Thursday, April 18, 2013

အဆိပ် ◄ အောင်ဘညို ►

ငါ့အဆုတ်ထဲမှာ
ကာဗွန်ဒိုင်အောက်ဆိုဒ်
၁၀၀%နှုန်းနဲ့ .. ။

အသီးအရွက်တွေကလည်း
အရွက်ဖျန်းဆေးတွေနဲ့၊ အသီးဖျန်းဆေးနဲ့
ပိုးသတ်ဆေးတွေ ဒင်းကြမ်းနဲ့ ... ။
ရယ်ဒီမိတ်တွေကလည်း
ဆိုးဆေးတွေ၊ မသိုးဆေးတွေ အလျှံပယ်နဲ့ ... ။

မိန်းမကလည်း
ဒီစားအုန်းဆီနဲ့
ဒီအချိုမှုန့်နဲ့

ငါသောက်နေတဲ့ ရေက
အာဆန်းနစ် နန်းချင်းနဲ့ ... ။

အသက်ကို
အသက်ရှူ ရပ်မသွားရအောင်
ဖြည်းဖြည်းဖွဖွလေး ရှူနေရတယ်။

အောင်ဘညို

“ညီမလေး” ဓမ္မဓိဋ္ဌာန် ◄ မာန်ထက်သာ ►

(မေးခွန်း)
၁။ ညီမလေးဆိုသည်မှာ ကျွန်တော်နှင့် ဘာမျှမတော်စပ်သောအရင်းနှီးဆုံး (........) တစ်ယောက်ဖြစ်ပါသည်။
၂။ ညီမလေး၏ နှုတ်ခမ်း၌ (........) ရှိပါသည်။
၃။ ညီမလေး၏ လက်ယာဘက်တံတောင်ဆစ်မှ အမှတ်ကလေးသည် (........) ဖြစ်ပါသည်။
၎။ တစ်ခုသော ညတစ်ည၌၊ ကြယ်ကြွေရှုခင်းကို မှင်သက်ငေးမောရင်း ညီမလေးသည် (........) ကို မေ့သွားပါသည်။
၅။ ကျွန်တော့်မှာတော့ အိမ်တံစက်မြိတ်မှ စီးကျလာသော မိုးရေစက်များကို (........) ဖြင့် ခံယူရင်း အဖြေရှာခက်ခဲခဲ့ပါသည်။
၆။ ဒီဘ၀၌ ညီမလေး ကျွန်တော့်ကို ရှင်ကွဲခွဲခဲ့သည်မှာ နှစ်ပေါင်း (........) ရှိခဲ့ပါပြီ။
၇။ ဆေးလိပ်ဖြတ်တိုင်း မအောင်မြင်သူသည် (.........) ဘာသာဗေဒကို နားလည်ခံစားတတ်ဆုံးဖြစ်ကြောင်း ညီမလေးသိသင့်ပါသည်။
၈။ (........) ၌ ရေးထားသော ညီမလေး၏နာမည်ကို သတိရတိုင်း လက်သီးဖြင့် ထိုးမိပါသည်။
၉။ အမှတ်တမဲ့ပြန်ဆုံကြသောတစ်နေ့၌ .. တစ်ယောက်နှင့်တစ်ယောက် မမြင်ချင်ဟန်ဆောင်ကြသောကြောင့် ညီမလေးနှင့် ကျွန်တော် (........) ၌ ပြန်ဆုံလျှင် မှတ်မိနိုင်ကြမည်လား။
၁၀။ မည်သို့ပင်ဖြစ်စေ .. ညီမလေး (........) ငြိမ်းချမ်းပျော်ရွှင်သာယာချမ်းမြေ့ပါစေဟု ကျွန်တော်ဆုတောင်းပေးနေပါသည်။

(အဖြေ)
၁။ သူစိမ်း၊ ၂။ ဗွေ၊ ၃။ မာန်ထက်သာ၊ ၄။ အတိတ်၊ ၅။ ပါးပြင်၊ ၆။ ငါးရာ၊ ၇။သံယောဇဉ်၊ ၈။ နံရံ၊ ၉။ နောက်ဘ၀၊ ၁၀။ ထာဝရ

မာန်ထက်သာ

Beautyမဂ္ဂဇင်း
March,2013

ကမ္ဘာကြီးဟာအဖြူရောင်အနားကွပ်နဲ့ အပြာရောင်ဝတ်ရုံတစ်ထည်ကို မှတ်မှတ်ရရရှိနေဆဲ





"အကြင်နာတရားဆိုတဲ့စကားလုံးဟာ တိုလည်းတိုတယ်။ ပြောရလည်းလွယ်တယ်။ သူ့ရဲ့ပဲ့တင်သံကတော့ ရှည်လျားကျယ်ပြောပါတယ်။"

