Thursday, January 10, 2013

ကျွန်မ ပြောချင်တာက


ဘာလို့ မီးဖိုချောင်ထဲ မောင်းထည့်ချင်ရတာလဲ
ကျွန်မက ဟင်းခတ်အမွှေးအကြိုင်မို့လို့လား။

ဘာလို့ ဘောလုံးတစ်လုံးလို တည်ဝိုင်းကန်ချင်ရတာလဲ
ကျွန်မက ဘောလုံးမဟုတ်ဘူးလေ
ဘောလုံးထဲက "လေ"
လေမရှိရင် ရှင်တို့တစ်သင်းလုံး လေသွားမှာပေါ့။ မသိဘူးလား။




ကျွန်မက
ဖိနပ်မပါလည်း ဖျော်ဖြေတတ်တယ်၊
ကျောင်းသွားကြိုရဲတယ်၊
ဆားတွင်းတွေဆီ လမ်းလျှောက်နိုင်တယ်၊
မိုင်းတွင်းတွေရှိရာဆီကိုလည်းပေါ့၊
ကျွန်မအလုပ် ကျွန်မလုပ်နေတုန်း
ကျွန်မဘယ်တုန်းက ရှူးဖိနပ်နဲ့ အပစ်အပေါက်ခံရဖူးလို့လဲ။

ဟုတ်ကဲ့
ကျွန်မက ရှာကီယာလေ
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ
"၀ါကာဝါကာ" သီချင်းနဲ့  ကမ္ဘာကိုဖမ်းစားကျော်ကြားခဲ့သူပေါ့။

ဟုတ်ကဲ့
ကျွန်မက လီနာပါ
ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့
အာရှဂုဏ်ဆောင်ဗိုလ်စွဲအောင်မြင်ခဲ့သူပေါ့။

ဟုတ်ကဲ့
ကျွန်မက ဆာဝါပါ
ဂျာမဏီ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ
ဆုဖလားအပြင် ရွှေဖိနပ်နဲ့ပါ ထင်ရှားခဲ့သူပေါ့။

ဟုတ်ကဲ့ပါ
ကျွန်မက ယင်လက်ခ်ရှင်နာဝပ်ပါ
ငယ်ငယ်က ဘင်ခရာတီးခဲ့သလို
ခုလည်းတိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်ဖို့
စိန်ခေါ်မှုတွေနဲ့ စင်ပေါ်ရောက်ခဲ့ရသူပါ။

ဟုတ်ကဲ့
ကျွန်မနာမည်
ကျွန်မနာမည်
ကျွန်မနာမည်

ဒါနဲ့များ ရှင်က ကျွန်မကို ဘာလို့
မီးဖိုချောင်ထဲမောင်းသွင်း ကြွက်မောင်းခိုင်းချင်ရတာလဲ။

ကလစ်တစ်ချက်နှိပ်ရုံနဲ့
ကမ္ဘာကြီးက ရှင့်ရှေ့ရောက်နေပြီ၊
ရောက်လာတဲ့ ကမ္ဘာကြီးထဲကနေ
မိန်းမတစ်ယောက်က
ရှင့်ကို မိန့်ခွန်းတွေပြောနေပြီ။

ကြောက်စရာအတွေးအခေါ်ကြီး ဘေး ခဏချ
ကျွန်မကို သေနပ်တစ်လက် ဒါမှမဟုတ် နှင်းဆီတစ်ပွင့်မြန်မြန်ပေးစမ်းပါ
တစ်ကိုယ်လုံး တစ်ကမ္ဘာလုံးရွှဲသွားအောင်
ခေါင်းပေါ်တည့်တည့်က ပျော်စရာ ရွှင်စရာတွေပစ်ချပေးမလို့။

ရှင်သိထားဖို့က
အနည်းဆုံး မိန်းမတစ်ယောက်သာပါပစေ
ပျက်သွားတဲ့ကမ္ဘာကိုပြန်စလို့ရတယ်။   ။

ခရမ်းပြာထက်လူ                                                                          
 ၂၀၁၁

No comments:

Post a Comment