Friday, January 25, 2013

ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ် ◄စည်သူငြိမ်း►


ဗြိတိသျှအင်ပါယာကို ငြင်းဆိုတယ်
ဘုန်းတော်ဘွဲ့ကို မရေးဘူး
ဝေလမင်းသားရဲ့ ရွှေစင်ဒင်္ဂါးကို
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ငြင်းတယ်
မျိုးချစ်စိတ်ဓါတ်ကို မငြင်းဘူး။

“ကိုယ့်လမ်း ကိုယ်သွားကြစို့ ”
အေသင်မြို့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ တောင်းဆိုချက်ကို ငြင်းတယ်
ဆိုကရေးတီးဟာ အဆိပ်ခွက်ကို မော့သောက်လိုက်တယ်။

ကိုအောင်ဆန်းကို ရှောင်နေတယ်
အစိုးရခန့်မယ့် ရာထူးကို ငြင်းတယ်
ဆရာဒဂုန်တာရာဟာ ကဗျာကို မငြင်းဘူး။

ဒါကြောင့်
သူတို့ ဖြစ်ခဲ့ကြတယ်။ ။

စည်သူငြိမ်း

လက်ပတ်အနီ ◄နွယ်စိမ်းဝေ►


လက်ပတ်အနီဟာ ကျွန်တော်ဦးကြီး
ကျွန်တော်အဖေရဲ့ အစ်ကို ဝမ်းကွဲပေါ့
လက်ပတ်အနီရဲ့ သမီးဟာ ကျွန်တော်မိန်းမ
ဒါကြောင့်
လက်ပတ်အနီဟာ ကျွန်တော်ယောက္ခမ။
၁၉၁၉
အထက်မြန်မာပြည်မြို့လေးတစ်မြို့မှာ
လက်ပတ်အနီကိုမွေးတယ်။

သေတမ်းစာ ◄ကွန်စစ်ကောင်း►


ငါသေယင်
ငါ့မိန်းမကပဲ ငိုငို
ငါ့သားသမီးတွေကပဲ ငိုငို
ငါ့ညီအကိုမောင်နှမတွေကပဲ ငိုငို
ငါ့အသိမိတ်ဆွေတွေပဲ ငိုငို
မင်းက ငိုလို့မဖြစ်ဘူး
စိတ်ကို ခိုင်ခိုင်ထားပါ
ကျန်းမာအောင်နေပါ
ရှေ့ရေးကိုပဲ တွေးပါ
မင်းမှာ
ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ
အများကြီးရှိသေးတယ်  ငါ့ကဗျာ ။

ကွန်စစ်ကောင်း

၂ ၀ ၀ ၉

မိသားစု ◄သစ္စာပိုင်စိုး►


ဒီအကြောင်း စပြောရင်
စကြ၀ဠာဟာ သေးငယ်ပြီ
သက်ရှိတို့ရဲ့ ပညတ်မှာ
နေပျော်စရာအကောင်းဆုံးအရပ်လို့ဆိုရင်
ငါတို့ တရှိုက်မက်မက်ဖတ်ခဲ့တာလည်း ဒီစာအုပ်ပဲ
ပြဲထွက်သွားတဲ့စာမျက်နှာတောင်
ငါတို့ အာဂုံဆောင်နိုင်ခဲ့ကြတယ်
လွမ်းဆွတ်ဖွယ်ရာတွေပဲ
ငါတို့ဟာ နယ်မြေသစ်ရှာဖွေသူလား
ငါတို့ခွာခဲ့သော အတိတ်ကမ်းပါးလေး
အဆွေးများနဲ့ ကျွမ်းမြည့်ပြိုကျရှာတယ်
လူ့ဘ၀ရဲ့ အဓိပ္ပာယ်မှာ
ငါတို့ မပြုပြင်ဖြစ်တာလည်း
ဒီဥယျာဉ် ခက်ပါတယ်
ငါတို့ဟာ ခေါ်သံတွေကြားပေမယ့် ပြန်မလာနိုင်ဘူး
သတိရခြင်းဆိုတာ လေထဲအငွေ့ပျံသွားရုံ
အဆင်မပြေခြင်းတွေက
အသွားထက်တဲ့ ဓားတစ်လက်
ငါတို့ရဲ့ အဓိပ္ပာယ်တိုင်းမှာ
ခုတ်ရာရှရာဗရပွနဲ့
ဘ၀…ဆိုတာ အပြတ်အတောက်များသလောက်
ပြန်ဆက်မရတဲ့ ကြိုးတစ်ချောင်း
ငါတို့ နားလည်ကြတယ်
မိသားစု ဆိုတာ စကြ၀ဠာထက်ကြီးမားသောအရာ
အဲသလိုကျယ်ပြောမှုမျိုးမှာ
ငါတို့ဟာ တစ်ကြိမ်တစ်ခါ ဆုံကြဖို့အရေး
နှစ်ပေါင်းများစွာ ဝေးကြရသူတွေပါ….။ ။

သစ္စာပိုင်စိုး

ကိုယ့်အကြောင်း ◄ကြည်ဇော်အေး►

ဘောလုံးသမားတစ်ယောက်
အသင်းပြောင်းကစားတာလောက်မှ
စိတ်ဝင်စားဖို့မကောင်းပါ။
ဝတ်လက်စဂျင်းဘောင်းဘီ အဟောင်းလေးလောက်မှ
စိတ်ဝင်စားဖို့မကောင်းပါ။
လူငယ်လေးတစ်ယောက်ဟာ
လက်ဆစ်ကလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဘ၀ကိုတစ်ဆစ်ပြီး တစ်ဆစ် ချိုးကွေ့နေပါတယ်။
ရုပ်မြင်သံကြားအစီအစဉ်တွေကြည့်ပြီး
ဘ၀ကို အစီအစဉ်တွေ အမျိုးမျိုးပြောင်းနေပါတယ်။
သော့တွေကို လိုက်ပိတ်နေရတဲ့ အဓိပ္ပာယ်
ပြတင်းပေါက်တွေကို လိုက်ဖွင့်နေရတဲ့ အဓိပ္ပာယ်။
လူလေးတစ်ယောက်ဟာ
ကျောက်စရစ်ခဲလေးတစ်လုံးလောက်ပါပဲ။
သစ်ပင်တတ်ကျွမ်းတဲ့
ရှဥ့်လေးတစ်ကောင်လောက်ပါပဲ။
နေ့စဉ်မှတ်တမ်းစာအုပ်မှာလည်း
ဒါတွေချည်းပါပဲ။
လူငယ်လေးတစ်ယောက်ဟာ
ရှက်နေပါတယ်…။ ။

ကြည်ဇော်အေး
၂၀၀၅
 

Thursday, January 24, 2013

ကမ္ဘာလောကရဲ့ သမီး ◄ဌေးအောင်►


ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တစ်ချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ကလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတစ်ယောက်ဆိုရင်….”

အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တစ်ခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

ဌေးအောင်

တထိတ်ထိတ် ◄ကိုရွေး► (ရွှေဘိုမြို့၊ပန်းကဗျာအဖွဲ့မှ ပေးအပ်သော ၂၀၁၂၊ ပန်းကဗျာခေတ်ပေါ်ကဗျာဆုရ)


မြက်ဖျားက နှင်းသီးလေး ကြွေကြသွားတဲ့အခါ
မြက်ပင်လေးဟာ အလံတိုင်လေးလို ထောင်မတ်လာမယ်ဆိုတာ သိပေမယ့်
ကျွန်တော့်မှာ ရင်ထဲ တထိတ်ထိတ်

မစားဘူးဆိုတဲ့အစားကို ဘယ်တော့မှမစားသူက
မသွားဘူးဆိုတဲ့ လမ်းကို ခြေလှမ်းလိုက်တော့
ကျွန်တော့်မှာ ရင် တထိတ်ထိတ်

ပွင့်ချိန်တန်ပွင့်မယ်ဆိုတဲ့ ယန္တရားအောက်မှာ
ပွင့်ချိန်လွန် ဖူးငုံလေးအတွက်
ကျွန်တော့်မှာ ရင် တထိတ်ထိတ်

ဇွန်ပန်းရုံအနီး နွံထဲကျွံနေတဲ့လှည်းဟာ
ငါတို့ကျီထဲက စပါးတွေကို သယ်ဖို့လာတာများလား ၀ိုင်းကူတွန်းရင်း
ကျွန်တော့်မှာ ရင် တထိတ်ထိတ်

ကိုယ်စိတ်နှစ်ပါး မျိုသိပ်ထားရတဲ့ သူ့မျက်နှာမှာ
လမင်းသာနေသလား ကြယ်တွေဝေနေသလား
မိုးတိမ်ပိနေသလား စိုးရိမ်မိတာလည်း
ကျွန်တော့်မှာ ရင် တထိတ်ထိတ်

အများအတွက်တော့ အားတက်စရာပါ
သူ့ပြည်သူအတွက် အသက် ဘ၀ နှလုံးသား
အကြိမ်ကြိမ် စတေးထားသူက
အမုန်းဓားကို နှလုံးသားနဲ့ထောက်ပြီး ကွေးနေရတာဆိုတော့
အမုန်းဓားကို နှလုံးသားနဲ့ထောက်ပြီး ကွေးနေရတာဆိုတော့
ကျွန်တော့်မှာ ရင် တထိတ်ထိတ် ။               ။

ကိုရွေး

ရနံ့သစ် မဂ္ဂဇင်း
ဖေဖေါ်ဝါရီလ ၊ ၂၀၁၂ - ခုနှစ် ။

စာရေးဆရာဟုခေါ်ကြပါသတဲ့ဗျား ◄ဂျက်ကွမ်းခြံကုန်း►

ဆောင်းလေရူးသည် သုန်သုန်ဝှေ့ဝှေ့ ဝေ့ဝေ့၀ိုက်ဝိုက်တိုက်ခတ်လျက်ရှိခဲ့ချေသည်တကား။ ပုဏ္ဏမီ သော်တာလ၀န်းကလေးကမူ နတ်တော်ည၏ ဟောဟို မဟော်ဂနီပင်ကြီးရဲ့ သစ်ကိုင်းထိပ်ဝယ်တန်းလန်းကလေး ချိတ်ဆွဲ၊ တွယ်ကပ်၊ ငြိစွန်းလျက်သာရှိတော့ဘိချေသည်တည့်။ ကျွန်ုပ်ကား မရောက်တာ အတော်ကြာပြီဖြစ်ချေသည့် သပွတ်အူမွေးဌာနေဆီဝယ် ခေတ္တယာယီ ဆိုက်ကပ်ခိုနားလျက်သာ ရှိတော့ပေချေသည် တမုံ့။ အနို့ဖြစ်ရာ အနှီညချမ်းကမူ ကျွန်ုပ်နှင့် သပွတ်အူရွာသား ဘုတ်အုပ်စာပေသမားများဟု ဆိုသူကလေးများသည် ကွပ်ပျစ်ကလေးတစ်ခုပေါ်တွင် အကြမ်းတစ်အိုးနှင့် ဒေသထွက်ပစ္စည်းများဖြစ်ကုန်သည့် ငါးရံ့ခြောက်ဆီဆမ်း၊ ဆတ်သားခြောက်ဆီစိမ်၊ မြေပဲပြုတ် ပူပူနွေးနွေးတို့ကို ၀ိုင်းအလယ်၌ တည်ခင်းထားရစ်ကြကာ မြန်မာစာပေအကြောင်း သောင်းပြောင်းထွေလာ ပြောဆို၍သာနေခဲ့ကြချေသည် တမုံ့တကား။

                                                                     ♦♦♦

Wednesday, January 23, 2013

နောက်ဆုံးပေါ် ◄နန်းအသင်္ခယာ►



စစ်မက်မသိတဲ့ သူမရဲ့ကမ္ဘာမှာ
လက်သည်းလေးတွေ ရောင်စုံခြယ်လို့ ...

စစ်ဘေးဒုက္ခသည်ပုံပါတဲ့ သတင်းစာဖြတ်ပိုင်းပေါ်
အိမ်ဖော်လေးက စားကြွင်းစားကျန်တွေတင်ပြီး
လမ်းဘေးခွေးကို ကျွေးလို့ ..

စစ်အကြောင်း ရေဒီယိုမှာလွှင့်တော့
သူမ မျက်နှာဟာမော့ပြီး ...
ခပ်ပျော့ပျော့ စိန်လည်ဆွဲကို ဆင်မြန်းလို့

Tuesday, January 22, 2013

ပျင်းရိသူ ၂

ပျင်းရိသူအကြောင်း အတ္ထုပ္ပတ္တိရေးရင် မင်ကုန်သက်သာတယ်
အကြောင်းက သူဟာဘာမှ ဟုတ္တိပတ္တိမလုပ်လို့ပဲ
ပျင်းရိသူဟာ မနက်မိုးလင်းပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေထွက်လာပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေပြောက်တွေ နံရံမှာရွေ့လျားနေပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
နာရီကြီးက ဒေါင်ဒေါင်ဒင်ဒင်မြည်တော့
ပျင်းရိသူဟာ ခြင်ထောင်ကိုလှပ်ပြီး နားထောင်တယ်
ဘယ်နှချက်မြည်သွားမှန်းမသိဘူး၊ အများကြီးပဲ
ပျင်းရိသူဟာ ပြီးအောင်မဖတ်ရသေးတဲ့စာအုပ်ကို ဒီအတိုင်းထားတယ်
ပျင်းရိသူဟာ အိပ်ရာကထထချင်း ဘာလုပ်ရမလဲဆိုတာသိတယ်
သူက ဆေးလိပ်တိုမီးခိုးထွက်အောင်လုပ်တတ်တယ်လေ။ ။

(မျိုးရေ ထ ထ၊ မျိုးရေ ထ ထ လို့မနက်မနက်နှိုးတတ်တဲ့ ချစ်ဇနီးအစ်မ မ၀င်းမေသို့)

နေမျိုး
၁၇.၇.၂၀၀၂

(မ၀င်းမေ-မှ)

သူတောင်းစားတစ်ယောက်ရဲ့မှတ်စု

ကျွန်တော်ငယ်ငယ်က သူတောင်းစားကလေးပါ
ကြီးလာတော့ သူတောင်းစားကြီးဖြစ်လာ
ကျွန်တော်မရောက်ဖူးတဲ့ လမ်းတကာလည်း မရှိ
ကျွန်တော့်ကို မဟောင်ဖူးတဲ့ခွေးလည်း တစ်ကောင်မှ မရှိ
ဘ၀မှာ အမှတ်ရစရာ အကောင်းဆုံးဆိုတာကတော့
အလှူအိမ်က ၀က်သားတုံးတွေပေါ့
တစ်ဖက်တည်းရှိတဲ့ ကျွန်တော့်မျက်လုံးဟာ
ပေးကမ်းစွန့်ကြဲမယ့်သူကို အဝေးကပင် ရှာဖွေနိုင်တာ
ဒါတွေမက
လမ်းဘေးက ဆေးလိပ်တိုကိုလည်း ပုံဖမ်းယူနိုင်သေးသပ
ဓာတ်စက်သီချင်းသံကြားခဲ့ရင် တစ်နေရာရာ
ဒရွတ်ဆွဲခြေလှမ်းများနဲ့ အရောက်ချီတက်တာ
သူတို့မောင်းထုတ်တဲ့အခါ ပြောရမယ့်စကား
ကျွန်တော်နားလည်တတ်ကျွမ်းပြီးသာ
သူတောင်းစားတို့ရှိအပ်သော ဂုဏ်အင်္ဂါ
ယင်တ၀ဲဝဲအနာတွေလည်း ကျွန်တော့်မှာပြည့်စုံစွာ
ဆုတောင်းပတ္ထနာတွေလည်း ဧကန်ဧက
အမျိုးပေါင်း ၄၀ကျော် ရွတ်ဆိုပြနိုင်သေးသပ
ချဉ်သိုးသိုးထမင်းမျိုးကိုလည်း နယ်ဖတ်ကာ
ဆာလောင်မြိန်ယှက်စွာ စားကောင်းစားပစ်တတ်တာ
ကျွန်တော့်အစာအိမ်ဟာ နှစ်ပေါင်းများစွာ
အတွေ့အကြုံရှိပြီးသား
ဘယ်တော့မှ သူ့လုပ်ဆောင်ချက်တွေ မယွင်းမှား
ငှက်ပျောနဲ့ ဖရဲဟာ
လိုအပ်ရင် အခွံရောစားသုံးနိုင်တာ
အရသာဆိုတာ လျှာပေါ်မှာဖြစ်တဲ့ကိစ္စ
ဘာမျှ မထူးဆန်းဘူးပ
သူတောင်းစားတစ်ယောက်ရဲ့ ဂုဏ်သတ္တိဟာ
ဆင်းရဲမွဲတေခြင်းပါ
ကမ္ဘာမြေကထုတ်လုပ်လိုက်တဲ့ ဆင်းရဲမွဲတေမှုမှန်သမျှ
နေ့စဉ် ကျွန်တော်လက်ခံရယူနေကျ
ဆင်းရဲမွဲတေမှုတွေနဲ့ ရိုးအီနေတဲ့ ကျွန်တော့်ကမ္ဘာ
လူကြီးမင်းတို့ရဲ့ ဂရုဏာဓာတ်တွေ
ရှင်သန်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရာ
ဒါကြောင့် ကျွန်တော်ဟာ ဟမ်ဘာဂါတစ်ဖဲ့ စားသောက်ခဲ့ဖူး
ဖိုက်ဖိုက်ဖိုက်စီးကရက်လည်း ဖွာရှိုက်ခဲ့ဖူး
ထူးဆန်းတဲ့ ဟောဒီကမ္ဘာမြေ
တစ်ခါတရံ ကံကြမ္မာက မျက်စပစ်ပြတတ်ပေ
ကျွန်တော့်အနာပေါ် ယင်ကောင်တွေဝဲနေသမျှ
ပေးကမ်းတာတွေ စားသောက်နေရဦးမှာ မုချ
ကျွန်တော် ၁၅နှစ်သားမှာ
ရေတစ်ကြိမ်ချိုးဖူးတာ
အသက် ၂၀ကျော်အရွယ်မှာတော့
လက်သည်းတွေ ညှပ်ခဲ့ဖူးသေးသပေါ့
ဟောဒီဘ၀မှာ ကျွန်တော်ပိုင်ဆိုင်ခဲ့တာတွေက
ကြမ်းပိုး ၁၆ကောင်နဲ့ လွယ်အိတ်တစ်လုံးမျှ
ဒါပေမယ့်ကွာ…….
ကျွန်တော်တစ်ခုတော့တွေးမိရင်း မျက်ရည်စို့
လူတစ်ယောက် သူဝမ်းနည်းကြေကွဲတဲ့အခါ မျက်နှာအပ်ပြီး
ငိုချလိုက်ဖို့
ရင်ခွင်တစ်ခု တကယ်လိုအပ်တယ်လို့
ဟိုတုန်းတစ်ခါကတော့ ကျွန်တော့်ဘေးမှာ
(ယုံကြပါ့မလား) အဖော်မွန်တစ်ယောက်ရှိခဲ့ဖူးလေရဲ့ဗျာ
သင်္ချိုင်းမြေမှာ ကျီးတွေတအားအားပြိုသွား
ခုတော့ ဒါဟာ အိပ်မက်တစ်ခုပမာမှုန်ဝါး
ပေါင်မုန့်မီးကင်၊ ကြက်ဥဟပ်ဖ်ရိုက်၊ ဒိန်ခဲနဲ့စည်သွပ်ဘူးတွေရှိရာ
မြို့ထဲကို
ကျွန်တော်နေ့စဉ်ရောက်ခဲ့ပေါ့ သူ့အလိုလို
အစ်ကိုကြီးတို့ အစ်မကြီးတို့ခင်ဗျား
ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲပါ့သနား။ ။