ဒီစကားကို ပြောခဲ့တာဘယ်သူလဲ။ သမ္မတလား၊ အဖြုတ်ချခံအာဏာရှင်လား၊ ကမ္ဘာကျော်ပန်းချီဆရာလား၊ အရက်သမားလား၊ တော်လှန်ရေးသမားလား၊ ပါတီဥက္ကဌလား၊ ၀ပ်ရှော့အလုပ်သမားလား၊ ပီဇာပို့သူလား၊ ကဗျာဆရာလား၊ အသေခံဗုံးခွဲသူလား။ မဟုတ်ပါဘူး။ သီလရှင်ကြီးတစ်ပါးပါ။ ရိုမန်ကတ်သလစ်သီလရှင်ကြီးတစ်ပါးပါ။ မွေးရပ်မြေက တခြား၊ သူပေးဆပ်ခဲ့တဲ့နေရာက တခြား။ သူကိုးကွယ်တာက တစ်ဘာသာ၊ သူစောင့်ရှောက်ခဲ့တာက ဘာသာစုံ။ သူလိုချင်မျှော်လင့်ခဲ့တာက ကမ္ဘာကြီးမှာမေတ္တာတရားတွေထွန်းကားဖို့၊ သူလက်ခံရရှိခဲ့တာက ဘွဲ့ထူးဂုဏ်ထူးပေါင်းများစွာနဲ့ဆုတံဆိပ်များ။ သူတည်ထောင်ခဲ့တဲ့ဂေဟာတွေကနေတဆင့် အခုဆိုရင် ဂေဟာပေါင်းမြောက်မြားစွာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃နိုင်ငံမှာ ပျံ့နှံ့လို့။ ကမ္ဘာသူကမ္ဘာသားတို့ဟာလည်း သူ့နာမည်ကို အခွင့်ကြုံတိုင်းတဖွဖွပြောလို့။ အယ်ဗေးနီးယန်းလူမျိုးတွေဟာလည်း သူ့ကြောင့် ဂုဏ်သိက္ခာတွေတက်လို့။ ၂၀ရာစုရဲ့ ယုံကြည်လေးစားမှုအခံရဆုံးပုဂ္ဂိုလ်များစာတမ်းမှာ သူ့နာမည်ဟာ ထိပ်ဆုံးမှာရပ်လို့။ ဟုတ်ပါတယ်။ ပရဟိတနဲ့ပတ်သက်လာရင် ခင်ဗျားတို့ကျွန်တော်တို့ လက်ဖျားခါကြရမယ့် သီလရှင်အိုကြီးမာသာထရီဇာ။

ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ်

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ စာရှုသူအဆွေမှာ ဒီကောင်ငဟိန်း ဘာတုန်းဟ လို့ ရေရွတ်မိမည်ထင့်။ သမိုင်းပညာရပ်နယ်ပယ်၌ နေလိုလလိုပင်လယ်လိုကောင်းကင်လို ထင်ရှားသည့်ဆရာကြီး ဒေါက်တာသန်းထွန်း၊ ၁၉၅၆တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၃တွင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၈တွင် အမေရိကန်မြောက်အီလီနွိုက်နှင့် ဂျပန်မီရှီဂန်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊  နိုင်ငံတွင်းတက္ကသိုလ်များတွင် နည်းပြဆရာလေးဘ၀မှ ပါမောက္ခအထိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာသန်းထွန်း နှင့် ကဗျာခံစားမှုများ၊ဆောင်းပါးများ ရေးသားအောင်မြင်ခဲ့၊ ရေးသားအောင်မြင်ဆဲဖြစ်သော ဆရာမောင်သာချို၊ စာပေဟောပြောပွဲများတွင် ပရိသတ်ရင်ကို အညှို့ငင်နိုင်ဆုံးဆရာမောင်သာချို၊ သူ၏ဆောင်းပါးများကို အက်ဖ်အမ်များမှပင် ဖတ်ပြထုတ်လွှင့်ပေးနေရာသော ဆရာမောင်သာချို၊ ပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေသော ဆရာမောင်သာချို။ ဤသို့သော ပုဂ္ဂိုလ်ကြီးများကို ဘာကောင်မှမဟုတ်သည့် ငဟိန်းက သုံးသပ်ထည့်လိုက်ပါပြီ။ ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ် တဲ့။

