Friday, February 22, 2013

လက်ပစ်ဗုံး ◄ ညိမ်းညို ►

ခန္ဓာအိမ်သေးသေးထဲ
အဆမတန်ပေါက်ကွဲအားကို မြိုသိပ်သိုဝှက်ထားရ
အသက်ပြင်းပြင်းမရှူရဲ
မျက်တောင်မခတ်ရဲ
လွမ်းလို့မှ အမှတ်တရပုံရိပ်လေးတွေကို ပွတ်သပ်မကြည့်ရဲ
တစ်ပါးသူရဲ့ ငြိမ်းချမ်းနယ်မြေထဲ
ပေါက်ကွဲသွားမှာကို စိုးရွံ့အားနာ။

လက်ပစ်ဗုံးဖြစ်ပြီး မပေါက်ကွဲရဲတဲ့အခါ
ကိုယ့်စနစ်တံကိုယ်မြိုလို့
တငွေ့ငွေ့....တုန်...ခါ...။

ညိမ်းညို

အချစ် (သို့) မာမာ ◄ နွယ်စိမ်းဝေ ►

လမ်းတွေက
ကိုယ့်ကို မလျှောက်ကြတော့ဘူး။

မီးတွေက
ကိုယ့်ကို မလင်းကြတော့ဘူး။

ဖုန်းတွေက
ကိုယ့်ကို မပြောကြတော့ဘူး။

ရောက်ချင်ရာရောက်
အဖုံးပိတ်ပြီး
ပင်လယ်ထဲ ပုလင်းတစ်လုံး ပစ်ထည့်လိုက်သလို
ဖြစ်ချင်ရာဖြစ်
ဘ၀ထဲ ကိုယ့်ကိုယ်ကို ပစ်ထည့်လိုက်တယ်။

အံ့သြစရာ ..
ဘုရားပေးတဲ့ အသက်
ဒီ "ညီမလေး" က ကိုယ့်ကို ဆယ်ယူခဲ့တယ်။ ။


နွယ်စိမ်းဝေ

Thursday, February 21, 2013

မာယာကော့ဖ်စကီးရဲ့ အစည်းအဝေးနဲ့ ဒေါက်တာသန်းထွန်းရဲ့စ,တော့


(တစ်)
ကျွန်တော်တို့ခပ်ငယ်ငယ် ဘာသာပြန်စာအုပ်များကို အငမ်းမရ ဖတ်ကြစဉ်တုန်းက တော်တော်ကလေး အဖတ်အရှုများသည့် စာအုပ်များမှာ ရုရှနှင့် တရုတ်ကစာအုပ်များ ဖြစ်ခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိပါသည်။ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ကို လူငယ်တို့ စိတ်ဝင်စားကြရာ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ဆယ်စုနှစ်ကာလများဖြစ်ရာ ထိုဝါဒများ အားကောင်းမောင်းသန် ရှင်သန်ခဲ့သည့် ရုရှနှင့် တရုတ်တို့ကို စိတ်ဝင်စားရာက ထိုနိုင်ငံထွက် စာပေလက်ရာများကို အဖတ်အရှု များခဲ့ကြပုံရပါသည်။
ရုရှစာရေးဆရာ ကဗျာဆရာများထဲ၌ လီယိုတော်စတွိုင်း၊ မက္ကဇင်ဂေါ်ကီ၊ တူရဂေညက်၊ ဆိုဇင်နစ်ဇင်၊ အန်တွန်ချက်ကော့ဖ်၊ ပွတ်ရှကင်၊ နီကိုလိုင်သြထရော့စကီ၊ ဂိုဂိုးလ်၊ မစ်ခေးရှိုလိုကော့ဖ်၊ ဒေါ့စတိုယက်စကီး၊ မာယာကော့ဖ်စကီး၊ ယက်တူရှင်ကို၊ ဘောရစ်ပါစတာညက် စသည် စသည် စသည်တို့သည်ကား မြန်မာစာဖတ်ပရိသတ်နှင့် အထူးကို ရင်းနှီးကျွမ်းဝင်သည့် စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ပါသည်။

လူအိုရုံ ◄ မှူးနေ၀န်း ►

ကြယ်သီးပေါက်တွေမှားတပ်မိတာကအစ
ကိုယ့်အိပ်ရာကို ပြန်မေ့လျော့နေတာကအဆုံး
လွဲချော်မှုတစ်ခုခုမရှိတဲ့နေ့ဟာ
တစ်ခုခုလွဲချော်နေပြီ။