(ကဗျာရေးလို့မကြီးပွားဘူးဆိုတဲ့ ချစ်ဇနီးသို့)

နေမျိုး
၁၉၉၈၊ ၁၀၊ ၁၈

(မ၀င်းမေ-မှ)

မ၀င်းမေသို့အလွမ်း

ဆာလောင်ခြင်းဟာ
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ကိန်းဂဏန်းတစ်ခုအဖြစ်ပြန်ထွက်လာရဲ့
ကျွန်ုပ်အတွက်
သင့်မှာ ဘာတာဝန်မှမရှိပါ
ကျမ်းဂန်က ဘယ်လိုပြောပါလည်း
မင်းကိုငါချစ်နေမြဲ
ဒီဒဏ္ဍာရီရဲ့ လက်တွေ့ကျပုံက
ဇွန်ပန်းများနဲ့ ဖဲချပ်အဟောင်းကလေးတွေ
အဆွေခင်ပွန်းဖွဲ့ခဲ့တာပေါ့
ကိန်းဂဏန်းတစ်ခုက
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ဆာလောင်ခြင်းအဖြစ် ပြန်ထွက်လာရဲ့
ကြမ်းပိုးတွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပိုးဟပ်တွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပြောစမ်းကွာ
မင်းပိုက်ဆံတွေ ငါသုံးခဲ့တာ
ဒီလိုနွေရာသီမှာပေါ့
မင်းတံစက်မြိတ်မှာ ငါခိုခဲ့တာ
ဒီလိုမိုးရာသီမှာပေါ့
မင်းအိပ်ရာမှာ ငါအိပ်ခဲ့တာ
ဒီလိုဆောင်းရာသီမှာပေါ့
သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။    ။

နေမျိုး
2003.10.27

ငြိမ်းချမ်းရေးအတွက်ဆို အရေပြားကိုခင်း အရိုးကိုချွန် သွေးကိုစုပ် ကဗျာတစ်ပုဒ်လုပ်ရေး လိုက်မယ်မဟုတ်လား


မိုင်ထောင်ချီအဝေးရပ်ရောက်နေတဲ့သားတစ်ယောက်
ဗြုန်းကနဲ အမေနဲ့ပြန်တွေ့လိုက်ရတဲ့အခါ။

နှစ်ရှည်လများ
မွန်းကျပ်ပိတ်လှောင်နေတဲ့အခန်းတစ်ခုထဲက
ဆည်ထကျိုးသလို
အပြင်ကို ဝေါကနဲထွေးထုတ်ခံလိုက်ရတဲ့အခါ
လေကောင်းလေသန့် မိတ်ဟောင်းဆွေဟောင်း ချစ်သူအဟောင်းတို့ရဲ့ ရနံ့ကို
ရုတ်တရက်ပြန်ရသွားတဲ့ ဇရာအိုရဲ့ ကညာပျိုဇာတိအိမ်အပြန်ခရီးတစ်ခုလို။

Monday, January 21, 2013

ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်တွေဖြာထွက်နေသူ (သို့မဟုတ်) Nikola Tesla



                                                                          ♣♣♣

    နယူးယောက်မြို့၏လမ်းမတစ်ခုပေါ်တွင် ပြင်းထန်စွာကျနေသောမိုးသီးမိုးပေါက်များကိုအံတု၍ လူတစ်ယောက်ခပ်သုတ်သုတ်လျှောက်လာနေသည်။ ဖြတ်သန်းလူးလားနေသောသူများကလည်း သူ့ကိုစိတ်ဝင်တစားလည်ပြန်ကြည့်သွားကြစမြဲ။ ဟုတ်ပါသည်။ ရွှဲနစ်အေးစက်နေသောခန္ဓာကိုယ်၊
ဖြူဖျော့တုန်ရီနေသောနှုတ်ခမ်းတို့ဖြင့် ထိုလူသည် လက်ထဲမှ တစ်စုံတစ်ခုကို မိုးကာအင်္ကျီဖြင့် သေချာစွာပတ်ထား၏။ သူကိုယ်တိုင်ကားမ၀တ်။ နံဘေးမှဖြတ်သွားသော ရထားလုံးတစ်စီးကို လှမ်းတားမည်ဟု ကြံရွယ်ပြီးမှ သူ့တွင် အမေရိကန်ငွေ ၄ဆင့်သာပါသည်ကို သတိရသဖြင့် စိတ်ကိုပြန်လျှော့လိုက်၏။ အတန်ကြာဆက်လျှောက်ပြီးသော် တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ မိုးစက်တို့ကြောင့် မျက်လုံးကိုလက်ဝါးဖြင့်ကာ၍ သေချာအောင်ကြည့်လိုက်၏။
    "လျှပ်စစ်၏ဘုရားသခင်အက်ဒီဆင်"
ထိုကုမ္ပဏီကြီး၏ ရုံးခန်းထဲတွင်မူ ပိုင်ရှင်အက်ဒီဆင်နှင့် မိုးရေများစိုရွှဲနေသော ၂၈နှစ်အရွယ်လူရွယ်တစ်ဦး။ ထိုလူရွယ်က သူကိုယ်တိုင်ပင် မိုးကာမ၀တ်ဘဲ မိုးကာဖြင့်ဂရုတစိုက်ပတ်ယူခဲ့ရသော အထုပ်ကိုဖြည်၏။ သံသေတ္တာတစ်လုံး။ ဖွင့်လိုက်သော် ဆားကစ်ပြားများ၊ တစ်စစီဖြုတ်ထားသောဒိုင်နမို၊ resistor များ၊ capacitor များ၊ လေစုပ်ထားသောဖန်သီးများ၊ ကဗျာစာအုပ်အချို့ နှင့် လျှပ်စစ်သမားတိုင်းကိုင်ဆောင်လေ့ရှိသောပစ္စည်းကိရိယာများ။ ထိုအရာတို့ကြားမှ စာတစ်စောင်ကိုဆွဲထုတ်လိုက်သည်။ နောင်အခါကမ္ဘာကျော်စာတစ်စောင်ဖြစ်လာမည့် ထိုစာကို သူယခင်က အလုပ်လုပ်ခဲ့သော ဘူတာပတ်စ်(Budapest)မြို့မှတယ်လီဖုန်းကုမ္ပဏီပိုင်ရှင် Charles Batchelor ကရေးသားပေးလိုက်ခြင်းဖြစ်သည်။ သူ အက်ဒီဆင်နှင့်တွေ့လျှင်ပေးရမည့် ထောက်ခံစာလည်းဖြစ်သည်။ ထိုစာမှာ နှစ်ကြောင်းသာပါရှိသော်လည်း အလွန်ပြည့်စုံ၏။
    "ကျွန်ုပ်သည် ဥာဏ်ပညာကြီးကျယ်ခမ်းနားလှသူနှစ်ဦးကိုသာ ဘ၀တွင်တွေ့ဖူးသည်။ တစ်ဦးမှာ သင်(အက်ဒီဆင်)၊ နောက်တစ်ဦးမှာ ယခုသင့်ရှေ့တွင်ရပ်နေသောလူရွယ်"။
အက်ဒီဆင်မှာ ခိုက်ခိုက်တုန်နေသောလူရွယ်ကို အံ့သြစွာမော့ကြည့်လိုက်လေသည်။ အချိန်ကား ၁၈၈၄ခုနှစ်၏ မိုးရာသီတစ်ခု။

Tuesday, January 15, 2013

ငါတို့(များ) ◄မှူးနေ၀န်း►


ငါတို့-၁
 
ရေတံခွန်တစ်ကောင်မှာ
ဘက်ဂီယာ မပါဘူး။

မောင်းနှင်ရင်းပျော်ကြ
ကောင်းကင်ကွင်းပေါ်မှာ ဆူးမစူး။

မှူးနေ၀န်း

===================================

ငါတို့-၂
 
အဖေ့အတွက် ၊ အမေ့အတွက်
ခယ်မလေးရဲ့ သူငယ်ချင်းအတွက်
အဘအိမ်က ဒရိုင်ဘာအတွက်
မမွေးရသေးတဲ့ မြေးလေးအတွက်။

မှူးနေ၀န်း

====================================

စင်ကာပူ ◄စောဝေ►

၁။
ဟိုးတစ်ချိန် တုန်းကတော့
ငါတို့ကို တူအောင် တုမယ်ဆိုတဲ့မြို့
လေဆိပ်မှာ ကတည်းက စည်းကမ်းကျတဲ့ အလှကိုငေး၊ နေစရာတွေ ငေး၊
နားစရာတွေ ငေး။
မလိုသူတွေက ပွဲစားမြို့လေးတဲ့
ဒါပေမဲ့ သူဟာကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတုခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။

တစ်ယောက်တည်း လျှောက်ဝဲနေရတဲ့ ကိစ္စ


ရှိသမျှ အရသာပေါင်း သောင်းခြောက်ထောင် အကြောအခြင်ပေါင်း ကိုးဆယ့်ခြောက်ခုကို
စွန့်ပစ်ပစ္စည်း များသဖွယ်မြစ်ထဲ၊ပင်လယ်ထဲပစ်ချ၁ကနေ၁၀၀အတွင်းကျွန်တော် ထွက်ပြေးနေခဲ့တယ်/မယ်
အဖိုငုတ် အမငုတ် ၂ ခုမှာ မချိတ်ဘဲ ကမ္ဘာကြီး လင်းဖို့/ အိမ်က မီးချောင်းလင်းဖို့ ကျွန်တော် ကြိုးစားကြည့်တယ် သောက်ကျိုးနည်း ပန်းတွေကလည်း ခွက်ထိုးခွက်လန် လမ်းတွေကလည်း ခွက်ထိုးခွက်လန် ရယ်လို့ သန်းတွေကဆို ကျွန်တော့်ခေါင်းကို ၀ိုင်းတုတ်တာ ပြောမနေနဲ့တော့
ကျွန်တော့် အဖြစ်က ရယ်ချင်စရာ ငိုရမယ်လို့ အဆိုတင်သွင်းပြန်တော့လည်း ရယ်ချင်စရာ
ဆားနဲ့ တီကောင်ဆုံမိသလို မိန်းမနဲ့ယောက်ျား ဆုံမိမှာစိုး တစ်ယောက်တည်း တောက်တဲ့လို
ချောင်တစ်ချောင်ရဲ့ အလင်းထဲမှာ စကြ၀ဠာပမာ တွန့်လိမ် ပြင်သစ်မတစ်ယောက်ရဲ့ ဆံပင်တွေကို ကျစ်ဆံမြီးကျစ်သလို ရေတံခွန်ကို လိမ်ကျစ်နေမိတယ်
ဒါ သံဆူးကြိုး အဖျားမှာ ပွင့်နေတဲ့ အသံပဲ လေထုထဲ ပြေးဝင်လာတဲ့ ဂြိုဟ်တစ်လုံးကို တိမ်းရှောင်သလို
ဆူသံ ဆန်သံတွေရဲ့ မျက်လုံးတစ်ဝေး ကျွန်တော့်ကိုယ် ကျွန်တော် ထိမ်ချန်ထားတယ်
ဘယ်သူမှ မ၀ဲခင် ကျွန်တော့်ကိုယ် ကျွန်တော် လျှောက်ဝဲနေမိတယ် စားချိန်တန် မစားရ ဆိုလောက်အောင်
အိပ်ချိန်တန် မအိပ်ရဆိုလောက်အောင် ဒီမှာ ကျွန်တော် ရှိသေးတယ်ဆိုတာနဲ့ ပြီးတယ်
ပန်းခြံနဲ့ သမုဒ္ဒရာတွေအတွက် ပင်လယ်ကို အသက်စွန့်ထွက်ခွာသွားတဲ့ ယောက်ျားရဲ့နောက်မှာ
ရင်ခွင်အသစ်နဲ့ မိန်းမ ငါ့ အခန်းဘေးမှာ တွေ့တယ်ဆိုတဲ့ကဗျာ ကျွန်တော် ဖတ်ဖူးတယ်
ဒီ့အတွက် ဒီကောင့်မှာ ရှော့နည်းနည်းရှိတယ်ဆိုကာ ရှောင်သွားတဲ့ ရွှေတူးသမားတွေအတွက်လည်း ကိစ္စမရှိ အားအားရှိ ရေဒီယိုလေး ဖွင့်နားထောင် အားအားရှိ အားရှိအောင် အင်တာနက်ထဲ ၀င်အောင်း
အားအားရှိ အားကစားလေး ဘာလေးလုပ် အချိန်ကို ဖြစ်သလိုဖြုန်းတီး
ခေတ်ကြီးရဲ့ ခဲရာခဲဆစ်ထဲဝင်ရော ဝေါခနဲဝင်စီးကာ အာသဝေါ မကုန်ခန်းတာချင်း အတူတူ
ကုန်စုံဆိုင်က ကောင်မလေးကို ၀င်မရောခဲ့ပါဘူး ကိုယ် ယုံကြည်သလို
ကျောကုန်းပေါ်မြစ်တစ်စင်း တင်သွားဖို့ရာကိုယ့်မှာ ဘို့ ၂ဘို့ မရှိဘူး ငှက်ဖျားတွေ တက်မယ်၊ ဗိုင်းရပ်စ်တွေ ကိုက်မယ် ၀င်းဒိုးတွေ ခဏခဏပြုတ်ကျမယ် မဖြစ်ဘူး မဖြစ်ဘူး မချစ်ဖူးတယ် ကိုယ် တကယ်ပဲ မရူးနိုင်တယ် ဘာလိုလဲ ဘက်ထရီအားပျော့လာရင် လမ်းထောင့်က စာအုပ်ဆိုင်ဆီ ငိုက်စိုက်ငိုက်စိုက်
ကိုယ့်ဘ၀ကို အလိုက်ပေးရယူလောက်မယ့် စာအုပ်တစ်အုပ်ရှာ စာအုပ်ဆိုင်က ငနဲနဲ့ တစ်ယောက်လျှာ တစ်ယောက်ဖြတ် တစ်ယောက်အထင် တစ်ယောက်ရိုက်ခတ်၊ ရိုက်ပွဲတွေဖြစ် စကားလုံးစစ်ပွဲတွေ ဆင်နွှဲ
ကျွန်တော်က ဆိုင်အပြင် ဘောလုံးတွေ ကန်ထုတ်လိုက်ပြီး တက်ကျမ်းတွေ တန်းဆင်းခိုင်းလိုက်တယ်
ဂမ္ဘီရမုတ်ဆိတ်တွေကို စက်ကတ်ကြေးတစ်လက်
မြင်းတစ်ကောင်ရဲ့ ပါးစပ်ထဲက သွားတွေပမာနဲ့
ကိုက်ဖြတ်ပစ်လိုက်တော့ ဘေးနားက ဘေးသားတွေက မကြည်လင်
ကျွန်တော် ၀ယ်သွားတဲ့စာအုပ်ကို ဖြဲကြည့်ချင်ကြမယ်၊
အာလာပသလ္လာပ လူစုံတက်စုံ ကော်ဖီဆိုင် တစ်ကွေ့မှာ
လနဲ့သောကြာကြယ် ပူးတဲ့တစ်နေ့က
ဘ၀စာအုပ်ကို ကျွန်တော် ၀ယ်တော့မယ်ဆိုတဲ့ အကြောင်း
ထီးဆောင်းပြီး ပြောကြတယ် အဲဒီထီးကို လှီးချလိုက်လို့ နတ်သမီးတွေ စီးကျလာရင်တောင် မအိုသွားနိုင်ကြောင်းဆောင်းပါးကဗျာရေးလိုက်စေချင်တယ်ကျွန်တော့်ကို သူတို့က ထောင်ထဲထည့်ချင်ကြတယ် ဖြစ်မလား အိမ်ထောင်ပြုတယ်ဆိုတာ ခြင်ထောင်တစ်လုံးနဲ့
ခြင်ထောင်ဘေးက ခြင်တွေဝိုင်းအော်ခံရမယ့် အဖြစ်ပဲ. No, အိမ်ထောင်ပြုတယ်ဆိုတာ
ခြင်းကြားနဲ့ ရေခပ်သလို အရာအားလုံး ဟိုးသွား ဒီလာ ဟိုးတိုးဒီအိပ် လွတ်လပ်ရေးအားလုံး အနှစ်နှစ် အလလမအောင်မြင်မအော်မြည်နိုင်သေးတဲ့ နည်းပညာအားလုံး လွတ်ကျသွားရင် မခက်လား ကျွန်တော်ဟာ စီနီယာ ကျော်ကြားသူများရဲ့ ၀ဋ်ဒုက္ခမှာ ၀ါးတားဖော်လို ဖစ်ဖော်လို မလုပ်ချင် သူတို့က တစ်ခါတလေမိန်းမဆိုတာCoverတဲ့ခင်ဗျားမလိုချင်တဲ့ကိစ္စခင်ဗျားမဖြစ်ချင်တဲ့ဆန္ဒ ဥပမာ-တစ်ယောက်ယောက်ဟာ
ခင်ဗျားဆီမှာ တစ်ပုလင်း တစ်ပုံး တစ်ညလုံးလာဆွဲနေတဲ့ ကိစ္စ ကာဗာတဲ့ 
မိန်းမတစ်ယောက်ရဲ့ လိပ်စာမရှိတာနဲ့ပဲ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့ မိုးပျံပူဖောင်းတဲ့
မိန်းမတွေဟာ Main ပဲတဲ့ မိန်းလမ်းမကြီးတဲ့
မိန်းဆွစ်တစ်ခုလို တင်လိုက်ချလိုက် လင်းချင်မှောင်ချင် တကယ့် မိန်းဆတ်(ဗ်)ဂျက်(တ်)ပဲတဲ့
ဂျုန်းအော့အတ်တို့ ဂျူလီယာရောဘတ်တို့ မာသာထရီဇာတို့တဲ့ အဲဒီလို ကျွန်တော့်ကို ၀ိုင်းဆွဲကြ
“လ”က အက်ကွဲထွက်လာတဲ့ အရည်တဲ့ အရောင်တဲ့ အငွေ့တဲ့ ခေါက်ထားစမ်းပါ
ခင်ဗျားတို့ရဲ့ စကားလုံးတွေ အဖြစ်အပျက်သင်္ကေတနဲ့
ဥပမာ ဥပမေယျတွေ ကျွန်တော် လိုချင်တာက တောကို လိုချင်တဲ့ခြင်္သေ့ ခြင်္သေ့ကို လိုချင်တဲ့တော
ဘယ်လောက်ပြေးပြေး မမောတဲ့ လွတ်လပ်ရေး
ကျွန်တော်နဲ့ထိစပ်တိုင်းထွက်လာမယ့်တစ်ကိုယ်တော်အရောင်တွေအဲဒီအရောင်တွေကို စုပြီး ဘောင်ခတ်ထားတဲ့ အကျဉ်း ကျနေတဲ့ ပန်းချီကား ကျွန်တော် မဖြစ်ချင်
ကျွန်တော် တစ်ယောက်တည်း ကျောက်ခဲလို ကြေကွဲသွားလည်း လမ်းဖြစ်စေရမယ်
“လူပျိုဘုရား လုံးဝမရှိ”ရတယ် ဘာမှမရေးရသေးတဲ့ ဗလာစာရွက် ရတယ်
ဘယ်ကြယ်မှ မစိုက်ပျိုးရသေးတဲ့ ကောင်းကင် ရတယ်
ပျံနေတဲ့ လေယာဉ်ပျံတစ်စီးနဲ့ ထိုင်နေတဲ့ လက်ပံပင် တစ်ပင်ထဲ
အုပ်လိုက်ဝင်လာမယ့် ဆက်ရက်ငှက်တွေ မလိုချင်
အခုလည်း ဆောင်းရာသီ တော်ကြာလည်း ဆောင်းရာသီ နောင်လည်း ဆောင်းရာသီမှာ
ဆောင်းစရာမရှိလည်း ရှိပစေ
ကျွန်တော့်မှာ အိမ်မရှိ မရှိတဲ့ အိမ်ထဲမှာ ကျကွဲစရာ ကြွေပန်းကန်တစ်ချပ်
လွတ်ကျစရာ ဇွန်းခက်ရင်းတစ်စုံမရှိ
နဖူးကို ထိစမ်းလိုက်ရုံနဲ့ တစ်ကိုယ်လုံး လင်းထိန်သွားမယ့် ကရုဏာလက်တစ်စုံ မရှိ ကျွန်တော် အိပ်ပြီလား
ညည ကျွန်တော့်ကို ထ ထစမ်းမယ့် စမ်းချောင်းလေးလို အထိအတွေ့ မရှိ
လူငယ်ဘ၀သွေးအလိမ်းလိမ်းနဲ့ယိမ်းထိုးပြန်လာမဲ့နေ့တွေမှာရင်ခွင်ကျယ်လွင်ပြင်ကြီးနဲ့မေတ္တာလိုဏ်ဂူကြီး မရှိ ဥုံဖွ မလုပ်ဘဲ ဆုတ်ခွာသွားမယ့် ကပ်ဆိုးဒုက္ခများ အတွက် ကျွန်တော် လိုနေတာက မိန်းမတကာတို့ရဲ့ မိန်းမ “ကျွန်တော့်မှာ အမေ မရှိဘူးဗျ”။ ။
ခရမ်းပြာထက်လူ

