Sunday, March 24, 2013

ခေတ်ပျက်ကြီးထဲမှာ လူပြက်တွေအဖြစ် ငါတို့ အသုံးတော်ခံကြတယ်





ဓားကို ကျောက်တုံးပေါ်တင်သွေးမယ့်အစား
ဓားကို စာအုပ်တွေပေါ် တင်သွေး
ဓားကို ကိုယ်ချင်းစာတရားပေါ် တင်သွေး
ဓားကို မျက်ရည်နဲ့သုတ်ပြီး သွေး
တောစပ်ကလေးမှာမီးကျွမ်းနေတာ ငါ့အဖေ
ဘောလုံးကွင်းထဲမှာ စုပြုံကြပ်ညပ်နေတာ ငါ့အမေ
ကြောက်လန့်တကြားပြေးထွက်လာတာ ငါ့ညီလေး
ဒါပဲ မလား။ ဒါလေးပဲမလား။
ဓားကို ဆင်ခြင်တုံတရားပေါ်တင်သွေးစမ်းပါ။

Friday, March 15, 2013

ကျွန်တော့်ကျက်သရေကို သူတို့လာတုံးတယ်မေမေ

ဓားဟာ ရေမြွေလို ခွေထားတဲ့အရာပဲ။
ဘာအကြောင်းနဲ့မှ နောက်ကျောတွေနဲ့ မရင်းနှီးစေခဲ့။
စားပွဲပေါ်ပစ်စိုက်ပြီး တစ်ယောက်နဲ့တစ်အုပ်တစ်သင်း
ရှင်းရဲပါတယ်။

ငါးပါးသီလမမြဲဘူး
ကျွန်တော့်လိပ်ပြာ ရဲတယ်။
ဒါကြောင့် ..
မေမေငိုခဲ့
အောင်စာရင်းတွေနဲ့လွဲခဲ့
တောင်တန်းပေါ်ကခုန်ချခဲ့
ဆံပင်တွေရှည်ခဲ့
နေ့တွေမှာ လောကကြီးအပြင်ကို ကျွန်တော်ရောက်ရောက်နေပြီး
ညတွေမှာ ကျွန်တော့်အပြင်ကို လောကကြီးရောက်ရောက်နေခဲ့
ဒီလိုရင်းပြီး ဒီလမ်းကိုဖောက်၊ ဒီလမ်းကိုလျှောက်နေတုန်း
သူတို့က ခပ်လွယ်လွယ်ဖြတ်တားတယ်။

Thursday, March 14, 2013

ပြည့်တန်ဆာမှတ်စု ◄ မောင်ယုပိုင် ►

ကျွန်မတို့ဟာ
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ
ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။

ကျော်မကောင်းကြားမကောင်းဖြစ်မီ လူကြီးလူကောင်းများ
ဖွတ်မထွက်မီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမ၀င်မီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။

Friday, March 8, 2013

နံရံဂစ်တာ ◄ ၀ိုင်ချို ►

ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့တဲ့ လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင် မြင်နိုင်ပေမယ့်
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေ ကျနေတာပါ နှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်တစ်ခွင်လုံးဟာ
လွမ်းလို့ သေတောင် မလွမ်းတော့ဘူး။

ဝိုင်ချို

သေရမှာ သိပါတယ်

အရင်တုန်းက ထင်ခဲ့တယ်
ကိုယ်က အရင်ပျက်မယ်
ကမ္ဘာကြီးက ကိုယ့်နောက်မှ ပျက်မယ်လို့
ခုတော့ ကမ္ဘာကြီးက အရင်ပျက်ပြီ
ကိုယ်ကလည်း မပျက်တပျက်
သေရမှာ သိပါတယ်။    ။

လှသန်း

(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)

ဗေဒင်မေးကြည့်ခြင်း

၂၀၁၁မှာ အောင်မြင်မယ် တဲ့
ဘာတွေ အောင်မြင်မှာလဲ
အလုပ်လုပ်မယ်ဆိုရင် ကြာသပတေးနေ့ စ လုပ်ပါ တဲ့
ဘာထူးမှာမို့လို့လဲ
အလုပ်လုပ်မယ်ဆိုရင် တနင်္ဂနွေနံနဲ့စတဲ့ အလုပ်လုပ်တဲ့
အရက်ဆိုင်ဖွင့်ရမှာလား၊ အနှိပ်ခန်းဖွင့်ရမှာလား
သူရဿတီမယ်တော် စောင့်ရှောက်မယ်တဲ့
ကိုယ့်မိန်းမလောက် စိတ်မချရဘူး
ငွေရှာလို့လွယ်မယ် ပိုက်ဆံမမြဲဘူး တဲ့
မဟုတ်ပါ မဖြစ်နိုင်ပါ

