။
ကျွန်တော်ဟာ အိမ်ခြေမဲ့ပါ နေစရာနဲ့စားစရာ ကူညီပေးပါ(စာပြားကို လည်မှာချိပ်)
အိမ်ခြေမဲ့တွေ တောင်းခံနေတယ်။
အမိနဲ့အဘကို ပေးပါ၊ ညီအစ်ကိုမောင်နှမတွေကို ပေးပါ၊
ပြီးတော့ `အိမ်´ကိုပေးပါ
မိဘမဲ့ဂေဟာက ကလေးတွေ တောင်းခံနေတယ်။
ဘီးတပ်ကုလားထိုင်ကိုပေးပါ၊ ထွေးခံကိုပေးပါ၊ စိပ်ပုတီးကိုပေးပါ၊


ပြီးတော့ `အိမ်´ကို ပြန်ပေးပါ
လူအိုရုံက အဖိုးကြီးအဖွားကြီးတွေ တောင်းခံနေတယ်။
စာသင်ကျောင်းရယ်၊ သူငယ်ချင်းတွေရယ်၊ ကစားကွင်းရယ် ပေးပါ
လမ်းပေါ်က ကလေးတွေ တောင်းခံနေတယ်။
မှန်ကန်တဲ့ပညာရေးရယ်၊ ကောင်းမွန်တဲ့ ဆရာဆရာမတွေရယ်၊
စိတ်ချရတဲ့ ကစားစရာနဲ့ စားစရာရယ် ပေးပါ
စာသင်ကျောင်းထဲက ကလေးတွေ တောင်းခံနေတယ်။
အိမ်ရယ် ခြံရယ် မြေရယ် အလုပ်အကိုင်ကောင်းတစ်ခုရယ်
ဇနီးမိန်းမရယ် သားသမီးရယ် ပေးပါ
ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းအမျိုးသားကြီးတွေ တောင်းခံနေတယ်။
ဝင်ငွေလခရယ်၊ ဈေးဝယ်ထွက်ခြင်းရယ်၊ ဘုရားဖူးထွက်ခြင်းရယ်၊
မီးဖိုချောင်ရယ်၊ ရင်သွေးရယ်၊ သစ္စာရှိမှုရယ် ပေးပါ
အိမ်ထောင်ရှင်အမျိုးသမီးတွေ (သူတို့ လင်ယောက်ျားထံ) တောင်းခံနေတယ်။
ကျွန်တော့် ကျန်းမာရေးကိုပြန်ပေးပါ၊ ကျွန်တော့် ခန္ဓာကိုယ်အစိတ်အပိုင်းအပိုင်းတွေကိုပြန်
ပေးပါ၊
ကျွန်တော့်အသက်ကို ပြန်ပေးပါ
ဆေးရုံပေါ်က လူနာတွေ တောင်းခံနေတယ်။
ကိုယ့်ကို မင့်အသည်းပေးပါ
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ထံ တောင်းခံနေတယ်။
သူတို့ရဲ့ ကမ္မ သူတို့ရဲ့ ဇီဝနဲ့ သူတို့ရဲ့ ဆန္ဒကို နားလည်လက်ခံအသိမှတ်ပြုပေးပါရှင်
/ခင်ဗျာ
ဂေးနဲ့လစ်စဘီယံတွေက တောင်းခံနေတယ်။
ဗိုင်ရာဂရာပေးပါ၊ ကွန်ဒုံးပေးပါ၊ ဆောင်ကြာမြိုင်ပေးပါ၊ ဘိပေးပါ၊
နိုက်ကလပ်ပေးပါ၊ အနှိပ်ခန်းပေးပါ၊ ကေတီဗွီပေးပါ၊ ရက်စတောပေးပါ၊
အပြာကားပေးပါ၊ ရေလာမြောင်းပေးပါ
အိမ်ထောင်မဲ့ လူကြီးတွေ တောင်းခံနေတယ်။
အပေါင်းအသင်းပေးပါ၊ လက်ဖက်ရည်ဆိုင်ပေးပါ၊ အင်တာနက်ပေးပါ၊ ဖေ့စ်ဘို့ခ်ပေးပါ၊
ဖုန်းပေးပါ၊ ဂိမ်းပေးပါ၊ ဆေးလိပ်ပေးပါ၊ ဘီယာအရက်ပေးပါ၊ မူးယစ်ဆေးဝါးပေးပါ၊
လောင်းကစားပေးပါ၊ လိင်စိတ်ဖြေစရာပေးပါ ၊ ပါတီပေးပါ၊ ရှိုးပွဲပေးပါ၊ ရန်ပွဲပေးပါ၊ သေနတ်ပေးပါ။