ကျွန်တော်တို့ရဲ့ ကောင်းကင်သစ်

ကျွန်မတို့ ရွာကို မိုးပေါ်က ပတ္တမြားကြီး တစ်လုံး ပြုတ်ကျလာတယ်။
ဒါဟာ ဗြဟ္မာကြီး တစ်ဦး
ဒါဟာ နောက်ထပ်ဂြိုဟ်
အသစ် တစ်လုံးလည်းဖြစ်မယ်
အသံထဲက သမိုင်း
သမိုင်းထဲက အသံသာကြားဖူးတဲ့
ပြည်တန်တဲ့ ပတ္တမြားကြီး။
ဘယ်နေရာမဆို စိမ့်ဝင် စီးသွားနိုင်တဲ့
ကမ္ဘာကျော် ဧရာမ ပုလဲလုံးကြီး။
သူလာမယ် ဆိုလို့ ရေချိုးခန်းနဲ့ ထမင်းစားခန်းတွေ ပြင်နေတယ်။

နှင်းဆီပွင့် ◄မင်းသုဝဏ်►

လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်

(တစ်ဆက်တည်း ဆရာသော်တာတွေရဲ့ စာပြောင်လေးကို ဖော်ပြလိုက်ပါတယ်။)

ထန်းတောကပြန်
အန်ချင်တယ် ထန်းရေဗူးလွယ်လို.
မောင်မူးတယ်လေး။
မနက်တုန်းဆီက
ချက်ပုလင်းမြင်ပြန်တော့
ဝက်နံကင် ဘဲကင်ကြီးရယ်နှင်.
မြည်းလိုက်ချင်သေး။

သော်တာဆွေ
 
 

ဘာတွေဖြစ်ကုန်ကြပြီလဲ ◄မင်းလူ►

(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

အရက်သမား (၁၀)

မသေမရှင်ဖြစ်နေတဲ့
ဓာတ်မီးတိုင်ရဲ့ အလင်းကိုနင်းလို့
နံရိုး(၆)ချောင်းဆီက
သီချင်းကိုခွာယူ
မီးတောက်တစ်ခုလို ယိမ်းထိုး
ငါအိမ်အပြန်
အဝေးက
လရဲ့ မချိမဆန့်အော်သံကို ကြားရ
အရေးပေါ်
ဂက်စ်မီးခြစ် ရှာမတွေ့၊

Monday, January 14, 2013

The Road Home ◄ဇွဲလွင်►


The Road Home
Directed by Zhang Yimou
Screen play by Bao Shi
Based on Rememberance by Bao Shi


Zhang ziyi ( ကျန်းကျီယီ) ဟာ တရုတ်ပြည်ထွက် ထိရှကွဲကြေတော့မလား ထင်ရတဲ့ ကြွေရုပ်ကလေးလို ချစ်စရာကောင်းသူလို့ အပြင်ပန်းက ထင်ရတဲ့အတွက် စိတ်ဓာတ်ပြင်းထန်သူ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ရှိသူဆိုတာ ကျနော်တို့ မေ့နေမိကြတာများပါတယ်။ အသက်ဆယ့်ကိုးနှစ်မှာတင် ပထမဆုံး ခေါင်းဆောင်အဖြစ်ပါဝင်ရတဲ့ The Road Home နဲ့ အောင်မြင်သွားတဲ့အခါ စိုင်ကော်လို့ ချုံပေါ်ရောက်သွားတာပါလို့ အထင်တွေကို သူ့ အရည်အချင်းနဲ့ ဇွဲနပဲနဲ့ ချေဖျက်ပြခဲ့တယ်။ ဒါရိုက်တာ Zhang Yimou ကိုယ်တိုင်ကတောင် တရုတ်ပြည်က သရုပ်ဆောင်တွေမှာ အက်ရှင်ကော အက်တင်ကော နှစ်ခုလုံးပိုင်နိုင်တဲ့ သရုပ်ဆောင်ဆိုတာ အလွန်ရှားပါတယ်လို့ အသိအမှတ်ပြုခဲ့တာပါ။

ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ပုံပြင် (သို့) Kahaani ◄ဇွဲလွင်►


Kahaani
Directed by – Sujoy Gosh
Wirtten by- Ritesh Shah, Sutapa Sikdar, Sujoy Gosh
Starring- Vidya Balan, Parambrata Chatterjee


Kahaani ( အင်္ဂလိပ်လို Story လို့ အဓိပ္ပာယ်ရ) ရုပ်ရှင်ဟာ အိန္ဒိယရုပ်ရှင်ကားတွေထဲမှာ ရှားရှားပါးပါး အဆိုအက တစ်ကားလုံး မပါလိုက်တဲ့ ကားဆိုကတည်းက နည်းနည်းတော့ ထူးခြားမှုရှိနေတယ်လို့ ထင်လာကြမှာပါ။ အဲ အမျိုးသမီးဇာတ်လိုက်ကားဆိုပြန်တော့ အမျိုးသားသရုပ်ဆောင်တွေ ကြီးစိုးတဲ့ဘောလိဝုဒ်ကားတွေထဲမှာ ထပ်ထူးခြားပြန်ပါပြီ။ ပိုပြီး ဆန်းသစ်တာကတော့ ဘောလိဝုဒ်ကားတွေထဲမှာ တွေ့ ရတဲ့ ဘော်ဒီအမိုက်စား မျက်နှာအပျံစား မင်းသမီးတွေမဟုတ်ပဲ ဗိုက်ကြီးတစ်လုံးကားယားကားယားနဲ့ အပူသည်ရုပ်နဲ့ မင်းသမီးဖြစ်နေတာကိုပါပဲ။အဆိုအကကိုလည်း အားမပြုထားဘူး၊ မင်းသမီးအလှကိုတောင် အားမကိုးထားဘူးဆိုကတည်းက ဒါတွေမပါပဲနဲ့ ရုပ်ရှင်အပေါ် တခြားစိတ်ချစရာဘာတွေရှိနေလို့ပါလိမ့်။

ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် ◄မင်းခိုက်စိုးစန်►


(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။

(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။

ခင် ◄မောင်သိန်းဇော်►

A
ကျွန်တော်သည်
ခင့်ကိုအလွန်ချစ်ပါသည်။
B
ခင်သည် ကျွန်တော့်၏
အဖျားငွေ့ငွေ့လေးဖြစ်ပါသည်။
C
ခင်ကလွဲလျှင်
မည်သည့်အရာကိုမဆို
ကျွန်တော်ခြိုးခြံ၍ရပါသည်။
D
ကျွန်တော့်၏စိတ်ပေါ်တွင်
အမာရွတ်ကလေးပေါင်းမြောက်များစွာကို
ခင်သည်လှပစွာစီချယ်ပေး၏။

ငြိမ်းချမ်းရေးတဲ့ ◄မင်းသိုက်ထွန်း►



မင်္ဂလာပါဆိုတဲ့ စကားလုံးက တစ်ပတ်ပတ်ထားတာလား။
အသံတွေပဲ ကြားနေရတယ်။ အရှေ့မှာ။
အနောက်မှာ။ ဘေးမှာ။ အနားမှာ။ အနီးမှာ။

ငါတို့ မျက်ဝန်းတွေလည်း နီလာတယ်။ ငေးနေမိတဲ့
မီးခိုးငွေ့တွေ၊ ရှုရှိုက်နေရတဲ့
ယမ်းစိမ်းငွေ့တွေ၊ ငါတို့တွေ့နေရတဲ့ သေခြင်းတရားဟာ အရှေ့မှာ။
အနောက်မှာ။ ဘေးမှာ။ အနားမှာ။ အနီးမှာ။

* “ ဦးဘရန်ရှောင်ဆိုတာ ဘယ်သူလဲလို့မေးပြီး ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ နောက်ပြီး
မီးဖိုချောင်လေးမှာ ရဲဘော်နှစ်ယောက်နဲ့ ကျွန်တော့်သမီးကို ဒဏ်ရာတွေနဲ့ တွေ့ရတာပဲ ”
“ ကျွန်တော်က စစ်ကြောင်းမှူး ကို ဆေးရုံပို့ချင်တယ်ဆိုတော့ ကျွန်တော်တို့ စစ်ကြောင်း
ထွက်မှ ပို့ပါလို့ သူက ပြောပါတယ်။ တကယ်တော့ ကလေးက သွေးလွန်လို့ သေရတာ။
သူတို့ထွက်သွားမှ ရပ်ကွက်က ကားအကူအညီနဲ့ ဆေးရုံကိုပို့ရတာ။ ဆေးရုံရောက်တော့
ညနေ ၆ နာရီကျော် ပြီ ” *

အိပ်ပျော်နေတဲ့ ခဲတံ

ခဲတံ ခဲတံ မင်းဘာကြောင့် အိပ်နေတာလဲ
ခဲတံ ခဲတံ မင်းဇာတိဟာ ဘယ်ကလဲ
ခဲတံခဲတံ အခုမင်းအိပ်မက်မက်နေတာလား
ခဲတံခဲတံ အိပ်ရာကနိုးလာတဲ့အခါ
အားလုံးကိုပြန်ရေးပြပါ
ငါသိချင်နေမိတာ။ ။

နေမျိုး
၂၉-၁၁-၀၅
ည ၉း၀၅ နာရီ

အိမ်ရှေ့က သစ်ပင်

ချိန်းဆိုထားပြီး ရောက်မလာသူတစ်ယောက်ကို
စောင့်ဆိုင်းနေသလို ရပ်လို့ ပေါက်ရောက်နေတဲ့ သစ်ပင်တစ်ပင်
ငါ့အိမ်ရှေ့တွင်
သစ်ပင်အောက်မှာ တစ်ခါတလေ ကောင်လေးတစ်ယောက်
တစ်ခါတလေ အဘွားအိုတစ်ယောက်
တစ်ခါတလေ ခွေးကလေးတစ်ကောင်
ရပ်လို့။ လမ်းမကို ငေးလို့။ ။

နေမျိုး
၂၉-၁၁-၀၅
ည ၈း၀၅ နာရီ

စက္ကူ

ကျွန်တော် ညအခါ အိပ်ရာထဲလဲလျောင်းလိုက်ရာ
အိပ်မက်တလိမ့်တုံးကြီးက တဒီးဒီးကြိတ်လေတော့တာ
အဲဒီအခါ ကျွန်တော်ဟာ စက္ကူတစ်ရွက်ဖြစ်လို့သွား
လေလွင့်စက္ကူရွက်ပေါ် မင်းနာမည်ရေးလိုက်ပါလား။ ။

နေမျိုး
၂၉-၁၁-၀၅
ည ၉း၂၀ နာရီ

ဒုတိယအကြိမ် ဖတ်ရှုရန် မလိုအပ်တဲ့ကဗျာ

ကျွန်တော် မယုံတာ (၃)ခုရှိတယ်။
၁။ ကျွန်တော်။ (၂)ခင်ဗျား၊ (၃) အခြားတစ်ယောက်
ကျွန်တော် ယုံတာ(၃)ခုရှိတယ်။
(၁) ကျွန်တော်၊ ၂။ ခင်ဗျား၊ (၃) အခြားတစ်ယောက်။ ။

နေမျိုး
၁၆-၁၁-၀၅
ည ၁၁ နာရီ

ဂြိုဟ်သား

တားမြစ်ထားတဲ့သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေတစ်ညလုံး မက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာ တခြားကမ္ဘာက ဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။ ။

နေမျိုး
၂-၃-၀၄

ငါ

စွန့်ပစ်ခဲ့ကြပြီ
ပိုးလောက်တဖွားဖွား
ဝမ်းဗိုက်ကြီးရောင်ကိုင်းဖောင်းကားလို့
အပုပ်နဲ့တထောင်းထောင်း
ဘင်္ဂအရည်တွေယိုစီးကာစိမ့်စိမ့်
ငါဟာခွေးသေကောင်ပုပ်ပါ
ခွေးသေကောင်ပုပ်ဟာ ငါပါ
လင်းတတွေသာ ငါ့ကို အရသာခံတတ်ကြပေလိမ့်
တောမှီရဟန်းတွေသာ ငါ့ခန္ဓာကို
ဓမ္မဥာဏ်ပွင့်အောင် ရှုနိုင်စွမ်းပေလိမ့်။

နေမျိုး
၂၁-၂-၀၃

ထိုသုံးဦး

တရားကိုသိသူက
စာအုပ်တစ်အုပ်ကိုဖတ်တယ်
အားကိုသိသူက
ဓားတစ်လက်ကိုသွေးတယ်
ဘာမျှမသိသူက
လမ်းပေါ်လေချွန်ပြီး လျှောက်နေလေရဲ့။

နေမျိုး
၂၃-၁၂-၀၂

စာရေးသူ

ကောင်းကောင်းအသက်ရှူမယ်
စကားကောင်းကောင်းပြောမယ်
အစားကောင်းကောင်းစားမယ်
ကောင်းကောင်းနေမယ်
ကောင်းကောင်းနိုးထမယ်
ကောင်းကောင်းအလုပ်လုပ်မယ်
ငါတို့ဖတ်ရှုခဲ့ရသော ဆိုးတဲ့ပုံပြင်များ
ကောင်းကောင်းအသစ်ပြင်ရေးမယ်ကွယ်။ ။

နေမျိုး
၃၁-၁-၀၅

လူသိနည်းနည်း အင်တာဗျူး

တိုက်ပိုင်ရှင်ကြီးက ကြိမ်လုံးကိုင်ပြီးမေးတယ်
မင်း ငါ့သားကိုလွမ်းရဲသေးသလားတဲ့
အိမ်ဖော်မလေးက ဖြေတယ်
ကျွန်မ မလွမ်းရဲပါဘူး ဘဘကြီးတဲ့
ဒါပေမယ့် ကဗျာဆရာငါက အသေအချာပြောဝံ့ပါတယ်ကွယ်
အိမ်ဖော်မလေးရဲ့ရင်ထဲမှာ
အဲဒီကောင် အမြဲရှိနေလိမ့်မယ်။ ။

နေမျိုး
၅-၁၀-၀၅

ဆင်ဖိုနီနံပါတ်(၄၃)

ဗလာစာအုပ်တစ်အုပ်ဟာ
ကျုပ်အကြောင်းရေးထားတာပါဗျာ
ခရုခွံကလေးတစ်ခုကတော့
ကျုပ်ဝယ်ထားတဲ့နိုင်ငံငယ်လေးတစ်ခုပေါ့
အားကုန်နေတဲ့ဓာတ်ခဲက
ကျုပ်ကိုပုံတူထုထားတာဆိုပဲဗျ
ပိုက်ဆံနည်းနည်းလောက်ချေးပါ
အဲဒါကျုပ်ပြဇာတ်ကတုန်းကပါ
ရော့ဒါတွေမင်းယူလိုက်တော့
အဲဒါကျုပ်စစ်စစ်ပေါ့။ ။

နေမျိုး

၁၄-၅-၀၅

ကန္တာရသားတို့ရဲ့ ဝေါဟာရ

လေနီကြမ်း၊ သဲမုန်တိုင်း၊ တံလျှပ်
ဆူးကြမ်းပင်၊ ပူးပြင်းခြောက်သွေ့မှု
ဘယ်ဆီဘယ်ဝယ်၊ ရေဘူး၊ သစ်သီးခြောက်
ကုလားအုပ်၊ အော်သံ၊ တိတ်ဆိတ်မှု
မျက်စိလည်ခြင်း၊ ဟိုးအဝေး၊ မျက်စိတစ်ဆုံး
ဟင်းလင်းပြင်၊ လမ်းပြကြယ်များ
တရွေ့ရွေ့ဖြတ်သန်းခြင်း။ ။

နေမျိုး
၆-၁၀-၀၅

မီးရထားများ

မီးရထားများ တစ်စင်းပြီးတစ်စင်း
ခုတ်မောင်းကာ ဘူတာရုံထဲဝင်လာ
ဘူတာရုံထဲမှာ
ဧရာမမီးရထားကြီး
ခုတ်မောင်းဝင်ရောက်လာတဲ့မီးရထားများကို
တင်ဆောင်ပြီး
ဂျုံးဂျုံးဂျက်ဂျက်
ခုတ်မောင်းထွက်သွား
ပို၍ကြီးမားသော မဟာဧရာမမီးရထားကြီးဆီသို့။ ။

နေမျိုး
၁၂-၆-၀၅

မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ (အဘိုးကြီးတစ်ယောက်အတွက်)

၁။ တုတ်ကောက်တစ်ချောင်း(အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး(တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်လေး(သူစားမကုန်တာကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)။ ။

နေမျိုး
၂၄-၅-၀၅

အဖေ့ဒိုင်ယာရီ

အဖေ့ဒိုင်ယာရီထဲမှာ
ကမ္ဘာတစ်ခု
အဲဒီကမ္ဘာထဲမှာ
ကျွန်တော်ဟာ
အမြဲတမ်းကလေးငယ်တစ်ယောက်ပါ
ပြေးဆော့နေတယ်။ ။