Sunday, April 14, 2013

လာပါပြီ ဗမာပြည် လူမှုလိင်တစ်ပုဒ်

ကျွန်မလို့ပဲ ပြောပါရစေ။
ကျွန်မကို သူတို့ မကြိုဆိုကြဘူး။
ကျွန်မကို သူတို့ ရွံရှာစက်ဆုပ်တဲ့ အကြည့်နဲ့ ကြည့်တယ်။
ကျွန်မကို သူတို့ ပါးစပ်ကနေ မကြားတကြား လှောင်ပြောင်သရော်တယ်။
မဟုတ်ဘူး မဟုတ်ဘူး ကျွန်မကို သူတို့ထဲက တစ်ယောက်ယောက်
မဟုတ်ဘူး မဟုတ်ဘူး ကျွန်မကို သူတို့အားလုံးပဲ။
ကျွန်မ အပြာကားတွေ ကြိုက်တယ်။
ကျွန်မ အပြာကားတွေ မကြာခဏ ကြည့်ဖြစ်တယ်။
ကျွန်မ မိန်းခလေးသူငယ်ချင်းတွေကိုလည်း ခေါ်ပြဖြစ်တယ်။
အထင်မလွဲပါနဲ့။
ကျွန်မဟာ ဗမာမိန်းခလေးပါ။
ကျွန်မဟာ မိကောင်းဖခင်သားသမီးပါ။
ကျွန်မဟာ သာမန်တက္ကသိုလ်ကျောင်းသူတစ်ဦးပါ။
ကျွန်မအသက် ၁၈ နှစ်လည်း ပြည့်ပြီးပါပြီ။
ကျွန်မမှာ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ရှိတယ်။
သူနဲ့ ကျွန်မ ကျောင်းကင်တင်းအတူထိုင်တယ်။
သူနဲ့ ကျွန်မ နေရာအတော်များများ တွဲသွားတွဲလာတယ်။
သူနဲ့ ကျွန်မ စကားတွေ အများကြီးပြောတယ်။
ဒါပေမယ့် သူနဲ့ ကျွန်မ ဘာမှ မဟုတ်ဘူး။
သူနဲ့ ကျွန်မ အပြာကားလည်း အတူမကြည့်ဖူးဘူး။
ကျွန်မဟာ မိကောင်းဖခင်သားသမီးလေ။

Thursday, April 11, 2013

တစ်ခွန်းရပ်ပြဇာတ်(များ)

ဘ၀မှာ တချို့မြင်ကွင်းတွေ၊ ဇာတ်လမ်းတွေအတွက် တစ်ခန်းလုံးကပြ/တစ်ခန်းလုံးစောင့်ကြည့်နေစရာမလိုပါဘူး။ တစ်ခွန်းတည်းနဲ့လည်း တစ်ဘ၀လုံးကို မြင်လိုက်ရတဲ့ခဏတွေရှိတယ်လို့ ကျွန်တော်ယုံကြည်မိလို့ ဒါတွေကိုရေးမိပါတယ်။