ဝန်ခံခြင်း

ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ၀ါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။      ။

လှသန်း

(မောင်သီးသန့် ကလောင်နဲ့ရေးခဲ့)

စု ◄ ဇော်ယုအောင် ►

ရနံ့ဝေဖို့
ပန်းရုံကြီးက ပန်းတွေစု
အရိပ်ပေးဖို့
သစ်ပင်ကြီးက သစ်ရွက်တွေစု
မိုးရွာဖို့
ကောင်းကင်ကြီးက ရေခိုးရေငွေ့တွေစု
ဝမ်းစာအတွက်
လယ်ကွင်းကြီးက ကောက်ပင်တွေစု
နောင်လာနောက်သားကောင်းတွေမွေးဖို့
ကျောင်းတွေက ကျောင်းသားတွေစု
ဒေါ်လာတွေ ဘီလီယံပေါင်းများစွာရဖို့
ကမ္ဘာမြေကြီးက သယံဇာတတွေစု
ပြဿနာနဲ့ဒုက္ခတွေခေါ်ဖို့
လူတွေက လောဘ ဒေါသ မောဟတွေစု
ပုဂံပြည်ကြီးက ဘုရားပုထိုးစေတီတွေစု
တပ်ခ်ျမဟာက အလွမ်းပုံရိပ်တွေစု
အန်းကောဝပ်ကျောင်းတော်ကြီးက ရှေးဟောင်းခမာလက်ရာတွေစု
ပိရမစ်ကြီးက ကျောက်တုံးတွေစု
မဟာတံတိုင်းကြီးက သွေး ချွေး နဲ့ ၀ိညာဉ်တွေစု
စစ်က စစ်သားတွေစု
စစ်မြေပြင်က နာဂစ်လို အလောင်းတွေစု
အကြမ်းဖက်တွေက အသေခံတွေစု
ကမ္ဘာဖျက်ချင်သူတွေက လက်နက်တွေစု
အင်အားကြီးနိုင်ငံတွေက နောက်လိုက်နောက်ပါနိုင်ငံတွေစု
ဇီဝဇိုးက သွေးစွန်းတဲ့ အန်ဖတ်တွေစု
ကဗျာဆရာက မသေတဲ့ ကဗျာတွေစု
အများအတွက် အသက်ရှင်သူတွေက ထောင်သက်တွေစု
ဇာဂနာက နိုင်ငံရေးပျက်လုံးတွေစု
ဘာမှမစုတဲ့ အမေစုမှာ ကမ္ဘာကျော်ဆုတွေ လာစု။ ။

ဇော်ယုအောင်

နားစွင့်

သူနဲ့စကားပြောတဲ့အခါ
နားစွင့်ပါ
ကြားရလိမ့်မယ်
သူ့ စာရိတ္တက မြည်တဲ့အသံ
နားစွင့်ပါ သူ့စရိုက်က မြည်တဲ့အသံ
နားစွင့်ပါ
သူ့အသည်းနှလုံးက မြည်တဲ့အသံ
နားစွင့်ပါ
သူနဲ့ စကားပြောတဲ့အခါ ... ။

နေမျိုး

ငယ်ငယ် ◄ မိုဃ်းဇော် ►

ဘုရင့်ရုံရှေ့က
မိတ်ကပ်ထူထူ
မိန်းမ၀၀ကြီးက
ရှော့(ခ်)ရိုက်သလို ကျွန်တော့်ကို လှမ်းပြောတယ်။

"ဒီမှာ ငယ်ငယ်ကလေးတွေ
ရှိတယ်ဆရာ"

"ဟုတ်လား
ဆောရီးပဲဗျာ
ကျွန်တော့်မှာ ကဗျာငယ်ငယ်ကလေးတွေရှိတယ်
ကျွန်တော့်မှာ အိပ်မက်ငယ်ငယ်ကလေးတွေရှိတယ်
ကျွန်တော့်မှာ အတွေးအခေါ်ငယ်ငယ်ကလေးတွေရှိတယ်"

လူတွေကြားထဲတိုးဝှေ့ပြီး
ကျွန်တော်ဆက်လျှောက်လာခဲ့တယ်။

စကြာဝဋ္ဌာငယ်ငယ်ကလေးထဲမှာ
ကမ္ဘာငယ်ငယ်ကလေးက
ကျွန်တော့်ကို ကြိုလို့ပေါ့ ... ။


မိုဃ်းဇော်

Thursday, March 7, 2013

အတ္တမိတ္တူ

အရင်က
သေရမှာကြောက်လို့
ရှောင်ရတာ များလှပါပြီလို့ ညည်းခဲ့

အခုတော့ ...
ရှောင်ရမှာခက်လို့
သေရမှာကို ထည့်မတွက်တော့ပါဘူး

ကိုယ့်ကဗျာက
မဂ္ဂါဝပ်ဘယ်လောက်ထွက်မှာလဲ
ကိုယ့်ကဗျာဖတ်သူတွေ
ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ
ဘောလုံးတစ်သင်းစာလောက်ရှိရင် တော်ပါပြီ

