လူက ဓမ္မရိပ်ဆန်တယ်
အသံက တောရကျောင်းကလေးလို
ဆည်းလည်းသံတွေစိုက်ဝင်နေတဲ့လမ်းထဲ
သူ့ဂစ်တာပေါ်မှာ ဆံပင်အရှည်ကြီးတွေတပ်ကာတီးလို့။
အဘိဓမ္မာနဲ့အနုပညာပေါင်းစပ်ထားတဲ့ ဖန်ခွက်
ကျောက်စက်ရေထဲမှာ
ကျွန်တော်တို့ စကော့ဝီစကီ ရှန်ပိန်နဲ့ နှစ်ချို့ဝိုင်များလို ယဉ်ယဉ်လေးရူး မူးလို့။
နောက်တစ်ခါထပ်ပြောလည်း
ဒီ အားရပါးရ ကိုယ့်ပိုက်ဆံနဲ့ကိုယ်
ဒီ အားရပါးရ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
မဟာနဲ့ ကဗျာဆန်ခဲ့သူကြီး။
ဟော်လိုညများ
နှင်းစက်တွေ သဇင်ပန်းတွေ ပြတင်းပေါက်မရှိတဲ့ကြယ်တွေ
သူတို့လည်းကြွေတယ် ရေရေလည်လည်။
တစ်သားတည်း တစ်ကားထဲစီးလာခဲ့ကြတယ်
ခရီးအရှည် ဆံပင်အရှည်ကြီးတွေနဲ့ ကိုယ့်လူကြီးတွေရဲ့ဘော်ဒီထဲ။
လေးစား။ ဘယ်သူပေးစားမှထပ်ယူလို့မရတော့တဲ့ နောက်ထပ်အလွမ်းများနဲ့
ပြန်ရဖို့ မလွယ်ကူလွန်းတော့တဲ့အကြွေးများ
ရှင်းရှင်းလေးနဲ့ ခပ်ရှုပ်ရှုပ်အရှခံလိုက်ရတဲ့ ဓါးချက်ကမြန်ဆန်လွန်း။
ခင်ဗျား ဘယ်လောက်ရှိရှိ ၀ယ်မစားနိုင်တော့တဲ့လမ်းထဲ အရပ်ထဲမှာ
ကျွန်တော်က သန်းထွန်းလေး
ကျွန်တော်က ခင်ဝမ်း
ကျွန်တော်က တွံတေးသိန်တန်
ကျွန်တော်က ထူးအိမ်သင်
ကျွန်တော်က ကိုမြကြီး
ကျွန်တော်က ခင်မောင်တိုး
နောက်ဂိုးတွေအတွက် ကျွန်တော့်မှာ ကဗျာမရှိတော့။
အသစ်တွေကိုချစ်ပါတယ်
ဗုံးကျဲခဲ့ရင်တော့
ပါရီကိုချန်ထားခဲ့ရမယ်လို့ ဟစ်တလာပြောသွားတာ
ခင်ဗျားလည်းခုထိ ငလျင်ကြီးတုန်ခါနေသလို ကြားယောင်နေဆဲ ရှိနေဦးမှာပေါ့။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂
(နောက်ထပ်ထွက်ကျလာတာနဲ့ ကိုတိုးကြီး အတွက် ဒီဒုတိယမြောက် ကဗျာကိုရေးမိခဲ့ပြန်တယ်။)
No comments:
Post a Comment