ပြူတင်းပေါက်သံတိုင်ကို ကိုင်လိုက်တော့အေးစက်နေတယ်
အရင်တုန်းကဒီလမ်းမှာလျှောက်ဖို့
ဖိနပ်ဆိုဒ်သေးသေးရှိရင်ရပြီ
အခုတော့ရေခဲမုန့်မကြိုက်ချင်တော့ဘူး
ရောင်စုံဘောလုံးဆိုတာ
ထိတ်လန့်ဖွယ်ပေါက်ကွဲတတ်တဲ့အရာ။

Friday, February 15, 2013

ဘတ်စ်ကားက တစ်စီး ကဗျာဆရာက နှစ်ယောက်

အခြားအခြားသော ကမ္ဘာ့နိုင်ငံအသီးသီး၌ ဘယ်လိုရှိလေမလဲ ဆိုသည်ကိုဖြင့် ကျွန်တော်မသိပါ။ ကျွန်တော်တို့နိုင်ငံတွင်ကား ကဗျာဆရာတွေကခြေခံလူတန်းစားတွေပဲဖြစ်လေ့ရှိပါသည်။ ဒါကြောင့်မို့လို့လားမသိ။ ကဗျာဆရာ မှန်သမျှ လူထုနှင့် အကြားအလပ်မရှိ ထိတွေ့ဆက်စပ်နေလေ့ရှိပါသည်။

လူထုစားသလို ကဗျာဆရာစား ၊ လူထုသွားသလို ကဗျာဆရာသွား၊ လူထုနားသလို ကဗျာဆရာနားကြမြဲ ဆိုသည်ကိုဖြင့် အထူးရှင်းပြစရာမလိုအပ်တော့ဟုပင် ကျွန်တော်ထင်မိပါသည်။ ဒါကြောင့်လည်း ကဗျာဆိုတာ လူထုရင်ခုန်သံဖြစ်နေတာပဲ မဟုတ်ပါလား။

တကယ့်ကဗျာ ◄ သုခမိန်လှိုင် ►

ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့ အရည်အသွေးပါ။
ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်ကပ်
ဆွမ်းတော်တင်တင်
စိတ်ကို ချမ်းသာနေတာပဲ။

သုခမိန်လှိုင်
 

နှစ်ယောက်စလုံး နောက်ကျွမ်း

လူနှစ်ယောက် ပြဇာတ်ထဲကလို ဘွားခနဲ အမှတ်မထင် ပြန်ဆုံတွေ့လိုက်ပုံဇာတ်ကွက်မျိုးက ကမ္ဘာ့နေရာတိုင်းမှာ အချိန်တိုင်း ဖြစ်ပေါ်နေတတ်သော ဇာတ်ကွက်ပင် ဖြစ်ပါသည်။ သို့သော် ထိုလူနှစ်ယောက်က သစ္စာဖောက်နှစ်ယောက် သို့မဟုတ် အညံ့ခံသူနှစ်ယောက် သို့မဟုတ် လက်နက်ချသူနှစ်ယောက် သို့မဟုတ် ကျောခိုင်းထွက်ပြေးသူနှစ်ယောက် သို့မဟုတ် လက်မြှောက်အရှုံးပေးသူနှစ်ယောက်။

သူတို့သစ္စာဖောက်ခဲ့ရာ၊ အညံ့ခံခဲ့ရာ၊ လက်နက်ချခဲ့ရာ၊ ကျောခိုင်းထွက်ပြေးခဲ့ရာ၊ လက်မြှောက်အရှုံးပေးခဲ့ရာ လောကကလည်း အမျိုးမျိုးအထွေထွေသော လောကဖြစ်နိုင်ပါသည်။ နိုင်ငံေ၇းလောကသော်လည်းကောင်း၊ အနုပညာလောကသော်လည်းကောင်း၊ ပရဟိတလောကသော်လည်းကောင်း၊ ကောင်းမြတ်သော လောက တစ်ခုခုဖြစ်နိုင်ပါသည်။

