လိုအပ်နေသေးရင်

Thursday, January 10, 2013

မာလာလာယူဆွတ်ဖ်ဇိုင် (သို့မဟုတ်) ကုန်းထလာသော ပင်လယ်


ကျွန်မမှာ ကစားခွင့်ရှိတယ်။
ကျွန်မမှာ သီချင်းဆိုခွင့်ရှိတယ်။
ကျွန်မမှာ ဈေးသွားခွင့်နဲ့ ထုတ်ဖေါ်ပြောဆိုခွင့်လည်းရှိတယ်။

ဒါနဲ့ပဲ ကျွန်မခေါင်းထဲ ကျည်ဆံတစ်တောင့် ရောက်ခဲ့ရပါရောတဲ့လား။






၁၁ နှစ်သမီးကစပြီး ကျွန်မ blog စစ်မြေပြင်ကနေ
သူတို့ကိုတိုက်ခိုက်ဖို့ စတင်ခဲ့တယ်။
သူတို့ကကျွန်မတို့တစ်ကိုယ်လုံးကို အမှောင်ချထားရုံသာမက
အလကားရထားတဲ့ကမ္ဘာကြီးနဲ့တောင်အဆက်အသွယ်ဖြတ်ဖို့
ကျွန်မတို့နာဗ်ကြောတွေကို ဆွဲဖြုတ် ကျွန်မတို့ဆားကစ်ပြားတွေကို လှီးထုတ်ပစ်လိုက်ဖို့ကြံတယ်
လူတွေက ပါးစပ်ကဘုးရားသခင်ကိုအောက်မချပေမယ့်
ခြေသလုံးသားမှာဘုရားသခင်ရဲ့ပုံကိုဆေးမင်ကြောင်ထိုးပြီး မီးရောင်အောက်လှစ်ပြကြတယ်။ဘယ်လိုလဲ။

ဒါနဲ့ သူတို့ကိုကျိန်စာတိုက်ဖို့ ဟော့ဒီကမ္ဘာကြီးကနေ block ပစ်လိုက်ဖို့
ကျွန်မစစ်ဆင်ရေးကိုစတင်ခဲ့တယ်။
မိန်းကလေးတိုင်းရဲ့ဦးခေါင်းထဲ သင်းတို့ကိုဖေါက်ခွဲမယ့်မိုင်းတွေထည့်ဖို့နဲ့သမိုင်းတွေကိုပြောင်းပြန်လှန်ပစ်ဖို့

ဒီလိုနဲ့ ကျွန်မရဲ့အသက် ၁၅နှစ်မြောက်မှာ
ကမ္ဘာ့ကြောက်စရာအကောင်းဆုံးစစ်အုပ်စုရဲ့ကျည်ဆံတစ်တောင့်က
ကျွန်မခေါင်းထဲရောက်လာခဲ့တော့တယ်။

ကျည်ဆံတစ်ထောင့် ခေါင်းထဲပစ်သွင်းလိုက်ရုံနဲ
ကျွန်မ plan နဲ့ ကျွန်မ program တွေပျက်ကျသွားမယ်ထင်သလား။

ဒီကျည်ဆံက
ကျွန်မရဲ့နောက်ထပ် alarm တွေကိုထပ်မြည်စေခဲ့တယ်။
ဒီကျည်ဆံက
ကျွန်မကို ကမ္ဘာမြေရဲ့တမန်တော်သမီးပျိုတစ်ပါးဖြစ်ကြောင်း
အကောင်းဆုံးသက်သေထူလိုက်တယ်

ခုတော့ ရှင်တို့ကိုးကွယ်တဲ့ ရှင်တို့ရဲ့ကျည်ဆံတစ်တောင့်က
သုံ့ပန်းတစ်ယောက်လို
ရှင်တို့အကြောင်းတွေ ကမ္ဘာကိုအကျယ်ကြီးထပြောနေပြီ

ခုတော့ ရှင်တို့ကျည်ဆံတစ်ထောင့်က ရှင်တို့ရဲ့နဖူးတည့်တည့်ဆီ
မကောင်းဆိုးဝါးတစ်ကောင်လိုပြန်လှည့် တည့်တည့်ပြန်ပြေးလာနေပြီ။