နေမျိုး
၎-၃-၀၅

ဖောက်မလင်ရည်စိမ်ထားတဲ့လူကလေးသို့

လူကလေး
မင်းကိုငါမေးမယ်
အပြစ်ကင်းသူအဖြစ်
မင်းမွေးဖွားလာခဲ့တယ်
ဒါကိုသိပါစကွယ်။ ။

နေမျိုး

လူ့ဘ၀ရဲ့အရသာ

မီးဖိုခန်းမှောင်မှောင်ထဲမှာ
အဘွားအိုတစ်ယောက်
နို့ဆီဘူးခွံကို
ရေကျင်းပြီးသောက်နေရဲ့။ ။

နေမျိုး
၎-၃-၀၅

မင်းနဲ့ငါ

ပျင်းရိနေစဉ်မှာ
မင်းကိုသတိရမိတယ်
ပျော်ရွှင်ရယ်မောမိတော့
အဲဒီရယ်ရွှင်ဖွယ်မင်းကို
ပြောပြချင်မိပေါ့
ခုတော့ ငါငြိမ်သက်နေရဲ့
မင်းရော
အေးအေးလူလူပဲမဟုတ်လားကွဲ့။ ။

နေမျိုး
၎-၃-၀၅

ကျောက်တုံးကြီး

ကမ်းခြေက ကျောက်တုံးကြီး
တစ်နေ့လုံး
တစ်ညလုံး
အေးစက်စက်တစ်ဆောင်းတွင်းလုံး
ငြိမ်လို့ကမ်းခြေမှာ
လူတစ်ယောက်
ကမ်းခြေကိုရောက်လာပြီး
ကျောက်တုံးကြီးပေါ်ထိုင်နေရင်း
ပင်လယ်ဆီငေးခဲ့
အဲဒီနောက်မှာ
ကျောက်တုံးကြီးဆီက
သွေးနိုးသံတလှုပ်လှုပ်
ခုထိကြားရ။ ။

နေမျိုး
၅-၁၂-၀၅

ပေးစာ

နေ့သစ်ကိုရောက်ပြီ
ဘောလ်ပင်အသစ်
စာရွက်အသစ်နဲ့
ဝါကျအသစ်တွေရေးပြီး
ပေးပို့လိုက်တယ်
အိုး ....ငါ့အချစ်ဟောင်း။ ။

နေမျိုး
၅-၁၂-၀၅

ငယ်ငယ်တုန်းက အင်္ကျီ

ကျွန်တော်နဲ့ မတော်တော့ဘူး
ကျွန်တော် ၀တ်လို့မရတော့ဘူး
ရင်ဘတ်မှာ ကာတွန်းရုပ်ကလေးနဲ့
သိပ်ကိုသေးသွားပါပြီဗျာ
ဒါပေမယ့် တစ်ခါတုန်းက ကျွန်တော် ၀တ်ခဲ့တာ။ ။

နေမျိုး
၁၇-၆-၀၅

သံပရာသီး

မှတ်မိပါသေးရဲ့
သံပရာပင်အောက်
ရောက်ခဲ့ဖူးတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်က
သံပရာသီးကလေး
ခုထိချဉ်ဆဲပါကလား။ ။

နေမျိုး
၁၇-၆-၀၅

ကျောင်းပြေး

မေမေမသိအောင်
ဖေဖေမသိအောင်
ဆရာမသိအောင်
ခပ်ဝေးဝေးချောင်ထဲမှာ
မာလကာသီးကတစ်လုံး
ချိုချဉ်ကနှစ်လုံး
ကာတွန်းစာအုပ်ကတစ်အုပ်
မမြင်ဖူးတဲ့ဓာတ်ပုံကတစ်ပုံ။ ။

နေမျိုး
၁၇-၆-၀၅

လူအ

လူတွေက ကျွန်တော့်ကို လူအ လူအလို့
ပြောပြောနေကြတယ်ဆရာ
ကျွန်တော် လူအမဟုတ်ကြောင်း
ထောက်ခံစာရေးပေးပါ
ကျသင့်သလောက် ပေးပါ့မယ်ခင်ဗျာ။ ။

နေမျိုး
၂၁-၁၁-၀၄

တွန်သံ

နားထောင်ကြည့်ဖူးလား
ကြက်ဥတစ်လုံးကို
သေသေချာချာ
နားနားကပ်ကာ
နားထောင်ကြည့်စမ်းပါ
ကြက်ကလေးတစ်ကောင်တွန်နေတာ ။ ။

နေမျိုး

အိပ်မက်

ကင်းသမားကြီးဟာ ညညဆိုမအိပ်ဘူး
ဒါကြောင့် သူဟာ အိပ်မက်မမက်ဘူးပေါ့
ဒါပေမယ့် သူမြင်တွေ့ခဲ့ရတဲ့ ညကမ္ဘာကြီးဟာ
တကယ့်အိပ်မက်အစစ်ကြီးတစ်ခုပါပဲ။

နေမျိုး
၂၁-၁၁-၂၀၀၄

ဘာမှမရှိတဲ့သေတ္တာ

ဒီသေတ္တာဟာ
ဘာမှမရှိတဲ့သေတ္တာပေါ့
သေတ္တာထဲမှာ
ဘာမှမရှိဘူး
ဖွင့်ကြည့်လိုက်ပါ
မြင်တဲ့အတိုင်း ဗလာပါပဲ
သေတ္တာထဲမှာ ဘာမှမရှိဘူး
မင်းမှာဘာရှိသလဲလို့ မေးရင်
ငါ့မှ သေတ္တာတစ်လုံးရှိတယ်လို့
ဖြေနိုင်တဲ့သေတ္တာပေါ့။ ။

နေမျိုး

မျှော့

ဦးခေါင်းထဲက မျှော့တစ်ကောင်
ဖမ်းဆီးရမိခဲ့
ငါ့အသိဥာဏ်တွေ သူ့ဆီမှာကွဲ့။

နေမျိုး
၂၁-၁၁-၀၄

ဘယ်လက်ရုံး

ကဗျာတစ်ပုဒ်ရှိတယ်
ဘယ်လက်ရုံးမှာ
ခေါင်းအုံးအိပ်စက်
အိပ်မက်တွေလည်း မက်ပါလှည့်(တဲ့)
မေးခွန်းတစ်ခုရှိတယ်
မင်းမှာဘယ်လက်ရှိသလား။ ။

နေမျိုး
၁၇-၆-၀၅

ဧည့်စိမ်း

အဝေးကြီးကလာခဲ့ရတယ်
ဘယ်လောက်ဝေးဝေးကလာခဲ့ရသလဲ
ဂြိုဟ်တွေဆီကလား။ ကြယ်စုကြီးတွေဆီကလား
နေစကြာဝဠာရဲ့အပြင်ဘက်ကလား
မဟုတ်ပါ
မင်းခန္ဓာကိုယ်ထဲက မသိမှုဆီက လာခဲ့တာ။ ။

နေမျိုး
၂၁-၁၁-၀၄

အာလူးသီး

အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကကြီးတယ်
သူဆင်းရဲကိုပေးကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကသေးတယ်
သူဌေးကြီးယူကွယ်
အာလူးသီးသုံးလုံးရှိတယ်
တစ်လုံးကအနေတော်ကွယ်
အဲဒါငါ့ဖို့ရယ်။ ။

နေမျိုး
၂၁-၁၁-၀၄

ကဗျာတစ်ပုဒ်

ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်
အမှားနဲ့အမှန်မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့။ ။

နေမျိုး
၂၁-၁၁-၀၄

မြေစိုင်ခဲကလေး

ငါးဒသမရှစ်ကိုး
လေးဆယ့်ကိုးဒသမနှစ်နှစ်
ခုနစ်ရာတစ်ဆယ့်သုံးဒသမရှစ်ခြောက်
ကိုးထောင့်ကိုးရာ့ခြောက်ဆယ်ဒသမသုညတစ်
ခြောက်သောင်းသုံးထောင်ဒသမကိုးငါး
ကုန်းကောက်စရာမရှိဘူးလို့ မပြောပါနဲ့
မြေစိုင်ခဲလေးကိုအားနာပါကွဲ့။ ။

နေမျိုး
၂၀-၁၁-၀၄

နားလည်မှု

ငါပြောတာ မင်း ယုံဖို့ မလိုပါ
မင်းပြောတာလည်း ငါ မယုံပါ
ငါတို့ ခင်မင်နေကြမြဲသာ။ ။

နေမျိုး
၁၉-၁၀-၀၅

သီချင်းတစ်ပုဒ်

နားထိုင်းကြီး
စားပွဲပေါ်က
ဂီတသင်္ကေတတွေကို တစိမ့်စိမ့်ကြည့်လို့
သီချင်းတစ်ပုဒ်ဆိုတာ
သြော် . . . သီချင်းတစ်ပုဒ်ဆိုတာ။ ။

နေမျိုး
၁၀-၈-၀၅

သီတင်းကျွတ်

သီတင်းကျွတ်ပြီ
ဆီမီးထွန်းရအောင်
ကြာပန်းတွေ ခူးရအောင်
ငါတို့အရိပ်တွေ ပူးကပ်သွားတဲ့အထိ
ညထဲလျှောက်လည်ရအောင်။ ။

နေမျိုး
၅-၁၀-၀၅

ဂြိုဟ်ကမ္ဘာတစ်ခုရောက် သက်ရှိမျိုးစိတ်တစ်ခုရဲ့ မှတ်ချက်

ငါတို့ မမှားဘူး
အမှန်တရားနဲ့ သီသီလေး လွဲသွားတာတစ်ခုပါပဲ။ ။

နေမျိုး
၎-၁၀-၀၅

နံနက်ခင်း

နံနက်လင်းပြီ
ပြတင်းပေါက်ကိုဖွင့်ပြီးပြီ
မျက်နှာသစ်ပြီးပြီ
ခန်းဆီးစကို မတင်လိုက်ပြီ
မင်္ဂလာပါလေညင်းကလေး။ ။

နေမျိုး
၅-၁၀-၀၅

ကန္တာရသား

ပင်လယ်ကိုမမြင်ဖူးခင်ကတည်းက
ပင်လယ်ကိုချစ်ခဲ့တယ်
ကျုပ်လား . . . ပင်လယ်ဆီသွားနေတာပါ။ ။

နေမျိုး
၅-၁၀-၀၅

မင်း

မြေကြီးအောက်ပေနှစ်သောင်းမှာ
ဘာတွေရှိတာမသိပါ
ငါ့ရင်ထဲမှာ မင်းရှိတာ။ ။

နေမျိုး
၅-၁၀-၀၅

အမူးသမားတစ်ယောက်ရဲ့ မေးခွန်းများ

ပေါင်မုန့်တွေ ဘယ်သွားနေလဲ
ငါ့မိန်းမဘယ်သွားနေလဲ
ငါ့အိမ်ကော ဘယ်သွားနေလဲ။ ။

နေမျိုး
၅-၁၀-၀၅

ကဗျာဆရာ့ဇနီး

စာရွက်လွတ်တစ်ရွက်ကို ကြည့်ပြီးငိုရှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်အတွက်ပါ။ ။

နေမျိုး
၅-၁၀-၀၅

အရုပ်ဆိုးသော ပန်းကလေး

အရုပ်ဆိုးသော ပန်းကလေး
ကမ္ဘာမြေရဲ့အဝေး တောနက်နက်ထဲမှာ
သူ့ဘာသာပွင့်နေရှာ
ဘယ်သူမှ မသိပါ။ ။

နေမျိုး
၅-၁၀-၀၅

အသံ

သတိရတယ် . . . တဲ့
ကြားလား
ကမ္ဘာမြေတစ်နေရာက အပ်ကျတဲ့အသံကလေးပါ။ ။

နေမျိုး
၅-၁၀-၀၅

ထရပ်ကားပေါ်ကသစ်သီးတွေ

ထရပ်ကားပေါ်က သစ်သီးတွေ
ဖြတ်မောင်းသွားတာ ငါမြင်မိ
ငါရပ်ကြည့်နေမိခဲ့
ထရပ်ကားပေါ်က သစ်သီးတွေ။ ။

နေမျိုး
၅-၁၀-၂၀၀၅

အလွမ်းများ

လွမ်းမိ
မင်းနဲ့ဆုံခဲ့တဲ့ အချိန်တွေ
မင်းနဲ့ဝေးနေတဲ့အချိန်တွေ
မင်းနဲ့မတွေ့ဆုံသေးမီအချိန်တွေ။ ။

နေမျိုး
၅-၁၀-၀၅

ကြိုးဝိုင်း

လက်ဝှေ့ကြိုးဝိုင်းထဲမှာ
လူနှစ်ယောက်
အိပ်စက်လို့ နှစ်နှစ်ခြိုက်ခြိုက်။ ။

နေမျိုး
၂၅-၁၀-၀၅

အဖေသို့

ကျွန်တော် ထမင်းစားပြီးပြီ
ဆင်ခြင်တုံတရားနဲ့ သုညကို ရိုက်ခွဲပြီးပြီ
သော့ခလောက်ကြီးကြီးတစ်ခု ၀ယ်ပြီးပြီ
နေကောင်းပါတယ်အဖေ။ ။

နေမျိုး
၁၃-၁၁-၀၅

သူအိုလင်မယား

လမင်းကထိန်လို့
ညထဲ မိုးတိမ်တွေ တရွေ့ရွေ့
လေညင်းကတသုန်သုန်
တံခါးရွက်ကတကျည်ကျည်မြည်
သစ်ရွက်တွေ တရှဲရှဲ
အိပ်ရာထဲမှာ ဆီးဟောင်းအနံ့ ။ ။

နေမျိုး
၁၃-၁၁-၀၅

အမည်မဲ့

ကျွန်တော့် ဖောင်တိန်ထဲက စကားလုံးတစ်လုံး
ထွက်ပြေးသွားတယ်
ကဗျာဘယ်လိုရေးရမယ်
ခုထိသူ့ကိုမတွေ့ပါဘူးကွယ်
ကျွန်တော် စိတ်ပျက်တယ်။ ။

နေမျိုး
၁၃-၁၁-၀၅

ညရထားနဲ့ အမှောင်ထဲ ခရီးသွားစဉ်
ဟိုးဝေးဝေးမှာ မြင်ရတဲ့
မီးရောင်ကလေး
တဖြည်းဖြည်းဝေးကွာ ကျန်ရစ်ခဲ့တယ်။ ။

နေမျိုး
၁၃-၁၁-၀၅

မိုးရွာနေချိန်

မိုးသားတိမ်တိုက်ကြီးဟာ
လမ်းပေါ်ကိုရောက်လာ
ငါတို့သူ့ကို မမှတ်မိတော့ပါ။

နေမျိုး
၁၃-၁၁-၀၅

ငါးနဲ့ကြောင်

မင်းဘာကြောင့် ငါးကို မစားတယ်
သြော်. . . သံယောဇဉ်ဟာ ဆန်းကြယ် ။ ။

နေမျိုး
၁၃-၁၁-၀၅

ငါ့အိမ်နားက အဘွားအို

ဘုရားစင်ရှေ့မှာ ပုဆစ်တုပ်
နှုတ်မှတတွတ်တွတ်ရွတ်ဆို
အဘွားအိုဟာ ဘုရားရှိခိုးစာတွေကိုမေ့ပေါ့
ဥာဏ်ထိုင်းလေတော့
ဘယ်တော့မှ စလယ်ဆုံးကို
မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ
ဘုရားရှင်ခွင့်လွှတ်တော်မူပါ။ ။

နေမျိုး
၁၃-၁၁-၀၅

သစ်ပင်အောက်က ကလေးငယ်များ

ငါမြင်နေရ
သစ်သီးထဲက သစ်ပင်ကလေး
အဲဒီသစ်ပင်အောက်မှာ
ပျော်ပျော်ရွှင်ရွှင် ဟစ်အော်ဆော့ကစားနေကြ
ကလေးငယ်များ။ ။





နေမျိုး
၂၀၀၅-၁၁-၀၃

Sunday, January 13, 2013

၅ကောင် ၁ကောင် ချိန်းရိုက်ပွဲ ◄ဟံလင်း►

ဒီကောင်တွေမှာက
ဘေ့စ်ဘောတုတ်နဲ့
ဂေါက်တံနဲ့
သံလက်သီးနဲ့
နှံချပ်ကူနဲ့
ချိန်းကြိုးနဲ့

ငါ့မှာက
ကွာလတီမဂ္ဂဇင်းနဲ့ ။ ။


ဟံလင်း
၁၈ . ၂ . ၂၀၁၂
ရန်ကုန် ၊ မြန်မာ

All About My Wife (Review) ◄ဇွဲလွင်►



All about My Wife
Directed by- Min Kyu Dong
Written by- Heo Sung-Hye, Min Kyu Dong
Starring- Im Soo-Jung, Lee Sun-Gyun, Ryoo Seung-Ryong

ကိုရီးယား ရုပ်ရှင်တွေနဲ့ အနည်းငယ် ဝေးကွာသလို ဖြစ်နေပေမယ့် ကြည့်မိလိုက်ရတဲ့ ဇာတ်ကားတစ်ကားက မမျှော်လင့်ထားပဲနှင့် စိတ်ကို ထိရှနိုင်ခဲ့တာကြောင့် ရေးမိသွားခြင်းဖြစ်ပါတယ်။ အချစ်ဟာသ ရိုမန့်လေးပါပဲ လို့ ခပ်ပေါ့ပေါ့တွက်ဆထားသော်လည်း ဇာတ်ဆောင်မင်းသမီးရဲ့ အဆိုးမြင်ဝါဒီ ပွစိပွစိ စရို်က်ကလေးက ချစ်စရာကောင်းလွန်းလို့ပဲ  ဒီကားကြည့်ရတာ တော်တော်တန်သွားခဲ့ပါရဲ့။

English Vinglish Review ◄ဇွဲလွင်►





English Vinglish  ရုပ်ရှင်ဟာ အိန္ဒိယ ရုပ်ရှင်ကားတွေကို အဆိုအက များလွန်းတယ်ဆိုကာ အကြောင်းပြချက်နဲ့ ဝေးကွာနေလေ့ရှိသူ့ ကျနော့အတွက် အိန္ဒိယရုပ်ရှင်တွေဘက်ကို ပြန်လည်ဦးလှည့်မိစေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ရုပ်ရှင်ချစ်ပရိတ်သက်တွေကြားမှာ အကြီးအကျယ်ပေါက်ခဲ့တဲ့3 idiots တို့လို့ Every Child is special တို့လို့ ပညာရေးဘက်ကို ဦးတည်ထားတဲ့ ဖြစ်ကားဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် တော်တော်လေး ကွဲပြားမှုတွေရှိခဲ့ပါတယ်။ အိန္ဒိယမှာတင်မက တစ်ကမ္ဘာလုံးမှာ အမေ့လျော့ခံနေရသလားလို ယူဆရတဲ့ မိခင်အိမ်ထောင်ရှင်မတို့ရဲ့ ခံစားချက်တွေ၊ တန်းတူညီမျှမှု၊ လူသားတစ်ဦးရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုတို့ကိုပါ မီးမောင်းထိုးပြနေခဲ့ပါတယ်။