မျက်နှာပြောင်တယ်ပဲပြောပြော
ဒီဘ၀မှာ
အဘဘိုးမင်းခေါင်လောက်တော့
အောင်မြင်ချင်ပါတယ်။ ။

လှသန်း
(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)

ဆရာကြီးဂျက်၏ မွေးနေ့သဘင်

ကုန်ဆုံးလွန်မြောက်ခဲ့ပြီး ဖြစ်လေသည့် ဥသြတွန်ကျူး နွေဦးကာလ အခါသမယ ရက်ကလေးများဆီ၌ ကျွနိုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းသည် မိမိ၏ဇာတိချက်ကြွေ သပွတ်အူမွေးဌာနေသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိကာ အနားယူလျက် ရှိခဲ့လေချေသည်တမုံ့။ စင်စစ်ကျွန်ုပ်သည် မိမိ၏ မွေးမြေသပွတ်အူဌာနေသို့ ရံဖန်ရံခါ ပြန်ပြန်လာလေ့ရှိသည်မှာ မှန်သော်လည်း အများအားဖြင့်မူ မြို့တော်ရန်ကုန်၌သာ အနေများပြီး စာပေလောကသားတို့အလယ်၌ တင့်တယ်ဝင့်ကြွယ်နေခဲ့သူတစ်ဦးဖြစ်ဘိချေ၏။ သို့စင်လျက် လွန်လေပြီးသည့် အနှီနွေရက်များတုန်းကမူ ကျွန်ုပ်တစ်ယောက်သည် သပွတ်အူဝန်းကျင်၌ တော်တော့်ကိုပင်လျှင် အချိန်ကုန်ခဲ့ပါလေသည်။ အကြောင်းမှာကား ကျွန်ပ်ရင်ထဲ၌ မထွေးနိုင် မအန်နိုင် မ၀ါးနိုင် မမျိုနိုင်နှင့် အစိုင်အခဲကြီးတစ်ခု ပမာ ဝေဒနာတစ်ခု ကပ်ငြိနေခဲ့သောကြောင့်ပါပေတည်း။

သူရဲကောင်းအပေါင်းနှင့် ကဗျာဆရာများအား အလွန်အမင်းအားနာမိခြင်း


"ကဗျာဆရာတွေက သူရဲကောင်းတွေရဲ့အသားကိုကြိုက်တယ်
အသေရရ အရှင်ရရ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးသလို သူတို့ကိုကဗျာရေးကြတယ်။"

ကဗျာဆရာခရမ်းပြာထက်လူ က သူ၏ကဗျာတစ်ပုဒ်တွင် ဤသို့ရေးခဲ့သည်။

စစ်မှန်သောကဗျာဆရာတို့နှင့် စစ်မှန်သောသူရဲကောင်းတို့ဆိုတာက ခေတ်အဆက်ဆက်တွင် မခွဲမခွာတွေ့ရသော သမိုင်းမှတ်တိုင်များပင်ဖြစ်သည်။ ဂန္ဒီအကြောင်းကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကဗျာများ၊ ငုယင်ဗန်ထရွိုင်းအကြောင်းကဗျာများ၊ ချေဂွေဗားရားအကြောင်းကဗျာများ စသဖြင့် သူရဲကောင်းတို့အကြောင်းကို နှောင်းလူများရင်ထဲတွင် ဆို့ခနဲ၊ နင့်ခနဲဖြစ်အောင်၊ နှောင်းလူများမျက်ဝန်းတွင် မျက်ရည်ဝဲခနဲ၊စို့ခနဲဖြစ်အောင် ဖွဲ့ခဲ့ကြသော ကဗျာအပေါင်းကို ကျွန်တော်တို့ ဖတ်ရှုခဲ့၊ဖတ်ရှုဆဲဖြစ်သည်။ ဒါတွေဒီလိုဆိုလိုက်တော့ မေးစရာကရှိလာပြီ။ ဘယ်လိုပုဂ္ဂိုလ်မျိုးက သူရဲကောင်းလဲ။ မှန်ပါသည်။ သူရဲကောင်းဆိုသည်ကို ကျွန်တော်တို့ ဘယ်လိုစံနှုန်းမျိုးနှင့် တိုင်းတာကြမည်နည်း။ သူ့အသက်အရွယ်လား၊ သူလုပ်ဆောင်ခဲ့သောလုပ်ရပ်များလား၊ သူ၏ဘ၀နိဂုံးအဆုံးသတ်လှခြင်းမလှခြင်းလား။ သည်လိုအချက်များကိုအခြေခံ၍ ငြင်းခုံကြစတမ်းဆိုလျှင် အဖြေကားထွက်ကောင်းထွက်မည်။သို့သော် မှန်ချင်မှမှန်မည်။ ကန့်ကွက်သူများလည်းရှိနိုင်သည်။ အကောင်းဆုံးနည်းလမ်းကတော့ ကမ္ဘာကြီးကို အဆုံးအဖြတ်ပေးခိုင်းလိုက်ခြင်းပင်ဖြစ်၏။ အချိန်တစ်ခုတော့ပေးရမည်။ ကာလတစ်ခုတော့ကြာမည်။ သို့သော်အဖြေမှန်မည်။