အလုပ်လက်မဲ့ လူငယ်တွေ တောင်းခံနေတယ်။
ကျွန်တော့်ကို အလုပ်အကိုင်တစ်ခုခုပေးပါ
ဘွဲ့ ရပြီး သင်တန်းပြီးဆုံးပြီးတဲ့ လူငယ်တွေ တောင်းခံနေတယ်။
လုံလောက်တဲ့လစာ၊ ထိုက်တန်တဲ့ လုပ်အားခ၊ ရသင့်တဲ့ အခွင့်အရေးနဲ့ လုပ်ငန်းခွင်လုံခြုံစိတ်ချရမှု ပေးပါ
ဝန်ထမ်းနဲ့ အလုပ်သမားတွေ တောင်းခံနေတယ်။
ပိုကောင်းတဲ့ အလုပ်လမ်းကြောင်း၊ ပိုကောင်းတဲ့လုပ်ပိုင်ခွင့်၊ ပိုကောင်းတဲ့ခံစားခွင့်ကို ပေးပါ
အလုပ်ရှင်၊ ငွေရှင်၊ ဓနရှင်တွေ တောင်းခံနေတယ်။
အကောက်အခွန်ရယ်၊ လက်ဖက်ရည်ဖိုးရယ်၊ ကန်တော့ခံပစ္စည်းရယ်၊ လက်ဆောင်ပဏာရယ်၊
ခပ်ရှင်းရှင်းပဲ ငွေသားအထပ်လိုက်ရယ်၊ တိုင်းပြည်သယံဇာတတွေရယ် ပေးပါ
အုပ်ချုပ်သူအစိုးရအဖွဲ့တွေ တောင်းခံနေတယ်။
အစိုးရသစ်ရယ်၊ ယုံကြည်စိတ်ချရမှုရယ်၊ အတိတ်ကမကောင်းမှုမှန်သမျှ ဥပက္ခာပြုသည်းခံခွင့်လွတ်ခြင်းတရားရယ်၊
အခြေအနေမပျက် ရှောင်ပုန်းစရာတစ်နေရာရယ် ပေးပါ
အငြိမ်းစားအာဏာရှင်အဖွဲ့တွေ တောင်းခံနေတယ်။
လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပေးပါ
နိုင်ငံတကာက တောင်းခံနေတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးပါ
လူသားတချို့က လူအများစုထံကနေ တောင်းခံနေတယ်။
တိရစ္ဆာန်တွေကို စမ်းသပ်မှု၊နိပ်စက်ညင်းပန်းမှုနဲ့
သတ်ဖြတ်မှုမှ ကာကွယ်တားဆီးပေးပါ
လူသားတချို့က လူအများစုထံကနေ တောင်းခံနေတယ်။
အစာရေစာ၊ နေစရာ၊ ပြန်လည်ထူထောင်ရေးနဲ့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ပေးပါ
ကပ်ဘေးဆိုက်ဒုက္ခသည်တွေ တောင်းခံနေတယ်။
သစ်ပင်ပန်းမန်တိရိစ္ဆာန်၊ ရေမြေတောတောင်နဲ့ မိုးကောင်းကင်ကို စောင့်ရှောက်ကာကွယ်ပေးပါ၊
ကမ္ဘာကြီးက တောင်းခံနေတယ်။
အရှင် ကျွန်ုပ်ဘ၀ကို လမ်းပြကူညီပါ
ဘုရားကျောင်းအမျိုးမျိုးထဲက လူအမျိုးမျိုး ဘုရားအမျိုးမျိုးထံမှာ တောင်းခံနေတယ်။
တောင်းခံနေတယ် …တောင်းခံနေတယ်..
တောင်းခံနေတယ် …တောင်းခံနေတယ်
တောင်းခံနေတယ် …တောင်းခံနေတယ်
လူသားတွေဟာ ဘ၀ထံမှ ပြည့်စုံချမ်းသာမှုကို တောင်းခံနေတယ်။
ဘ၀တွေဟာ လောကထံမှ အဓိပါယ်ကို တောင်းခံနေတယ်။
အားလုံးရဲ့ကိုယ်စား
ကျွန်တော်က တောင်းခံပါတယ်
သနားကြပါခင်ဗျာ သနားကြပါခင်ဗျာ ။ ။

မောင်ယုပိုင်

No comments:

Post a Comment