Dreamgirls movie review ◄ဇွဲလွင်►




Dreamgirls
Directed by  Bill Condon
Starring-  Jennifer Hudson, Beyonce,Jamie Fox, Eddie Murphy, Anika Noni Rose
                    ဂီတရုပ်ရှင်တစ်ခု ကြည့်ရတဲ့အခါ နဂိုရုပ်ရှင်ရသအပြင် သီချင်းတွေ အဆိုအကတွေနဲ့ တင်ပြမှုကောင်းရင်ကောင်းသလောက် စွဲမက်စေတာပါ။ ကြည့်ပြီးရင်လည်း အဲဒီထဲက သီချင်းတွေက စွဲကျန်ရစ်တော့တာမို့ အပိုဆုနဲ့ ရုပ်ရှင်လို့တောင် ထင်မိပါရဲ့။ ဒီထဲက Dreamgirls ကတော့ တကယ့်အဆိုကောင်းတဲ့ သရုပ်ဆောင်ကောင်းတဲ့ အဆိုတော်သရုပ်ဆောင်တွေကိုယ်တိုင် ပညာခန်းပြတဲ့ သီချင်းတွေကောင်းကောင်းတွေကို အားရပါးရဆိုပြထားကြတာမို့ အစအဆုံး ချောကလက်လောင်းထားသလို ဖီလင်မျိုးနဲ့ပါပဲ။

The holiday ကိုခံစားကြည့်ခြင်း ◄ဇွဲလွင်►














တကယ်တော့ လူတစ်ယောက်ကို နှလုံးသားနဲ့ ရင်းပြီး ချစ်မြတ်နိုးရတာရော ၊ နောက်ကိုယ့်ဘဝထဲမှာ ကနေ ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ရတာရောမှာ သတ္တိလိုအပ်ပါသည်။
         ချစ်မြတ်နိုးရသော ကိစ္စမှာ ဒီလူက ကို်ယ့်အပေါ်နာကျင်စေမယ့်သူလား၊ ကိုယ့်အပေါ်နားလည်ကြင်နာနိုင်မယ့်သူလား မသေချာပဲ ကိုယ့်ဘဝတစ်ခုလုံးအတွက် အဖော်မွန် ဖြစ်နိုင်ကောင်းပါရဲ့ ဟူသော မျှော်လင့်ချက်လေးတစ်ခုကို ယုံစား၍ ပုံအော လို်က်ရတာ ဖြစ်သည်။ ဒီလူကို ချစ်လိုက်ရပြီဆိုတာနှင့် ကိုယ်က တခြားသူများထက်ပိုကာ သူ့အပေါ် အခွင့်အရေးတွေ ပိုပေးခဲ့ရပြီ။ နီးစပ်မှုတွေရှိခဲ့ရပြီ။ ကိုယ်ရဲ့ ကောင်းမွန်သော အရာများကိုသာမက အားနည်းချက် အပုံအပင်ကိုပါ သူက ရင်းနှီးသိရှိလာမည်ဖြစ်သည်။ ဒီတစ်လောကလုံးရှေ့မှာ ကိုယ်က မာကြောပြနိုင်သော်လည်း သူ့ရှေ့မှာဖြင့် ကိုယ်က ထိခိုက်ခံစားလွယ်ခဲ့ရပြီ။ ဒီလိုအဖြစ်မျိုးကို လက်ခံပြီး ရှေ့ဆက်တိုးဖို့ သတ္တိက အမှန်တကယ် လိုအပ်လေသည်။

စောင့်ခဲ့ရတဲ့ The hours ◄ဇွဲလွင်►


လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်း က ဒီရုပ်ရှင်အကြောင်း မဂ္ဂဇင်းတွေထဲ ဖတ်ခဲ့ရတယ်။ အဲဒီကတည်းက စွဲစွဲလမ်းလမ်းကြည့်ချင်ခဲ့ရတာပါ။ ခုမှပဲ ဒီကားကို တွေ့ ဖြစ်တော့တယ်။ တွေ့ပြန်တော့လည်း ဖိုင်နယ်ဖြေနေတဲ့အချိန်ဆိုတော့ မကြည့်ရဲသေးပြန်ဘူး။ စာမေးပွဲ ပြီးတဲ့နေ့  ဒီနေ့မှာပဲ ကျနော် ကြည့်ဖြစ်တယ်။ ကြည့်ရတာလဲ နည်းနည်းတော့လန့် တယ်။ သူတို့ဆီမှာ နာမည်ကြီးနေတဲ့ တချို့ ကားတွေက ကျနော်လုံးလုံး နားမလည်နိုင် ခံစားလို့ မရနိုင်ဖြစ်နေတတ်တာကိုး။ ဒီကားလေးကတော့ စဖွင့်ဖွင့်ချင်းမှာပဲ သေချာတယ် ငါအစအဆုံးကြိုက်မှာပဲ လို့ သေချာသွားပါတယ်။

ဟိုဘက်အိမ်က ချစ်စရာကောင်မလေး သို့ မဟုတ် The Girl next door ◄ဇွဲလွင်►


The hours လို ခံစားချက်ပြင်းပြင်း ဇာတ်ကားအကြောင်း ပြောပြီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်မြူးလေး တစ်ကားအကြောင်း ပြောပြချင်ပါတယ်။ အချစ်နဲ့ ပတ်သက်လို့ ဘယ်လောက်ထိ စွန့်စားနိုင်လဲ၊ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်နိုင်သလဲလို့ ဒီကားလေးက မေးခွန်းထုတ်ထားသလိုပါပဲ။ ဒီကားလေးက ကျနော် ကြည့်ခဲ့တာ ကြာလှပြီဆိုတော့ တချို့ အချက်လေးတွေ လွဲချော်နေမလားလို့လည်း စိတ်ပူနေမိပါတယ်။  The Girl next door က  adult film star မင်းသမီး တစ်ယောက်နဲ့  စာကြမ်းပိုးလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါ ။ မျက်လုံးပြူးမသွား ကြပါနဲ့ ဗျာ။ ဒါရိုက်တာက ပညာသားပါပါနဲ့ ရိုက်ထားလို့ မြန်မာမျက်စိနဲ့ တောင်မှ သိပ်မရိုင်းတာ တွေ့ ရပါမယ်။
                    ဒီကားလေးက ပုရိသတွေတော်တော်များများ ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ မင်းသမီး Elisha Cuthbert က ညှို့ အားလဲပြင်း ချစ်စရာလဲကောင်းသကိုး။ မင်းသားက Emile Hirsch ပါ။ စာကြမ်းပိုး Matthew နေရာက သရုပ်ဆောင်ထားပါတယ်။

ဟစ်စထွီထဲမှာ ဂျက်ကိုထားရစ်ခဲ့

စာပေအနုပညာသုခုမတည်းဟူသော ဘာသာရပ်အပေါ်၌ ကျွန်ုပ်ဆရာကြီးဂျက်ကဲ့သို့ပင်ကြိုးစားဖတ်ရှုပြုစုရေးသား ဈာန်ဝင်စားလျက်ရှိကြကုန်သည့် ကျွန်ုပ်၏ ရေးဖော်တွေးဖော် ဆွေးဖော်အပေါင်းတို့အား လက်ဦးမဆွ ကျွန်ုပ်မေးထည့်ချလိုက်ချင်သော မေးခွန်းမှာကား ခင်ဗျားတို့တစ်တွေ ဘယ်အချိန်လောက်ကတည်းက ဖြစ်နေကြပြီလဲဟူသော မေးခွန်းပင်တည်း။ မှန်ချေသည်။ စကားပြောသောအခါ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဘွင်းဘွင်းကြီးပြောချတတ်ချေသော အကျွန်ုပ်က သို့ကလိုသာလျှင် ဘွင်းဘွင်းကြီးတုတ်ထိုးအိုးပေါက် မေးထည့်လိုက်ချင်တော့ပါသည်။ ခင်ဗျားတို့တတွေ ဘယ်အချိန်လောက်မှာတုန်းက ဖြစ်နေကြပါပြီလဲ။

Saturday, January 12, 2013

အဖြူ၊အပြာတွေ ပွင့်ကျနေတဲ့ အတိတ်





အဆောင်က ထွက်လာတော့ ၇နာရီခွဲပြီ။ ဒီဇင်ဘာ၏ မန္တလေးနံနက်ခင်းသည် အေးစိမ့်မှုန်သီစွာ မျက်မှောင်ကုပ်ထားသည်။ ဂျာကင်ဇစ်ကို ခပ်တင်းတင်းစေ့ထားသော်လည်း ရှူသွင်းလိုက်သောလေထုထဲတွင် ဆောင်း၏ရနံ့ကို ဖမ်းမိနိုင်သည်။ နှာသီးဖျားထိပ်တို့က ထုံကျဉ်နေ၍ လက်ဖြင့် မကြာခဏသပ်သပ်ပေးရသည်။ ၂၆လမ်းမကြီးပေါ်မှာ ကားအသွားအလာသိပ်မရှိသေး။ စည်ပင်အကျီင်္ဝတ်ထားသောအဒေါ်ကြီးများက တံမြက်စည်းကိုကိုင်လျက်၊ အမှိုက်ပုံးကိုဆွဲလျက်။ အိပဲ့အိပဲ့ချက်ပလက်ကြီးကိုကျော်ရန် အအေးဓာတ်ကို မမှုဟန်ပြု၍ လီဗာကိုတင်လိုက်သည်။ ကားပေါ်မှာတော့ ကျွန်တော့်လို ယူနီဖောင်းတွေနှင့်။  နန်းရှေ့၆၆လမ်းကို ချိုးကွေ့အပြီး လမ်းမတစ်လျှောက်မျှော်ကြည့်မိ၏။ မန္တလေးတောင်ကြီးကား နှင်းမှုန်မှုန်မကွဲတကွဲကြားမှာ ထီးထီးတည်လျက်။

တောင်ခြေလမ်းလေးအတိုင်း ပတ်စီးလာပြီးမကြာခင် ကျောင်းကိုရောက်သည်။ ဂိတ်ဝမှာ ဆိုင်ကယ်ကိုဆင်းတွန်းရင်း၊ ကျောင်းသားကဒ်ကိုမြင်သာအောင် ထုတ်ဆွဲရင်း ၊ ကျွန်တော်ဖတ်ဖူးမှတ်ဖူးစိတ်ကူးခဲ့ဖူးသော တက္ကသိုလ်ရဲ့အရသာဆိုတာ ဒါများလားဟု ဆန်းစစ်ကြည့်မိသည်။ ကြာကြာစဉ်းစားချိန်မရ။ ဆိုင်ကယ်အပ်သည့်နေရာမှ ကိုယ့်အခန်းဆီရောက်ဖို့ ၁၀မိနစ်ခန့် လျှောက်ရဦးမည်။ ပထမဆုံးအချိန်က Physics ။ ၈နာရီ၁၅မိနစ်တွင် စမည်။ လုံးဝနောက်ကျလို့မဖြစ်။ ဆရာမက သူအတန်းထဲရောက်ရောက်ချင်း roll call ခေါ်တတ်သည်။ သူ့ထက်နောက်ကျမှ ၀င်လာလျှင်မပေး။ ဆယ်တန်းတုန်းကတော့ ငါတက္ကသိုလ်ရောက်ရင် လွတ်လွတ်လပ်လပ်စာသင်နိုင်မည်။ အနည်းငယ်အတန်းနောက်ကျလျှင်လည်း ဘာမှမဖြစ်နိုင်ဟု တွေးခဲ့မိပုံတွေ ပြန်စဉ်းစားရင်းပြုံးမိလာသည်။ "မောင်ဟိန်း၊ ဘာတွေပြုံးနေတာလဲဟ" .. အသံကြားလို့လှမ်းကြည့်လိုက်တော့ ထင်ကျော်ဦး၊ အားလုံးက ထင်ကြီး လို့ပဲခေါ်သည်။ ကျောင်းတက်တာ တစ်လစွန်းစွန်း၊ မေဂျာခွဲပြီးတာ တစ်လခွဲခန့်ဆိုတော့လည်း သူငယ်ချင်းတွေရလာသည်။ မေဂျာတွေမခွဲခင် အားလုံးပေါင်းပြီးတက်ရသည့်အတန်းတွေမှာ ခင်ခဲ့တဲ့သူတွေလည်း မေဂျာခွဲတော့ တချို့ပြန်ပါလာသည်။

သဘောကျဖို့တော့ကောင်းပါသည်။ Electronic and Communication ပထမနှစ်အတန်း(အတိုကောက်တော့ 1GEC အတန်း)လို့သာပြောသည်။ ပန်ကာတွေက တစ်ခုမှမလည်၊ ဆောင်းတွင်းကကိစ္စမရှိ၊ မန္တလေးမြို့သည် အမြဲဆောင်းတွင်းဖြစ်နေမှာမဟုတ်။ မီးချောင်းတွေက နှစ်ချောင်းကြီးများတောင် လင်းသည်။ စာသင်ခန်းသည် အမြဲလင်းကျင်းနေမှာမဟုတ်။ ရာသီဥတုအုံ့မှိုင်းသောအခါများတွင် မည်သို့စီစဉ်မည်မသိ။ ထားပါ။ ကျောင်းသားအများစုသည် အထက်တန်းကျောင်းက ပုံစံများအတိုင်း သွားလာနေထိုင်ပြောဆိုကြသည်။ ကျွန်တော်က သဘောမကျ၊ လွတ်လွတ်လပ်လပ်နေချင်သည်။ သည်အချက်ကြောင့်လည်း ကျွန်တော့်တွင် ၀ါသနာတူ၊စရိုက်တူ၊ပေါင်းရသင်းရအဆင်ပြေသော သူငယ်ချင်းအသစ်များရရှိခဲ့လေသည်။ ပျော့ပြောင်းနူးညံ့စိုစွတ်သော ရွှံ့တို့မှာ အလွယ်တကူပုံသွင်းယူနိုင်သော်လည်း မာကျောခြောက်သွေ့သောမြေစိုင်ခဲတို့မှာ အလွယ်တကူပုံသွင်းမယူနိုင်။ ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် မြေစိုင်ခဲများသာဖြစ်သည်။ ကျောင်းသားအများစုမှာ ပုံစံခွက်အတွင်းနှစ်လိုဟန်ရှိသော်လည်း ကျွန်တော်တို့မှာ ကျောင်းလာချိန် ခေါင်းငိုက်စိုက်ချတုန်း၊ ယူနီဖောင်းကိုခပ်ညစ်ညစ်ဝတ်တုန်း၊ စာသင်ချိန်အတွင်း တာရာမင်းဝေဖတ်တုန်း၊ ရော့ခ်သီချင်းများအပေါ် ရူးသွပ်မက်မောတုန်း။ ပုံစံခွက်နှင့်အသားမကျ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် နေ့စဉ်ကျောင်းလာ၊ roll call ယူ၊ အတန်းတက်၊ ဒီပုံစံခွက်ကိုမကြိုက်။ ကျွန်တော်တို့အများစုမှာ နယ်မှလာသူတွေ။ မန္တလေးမြို့ကိုရောက်တာ နှစ်လပင်မပြည့်သေး။ လည်ချင်ပတ်ချင်သည်၊ စူးစမ်းလေ့လာချင်သည်၊ ရူးချင်မူးချင်သည်၊ စာသင်ရတာကလွဲလျှင် တက္ကသိုလ်ကျောင်းသားအရသာခံစားချင်သည်။ ထိုသို့မျှော်လင့်နေစဉ်မှာပင် သတင်းကောင်းတစ်ခုကြောင့် ခေါက်ရိုးကျိုးနေ့ရက်များထံမှ ကျွန်တော်တို့သူငယ်ချင်းတစ်စု ထွက်ပြေးလွတ်မြောက်ခဲ့ရလေသည်။

"ဇန်န၀ါရီလထဲမှာ ငါတို့ EC က မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတယ်ဟေ့"
ဒီသတင်းကို ကြားတော့ ကျွန်တော်တို့စိတ်ဝင်စားသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပွဲမှာ သီချင်းပါမည်၊ ပြဇာတ်ပါမည်၊ သံချပ်ပါမည်၊ King,Queen ရွေးပွဲပါမည်၊ ဂိမ်းကစားပွဲများပါမည်၊ သည်ပွဲမှာ ပထမနှစ်ကျောင်းသားများအဖြစ် ကျွန်တော်တို့တစ်ခုခုလုပ်ချင်သည်။ နေ့လည်အတန်းနားတော့ BEတန်းမှ အကိုကြီးတွေ၊အမကြီးတွေရောက်လာသည်။ သူတို့က အသေးစိတ်ပြောပြသည်။ "ငါ့ညီတို့ထဲက တီးဝိုင်းတစ်ဝိုင်းရနိုင်မလား" ။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရပြီ၊ ဖြစ်မလားပေါ့။ ကိုလွင်မိုးသူဆီမေးငေါ့သည်။ Reapter ကျောင်းသား။ မနှစ်ကလည်း သူပဲတီးသည်ဟုကြားသည်။ သည်တော့ သူ့သာပုံချလိုက်သည်။ သူက အတူတူကျောင်းတက်လာတာ တစ်လကျော်ပြီဆိုတော့ ရလောက်မည်ထင်သည့်လူတွေကိုမေးသည်။

 "မောင်ဟိန်း..ရတယ်မလား။ ဘာချမလဲ။"
 "အင်း..ရလောက်ပါတယ်။ ကျွန်တော်ဘေ့စ်ပဲချပါ့မယ်"
"ဖြိုးငြိမ်းရော" "သီချင်းပဲဆိုမယ်ဗျာ"
"ဒရမ်က...မြတ်ကို၊ မင်းဖြစ်မလားဟေ့ကောင်၊ လေ့ကျင့်ချိန်ရှိပါသေးတယ်ကွ၊လုပ်လိုက်ကွာ၊ အပျော်ပေါ့" "ကီးဘုတ်လိုနေတယ်၊လုပ်ဦးဟ" ကိစ္စမရှိ၊ ဖြိုးငြိမ်းက သူမဆိုတဲ့အချိန်တီးပေးမည်။ ဆိုရင်းတော့ မတီးနိုင်ပါတဲ့။ တယောသမားလည်းရှိသည်။ ဘရန်ဆိုင်း။ "အိုကေ၊ ဒါဆိုရပြီ" ဟုလူရွေးပွဲပြီးသွားတော့သည်။

စာရင်းချုပ်သော် -

ကိုလွင်မိုးသူ - Lead Guitar
(ဂိမ်းသမား၊ အရက်နံ့ရလျှင် ဘာကိုမှအာရုံမစိုက်နိုင်၊ ခေါင်းမူးတတ်သူ၊ သူ့အိမ်က အရက်ဆိုင်ဖွင့်ထားသဖြင့် မိဘများ၏အလိုအရ ပယောဂဆရာထံတွင် အရက်မတည့်ဆေးထိုးထားသူ။ ထိုဆေးကြောင့် အရက်နံ့ကိုမခံနိုင်ဟုဆိုသည်။ ဟုတ်မဟုတ်တော့မသိ။ သူကိုယ်တိုင်လည်း အရက်ကိုစနစ်တကျရှောင်ကြဉ်သူဖြစ်သည်။)

မြတ်ကို - Drummer
(ရိုးရိုးဆေးပေါ့လိပ်ကို မျက်လုံးများမှေးစင်းဖွာရှိုက်ပြပြီး ဟိုဟာပါတာလိုလို၊ ဒီဟာထည့်ထားတာလိုလို လူရှိန်အောင်သရုပ်ဆောင်တတ်သည်။ သဘောကောင်း၍နှစ်လိုဖွယ်ရှိသည်။ ဂီတကို လမ်းကြုံစိတ်ဝင်စားသည်။)