Monday, March 4, 2013

ပြန်လျော်ပေးလို့ ဆိုသူတွေရဲ့ ကမ္ဘာ

ပြန်လျော်ပေး

အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုးကို ပြန်လျော်ပေး
ပြန်လျော်ပေး
ညီ ညီမလေးတွေကို
ပြန်လျော်ပေး
ကျွန်တော့်ကို ပြန်လျော်ပေး
ကျွန်တော်နဲ့ ဆက်စပ်နေတဲ့
လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့
ငြိမ်းချမ်းရေးကို ပြန်လျော်ပေး ။   ။


ကျွန်တော့်မှတ်စုစာအုပ်တစ်နေရာမှာ ကူးယူထားခဲ့သော ကဗျာလေးတစ်ပုဒ်ပဲ ဖြစ်ပါသည်။ ဆရာရဲမြလွင်က ဂျပန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့သော ကဗျာကလေးတစ်ပုဒ်။ သည်ကဗျာကို မူလတန်းကျောင်းသားကလေးတစ်ယောက်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ တော်ဂဲဂိကျိ(Toge Kichi) တဲ့။ အဏုမြူဗုံးဒဏ်ကြောင့် ဝေဒနာခံစားနေစဉ်ရက်များအတွင်း မကွယ်လွန်မီ ဆေးရုံပေါ်မှာ ရေးဖွဲ့သွားခဲ့သည့် ကဗျာတဲ့။

Friday, March 1, 2013

အမြဲတမ်းလက်ဖမိုး(သို့မဟုတ်) Ali Farzat



ဟောဒီကမ္ဘာကြီးမှာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့လက်တွေ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေကြတာလဲလို့ တစ်ခါတစ်ခါကျွန်တော်တွေးမိသည်။ ကျုပ်လက်က တိုတိုတုတ်တုတ်ဗျ၊ သမီးလက်က သွယ်သွယ်လှလှလေးရှင့်၊ အန်တီ့လက်က တစ်ပတ်တစ်ခါ ပုံဖော်ထားတဲ့လက်သည်းတွေနဲ့၊ ကျွန်တော်က လက်ချောင်းမှာတက်တူးနဲ့၊ မမလက်က အဆစ်တွေမညီဘူး၊ အဘွားလက်ကတုန်နေပါပြီကွယ်၊ စသဖြင့် ဒီလိုအဖြေတွေပဲပြန်ရမည်ထင်။ ထားတော့။ ဒါကအပေါ်ယံပုံပန်းအသွင်သဏ္ဍာန်များသာ။ ကျွန်တော်ဆိုလိုချင်တာက လက်နှစ်ဖက်ကကျင့်အပ်သောတရား။
တရားကနှစ်ပါးသာ။ လက်ဖမိုးလား၊ လက်ဖ၀ါးလား။ လက်ဖမိုးဆိုတာက မှောက်ထားတာ။ ပေးလိုက်မယ်၊ စွန့်လွှတ်လိုက်မယ်၊ အနစ်နာခံလိုက်မယ် ဆိုသည့်သဘော။ လက်ဖ၀ါးဆိုတာက ဖြန့်ထားတာ။ ယူလိုက်မယ်၊ သိမ်းပိုက်လိုက်မယ်၊ ကိုယ်ကျိုးရှာလိုက်မယ်ဆိုသည့်သဘော။ ကျွန်တော်အကြမ်းဖျဉ်းအချိုးချကြည့်လိုက်ပါသည်။ မျက်စိရှေ့မှာ လက်ဖ၀ါးတွေသာ အလုအယက်ပေါ်လာခဲ့ပေါ့။