Thursday, February 14, 2013

သေခြင်းတရားဟာ ချစ်သူများနေ့မှာ လျှောက်လည်နေတယ်

ဘယ်ဘာသာစကားနဲ့ အော်ဆဲရမလဲ။
မပွင့်ခင်ကြွေရတယ်၊ မဝေခင်ကြွေရတယ်
ဒီလို ငြိမ်းငြိမ်း မျိုး ငါတို့နိုင်ငံမှာ ဘယ်နှစ်ယောက်လဲ
ဒီလို ငြိမ်းငြိမ်း မျိုး ငါတို့ ကမ္ဘာမှာ ဘယ်နှစ်ယောက်လဲ

ညီမလေးငြိမ်းငြိမ်းဟာ
တကယ်ငြိမ်းသွားတာလား။
ဒါမှမဟုတ် ငါတို့ငြိမ်းနေတဲ့ ကိုယ်ချင်းစာတရားကို
ထွန်းပေးသွားတာလား။
ဘ၀ထဲမှ မရောက်ခင် သေမင်းက ကြားဖြတ်လာခေါ်တယ်။

ဘ၀မှာ အမှတ်တရ



ဒီနေ့မနက် ကျွန်တော့်ဝေါကို ဖွင့်လိုက်တော့ လန့်တောင်သွားပါတယ်။
ကဗျာမဟုတ် ၊ အတွေးစာစုတွေမဟုတ်၊ လုပ်ကြံခံစားမှုမဟုတ်တွေကို ကျွန်တော်မနေ့ညက တစ်ညလုံးလိုလိုတွေးရင်းရေးရင်းငေးရင်းဝမ်းနည်းရင်း တင်ခဲ့တာပါ။ တစ်ညလုံး မအိပ်ဖြစ်လောက်တော့ဘူးလို့ ယုံကြည်လိုက်တဲ့အချိန်မှာ ကျွန်တော်နောက်ထပ် ထပ်ထပ်ပြီးတွေး၊ ထပ်ထပ်ပြီးတင်ဖြစ်တာပေါ့။ ဒီလိုနဲ့ မနက် ၄ နာရီလောက်မှာ စက်ကကြောင်သွားပါရော။ ဒါနဲ့ ဘယ်လိုမှလုပ်မရလို့ ပိတ်ချလိုက်ရတာပါ။

တချို့က ခေါင်းစဉ်ကဘာလဲလို့မေးလာကြပါတယ်။ ခေါင်းစဉ်က ဘာလဲဆိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော် ခေါင်းစဉ်လို့ မစဉ်းစားမိခဲ့ပဲရေးခဲ့တာ။ အခုပေးဆိုလည်း မပေးရဲဘူး။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အတွေးတွေကို လန့်နေတာ။ အရင်နှစ် အာဇာနည်နေ့မှာ ကျွန်တော် သူ့ကို တမ်းတတဲ့ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ (ခဏခဏအသတ်ခံရတယ်၊ဘယ်တော့မှမသေဘူး) ဆိုတဲ့ကဗျာပါ။ ကျွန်တော့်နုတ်စ်ထဲမှာရှိပါတယ်။ သိပ်မကြာခင်ကပဲ သူ့အကြောင်းနောက်ထပ်ကဗျာမရေးတော့ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမယ့် အခုရေးတဲ့ စတေးတပ်လေးတွေဟာ ကဗျာတစ်ပုဒ်လိုဖြစ်သွားစေတယ်။ ဒီစတေးတပ်လေးတွေရဲ့ မူလအစ အတွေးကတော့ မနှစ်က သွားခဲ့တဲ့ခရီးတစ်ခုက အစပြုတာပါ။

Monday, February 11, 2013

ငါ့မှာ ၂၀၀၀ ပဲရှိတဲ့နေ့က


အခုချိန်ဆို ကျုံးရေထဲမှာ အနုပညာတွေပွက်ထနေရောပေါ့။
အရင်ကလည်း ပွက်ပွက်ထခဲ့တာပဲ
မြို့မငြိမ်းတစ်ပွက်၊ ရွှေဥဒေါင်းတစ်ပွက်၊ ဒေါ်အမာတစ်ပွက်
ဆရာတင်တစ်ပွက်၊ မေရှင်တစ်ပွက်၊ သင်္ကြန်မိုးတစ်ပွက်၊
မောင်မောင်(အဉ္ဇလီ)တစ်ပွက်၊ ငွေငန်းဖြူကြီးတစ်ပွက် ...
အခုရော...ဟိုမှာကြည့် ..
ပိုင်စိုးဝေတစ်ပွက်၊ နေမျိုးတစ်ပွက်၊ ကိုငြိမ်းတစ်ပွက်၊ နေ၀င်းမြင့်တစ်ပွက်
ညီပုလေးတစ်ပွက်၊ ဇော်ထိန်တစ်ပွက်၊ ရိုးဒီတစ်ပွက်၊ လင်းလင်းတစ်ပွက်
Metal Zone တစ်ပွက် .... ။