ဘရန်ဆိုင်း - Violin
(အသင့်ရေးထားသော ရည်းစားစာများကို ဆောင်ထားလေ့ရှိသည်။ သူ့တယောလိုပင် အသံက ချွဲချွဲနွဲ့နွဲ့။ ဘုရားကျောင်းတွင် သင်တန်းလက်ထောက်ဆရာ။ ပဲနည်းနည်းများသည်မှလွဲ၍ ပေါင်းလို့သင်းလို့ရသည်။)

မောင်ဟိန်း - Bass Guitar
(လူစုံလျှင် သောက်ကြစို့ဟု ဆော်သြတတ်ပြီး အားလုံးဒေါင်းသွားချိန်တွင် ယောင်ချာချာကျန်ခဲ့လေ့ရှိသူ၊ အရှိုက်ကို အွတ်ခနဲမြည်အောင်ထိုးလိုက်သောလက်သီးလို ၀ရုန်းသုန်းကားပြောတတ်သော်လည်း ကျေနပ်လောက်အောင်ချော့မော့လျှောချတတ်သည်။ ဘာကိုမှ သေချာမသိသော်လည်း ဟိုယောင်ယောင်ဒီယောင်ယောင် ကျွမ်းကျင်အဆင့်။)

ဖြိုးငြိမ်း - Keyboard
(ဖဲရှုံးလျှင် ကျောင်းမလာတတ်။ တစ်နေကုန်အိပ်တတ်သည်။ ဖဲကိုစီးပွားရေးလုပ်ငန်းတစ်ခုလိုအောင်မြင်အောင် စွမ်းဆောင်နိုင်သူ။ အနိုင်များသောနေ့များတွင် သူငယ်ချင်းအားလုံးကို စိတ်ကြိုက်ခွဲဝေသုံးစွဲခွင့်ပြုသူ၊ ဘရန်ဆိုင်းနှင့်တွေ့လျှင် ဖွန်ကြောင်ကာ၊ လွင်မိုးသူနှင့်တွေ့လျှင် ဂိမ်းနှိပ်ပြီး၊ ကျွန်တော်နှင့်တွေ့လျှင် အရက်သောက်တတ်သူ။ ဆေးစက်ကျရာ(အရုပ်ထင်မဟုတ်) ညစ်ပတ်သည်။

ဌေးကြီး - Second Lead
(လူလိုသဖြင့် MP မေဂျာမှ ခေါ်ထားရသူ။ လွင်မိုးသူ၏ သူငယ်ချင်း၊ သူ့လိုပင်တစ်နှစ်ကျထားသည်။ မျက်မှန်ပါဝါ ၇၀၀ နှင့် Reapter ရုပ်မပေါက်သူ။ မျက်မှန်ကို လက်မဖြင့် ၁မိနစ်လျှင် အကြိမ် လေးဆယ်ခန့် တွန်းတွန်းတင်နေတတ်သည်။ အမြဲတမ်းလွမ်းလွမ်းဆွေးဆွေးမျက်လုံးများဖြင့် စာဖတ်နာသူ။)


တီးဝိုင်းအဖွဲ့ကြီးကား အောင်မြင်စွာဖွဲ့စည်းပြီးချေပြီ။ တီးဝိုင်းကိစ္စပြီးသဖြင့် အဆိုတော်ကိစ္စက ရောက်လာသည်။ အဖွဲ့သားအားလုံးဆုံပြီး တစ်ပုဒ်လောက်တီးပြလိုက်သောအခါ အကိုတွေအမတွေအားလုံးက သဘောကျကြသည်။ အဆိုတော်ရွေးမည့်ကိစ္စလည်း ညီလေးတို့ပဲလုပ်ပေးပါဟုဆိုလာသည်။ ရတာပေါ့။ စာမသင်ရရင် ပြီးရောမဟုတ်လား။
ကျောင်းရှေ့တည့်တည့်ရှိဘုရားဝင်းထဲတွင် အသံစမ်းမည်။ အကတိုက်မည်။ roll call များအား စာရွက်တစ်ရွက်ဖြင့် သီးသန့်ရေးပေးမည်။ အတန်းမတက်သော်လည်း roll call ပေးရန်ပေါ့။ အဲ့သဘောကို ရုံးစာဆန်ဆန်ရေးပြီးသကာလ ဌာနမှူးထံတင်ပြသောအခါ လုပ်ပါဟု ခွင့်ပြုချက်ကျလာသည်။ ဤသို့ဖြင့် တရားဝင်ကျောင်းပြေးခဲ့ကြလေသည်။

အမှန်မှာ ဂစ်တာတစ်လက်တည်းဖြင့် အသံစစ်၊ကီးချိန်လျှင်ရပြီ။ အတီးသမားတစ်ယောက်သာလိုသည်။ သို့သော်လက်ရှိတွင်မူ အတီးသမားအားလုံး သစ်ပင်အောက်တွင်မိန့်မိန့်ကြီးထိုင်နေကြသည်။ လွင်မိုးသူက တီး၊တစ်ယောက်ပြီးတစ်ယောက်လာဆိုပြစေ။ ထိုအချိန်က မိန်းကလေးအဖွဲ့များခေတ်ထနေရာ၊ စင်ပေါ်တက်ရတာလည်းအဖော်ရှိ၊ ကိုယ့်အသံမပြည့်တာလည်း လူမသိ ဖြစ်ရလေအောင် နှစ်ယောက်တွဲသုံးယောက်တွဲ ဆိုကြဖို့ စာရင်းပေးသူကောင်မလေးတွေများသည်။ မင်းမချစ်ရင်ကောင်းမယ်တို့(No အဖွဲ့ထင်သည်)၊ ကမ္ဘာကျော်တဲ့မင်းသားလေးလည်းမတွဲချင်ပါဘူးအစချီ(Blueberryr မှတ်သည်) တို့လို ပျင်းစရာသီချင်းများသာများသည်။

ယောက်ျားလေးတွေထဲကတော့ "ပန်ဆင်ဖို့ ပန်းလေးလိုပွင့်လန်းနေ၊ မပန်ချင်လည်းနှလုံးသားကို ခြွေလိုက်လေ"။ ဒါပဲထပ်နေသည်။ ဇော်ပိုင်သီချင်းကလည်း တစ်နိုင်ငံလုံးပျံ့နှံ့စီးဝင်ချိန်။ ဒီသီချင်းကိုပင် သုံးယောက်လုနေသဖြင့် မဲနှိုက်ပြီးရွေးပေးလိုက်ရသည်။ အားလုံးအဆင်ပြေသည်။ အမှန်အတိုင်းဝန်ခံရလျှင် ခက်ခက်ခဲခဲတီးပေးရမည့်သီချင်းတွေ မပါ။
သာမန်တွေသာဖြစ်သည်။ တကယ်တီးကြကြေးဆိုလျှင် လတ်တလောကောက်ဖွဲ့လိုက်သောကျွန်တော်တို့အဖွဲ့မှာ အဆင်မပြေနိုင်။ ဒါတောင် Korn သီချင်းဆိုချင်လို့ဟူသောငနဲအား တောင်းပန်၍ထားရသည်။

"မလုပ်ပါနဲ့ကွာ၊ တစ်ပုဒ်လုံးမပြောနဲ့ တစ်ဘားတောင်တီးလို့ရမှာမဟုတ်ပါဘူး။ ကျန်တာလုပ်ပါဟ"ဟု ဆိုလိုက်သဖြင့် သူ့ခမျာ Big Bag သတိရရဲ့လားဖြင့် ကျေနပ်သွားရရှာသည်။ အားလုံးပြီးပြီ၊ သီချင်းတိုက်ရန်သာရှိသည်။ ဒီတော့သီချင်းတိုက်ရန် ကုန်ကျစရိတ်အတွက် စီစဉ်သူများကို ပြောရပြန်သည်။ ဘတ်ဂျတ်အခြေအနေက မဆိုးလှ။ ECကျောင်းသားတစ်ဦးလျှင် ၂၀၀၀ စီကောက်သည်။ ဒံပေါက်ကျွေးမည်။ အအေးတိုက်မည်။ မြို့တော်ခန်းမမှာလုပ်မည်။ တီးဝိုင်းပစ္စည်းအပါအ၀င် ခန်းမကြေးက သိပ်မရှိ။ အအေးကလည်း "အာရှ"မှ စပွန်ဆာပေးမည်။ တုံ့ပြန်ချက်အနေဖြင့် နောက်ခံပိတ်ကားတွင် သူတို့တံဆိပ်တပ်ပေးရမည်။ သံချပ်အဖွဲ့က သူတို့နာမည်ပါ တီရှပ်များဝတ်ပေးရမည်။ ဒါပဲဖြစ်သည်။ သီချင်းတိုက်ဖို့နေရာက ၃၅လမ်းမှာ။ တစ်နာရီ ၃၅၀၀ ၊ မီးမလာလျှင် ၄၅၀၀ ၊ ဒီတော့မြို့ထဲပြန်ထွက်ရမည်။ ထို့ကြောင့်နောက်ပိုင်းရက်များတွင် ကျောင်းလာချိန်ယူနီဖောင်းမ၀တ်ကြတော့။ ဘုရားထဲလာ၊ roll call ရေး၊ မြို့ထဲပြန်ထွက်၊ သီချင်းဆိုမည့် ကောင်မလေးများကို ဆိုင်ကယ်ကိုယ်စီဖြင့်တင်ကာ ရွလျက်၊ ထလျက်၊ ကြွလျက်ရှိကြလေသည်။

သီချင်းအားလုံး ၂၃ ပုဒ်လောက်ရှိမည်ထင်သည်။ သည်လိုနဲ့ရက်က တဖြည်းဖြည်းနီးလာသည်။ ၅ရက်၊တစ်ပတ်သာလိုတော့သည်။ ဒီမှာပြဿနာကစသည်။ မျိုးသိန်းတို့ သံချပ်အဖွဲ့က ပြဇာတ်ပါတာဝန်ယူထားသည်။ အခုမှ မရဟုဆိုလာသည်။ ပြဇာတ်ကို မလုပ်နိုင်၊ရေး၍မရပါ တဲ့။ စီစဉ်သူတွေက ထည့်စေချင်သည်။ နှစ်စဉ်အစဉ်အလာလည်းဖြစ်သည်။ ပြီးတော့ဇာတ်တော်ကြီးတွေလည်းမဟုတ်။ ဟာသဖြင့် အမှားများကို ဝေဖန်ထောက်ပြစေချင်သောပုံစံဖြစ်သည် တဲ့။ သည်တော့ဘယ်သူရေးနိုင်မလဟု ဟိုပုတ်ဒီပုတ်လုပ်ရင်း ကျွန်တော့်ဆီရောက်လာသည်။မတတ်နိုင်တော့။ တတ်ယောင်ကားကျွန်တော့်မှာ သူများတွေသီချင်းတိုက်နားနေချိန် တကုပ်ကုပ်ရေးရပြီ။
 "မင်းကမအားလို့ မခေါ်တော့ဘူးနော်။ နားချိန်လေးအအေးသွားသောက်ဦးမယ်ဟ" ဟုဆိုကာ ကောင်မလေးနှစ်ယောက်စီတင်လျက်ထွက်သွားသော ဖြိုးငြိမ်းနှင့် ဘရန်ဆိုင်းကိုသာ နားရင်းတွေ ပစ်ပစ်ကျွေးချင်စိတ်တဖွားဖွားဖြစ်ရပြန်သည်။


မနက် ၇နာရီခွဲလောက်ကျောင်းကိုလာ၊ မြို့ထဲပြန်သွားသီချင်းတိုက်၊ ထမင်းစား၊ နေ့လည်ပိုင်းကျောင်းပြန်လာ၊ ဘုရားဝင်းထဲသွား၊ ပြဇာတ်တိုက်၊ ကျောင်းဆင်းချိန်ပြန်လာ၊ မြို့ထဲမှာစီစဉ်သူတွေနဲ့တွေ့၊ လိုအပ်တာတွေဆွေးနွေးကြ။ ဒီလိုနဲ့ ကျွန်တော့်မှာမအားနိုင်။ ရက်က တဖြည်းဖြည်းနီးကပ်လာတော့ ခန်းမက ၂ရက်ကြိုတင်အစမ်းလေ့ကျင့်ခွင့်ပေးသည်။ ပွဲကျင်းပမည့်ရက်က တနင်္ဂနွေဖြစ်နေသဖြင့် ကျန်မေဂျာများမှ သူငယ်ချင်းများကိုလည်း ဖိတ်စာတွေရောင်းရသေးသည်။ တခြားကျောင်းများကိုလည်း ကြေငြာထားသည်။ ကွန်ပြူတာတို့၊ တိုင်းရင်းဆေးတို့၊ ဆေးကျောင်းတို့၊ UFL တို့။

ဒီလိုနဲ့ စနေနေ့ရောက်လာ၏။ အားလုံးအခက်အခဲမရှိအိုကေ။ တီးဝိုင်းပစ္စည်းတွေလည်းစင်ပေါ်မှာရောက်နေပြီ။ နောက်ခံစာတန်းဘာညာ အကုန်ရယ်ဒီဖြစ်ပြီ။ မော်ဒယ်လ်ရှိုးအတွက် နောက်ဆုံးလေ့ကျင့်မှုလုပ်နေသော မမကြီးတွေကို ထိုင်ငေးနေလိုက်သည်။ ထိုအချိန်တွင် BEတန်းမှ ကိုဇင်ကိုကပြောသည်။"ညဒီမှာအိပ်မလား၊ငါတို့ကအိပ်ကြမှာ၊ လူနည်းနေလို့မင်းတို့လည်းအိပ်ပါလား" လွင်မိုးသူကမရ အိမ်ပြန်ရမည်။ ကျွန်တော်တို့သောက်မှာသိသဖြင့်ပြေးခြင်းလည်းဖြစ်နိုင်သည်။ ဖြိုးငြိမ်း၊ ကျွန်တော်၊ ဘရန်ဆိုင်း၊ ဌေးကြီးတို့က အဆောင်နေများမို့ရသည်။

မြတ်ကိုက အိမ်မှာနေသော်လည်း ပြောလျှင်ရမည်။ သီချင်းဆိုမည့်ထဲက ကိုဇင်ကို၊ ထင်ကြီး၊ ငချမ်း၊ ထူးမောင်၊ ဇွဲညီ အိပ်ကြမည်။ ပြဇာတ်၊သံချပ်အဖွဲ့က မျိုးသိန်းတို့၊ ပြောင်ကြီးတို့လည်းအိပ်မည်။ တကယ်တမ်းအိပ်ကြမည့်အဖွဲ့က ၁၅ယောက်လောက်ဖြစ်သွားသည်။ သည်တော့ ကိုဇင်ကိုက နည်းနည်းအင်တင်တင်။ "ခန်းမမှူးက ရပါ့မလားမသိဘူးကွ၊ သူ့ကိုခွင့်တောင်းရမှာ သူကအိပ်ဆိုအိပ်ကြတာပေါ့"

ခန်းမမှူးဆီ ကျွန်တော်အပါအ၀င် ၄ယောက်လောက်ချီတက်ကြ၏။ သူ့ရုံးခန်းထဲဝင်ပြီး ဒီညခန်းမမှာ ၁၅ယောက်လောက်အိပ်မည့်အကြောင်းပြောလိုက်သည်။ ခန်းမမှူးက ဘာမှမပြော၊ တစ်ခွန်းတည်းမေး၏။ "မင်းတို့သောက်မှာလား"။ ကျွန်တော်တို့မှာမဖြေနိုင်ပြီ။ သောက်လျှင်မအိပ်ရဟူသည့်လေသံ။ အခုအိပ်မည့် ၁၅ယောက်မှာ ၁၅ယောက်လောက်က အသောက်သမားတွေဆိုတော့ အဖြေကားရှာသည်၊မတွေ့ဟုပင်ဆိုရမလိုလို။ သူကဆက်ပြောသည်။ "မင်းတို့သောက်မယ်ဆို ဒီမှာပဲသောက်ကြ၊ အပြင်မထွက်နဲ့လို့ပြောမလို့ပါ။ ၁၅ယောက်တောင်ဆိုတော့ တစ်ခုခုဖြစ်မှာစိုးလို့"။ ကျွန်တော်တို့မျက်လုံးများမှ တဖျတ်ဖျတ်လင်းလာသောအရောင်သည် မြို့တော်ခန်းမကြီးတစ်ခုလုံး၏ လင်းထိန်နေသော မီးအလှများကို ကျော်သွားမတတ်ပင်။

မျှော်လင့်ချက်ကြီးလွန်းလျှင် အချိန်တို့ကုန်ခဲလှ၏။ ပုလင်းသွားဝယ်သောကိုဇင်ကိုတို့မရောက်သေး။ ကျွန်တော်တို့မှာ ခန်းမအတွင်းရှိရှေ့ဆုံးတန်းဆိုဖာများပေါ်တွင်ထိုင်လျက် စင်အနောက်ခံကားလိပ်ကြီးကိုလည်းကောင်း၊ စင်ပေါ်တွင်ခင်းထားသော ကတ္တီပါကောဇောကြီးကိုလည်းကောင်း၊ စင်ရှေ့တွင် ထိုးထားသော အလှပန်းအိုးကြီးများကိုလည်းကောင်း စိတ်ကူးတည့်ရာငေးမောလျက် ကားသံကိုသာစောင့်မျှော်နေမိကြ၏။ များမကြာမီပင် မြို့တော်ခန်းမ၀င်းအတွင်းသို့ ကားဝင်လာသံကြားရလေသည်။

ပစ္စည်းများအားအပြေးအလွှားချသောအခါ Grand Royal ၀ီစကီရွှေပတ် ၁၀တောင့်၊ Mandalay 12years Rum ၅တောင့်၊ မြန်မာဘီယာ ၁ဖာ၊ အာရှပင်မှည့် ၂ဖာတို့ကို အားပါးတရတွေ့ရလေသည်။ အမြည်းမှာလည်း စုံစွာ။ ငါးသံပုရာပေါင်း၊ကြက်ကင်မှသည် နေကြာစေ့၊ဦးဦးမရမ်းပေါင်းအထိ။
မှန်လေးမှန်နှင့်ကိုက်ညီလေပြီ။ အချိန်မှန်၊ လူမှန်၊ နေရာမှန်၊ ပစ္စည်းမှန်။