စစ်ပွဲတွေကြားမှာအော်သံတွေပျောက်သွားတယ်။ ◄ ဟိန်း ►




၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မက်ဆီကန်ဇာတ်ကားလေးတစ်ကားပါ။ ဆုပေါင်း ၁၂ရရှိခဲ့တဲ့အပြင် ဆန်ကာတင်အဖြစ်ဆုပေါင်း၁၀ဆုသတ်မှတ်ခံခဲ့ရပါတယ်။ Voces Inocentes တဲ့။ အင်္ဂလိပ်လိုဆိုရင်တော့ Innocent Voices ပေါ့။ တောင်ဘက်မှာ ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်မှာ ဂွာတီမာလာနိုင်ငံနဲ့ အရှေ့နဲ့မြောက်ဘက်မှာ ဟွန်ဒူးရပ်စ်နိုင်ငံတို့ ၀န်းရံထားတဲ့ El Salvador နိုင်ငံလေးရဲ့ ပြည်တွင်းစစ်ကို အခြေခံလို့ ရိုက်ကူးထားပါတယ်။ ၁၉၇၉ခုနှစ်ကနေ ၁၉၉၂ခုနှစ်အထိ ၁၂နှစ်ကျော်ကြာတဲ့ပြည်တွင်းစစ်ကြီးအတွင်းမှာပေါ့။ အဓိက သရုပ်ဆောင်ကတော့ အသက် ၁၁နှစ်အရွယ်ကလေးသရုပ်ဆောင်လေးပါ။ သူ့နာမည်က ချာဗာ။ သူ့အမေအပါအ၀င်မိသားစု ၄ယောက်ဟာ ဘ၀ကိုဆင်းဆင်းရဲရဲကျော်ဖြတ်နေရတာပါ။ အဖေလုပ်သူကတော့ စစ်ကြီးစတင်ကတည်းက မိသားစုကိုပစ်ပြီး ထွက်သွားခဲ့ပါတယ်။ အမေလုပ်သူက အိမ်မှာ စက်ချုပ်စက်ကလေးနဲ့ တနိုင်တပိုင်အထည်လေးတွေချုပ်၊ ချာဗာလေးက ဆိုင်တွေကိုလိုက်သွင်းပေါ့။ ကျောင်းပိတ်တဲ့ရက်တွေဆိုရင်တော့ ဘတ်စ်ကားမောင်းသူကြီးတစ်ယောက်ရဲ့သနားကြင်နာမှုကြောင့် ချာဗာဟာ ဘတ်စ်ကားစပယ်ယာအလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဖြစ်ချင်တော့ သူတို့ရွာကလေးဟာ အစိုးရတပ်တွေနဲ့ ပြောက်ကျားတပ်တွေ တိုက်ပွဲမကြာခဏဖြစ်ပွားတတ်တဲ့နေရာလေးမှာတည်ရှိနေပါတယ်။ သူ့ဦးလေးတစ်ယောက်က ပြောက်ကျားတပ်သားပါ။ တစ်နေ့တော့ သူတို့အိမ်ကို ခိုးကြောင်ခိုးဝှက်လာပြီး ချာဗာကို သူနဲ့ထည့်ပေးလိုက်ဖို့ အမေဖြစ်သူကိုခွင့်တောင်းပါတယ်။ ချာဗာ့ရဲ့မိခင်က လုံးဝသဘောမတူပါဘူး။ ဒါနဲ့ ဦးလေးလုပ်သူက ရေဒီယိုလေးတစ်လုံးကို လက်ဆောင်ပေးပြီးပြန်သွားပါတယ်။ အစိုးရတပ်သားတွေရှေ့မှာ မဖွင့်ဖို့လည်းပြောပါတယ်။ သူတို့ဘက်ကနေ ထုတ်လွှင့်နေတဲ့လိုင်းတစ်ခုကိုဖမ်းတတ်အောင် သင်ပေးသွားခဲ့ပါတယ်။ ချာဗာဟာ ကျောင်းသွားကျောင်းပြန်တိုင်း ရေဒီယိုလေးကို နားမှာကပ်လို့ တော်လှန်ရေးသီချင်းတွေ၊
တော်လှန်ရေးမိန့်ခွန်းတွေကိုနားထောင်တတ်ပါတယ်။ တစ်နေ့တော့ သူနားထောင်နေရင်းလမ်းလျှောက်သွားနေချိန်မှာ အစိုးရစစ်သားတစ်ယောက်ဟာ မယုံသင်္ကာဖြစ်လာလို့ ချာဗာ့ အနားကိုကပ်လာပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ သင်းအုပ်ဆရာကြီးက ဘုရားကျောင်းထဲကို အမြန်ပြေးဝင်ပြီး တားမြစ်ထားတဲ့တော်လှန်ရေးသီချင်းတစ်ပုဒ်ကိုဖွင့်တော့တာပါပဲ။ ဒီအချိန်မှာ အစိုးရစစ်သားတွေရဲ့အာရုံဟာ ဘုရားကျောင်းဘက်ကို ရောက်သွားပါတယ်။ သူတို့ထဲက ခေါင်းဆောင်က ဒါဟာတားမြစ်ထားတဲ့သီချင်းဖြစ်လို့ အခုပိတ်ပေးပါလို့ သင်းအုပ်ဆရာကြီးကိုပြောပါတယ်။ သင်းအုပ်ဆရာကြီးက ပိတ်ချင်ရင်ကိုယ်တိုင်ဝင်ပိတ်ပါလို့ မချေမငံပြန်ပြောတဲ့အတွက် စစ်သားတွေဟာ ဘုရားကျောင်းမှာချိတ်ထားတဲ့လော်စပီကာကြီးကို သေနတ်နဲ့ပစ်ချလိုက်ပါတယ်။ ဒီအချိန်ကစပြီး ပြည်သူတွေဟာ အစိုးရစစ်သားတွေအပေါ် ရွံ့ရှာခဲ့ကြပါတယ်။ သိပ်ကြေကွဲစရာကောင်းတဲ့အဖြစ်တွေဟာ မကြာခင်မှာပဲဖြစ်လာပါတယ်။ စစ်သားတွေဟာ ရွာထဲကကျောင်းကိုဝင်ပြီး အသက်၁၂နှစ်ပြည့်ပြီးတဲ့ ကျန်းမာရေးကောင်းသူကလေးတိုင်းကို စစ်သားအဖြစ်စုဆောင်းပါတယ်။ ချာဗာလေးက လအနည်းငယ်လိုနေလို့ ကံကောင်းထောက်မစွာကျန်ခဲ့ပါတယ်။ ချာဗာရဲ့သူငယ်ချင်းတချို့ကတော့ ငိုယိုမြည်တမ်းပြီး စစ်ကားကြီးပေါ်ကို ပါသွားကြပါတယ်။ ကလေးတချို့ခမျာ ဘောင်းဘီထဲမှာ ဆီးတွေတောင်ထွက်ကျလို့ပါပဲ။ ချာဗာ့မှာ ချစ်ရတဲ့သူလေးလည်းရှိနေပါသေးတယ်။ သူတို့အတန်းပိုင်ဆရာမရဲ့သမီးကလေးကိုပါ။ ဒီလိုနဲ့တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ ချာဗာတို့ ကျောင်းကလေးအနားမှာတောင် တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့သားသမီးတွေကိုစိတ်ပူလို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကြားထဲကို လက်ကိုင်ပုဝါအဖြူလေးတွေ ဝှေ့ယမ်းပြီး အပစ်အခတ်ရပ်ကြဖို့ အော်ရင်း ပြေးဝင်လာကြပါတယ်။ ဒါပေမဲ့ ကျည်ဆံတွေဟာ မိခင်မေတ္တာကိုနားမလည်နိုင်ခဲ့ပါဘူး။ ဒီလိုဆိုးရွားနေတဲ့အခြေအနေတွေကြောင့် ချာဗာ့ရဲ့အမေဟာ သူ့ရဲ့မိခင်၊ ချာဗာ့ရဲ့အဘွားနေထိုင်တဲ့ ရွာကလေးကို ပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီရွာကလေးက မြစ်ရဲ့တစ်ဖက်ကမ်းမှာပေါ့။ အဲဒီရွာကလေးမှာ နေထိုင်နေရင်းကနေ တစ်ရက်တော့ သူ့ဦးလေးရဲ့တပည့်၊ တော်လှန်ရေးစစ်သားတစ်ယောက်ဟာ ချာဗာ့ကို တိတ်တဆိတ်လာတွေ့ပါတယ်။ အစိုးရတပ်က မနက်ဖြန်မှာ ပေါ်တာဆွဲမှာဖြစ်တဲ့အတွက် ယောက်ျားကလေးတွေအားလုံးရှောင်နေကြဖို့ပေါ့။ ချာဗာနဲ့ သူ့သူငယ်ချင်း၃ယောက်ဟာ ကျောင်းစာအုပ်တွေကိုဖြဲ၊ ခဲတံလေးတွေနဲ့ မညီမညာရေးလို့ "မနက်ဖြန်ပေါ်တာရှိတယ်"ဆိုတဲ့စာတွေကို အိမ်ပေါက်စေ့ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလိုနဲ့ အစိုးရတပ်တွေရွာထဲကို ၀င်လာချိန်မှာတော့ ကလေးတွေတော်တော်များများကိုမတွေ့ရတဲ့အတွက် မိခင်တွေကိုရိုက်နှက်ကန်ကျောက်ပြီး နှိပ်စက်ကြပါတယ်။ တွေ့ရတဲ့ကလေးတွေကိုတော့ ခေါင်းပေါ်လက်တင်စေပြီး သေနတ်နဲ့ချိန်လို့ ခေါ်သွားကြပါတယ်။ ဒီနေရာမှာ ကျွန်တော်စိတ်ထိခိုက်မိတဲ့ဇာတ်ဝင်ခန်းလေးကို သတိရမိပါတယ်။ ရှေ့မှာခေါင်းပေါ်လက်တင်လို့ လျှောက်နေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်၊ အနောက်ကနေ သေနတ်နဲ့ချိန်ပြီးအော်ဟစ်ဆဲဆိုနေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်။ ဒီကောင်လေးဟာ ဟိုတစ်လောတုန်းက ကျောင်းမှာပေါ်တာလာဆွဲတဲ့အချိန် ဘောင်းဘီထဲဆီးတွေထွက်ကျနေခဲ့တဲ့ကောင်လေးပေါ့ဗျာ။ စစ်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ ကိုယ့်သူငယ်ချင်းကို သေနတ်နဲ့ချိန်တတ်လာတဲ့အဖြစ်။ နောက်ထပ်စိတ်မကောင်းစရာတစ်ခုက အောက်မှာမိခင်တွေကိုရိုက်နှက်နေတဲ့အချိန် ကင်မရာကိုတဖြည်းဖြည်းအပေါ်စီးကနေ ဆွဲရိုက်ပြလိုက်တော့....ဟာဗျာ...ကလေးလေးတွေအားလုံးဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ပြားနေအောင်အိပ်လို့..။ ပုန်းအောင်းနေကြတာလေ။ ဒီလိုအဖြစ်အပျက်ကြီးဟာ ၃ရက် ၄ရက်ဆက်တိုက်ဖြစ်နေတော့ ချာဗာတို့အရွယ်တွေဟာ ညဘက်တွေမှာပါ ခေါင်မိုးပေါ်မှာပဲ ပက်လက်လှန်လို့ တစ်ညလုံးလိုလိုနေခဲ့ရပါတယ်။ ဒီနေရာမှာချာဗာပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်မှတ်မိနေပြန်ပါတယ်။"ကြယ်တွေကိုရေတွက်တိုင်းကစားကြတာပါ။ တစ်ညတစ်ညကို ကြယ်အလုံးပေါင်း ၂သိန်း၃သောင်းလောက်တော့ အသာလေးရေတွက်လို့ရပါတယ်" တဲ့။ ချာဗာဟာ သူချစ်ရတဲ့ ဆရာမသမီးကလေးကို သတိရလွန်းမက ရလာတော့ သူတို့နေခဲ့တဲ့အိမ်ကလေးကို ပြန်ပြေးသွားပြီးကြည့်မိပါတယ်။ အိမ်ကလေးနေရာမှာ မီးလောင်ပြင်ကြီးတစ်ခုကိုပဲသူတွေ့လိုက်ရတော့ သူဟာရူးမတတ်ဖြစ်သွားပါတယ်။ သူ့ဆရာမရယ်၊ သူချစ်တဲ့ကောင်မလေးရယ်မရှိကြတော့ဘူး။ သူဟာလက်နက်ကြီးတိုက်ရိုက်ထိမှန်ခံထားရတဲ့ အိမ်ပျက်ကြီးထဲမှာ မွှေနှောက်ရှာဖွေရင်း သူချစ်တဲ့ကောင်မလေးဝတ်နေကြ အကျီင်္အပိုင်းအစလေးတစ်ခုကိုသာရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချာဗာနဲ့သူ့သူငယ်ချင်းတွေဟာ တော်လှန်ရေးတပ်ဆီကို မိဘတွေမသိအောင် ထွက်ခွာကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ထို့နောက်မှာတော့ ......... ။