Saturday, February 9, 2013

ပုဂံ

ဓား ခါးချိတ်ပြီး ထီးတင်ခဲ့တဲ့စေတီတွေရယ်၊
သေနတ် ခါးချိတ်ပြီး ထီးတင်ခဲ့တဲ့စေတီတွေရယ်။

ဟိန်း

တစ်ခွန်းရပ်ပြဇာတ်

မီးမှိန်မှိန်ဘီအီးဆိုင်လေးရှေ့မှာ မိန်းမကြီးတစ်ယောက်၊
ဘောင်းဘီမပါတဲ့ကလေးလေးကို လက်ဆွဲလို့
"သားရေ...မင်းအဖေဆိုက်ကား ကူရှာစမ်းကွယ်"


ဟိန်း

26.1.13

သီတင်းကျွတ်


ညနေစာအတွက်
ဆန်သွားဝယ်တဲ့ကလေးလေး....။
လက်ထဲမှာ ပိုက်ဆံအနွမ်းကလေးတွေဆုပ်လို့ ။
မီးပုံးပျံတွေ ရောင်းတဲ့ဆိုင်ရှေ့ငေးရင်း
ခလုတ်တိုက်သွားတော့ တစ်ကမ္ဘာလုံးကအော်ရယ်တယ်။


ဟိန်း

Monday, February 4, 2013

မနောမြေအက်ဖ်အမ်


ဒီနေ့အတွက် -

နံနက် ၇း၀၀ မှာ နားဝင်ပီယံ အမြောက်သံ အစီအစဉ်
နံနက် ၇း၃၅ မှာ Running Guide အစီအစဉ်
နံနက် ၇း၅၀ မှာ တို့တတွေပုန်းကြမယ် အားကစား အစီအစဉ်
နံနက် ၈း၁၅ မှာ မေမေ့ကိုပြန်ခေါ်ပေး အစီအစဉ်
နံနက် ၉း၀၀ မှာ မျှဝေပေးမှာ ၀မ်းပျက်ဝမ်းလျှောရောဂါ အစီအစဉ်
နံနက် ၉း၄၀ မှာ သေမင်းနဲ့ပြိုင်၊ဘယ်သူနိုင် အစီအစဉ်
နံနက် ၁၀း၂၅ မှာ ချိုးငှက်တောင်ပံကြွပ်ကြွပ်ကြော် ဟင်းချက်အစီအစဉ်
နံနက် ၁၁း၁၀ မှာ အလောင်းရေကြည့်၊ အဖြေညှိ ဥာဏ်စမ်းအစီအစဉ်
နံနက် ၁၁း၃၀ မှာ ပြာကျသွားသောရွာကလေး(အပိုင်း-၅) ခရီးသွားအစီအစဉ်

Te Iubesc Atat De Mult



ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်။
မင်းမြန်မာစာဆရာတော့မကြားစေနဲ့
ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်။

ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်
ပြော
ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ

Friday, February 1, 2013

မန္တလေး ◄ထွဏ်းသွေးအိမ်►


ဘောက်ချာဟောင်းတွေခဏလှန်တော့
ကရင်တွေကလဲငါတို့ကိုသိမ်းတယ်။

အာဇာနည်(၁၇)ဦး
သွေးမြေကျခဲ့တဲ့(၂၆)ဘီလမ်းဟာ
ခု
ကွမ်းတွေနဲ့ရဲလို့
တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံပဲ။

အရင်က
ဝင်းထရံကိုထုံးသုတ်
သစ်ပင်ကိုထုံးသုတ်
အဓိပ္ပါယ်ကိုမသိပေမဲ့
ခု
ထုံးသုတ်စရာမလိုပဲ
တစ်မြို့လုံးဖြူဖွေးနေပြီ။