ဇာတ်လမ်းကားအသေးစိတ်စရာမလိုတော့။ ရုပ်ရှင်တွေထဲကလို ၂နာရီခန့်ကြာသော်ဟု စာတန်းထိုးရမည်လားမသိ။ ၀ီစကီတို့မှာပြောင်ပြီ။ ရမ်တို့ကိုလည်းဖွင့်နေပြီ။ ပလပ်ကျွတ်သလိုလို၊ ခဲလွတ်သလိုလို၊ ဆားကစ်ပျက်သလိုလို အမူအရာများကိုလည်း စတင်တွေ့ရှိရလေ၏။ ဤနေရာတွင် အထူးဧည့်သည်တော်ကြီးအား မိတ်ဆက်ပေးလို၏။ အခြားမဟုတ်။ ခန်းမမှူးပင်။ "အပြင်သွားသောက်ရင်တစ်ခုခုဖြစ်မှာစိုးလို့"ဟူသော စကားသည် သူပါရောယောင်၍ သောက်ချင်သဖြင့်လီဆယ်ကြောင်းသိရသော်လည်း အသိနောက်ကျလေပြီ။ အပြစ်တင်စကားလည်းမဆိုရက်။ အရက်သည် အသောက်သမားအချင်းချင်း အလွန်အမင်းချစ်ခင်ရင်းနှီးစေသည်မဟုတ်ပါလော။ ခန်းမမှူးမှာ အခံလည်းရှိထားပုံရသည်။ ခဲလွတ်သည့်အဆင့်မဟုတ်၊ ဒိုင်အုပ် လဲရမည့်အခြေအနေဖြစ်နေလေသည်။ စတိတ်ရှိုးတွင်သုံးသော အပေါ်ပင့်မီးများ၊ မာကျူရီမီးများကို ထဖွင့်သည်။ ငါ့ညီလေးတွေ ခြင်ကိုက်နေမှာစိုးလို့ ဟူသောစကားဖြင့် ကျွန်တော်တို့မှာ မျက်နှာများပူစပ်ပူလောင်ဖြင့် ခွက်ကိုမော့ရလေ၏။

ထိုအချိန်တွင် စတိတ်စင်ဘေး၊ အ၀တ်လဲခန်းအတွင်းမှ ခွမ်းခနဲကြားလိုက်ရာ ကျွန်တော်တို့အပြေးအလွှားသွားကြည့်လေသည်။ အ၀တ်လဲခန်းအတွင်းမှ ဘိုထိုင်အိမ်သာပေါ်တွင် မြတ်ကိုမှာ ငုတ်တုတ်ကြီးထိုင်လျက်၊ အီးပါရင်းအိပ်ပျော်နေသည်။ အိမ်သာတံခါးက မပိတ်၊ ဘိုထိုင်ခွက်ရေကန်အဖုံးမှာ နံဘေးကြမ်းပြင်တွင်ကြေမွလျက်။ မျက်နှာကို အိမ်သာရေနှင့်ပက်လိုက်မှ အူကြောင်ကြောင်ဖြင့် ထသွားဖို့လုပ်သည်။ တံခါးကို အမြန်တွန်းပိတ်ပြီး "ဟေ့ကောင်၊ မင်းအီးပါနေတာမလား၊ မထွက်ခဲ့နဲ့၊သေချာလုပ်ပြီးမှထွက်ခဲ့"ဟုအော်ရသည်။ စိတ်ချရအောင်အပြင်က ကလန့်ထိုးထားလိုက်၏။ ပြောင်ကြီးကိုလည်းကြည့်ပါ။ ဆိုဖာပေါ်တွင် စက္ကူတစ်ရွက်ကိုလုံးချေမွ၍ ပစ်ထားသလို ခွေခေါက်စုတ်ပြတ်နေ၏။ အသက်မှရှိသေးရဲ့လားဟု အတွေးဖြင့် အနားကပ်ခါမှ ခြင်အပေါင်းတို့သည် ခိုအုပ်ကြီးထပျံသလို ၀ုန်းခနဲပြန်သွား၏။
သနားသောအားဖြင့် နံဘေးရှိထောင်ထားသော ဖယောင်းပုဆိုးလိပ်ဖြင့် ပတ်ပေးခဲ့ရလေသည်။

စတိတ်စင်ပေါ်ပြန်ထွက်လာတော့ ကိုဇင်ကိုတို့က ရမ်နောက်တစ်လုံးထပ်ဖွင့်ပြီ။ ခန်းမမှူးကား ဒရမ်ရိုက်နေ၏။ ည ၁၁နာရီခန့်၊ ဟောခန်းကြီးထဲတွင် အမူးသမားတစ်ယောက်၏ ဒရမ်လက်သံကိုနားထောင်ဖူးပါသလော။ ကျွန်တော်တို့လည်း နားဒုက္ခကိုမေ့လျော့စေရန် ရမ်နောက်တစ်လုံးဖွင့်၏။ ဘီယာတစ်ဖာမှာ ၃လုံးလားကျန်တော့သည်။ ငချမ်းကားလက်ဖက်သုပ်ပန်းကန်ကို ကတ္တီပါကောဇောကြီးပေါ် မှောက်ပစ်လိုက်သည်။"ငါ့ကို ခွင့်မလွှတ်ပါနဲ့ သူငယ်ချင်းတို့ရာ"ဟု အော်ပြီး ခြင်ဆေးခွေများကို ၀ါး၏။ ဖြိုးငြိမ်းက စိတ်တိုသဖြင့်နံဘေးရှိ ဟော်လိုဂစ်တာတစ်လုံးကိုလွှင့်ပစ်လိုက်၏။ ဌေးကြီးက ကြိုးနှစ်ချောင်းပြတ်သွားသောဂစ်တာကို ပြန်ကောက်ရင်း"မနက်ကျလိုသေးတယ်ဟ၊ကြိုးဝယ်ချိန်မရနိင်ဘူး"ဟု ဆိုကာ နောက်ခံကန့်လန့်ကာတွင်စာလုံးများစီ၍တန်းထားသောစတီးကြိုးများကို သွားဖြုတ်သည်။ အရက်ဝိုင်းဆီပြန်အလာတွင် ငါးသံပုရာပေါင်းပန်းကန်ကိုနင်းမိသဖြင့် အရိုးစူး၍ပြေးရာ ဆောင်းဘောက်ကိုဝင်တိုက်၍မျက်မှန်ကွဲ၏။ ဇွဲညီက ထူးမောင်အားဆေးလိပ်တောင်းရာမပေးသဖြင့် ဘီယာဖြင့်လှမ်းပက်၏။ ထူးမောင်မှာ ပြန်မလုပ်နိုင်၊ ပေပွနေသော အန်ဖတ်တို့ကိုသာ ကတ္တီပါကောဇောကြီးဖြင့် ပွတ်သုတ်နေလေသည်။ ဘရန်ဆိုင်းမှာကား ဖုန်းတစ်လုံးဖြင့် တွေ့ကရာနံပါတ်တို့ကိုနှိပ်ကာ အိပ်ပြီလား၊အိပ်ပြီလား လုပ်နေ၏။ မျိုးသိန်းမှာတော့ ခြေထောက်ကို ရေခဲဘူးထဲနှစ်လျက် ဟောင်ပင်ဟောက်နေပြီ။ ကျွန်တော့်မှာ အတော်ကြီးမူးနေလျက်ကပင် အရိုးစူးချင်သလိုလို၊ ရူးချင်သလိုလို၊ အီးပါချင်သလိုလို၊ အန်ချင်သလိုလို၊ ဒရမ်ရိုက်ချင်သလိုလို၊ ဖုန်းဆက်ချင်သလိုလို၊ ခြင်ဆေးခွေစားချင်သလိုလို ဖြစ်၍နေပေ၏။


မနက် ၉ နာရီစမည့်ပွဲအတွက် မနက် ၇နာရီထ၍သန့်ရှင်းရေးလုပ်သော်လည်း မမီပါ။ နေကြာစေ့ခွံတို့ကား စင်ပေါ်တွင်ပြန့်ကျဲလျက်၊ အန်ဖတ်၊ဟင်းအနှစ်၊အရက်၊ဘီယာတို့ကား အခင်းကို အကွက်အကွက်ထစေလျက်၊ ဆေးလိပ်မီး၊ခြင်ဆေးခွေတို့ကား အခင်းကို အပေါက်အပေါက်ဖြစ်စေလျက်။ EC Fresher Welcom ဟူသော စာတန်းကားရွဲ့တိရွဲ့စောင်းတည်ရှိလျက်။ အိမ်သာရေကန်အဖုံးမှာ ကြေမွလျက်။ ခန်းမမှူးကားမတွေ့ရတော့။ ဘယ်မှာပုန်းနေသည်မသိ။ ပြောင်ကြီးမှာ ၀ဲလ်ကမ်းမတက်နိုင်။ နဂိုကပင်အားပြတ်နေသဖြင့် ပုလင်းကြီးချိတ်လိုက်ရသည်ဟုကြားသည်။ ကျွန်တော်တို့အားလုံးအဆောင်ပြန်ရေချိုးသော်လည်း ရုပ်ထွက်များက ဘယ်လိုမှမသားနား။ မျက်နှာများမှာ နီစပ်စပ်၊ ပွစိစိ၊ ပြောင်စပ်စပ်ဖြစ်နေ၏။ အတီးပိုင်းတွင်လည်းအဆင်မပြေ၊ ဒရမ်ကျူနင်များက မမှန်၊ ညက ခန်းမမှူးလက်ချက်ကြောင့် သားရေတို့မှာလျော့နေလေပြီ။ ဘတ်ဘတ် သာထွက်၏။ ပြဇာတ်တွင်လည်း ကျွန်တော်က ခပ်စပ်စပ်လေးလုပ်ထားလိုက်သည်။ ကျောင်းကားတွေအရမ်းနှေးသည့်အကြောင်း၊ ကျောင်းတံခါးကြီးက ကျောင်းတက်ချိန်ဆိုလျှင်စောစောပိတ်၍ ကျောင်းဆင်းချိန်ဆိုလျှင် နောက်ကျသည့်အကြောင်း၊ ကွန်ပြူတာပရိုဂရမ်းမင်းန်ဘာသာရပ်ကို ဘလက်ဘုတ်ပေါ်မှာ သင်ရသည့်အကြောင်း၊ အိမ်သာတွေရေမရှိသည့်အကြောင်း၊ လက်တွေ့ခန်းမှာ တစ်ပတ်တစ်ခါပင်မ၀င်ရသည့်အကြောင်း၊ တတ်နိုင်သလောက်ထောက်ပြထားရာ ကျောင်းမှလူကြီးအချို့က ဘာကိုစိတ်ဆိုးသည်မသိ။ ပြီးအောင်ပင်မကြည့် ထပြန်သွားကြလေသည်။ အရေးထဲမော်ဒယ်လ်ရှိုးမှ ကောင်မလေးကြီးငယ်တစ်သိုက်ကလည်း မျက်စောင်းတခဲခဲ။ ခြေထောက်တွေ နေကြာစေ့ခွံစူးလို့ဖြစ်မည်။

ဇာတ်ပေါင်းသော် မန္တလေးနည်းပညာတက္ကသိုလ် ၂၀၀၇-၂၀၀၈ သမိုင်းတွင် Black List စာရင်းဝင်များရှိခဲ့ဖူးကြောင်း၊ မန္တလေးမြို့တော်ခန်းမသမိုင်းတွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ညအိပ်လက်မခံတော့ကြောင်း၊ အတူဆိုးခဲ့ပေခဲ့တေခဲ့ရူးခဲ့မူးခဲ့သောသူငယ်ချင်းများကို ပြန်လည်တမ်းတနောင်တမရစွာ လွမ်းဆွတ်နေသော သူငယ်ချင်းတစ်ယောက်ရှိကြောင်း၊လေချဉ်တက်စွာရေးသားလိုက်ရပါသည်။





ဟိန်း



(၁၁.၁.၁၃)

နံနက် ၃း၄၈



Friday, January 11, 2013

မြို့သစ်ည(၂)

ဒီဇာတ်မှာ က ရင် မိုးမလင်းဘူး
၃၆ကြိမ်မြောက် နှုတ်ခမ်းနီကိုဆိုးရင်း
၃၆ထုပ်မြောက် စနိုးတာဝါကို ဖောက်ရင်း ပြောတယ်။

ပေးစရာရှိ မြန်မြန်ပေးပါ
လုပ်စရာရှိ မြန်မြန်လုပ်ပါ
ရှင်တို့ပြန်မှ အိပ်ရမှာ

ဟိန်း

ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး ◄ဘုန်းနေသွန်း►

ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး
စစ်ဟာ ကမ္ဘာရဲ. ရင်သားအစုံကို ခြေမွဖျက်ဆီးတယ်
စစ်ဟာ အမှောင်မှာ တိတ်တဆိတ်ရပ်စောင့်နေတဲ့
ကြေးစား လူသတ်သမား
တစ်စုံတစ်ရာကို သွေးအေးအေးစောင့်ဆိုင်းနေတဲ့ကျိန်စာ
စစ်ယဉ်ကျေးမှုဟာ ကမ္ဘာဦးကတည်းက ထွန်းကားခဲ့တယ်
ကမ္ဘာဟာ စစ်ကို မလိုအပ်ဘဲ ရရနေတယ်
စစ်ဟာ ကမ္ဘာရဲ. နေရာအနှံ့၊ အရာရာ
စစ်မရောက်တဲ့အခါ မရှိဘူး
စစ်မရောက်တဲ့ကမ္ဘာ မရှိဘူး
စစ်ဟာ အရာရာကို သိမ်းသွင်းတယ်

ငယ်ချစ်ဦး ◄ဘုန်းနေသွန်း►

အဲဒီတုန်းက
ရွာမည် ဟန်ပြင်သောမိုးကို
ကျောပိုးအိတ်ထဲ ကောက်ထည့်လို့
စိတ်ကစားတတ်သော သစ်ရွက်
မီးလျှံလို
ရင်ကို လာလာဟပ်သော ကျောင်းခေါင်းလောင်းသံ
ငါတို့ငယ်ဘဝလေးမှာ နှင်းတွေဝေနေတုန်းလား
လျှောက်နေကျလမ်းကလေးမှာ
သစ်ရွက်တွေ
အရင်လို ကြွေနေတုန်းပဲလား
သြော်…
ငါတို့က သဘောင်္သား ဆင်းဘတ်တွေပါ
ဝေးကွာခြင်းက ငါတို့နောက်ကျောမှာ
သမုဒယတနင့်တပိုးနဲ့
မုတ်ဆိပ်ဖြူအဖိုးအိုကြီးပါ
ငါတို့ ကမ်းခြေက
သစ္စာတရားသဲအိမ်လေးလည်း
မျက်ရည်စတို့ စွတ်စိုနေဦးမှာ။ ။

ဘုန်းနေသွန်း

Thursday, January 10, 2013

ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ့ မေးခွန်း ◄ကိုရွေး►



ခြေလေးတစ်ဖဝါး ချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်ကလေးတစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျနော်တို့ ကမ္ဘာမဟုတ်ဘူးလား မေမေ
မေမေနင်းထားတဲ့ မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ့နှလုံးသားထဲ စိုက်နေတဲ့ ကျည်ဆန်က
ကျနော်သွားရမယ့် မြေပုံအညွှန်းလား ။

ကိုရွေး



ပိတောက်ပွင့်သစ် - စာပေအနုပညာမဂ္ဂဇင်း 

၂၀၁၀၊ ဖေဖော်ဝါရီ

ကန္တာရသဲတစ်ပွင့် ◄ နေပန်ဦး►

ဆုတောင်းကောင်းပါ့မလားဖေဖေ
မြက်ခင်းစိမ်းစိမ်းတွေ တကယ်ရှိတယ်ပေါ့
ပန်းခြံထဲမှာ ကစားရင် ပျော်စရာကြီးဆို
စစ်ကြီးမဖြစ်အောင် ဘယ်လိုစာလုံးပေါင်းရမလဲ
ဘာလို့များ .. မြေကြီးထဲ ပေါက်ကွဲတဲ့ အသီးတွေစိုက်တာလဲ
မေမေနဲ့ညီမလေးကိုရှာတာ တွေ့ပြီလား
အယူအဆဆိုတာ အရူးကြီးတွေကိုပြောတာလား
နားထဲမှာ ကလေးငိုသံတွေချည်းကြားရသလို
ဒီမှာရှိတဲ့ အသားဖြူဖြူအန်တီကြီးကပြောတယ
မုန့်ထုပ်တွေ လာလာချပေးတဲ့ လေယာဉ်ပျံကြီးနဲ့
ဖေဖေတို့တတွေ ပြန်လာကြမှာဆို
ဂါဝန်ဆိုတာဘာလဲ ၀ယ်ခဲ့ပါနော်။
သူငယ်ချင်းကိုပေးဖို့ ချိုင်းထောက်တစ်ဖက်လည်းဝယ်ခဲ့ပါဦး
 
နေ့တိုင်းအချိန်နဲ့အမျှ နမာ(စ်)ပြုပြီး
သံဆူးကြိုးတွေနားမှာမျှော်နေမယ်
ချစ်တဲ့သား.......။


နေပန်ဦး

စတိတ်ရှိုးသွားကြည့်ခြင်း ◄ဂျက်ကွမ်းခြံကုန်း►

အနှီရက်ပိုင်းကလေးများအတွင်းဆီက ကျွန်ုပ်ဆရာကြီးဂျက်မှီတင်းနေထိုင်ရာ သပွတ်အူကျေးရွာကလေးရှိ သပွတ်အူသူ သပွတ်အူသားအပေါင်းတို့၏ သွားလာပုံနေထိုင်ပုံ ပြောပုံဆိုပုံများကို ကြည့်ပြီး ရွာ၏ သရုပ်အသွင်ကို ကနုတ်မင်ဖြင့် ရေးခြစ်ရဘိသည်ရှိလေသော် "သပွတ်အူသည်ရွ၏။ သပွတ်အူသည် ထ၏။ သပွတ်အူသည် ကြွ၏" ဟူ၍သာလျှင် ရေးခြစ်ရတော့လေမည်လား မသိတတ်နိုင်တော့ပါပေ။ မှန်ပါသည်။ ထိုတလောလေးဆီက အဖို့ရာမှာမူကား ကျွန်ုပ်တို့၏ သပွတ်အူသည် အရွဆုံး၊ အကြွဆုံး၊ အထဆုံးကာလများဟုတ်ပင် ဆိုရလောက်သည့် အခြေအနေဖြစ်ပါသည်။ လူမွဲ လူကြွယ် လူငယ် လူထီး လူမရှိသမျှ အစုံ ရွ၊ကြွ၊ထ ကြပါပေကုန်၏။ ဘဇာကြောင့်ပေနည်း။

ဂျကားအပီတူများ ◄ဂျက်ကွမ်းခြံကုန်း►

                                                            တစ်

တစ်နေ့သ၌ ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းသည် တေးဂီတဧည့်ခံပွဲတစ်ခုအတွင်းသို့ ရောက်ရှိ၍ နေခိုက်ဖြစ်ပါ၏ ။ Announcer ခေါ် အစီအစဉ်ကြေညာသူက ကြေညာလိုက်၊ အဆိုတော်တစ်ဦး ဆင်းသွားသော် အဆိုတော် တစ်ဦးတက်လာလိုက်နှင့် မီးပွင့်ရောင်စုံ ပြိုးပြိုးပြက်ပြက်များကြား၌ ရောက်ရှိ၍ နေခဲ့ရာ ကျွန်ုပ်မှာ မှန်းဆ၍သာ နားသောတဆင်နေခဲ့ရသော်လည်း အနောင်ဇာ (Announcer ) ၏ ကြေညာချက်တို့ကို ဘဇာဟူ၍ တိတိကျကျမသိနိုင်ခဲ့ပါလေ။ မြန်မာစကားမှ ဟုတ်ပါလေစဟု ထင်ရလောက်အောင်ကို အပြောစွမ်းရည် မြင့်မားကြသော ခေတ်၏ သမီးပျိုကလေးတို့ ဖြစ်ကြပါကုန်၏ ။