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်နဲ့သမိုင်းဆိုင်ရာအချက်အလက်တွေအပေါ်အခြေခံပြီးရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ရင်ထဲအကြေကွဲမိဆုံးဇာတ်ဝင်ခန်းတွေကတော့ အများကြီးပါပဲဗျာ။ ၁၂နှစ်သားကလေးတွေကို ဒူးထောက်ထိုင်ခိုင်းပြီး နောက်စေ့ကို သေနတ်နဲ့ပစ်သတ်တဲ့ အစိုးရတပ်တွေကို ကျွန်တော်သွေးပျက်လောက်အောင် ရွံရှာမိတော့တာပါပဲ။ ရေးသားသူ  Luis Mandoki ကိုယ်တိုင် ရိုက်ကူးတဲ့ ဒီဇာတ်ကားလေးဟာ ကလေးစစ်သားအသုံးပြုခြင်းအပေါ်ကမ္ဘာကြီးက ပိုမိုအာရုံစိုက်မိလာအောင် ရည်ရွယ်ပုံရပါတယ်။ ချာဗာအဖြစ်သရုပ်ဆောင်တဲ့ Carlos Padilla ရဲ့ လူ့ဘ၀ကြီးအပေါ်စိတ်ပျက်အားလျော့နေတဲ့ မျက်နှာကလေးဟာ ဒီရုပ်ရှင်အပေါ်အများကြီး အကျိုးရှိစေခဲ့ပါတယ်။
ကလေးစစ်သားလေးတွေရဲ့ဘ၀တွေကို စာနာပေးနိုင်ရင်ဖြင့်၊ ပြည်တွင်းစစ်ရဲ့ ကောင်းကျိုးတစ်စက်မှမရှိတဲ့ ဆိုးကျိုးတွေကို နားလည်နိုင်မယ်ဆိုရင်ဖြင့်၊ သေနတ်တွေအစား မြေဖြူတောင့်တွေပဲထုတ်လုပ်ဖို့ အလိုရှိတယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်စေချင်တော့တာပါပဲ။