ခုတော့ ရှင်တို့ရဲ့ကျည်ဆံတစ်ထောင့်က
ရှင်တို့အတွက် ရှင်တို့ရဲ့နေ၀င်ချိန်တွေကိုသေချာစေခဲ့ပြီ။

ကျွန်မက ကျွန်မရဲ့ခေါင်းကိုဖြတ်လိုက်မှာထက်
စာအုပ်တွေကိုမီးတင်ရှို့လိုက်မှာပဲကြောက်ပါတယ်။

ကြည့်ပါလား ဘယ်နေရာမဆို
ဆင်းရဲမွဲတေမှုတွေက
စာသင်ကျောင်းတွေမြှုပ်ထားတဲ့ သင်္ချိုင်းမြေပေါ်မှာ
ပေါက်ရောက်ရှင်သန်ကြီးထွားနေတဲ့ နာနာဘာဝတောအုပ်ကြီးဖြစ်လို့

အစွန်းရောက်တွေက စာသင်ခန်းတွေကိုကြောက်ကြတယ်လေ
စာသင်ခန်းတွေက အစွန်းအထင်းနဲ့ အညစ်အကြေးတွေကိုချွတ်ပစ်နိုင်တယ် မဟုတ်လား။

ဒါကြောင့် ဒီနေရာမှာ မိန်းမတွေကို မြှုပ်ထားလိုက်တယ်။ ပြီးတော့
မိန်းမတွေ အုတ်ဂူထဲက ကုန်းမထလာနိုင်ဖို့ သူတို့သေနတ်တွေကိုင်ပြီးစောင့်နေကြတယ်။

ဒါကြောင့် လာကြဟေ့
အဲ့ဒီ စစ်သွေးကြွတစ်ယောက်ရဲ့ပြင်းထန်မှုမျိုးနဲ့
စာသင်ခန်းတွေဆီ ငါတို့အသစ်သွေးတွေနဲ့ချီတက်ကြစို့။

“ဆွက်တောင်ကြား’’ကကျွန်မမွေးရပ်မြေကို
ရှင်တို့ ဘယ်လောက်ပဲထိန်းချုပ်ထိန်းချုပ်
နောက်တစ်နေ့ နေလုံးကြီးထွက်လာတာနဲ့
ကျွန်မတို့မျက်လုံးတွေ
နေရောင်အောက်မှာ ပန်းတွေနဲ့အတူပြိုင်တူပွင့်နေကြဦးမှာပဲ။

ပြောလေ “ကိုရန်” ရဲ့ဘယ်အစိတ်အပိုင်းမှာများ
“မိန်းမတွေပညာမသင်ရ”စနစ်နဲ့စာသားပါနေလို့လဲ။

နှုတ်ခမ်းနီတစ်တောင့်လောက်တောင်မှ
လောကကိုအလှမဆင်နိုင်တဲ့ကျည်ဆံတစ်ထောင့်က
ကျွန်မရဲ့ဦးခေါင်းဧည့်ခန်းနံရံမှာ ခန့်ခန့်ကြီးနေထိုင်ချင်သတဲ့လား။

ကဲ ချောင်းကြည့်ကြ စနိုက်ပါနဲ့ ထပ်ထပ်ပြီးချိန်ကြ
ဒီတစ်ခါမသေရင် နောက်ထပ်ဘယ်တော့မှမသေတော့ဘူးအာဟာရနဲ့
ရှင်တို့သေနတ်ထဲက နောက်ဆုံးကျည်ဆံတစ်ထောင့် ဒီမှာထိုင်နေတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့ကို မာလာလာနေ့သတ်မှတ်လိုက်ပြီဆိုတဲ့
ကမ္ဘာ့ကုလသမဂ္ဂစာအုပ်ကြီးတစ်အုပ်ကိုဖတ်လို့။ ။


ခရမ်းပြာထက်လူ

၂ ၀ ၁ ၃

No comments:

Post a Comment