    '' ဂုဒဂါ ... ဇက်လက်ပြီ ရာဇွင်မျာရယ် ဒို့သမှီး သချင်နဲ့ တင်ဆက်မှာဘာ ... နာဆင်ဂျဘာရှင် ကျေဇူ ''

    အနို့ကလိုသော ကြေညာချက်ကို  တောနားရွက်ကြီးဖြစ်သည့် ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းမှာ ဘယ့်နှာသို့ နားလည်ရပါအံ့လတ္တံ့နည်း။ ဤ၌နံဘေးနေ လူငယ်တစ်ယောက်ကို မေးရပါ၏ ။ အခုတစ်ခါတဲ့ ... ဆက်လက်ပြီးတဲ့ ရာဇ၀င်များရဲ့ သတို့သမီး သီချင်းနဲ့ တင်ဆက်မှာပါတဲ့ ... နားဆင်ကြပါရှင် တဲ့ ကျေးဇူးပါတဲ့။

    သြော် သာဓု သာဓု ။ခေတ်၏ လူငယ်ကလေး ဘုန်းကြီးပါစေ အသက်ရှည်ပါစေ အနာမျိုး ၉၆ ပါး ကင်းရှင်းပါစေဟုသာ ကျွန်ုပ်မှာ အထပ်ထပ်အခါခါ တောင်းဆုပတ္ထနာခြွေ၍ နေရပါတော့၏ ။ အနှီ မြန်မာရည်လည်သူ အမျိုးကောင်းသားကလေး ရှင်းပြ၍သာပဲပေပေါ့။ ခေတ်၏ မြန်မာစပီကင်သံကြီးက ဂျက်တို့အဖို့ရာ ခက်-ခက်လှပါဘိတောင်း။

မှော်ရုံတောထဲက မှော်ဆရာအိပ်မက်များ

(တစ်)

ဟိုးခပ်ငယ်ငယ်တုန်းကတော့ အမေ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ မှော်ဆရာဆိုတာကို စပြီးကြားဖူးခဲ့ပါသည်။ မှော်ဆရာနှင့်အတူ မှော်ပညာတွေရော၊ ဆယ့်နှစ်ကြိုးတွေရော၊ ကဝေတွေရော၊ တစ္ဆေတွေရော၊ စုန်းတွေရော၊ သိုက်တွေရော၊ အိုစုံလို့။ နောက်တော့ ကိုကိုလေးအမည်ခံ ဒဂုန်ခင်ခင်လေး၏ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရပါသည်။ တကယ့်မှော်ဆရာဇာတ်လမ်းတွေ။ ထို့နောက် ဆရာမြသန်းတင့် ဘာသာပြန်သော “မှော်ရုံတောမှာ မောလှပြီ” ပန်းချီကျော်ဂေါ်ဂင်၏ ဘ၀ပုံရိပ်။ ထို့နောက် ထူးအိမ်သင်၏ “မှော်ဆရာအိပ်မက်”သီချင်းအယ်လ်ဘမ်။ မှော်ဆိုတာ လှည့်စားတတ်တယ် ထင်ပါရဲ့။သီတာဒေ၀ီပူဆာ၍ ရာမမင်းသား သမင်လိုက်ရင်း မျက်စိလည်သွားခဲ့ရသည့် တောမှာ မှော်ရုံတောပဲမဟုတ်လား။

နောက်တော့ လူ့ဘ၀ရဲ့ မှော်သားဆန်ဆန် အသက်ရှင်နေထိုင် ရုန်းကန်ရသော ဘ၀မှော်တောကြီးများရှိရာဆီသို့ တစ်ခါတစ်ခါ ရောက်သွားရပြန်ပါလေသည်။


ပန်းကန်ထဲမှာ ပြောင်တလင်းခါသည်အထိ ကျေးဇူးတရားကို အသိအမှတ်ပြုပါ

(တစ်)
စင်ကာပူရောက် မြန်မာလူငယ်တစ်ယောက် ရန်ကုန်မြို့သို့ ခေတ္တခဏရောက်ရှိ၍ လာခဲ့ပြီး ရန်ကုန်ကနေ စင်ကာပူသို့ ပြန်အထွက် တစ်နံနက်ခင်း၌ ကျွန်တော့်အတွက် စာအုပ်ကလေးတစ်အုပ်ကို လူကြုံကတစ်ဆင့် လက်ဆောင်အဖြစ်ထားရစ်ခဲ့ပါသည်။ မြန်မာစာရေးဆရာအချို့၊ မြန်မာစာဖတ်သူအချို့နှင့် ထိစပ်ရင်းနှီးပြီးဖြစ်သော စာရေးဆရာတစ်ယောက်၏ စာအုပ်ပဲဖြစ်ပါသည်။ သစ်နတ်ဟန်း ( Thich Nhat Hanh) တဲ့။ ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး။ ဇင်ဘုန်းတော်ကြီး၊ စာအုပ်အမည်က Happiness  တဲ့။ ပျော်ရွှင်မှုဟုဆိုကြပါစို့။

ထိုစာအုပ်၌ Family Meals ဟူ၍ မိသားစုထမင်းဝိုင်းနှင့်ပတ်သက်၍ အခန်းတစ်ခန်းပါဝင်ရာ ထိုအခန်း၌ သည်အစားအစာကို ကောင်းကင်၊ မြေကြီး၊ မိုးစက်နှင့် နေရောင်ခြည်အပါအ၀င် စကြ၀ဠာကြီးက လက်ဆောင်ပေးသည်ဟု နှလုံးသွင်းတဲ့။ ရောင်းချသူများ ချက်ပြုတ်သူများ အထူးသဖြင့် တောင်သူ လယ်သမားကြီးများ၏ ကျေးဇူးကို နှလုံးသွင်းတဲ့။ စားနိုင်သလောက်ကိုသာ ပန်းကန်ထဲကို ထည့်တဲ့စသည် စသည်ဖြင့် အချက်ခြောက်ချက် ဖော်ပြထားခဲ့ရာ ကျန်သောအချက်တွေကို ထားလိုက်ပါတော့။ ကျွန်တော့်အတွက်ကတော့ ထိုပထမ နှစ်ချက်၊ သုံးချက်၌ပင်လျှင် သစ်နက်ဟန်း (Thich Nhat Hanh) ကို ငြိသွားခဲ့ပါလေပြီ။


ဥရောပအကြိုက် ကြိုးခွေများနှင့် အိုးဝေများ

(တစ်)
မည်သည့်အသံကိုမှ မကြားရသည့် ခေတ်မီဟိုတယ်ကြီးတစ်ခုထဲ၌ ကျွန်တော် တည်းခိုဖူးခဲ့သည်ဟုဆိုလျှင် အံ့သြ၍များ သွားလေမလားမသိ၊ ဟုတ်ပါသည်။ မည်သည့်အသံကိုမှ မကြားရသည့် ဟိုတယ်ကြီးပဲ ဖြစ်ပါသည်။ ဤနေရာ၌ မည်သည့်အသံဆိုသည်မှာ လူသံသူသံများနှင့် စက်သံများကိုသာ ဆိုလိုခြင်းဖြစ်ပြီး  သဘာဝကျေးငှက်တိရစ္ဆာန်ကလေးတို့၏ အသံများကား မပါဝင်ပါ။ ငှက်ကလေးတစ်ကောင်တလေက ချိုမြစွာ မြည်ကြွေးလိုက်သော အသံမျိုးကို ရံဖန်ရံခါ ကြားရတတ်သည်ကလွဲ၍ လူတို့၏ ပယောဂကြောင့်ဖြစ်သော အသံများ လုံးဝကင်းစင် လွတ်မြောက်နေသည့် ဟိုတယ်ပဲဖြစ်ပါသည်။

ဟိုတယ်ခန်းမ၏ ခြင်လုံသံဆန်ခါတံခါးနှင့် ရိုးရိုးတံခါး၊ တံခါးနှစ်ထပ်ကိုဖွင့်ကာ အမိုးတစ်ဝက်ပါသည့် လသာဆောင်အခန်းကလေးကို ထွက်လိုက်တော့ အရှေ့မှာ အင်းလေးကန်ရေပြင်ကျယ်ကြီး။ ဟိုးအဝေးမှာက ရှမ်းတောင်တန်းတွေ ... ဟိုတယ်အတွင်းမှာ ရေခဲသေတ္တာမရှိ။ ထို့ကြောင့် ရေခဲသေတ္တာထဲက ဖြိုးဖြိုးဖျစ်ဖျစ်အသံတွေကို မကြားရ။ ထို့ပြင် လေအေးပေးစက်လည်းမရှိ။ ထို့ကြောင့် လေအေးပေးစက်၏ ဒီးဒီးဒီးဒီး မြည်သံကို မကြားရ။ ထို့ပြင် ရုပ်မြင်သံကြားစက်မရှိ။ ထို့ကြောင့် တီးသံမှုတ်သံဆိုသံငိုသံ ပြောသံဟောသံတွေ မကြားရ။


ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း

(တစ်)
ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

“တိုက်စစ်”တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင် ပညာရေးလောကနှင့်တိုက်စစ် ဘာဆိုင်လို့တုံးဟု ဆန္ဒစောသူတို့က မေးနိုင်ပါသည်။ ရေလည်အောင် ရှင်းပြပါရစေဦး။

စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည်စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိ ဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက “တိုက်စစ်”။

ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်းလိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေ ရထားပြီး တစ်ခုတည်းသော ဘာသာ၌ အလွန်ညံ့ဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာ ရထားသည်ဟု ဆိုပါသည်။


ခေါင်းမြီးခြုံအိပ်နေ တစ်ရေးနိုးတော့ ပရိုမိုးရှင်း

(တစ်)
လွန်ခဲ့သော အနှစ်နှစ်ဆယ် ၀န်းကျင်လောက်က ဖြစ်ပါ၏။ တမာနံ့သင်းသည့် အညာတက္ကသိုလ် ကျောင်းကလေးထဲ၌ ကျွန်တော်ရှိနေခဲ့စဉ် တစ်နေ့ အမှုထမ်း အရာထမ်းတို့၏ လောကသဘာဝအတိုင်း ပရိုမိုးရှင်း (Promotion)ဟူသည့် ကျွက်ကျွက်ညံစီသည့် အသံများနှင့်အတူ ကွန်ဂရက်ကျူလေးရှင်း (Congratulation) လုပ်သံများပါ ထပ်မံပေါင်းစပ်လျက် တက္ကသိုလ်ဆရာ၊ ဆရာမ အ၀န်းအ၀ိုင်းကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ဖူးပါသည်။

ဟုတ်ပါသည်။ ရာထူးတစ်ဆင့်တိုးတိုင်း ကျွန်တော်တို့ သုံးနှုန်းနေကျ ပရိုမိုးရှင်း (Promotion)ပဲ ဖြစ်ပါသည်။ ရာထူးတိုးတော့ ဂုဏ်ပြုခြင်း၊ ကွန်ဂရက်ကျူလေးရှင်း (Congratulation) လုပ်ခြင်းတွေလည်း ရှိလာခဲ့ပေသပေါ့။ နည်းပြတွေ သရုပ်ပြတွေက လက်ထောက်ကထိကဖြစ်၊ လက်ထောက်ကထိကတွေက ကထိကဖြစ်၊ ကထိကတွေက တွဲဖက်ပါမောက္ခဖြစ် စသည် စသည်။


အသက်ဆိုတာ ရှုပြီးတော့သွင်းရတာ

(တစ်)
အောက်ဆီဂျင်ဘား (Oxygen Bar)တဲ့။ ဆိုင်နာမည်ကို ကြားရုံမျှနှင့် ယနေ့ကမ္ဘာကြီး ဘာဖြစ်နေပြီလဲဆိုတာကို ရိပ်စားမိနိုင်သော အနေအထားပင် ဖြစ်ပါသည်။

ဟုတ်ပါသည်။ အောက်ဆီဂျင်ဘား။ အသက်ရှူမ၀သည့် ကမ္ဘာကြီး၊ အသက်ရှူကျပ်သည့် ကမ္ဘာကြီး၊ အသက်ရှူမဖြောင့်သည့် ကမ္ဘာကြီးအတွက် ၀န်ဆောင်မှုပေးသော အောက်ဆီဂျင်ဘားကလေးတွေ ကမ္ဘာ့တချို့နေရာများ၌ ပေါ်ပေါက်စ ပြုလာကြပြီဖြစ်ပါသည်။

နာမည်ကျော်ပေါ့ပ် (Pop) အဆိုတော် ဘရစ်တနီစပီးယား (Britney Spears)ကို ထိုအောက်ဆီဂျင်ဘား၌ တွေ့နိုင်သည်ဟု ဆိုပါ၏။ I am Not a Girl တို့ Toxic တို့ Baby One More Time တို့လို သီချင်းများဖြင့် အထူးထင်ရှားသူ အဆိုတော်မကလေး ဘရစ်တနီစပီးယားသည် အောက်ဆီဂျင်ဘားများ၏ ဖောက်သည်ဟု ဆိုပါ၏။


လက်ဖြောင့်ပါစ မြားနတ်မောင်

(တစ်)
မြန်မာမှုနယ်ပယ်၌ မင်္ဂလာတရားနှင့် ပတ်သက်၍ နှစ်မျိုးနှစ်စား ကွဲပြားခြားနားရာ တစ်မျိုးက လောကုတ္တရာမင်္ဂလာဖြစ်ပြီး တစ်မျိုးက လောကီရေးရာမင်္ဂလာ ဖြစ်ပါသည်။ အမျိုးအမည်အားဖြင့် မထင်ရှားသူ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်းလာသဖြင့် မင်္ဂလာတရားဆိုတာဘာဟု ဂေါတမဘုရားရှင်က မိန့်ကြားသော မင်္ဂလာရှိသည့် အခြားအရာတို့မှာ စုစုပေါင်း ၃၈ ခုရှိရာ ယင်းတို့သည် ၃၈ ဖြာမင်္ဂလာအဖြစ် ထင်ရှားပါသည်။ နောက်တစ်မျိုးကမူ နိစ္စဓူဝ-လူမှုလောကထဲ၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် မင်္ဂလာများဖြစ်ပြီး လောကီရေးရာမင်္ဂလာ ၁၂ ပါးအဖြစ် ထင်ရှားပါသည်။ ဤတွင် လောကီရေးရာမင်္ဂလာ ၁၂ ပါးထဲ၌ အာဝါဟ၀ိဝါဟဟူ၍လည်း မင်္ဂလာတစ်ပါးက တစ်မင်္ဂလာကိုပင်လျှင် ပါဝင်၍ နေပါလေသည်။

သတို့သားအတွက် သတို့သမီးကို ဆောင်ယူကာ သတို့သားအိမ်၌ ဆောင်နှင်းသော မင်္ဂလာကို အာဝါဟမင်္ဂလာတဲ့။ သတို့သမီးအတွက် သတို့သားကို ဆောင်ယူကာ သတို့သမီးအိမ်၌ ဆောင်နှင့်သော မင်္ဂလာကို ၀ိဝါဟမင်္ဂလာတဲ့။ လူ့အမျိုးအနွယ်ကြီး အဆက်မပြတ် အဓွန့်ရှည် စီးဆင်းနေသမျှ ကာလပတ်လုံး လုလင်နှင့် လုံမတို့၏ အာဝါဟ၀ိဝါဟ မင်္ဂလာပွဲတို့က ဆင်နွှဲမြဲဆင်နွှဲနေကြမည်သာ ဖြစ်ပါသည်။


ဂန္ဓာလရာဇ်ဈေးတန်းကို ဖြတ်သန်းခြင်း

(တစ်)
ကွန်မြူနစ်ပါတီ ကြီးစိုးသော တရုတ်ပြည်ကြီး၌ နိုင်ငံကို စီးပွားရေးအရ ခေတ်မီရန် ကြိုးစားကာ “To get rich is glorious” ချမ်းသာတာဟာ ဂုဏ်ရှိတာပေါ့ဟု ဆိုလိုက်သဖြင့် အံ့သြစရာ ကွန်မြူနစ်တစ်ယောက်အဖြစ် ကမ္ဘာက လှမ်းကြည့်ရသူမှာကား တိန့်ရှောင်ဖိန်ပင် ဖြစ်ပါသည်။ “Deng Xinoping” သို့မဟုတ် “Teng Hsiao-Ping”ဟု စာလုံးပေါင်းသူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှင့် ၀န်ကြီးချုပ်။ ခုတော့ဖြင့် သူလည်း ဤကမ္ဘာမြေပေါ်၌ သက်ရှိထင်ရှား မရှိတော့ပါလေပြီ။

သို့သော် သူ့နှုတ်မြွက်စကား “To get rich is glorious”ဆိုသည့် သြ၀ါဒအတိုင်း ချမ်းသာခြင်းကို ဂုဏ်အဖြစ် ခံယူလျက် တရုတ်တစ်ပြည်လုံး ချမ်းသာဖို့ တစ်နည်းအားဖြင့် ပိုက်ဆံရဖို့ ကြိုးစားရာက စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာလည်း အများအသိပင် ဖြစ်ပါသည်။


ကတ္တီပါဖိနပ်စီးကာ ရွှေထီးဆောင်းထားသည့် အရိုင်းအစိုင်းများ

(တစ်)
ထိုသူတို့သည်ကား သူတို့၏ လက်ထဲ၌ ဓားလှံလက်နက် ကျောက်တုံး၊ ကျောက်ခဲများကို ကိုင်ဆောင်ထားခြင်း မရှိပါ။ ထို့ပြင် သစ်ရွက်သစ်ခက်များဖြင့်လည်း သူတို့၏အရှက်ကို ဖုံးကွယ်ထားခြင်း မရှိပါ။ သူတို့၏ လည်ပင်း၊ သူတို့၏နားရွက်၊ သူတို့၏လက် စသည်များတွင်လည်း တိရစ္ဆာန်တို့၏ ဦးချိုများ အရိုးများကို အဆောင်အယောင်အဖြစ် ၀တ်ဆင်ထားခြင်း မရှိပါ။ သူတို့၏ လက်ထဲတွင် ဗုံတွေဘာတွေ မရှိ။ သူတို့၏ နံဘေးနားမှာကလည်း မီးပုံတွေဘာတွေ မရှိ။ သို့သော် သူတို့နှင့် ထိတွေ့ဆက်စပ်ရသော သူတိုင်းက သူတို့ကို အရိုင်းအစိုင်းတွေပါလားဟူသော အဓိပ္ပာယ်ဖြင့် လှမ်းကြည့်ကြရစမြဲ ဖြစ်ပါသည်။

ထိုသူတို့သည်ကား အင်္ကျီအကောင်းစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။ ပုဆိုး (သို့မဟုတ်) ဘောင်းဘီအပျံစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။ ဖိနပ်ကအစ နာရီအဆုံး လက်ကိုင်ဖုန်း အပါအ၀င် ကွန့်နိုင်သမျှကွန့် ညွန့်နိုင်သမျှညွန့်ကာ မည်သို့ပင် ခေတ်သစ်၏ လူသားဟန်ဆောင်သော်လည်း တော၏ ဥပဒေသ(Jungle Law)ကြီးစိုးရာ ကျောက်ခေတ်က လူသားများအတိုင်း ရိုင်းစိုင်းလျက်ရှိသည်ကို တွေ့ရနိုင်မည် ဖြစ်ပါသည်။