ဟိန်း
၈.၃.၁၃

ကပ်ရောဂါမဟုတ်တဲ့ကပ်ရောဂါဟာ ကမ္ဘာကိုစိန်ခေါ်နေလေရဲ့




အိုရမယ်
နာရမယ်။
သေရမယ်။
ဒါက ကမ္ဘာပေါ်က လူသားတိုင်းရဲ့ ဘ၀နေ၀င်ချိန်သမာရိုးကျ ဇာတ်ကွက်တွေဖြစ်ပါတယ်။ တမူဆန်းသူတွေလည်း ရှိနေနိုင်ပါတယ်။ မအိုခင်နာရတာမျိုး၊ မအိုခင်သေရတာမျိုး။ ဒါကတော့ တစ်ပိုင်း။ အခုကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းနဲ့အိုကြမလဲ။ ဒီနေ့ခေတ်ကမ္ဘာ့လူဦးရေရဲ့ ၇ ရာခိုင်နှုန်းဟာ လူအိုတွေပဲလို့ ကျွန်တော်တို့သိခဲ့ရပြီးပါပြီ။ တစ်နေ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီသတ်မှတ်ချက်ထဲမှာ ပါဝင်ကြရမှာပါ။ ဟုတ်ပါတယ်။ ဘယ်လိုပုံစံနဲ့ ကျွန်တော်တို့ပါဝင်ကြမလဲ။ သားကြီးနဲ့သူ့မိသားစုက နိုင်ငံခြားမှာစားသောက်ဆိုင်လုပ်ငန်း၊ သမီးအလတ်က တက္ကသိုလ်မှာ ကထိက၊ သမီးအငယ်ဆုံးက အထူးကုဆေးခန်းကြီးတစ်ခုရဲ့ ပါရဂူများစာရင်းဆိုင်းဘုတ်ပေါ်မှာ နေရာတစ်နေရာရသူ။ ဒီလို သားသမီးတို့ကိုပိုင်ဆိုင်ထားသော အသက်၆၀ကျော်အဘွားကြီးတစ်ယောက်။ နွေရာသီရောက်ရင်တော့ တောင်ပေါ်မြို့ကလေးရဲ့ တိုက်သစ်ကြီးမှာ ကျန်းမာရေးအတွက်သွားပြီး အပန်းဖြေတတ်သေး။ ဒီလိုအဆင့်အတန်းနဲ့ လူအိုတွေအတွက်ကတော့ အိုခြင်းဆိုတာ ဒုက္ခပါးပါးလေးသာ။ ယောက်ျားက ပန်းရံလုပ်ရင်းတိုက်ပေါ်က ပြုတ်ကျပြီးကွယ်လွန်၊ သားကြီးကလည်း ဖားကန့်ဘက်အလုပ်လုပ်သွားမယ်ဆိုပြီး ပြန်မလာတော့တာ ၆နှစ်၊ သမီးကလေးက စတိုးဆိုင်မှာအရောင်းဝန်ထမ်း၊ ကိုယ်တိုင်ကတော့ ယိုင်နဲ့နဲ့စုတ်ချာချာတဲကလေးထဲမှာ ပန်းနာရင်ကြပ်ရောဂါနဲ့နေ့စဉ်စစ်ခင်းပြီးနေရသူ၊ အသက်၆၀ကျော်အဘွားကြီး။ ဒီလိုလူမျိုးတွေအတွက်ကျတော့ အိုခြင်းဆိုတာ ရှေ့မှာကာထားတဲ့ တံတိုင်းကြီး၊ ခေါင်းပေါ်ရွက်ထားတဲ့ ကျောက်တုံးကြီး၊ ခြေထောက်ကိုချည်ထားတဲ့ သံကြိုးကြီး။ တချို့သောအိုခြင်းမျိုးက ပိုဆိုးပါသေးတယ်။ ကျောထောက်နောက်ခံဆွေမျိုးမရှိလို့၊ သားသမီးတွေအားလုံးက တစ်နယ်တစ်ကျေးမှာမို့၊ သားသမီးတွေကိုယ်တိုင်ကိုက ပြုစုချင်စိတ်မရှိကြတော့လို့၊ စတဲ့ဒီလိုအကြောင်းပြချက်တွေကြောင့် လူအိုရုံလို့ခေါ်တဲ့နေရာတစ်ခုကို အဘိုးအို၊အဘွားအိုတို့ ရောက်ခဲ့ကြရပါတယ်။ တဲ့တိုးခေါ်တော့ လူအိုရုံ၊ နည်းနည်းဖျော့ခေါ်တော့ ဘိုးဘွားရိပ်သာပေါ့။ အိုမင်းခြင်းဟာ ကမ္ဘာကြီးရဲ့ ကြောက်စရာကောင်းသောကပ်ရောဂါတစ်ခုလို နေ့စဉ်နဲ့အမျှကြီးထွားလာပါတယ်။ ကျွန်တော်တို့ထက် လူနေမှုအဆင့်အတန်း၊ ပညာအဆင့်အတန်းမြင့်မားတဲ့ ဂျပန်လိုနိုင်ငံမျိုးမှာတောင် လူအိုတွေအပေါ် ထားရှိတဲ့ဂရုစိုက်မှုတွေဟာ ခေါင်းပါးလာကြောင်း ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ စကားကို ကိုးကားပြီး ပြောချင်ပါတယ်။ သူတို့နိုင်ငံမှာ သက်ကြီးရွယ်အိုတွေနဲ့ ဆွေမျိုးမြေးမြစ်တွေဟာ တစ်နေရာစီနေကြပါသတဲ့။ ခေတ်ကြီးရဲ့လိုအပ်ချက်အရ တစ်ရက်ကို အလုပ်ချိန် ၁၂နာရီလောက်လုပ်နေရတဲ့ဘ၀မှာ မိဘဘိုးဘွားတွေကို ၂ရက်နေလို့ တစ်ခါတောင် သွားမကြည့်နိုင်ပါဘူးတဲ့။ မနက်အိပ်ရာနိုးလို့ ရေနွေးအိုးတည်တာဖြစ်ဖြစ်၊ သန့်စင်ခန်းဝင်တာဖြစ်ဖြစ် အဘိုးအဘွားတို့က နေ့စဉ်လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်တဲ့အခါမှာ သားသမီးမြေးမြစ်တို့ရဲ့ အိမ်မှာ အချက်ပေးခေါင်းလောင်းကလေးတွေက မြည်ပါတယ်။ သဘောကတော့ အဘိုးအဘွားတို့ရဲ့အိမ်နဲ့ ဆွေမျိုးသားသမီးတို့ရဲ့အိမ်ကို စနစ်တစ်ခုနဲ့ချိတ်ဆက်ထားတယ်ပေါ့။ နေ့စဉ် အချက်ပေးခေါင်းလောင်းသံကြားနေသရွေ့ စိတ်မပူမိကြပါဘူး။ အချက်ပေးခေါင်းလောင်းသံမကြားရတဲ့နေ့မျိုးမှာမှ တစ်ခုခုများဖြစ်သလားဆိုပြီး အပြေးအလွှားသွားကြည့်ကြပါသတဲ့။ ခေတ်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့ ရင်နာစရာအလေ့အကျင့်တစ်ခုပါပဲ။

သင်္ကြန်(၂)

ပိတောက်ကိုင်းကလေးတွေဟာ
သင်္ကြန်မိုးလောက်နဲ့ မဖြုံကြတော့ဘူး။
ဦးနေအောင်ကြီး ရှိနေသေးတယ်
စန္ဒယားဆရာလေးကိုငြိမ်းမောင်သေပြီ။
ကိုငြိမ်းမောင်ဟာ ပြီးပါပြီ လို့ စာတန်းမထိုးခင်သေနှင့်ပြီ။
သူသေတော့ အကုန်လိုက်သေပြီ။
ငွေငန်းကြီးလည်း ငွေငမ်းတွေရဲ့ အနောက်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ။

အတိအလင်းဆိုတာ အဖြေတိုင်းမှာ ထည့်ဖို့မဟုတ်ဘူး


နေရင်းထိုင်ရင်း လဲသေသွားတဲ့ ကမ္ဘာကြီးပေါ်
ငါတို့ဟာလည်း နေ-ရင်း-ထိုင်-ရင်း။
ခေတ်ညံ့ကြီးထဲက လူညံ့ကြီးတွေ
သမိုင်းပါ ညံ့ကြပေတော့ ဆိုပြီး
နာရီဟာ နာနာကျင်ကျင်အော်ရယ်နေလေရဲ့

လက်ညှိုးကွေးလိုက်တာခေတ်ကြီးလည်းလိုက်ကွေး

စိုးရိမ်စိတ်ဟာ
အသွေးအသားထိ စိုက်ဝင်ခဲ့တော့
အိမ်ကိုပြန်တဲ့လမ်းဟာ
မှောင်လို့ ..... ။

အမှောင်ကို စာစီကုံးပြီး
စာရွက်အပိုထပ်ယူနေရတဲ့
စာမေးပွဲတစ်ခုပဲ
ချွေးတွေ၊ သွေးတွေ၊ စိုးရိမ်စိတ်တွေ။


နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက်ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တ၀ီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ
မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့
ခက်ခဲသော ငါတို့ အကြောင်းတွေရဲ့
အစပေါ့……..။    ။


နေမျိုး

ညီမလေးနဲ့ မျက်စောင်းထိုးနေရာလေးမှာထိုင်လို့ ◄ ဟိန်းမြတ်ဇော် ►

ပြဒါးနဲ့ဖမ်းယူရလောက်တဲ့အထိ
ငါ့စိတ်ကူးတွေ အကျအပေါက်များခဲ့ရတယ် ။

ဝက်ဝက်ကွဲ ရယ်ချလိုက်တဲ့အသံမှာ
ဘ၀ကူးကောင်းဖို့တဲ့
ငါ့ကို ဒီစကားလုံးတွေနဲ့ ကယ်တင်လိုက်နိုင်တာ
ဘယ်သူများလဲ ။

ငါ့မှာ(တစ်ကိုယ်တည်း)
ဥယျာဉ်ခြံမြေမရှိ ဟင်းလင်းကြီးပွင့်လို့ ။
 
ဟိန်းမြတ်ဇော်

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

လူရွှင်တော်

ငှက်ပျောခွံကို တက်နင်းမိပြီးချော်လဲတယ်
ကွန်တော့်ကိုကြည့်ပြီး တဟားဟားရယ်ကြတယ်
ကျွန်တော် ပြန်ထ ခါးကိုမတ် ထော့နဲ့ ထော့နဲ့လမ်းလျှောက်လာ
ခွေးတစ်ကောင်ထိုးဟောင်တယ် ၊ ပြီးတော့ လိုက်ကိုက်
ကျွန်တော် လှည့်ပတ်ပြေးရ
ကျွန်တော့်ကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကြတယ်
ကျွန်တော်သစ်ပင်ပေါ်တတ်ပြေး
ကိုင်းဖျားနားရောက် အဲ့ဒီအချိန် သစ်ကိုင်းကျိုးကျ
ကျွန်တော်လည်းလိမ့်ကျပေါ့
ကျွန်တော့်ကိုကြည့်ပြီး လက်ခေါက်တရွှီရွှီမှုတ်ကြတယ်
တအုန်းအုန်းရယ်ကြတယ်
သူဟာ လူရွှင်တော်ပါ
သူနာကျင်တဲ့အခါ အားလုံးဝိုင်းရယ်ကြပေတာ ။

နေမျိုး