Saturday, August 31, 2013

စစ်နဲ့အတူကျကွဲသွားတဲ့ အနာဂတ်တွေဟာ တစ် စစ် စစ် နဲ့ တဆစ်ဆစ်ငိုကြွေး ◄ တည်တံ့ (G.B.K) ►


(၁)
ပြုံး ပြုံး ရယ် ရယ်
ခိုး ခိုး ခစ် ခစ် အသံ စီ စီ ညံ ညံ
ထောက်ခနဲ
ဘောလုံးလေးဟာ လိမ့်ဆင်းသွား
ဟော ကောက်လိုက်စမ်း
ကောက်ယူလိုက်ဖို့
“မေမေ .. သမီးရဲ့ လက်နှစ်ဖက်ဘယ်ရောက်သွားလဲဟင်”

ဆူးလေလမ်း ရာဇဝင်

ဆူးလေလမ်းဟာ
အိပ်ရာကနိုးပြီဆို
ဗဟိုမီးသတ်ကို နှုတ်ဆက်
လက်ရွေးစင်မှာ
လက်ဖက်ရည်တစ်ခွက်သောက်လိုက်တယ်။

ဆူးလေလမ်းဟာ
အမောင်းကြမ်းတဲ့
ဒတ်ဆန်း ကားတွေကို
ကျိန်ဆဲနေတတ်တယ်။

Wednesday, August 21, 2013

မြို့သိမ်းကဗျာ◄ ကိုရွေး ►



မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ

မင်းတို့မြို့ဟာယဉ်ကျေးမှုရဲ့အသည်းနှလုံး
မင်းတို့မြို့ဟာစီးပွားရေးအရကျုံးပေါ့
လယ်ယာမြေကောင်းထဲ ရေငန်တွေဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာနေပြီ
အောင်မြင်တဲ့ဂျုံခင်းထဲ ကျိုင်းအုပ်တွေကျလာသလို
မင်းတို့မြို့ထဲလူကျိုင်းတွေကျလာနေပြီ

Monday, August 12, 2013

ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့ ... ငါတို့ .... ငါတို့ ....




အလောင်းတွေလိုက်ရေရတာက သင်္ချာသင်ခန်းစာပဲ။
ဘယ်သူမှမဖတ်မယ့်နေရာဆီ သတ်ပုံမမှန့်တမှန်စာလေးတွေရေးရတာ မြန်မာစာသင်ခန်းစာပဲ။
ကျောပိုးအိတ်တွေ လွယ်ပိုးရတာက ကာယသင်ခန်းစာပဲ။
ကျင်းတွေချိုင့်တွေ ခုန်ကျော်ရတာက ကစားနည်းတစ်မျိုးပဲ။

ခုံနံပါတ်(၂၃)




ဟောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ ဘောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ တစ်ခါတစ်ခါပြင်သစ်၊ ရှရှား၊ ဂျာမန်၊ ဘရာဇီးကားတွေလည်း ရံဖန်ရံခါပေါ့။ အာရှမဟုတ်တာတော့သေချာတယ်။ ကိုရီးယားတွေ၊တရုတ်ကားတွေက မကြည့်လည်းမြင်နေတာပဲ။ ဗင်နီဇွဲလားအလှမယ်တွေအကြောင်းလည်း သေချာလေ့လာထားသေးတာ။ ဒါတောင် မခန့်မှန်းတတ်အောင် ဖြစ်နေတယ်။ အကြည့်ပြာပြာတွေလား၊ မီးရောင်ပြာပြာကြောင့်လား။ ဒါလည်းသိပ်မသဲကွဲပေမယ့် သိပ်အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ဘူး။ အဲယားကွန်းကလည်း အေးလိုက်တာ။ စောင်ခြုံထားတာထက် စောင်ထဲမှာ သူကိုယ်တိုင်စိတ်လိုလက်ရ နစ်ကျွံနေတာနဲ့ ပိုတူတယ်။ ကိုယ်လည်း ခြုံထားတယ်။ မျက်လုံးတွေတော့ ပူနေလို့ အပေါက်ကလေးဖောက်ပြီး ဟပေးထားတယ်။ ရိပ်မိပြီထင်တယ်။ အကြည့်ချင်းဆုံမှာကြောက်လို့ မျက်လုံးတွေမကြာခဏမှိတ်မှိတ်ပစ်နေတာတော့ ကိုယ်သူရဲဘောကြောင်လွန်းပါတယ်။ အလွန်ဆုံးရှိလှ ကိုယ်နဲ့ရွယ်တူ၊ ကြီးလှတစ်နှစ်၊ ငယ်လှတစ်နှစ်ပေါ့။ ဆံပင်လေးတွေကို ခဏခဏသပ်ပြီး ဖြူးချလိုက်တာ ဖြူးရောက်တော့တာပဲ။ အသုပ်စုံဆိုင်ရှေ့မှာ ရပ်ငေးနေတော့ မြန်မာ့ရိုးရာမုန့်တွေအကြောင်းရှင်းပြရင်း ၀င်လုံးရမလားတွေးတယ်။ မဖြစ်ဘူး။ တောင်အမေရိက လောက်ကဖြစ်မယ်။ အရပ်အမောင်းကလည်း ကိုယ်နဲ့ဆို မျက်ခုံးမျက်ခုံးချင်း၊ နားရွက်နားရွက်ချင်း ထိပစ်လို့ရတယ်။ အလင်းထဲမှာ မြင်မှ အသားအရည်တွေ ဒီလောက်လှမှန်းသိရတာကိုး။ ရဲပြီးမွဲနေတာမဟုတ်ဘူး၊ နုပြီးဥနေတာလေ။ အအေးဆိုင်ရှေ့လှလှကြွကြွလေးလျှောက်သွားပြီး ကုတ်တစ်ဘူးကို လက်ညှိုးထိုးမှာတယ်။ ဘယ်လိုအသံမျိုးထွက်လာမလဲလို့ မျှော်လင့်နေပါတယ်ဆို ရောင်းတဲ့သူကလည်း လက်တစ်ချောင်းထောင်ပြတယ်။ အားလုံးမှာ သူအရင်ပြန်တက်သွားတာပဲ။ ကိုယ်လိုက်သွားတော့ ၂၄ကလွတ်နေ၊ တစ်ယောက်မျက်လုံးက တစ်ယောက်မျက်လုံးထဲ စိုက်နေတော့ ကမ္ဘာသုံးနှုတ်ဆက်စကားနဲ့ အရဲစွန့်ကြည့်တယ်။ Hi ။ အသံပြန်မလာဘူး။ အရုပ်ပဲပြန်လာတယ်။ ပြုံးပြုံးလေးမြှောက်ပြတယ်။ ကုတ်ဘူးကို။ ရပါတယ်၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ English စကားတော့ ကိုယ်တောင်သိသေးတာပဲ။ သူလည်းသိမှာပဲ။ ပြောပစ်လိုက်တယ်။ ဒါပဲ။ ဘာမှဆက်မလုံးတတ်တော့ဘူး။ မလုံးရဲတော့ဘူး။ မလုံးရဲမှတော့ ဖြည်ဖို့ဆို ဝေးပေါ့။ ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး အစမှာရေးခဲ့တဲ့ စာကြောင်းတွေအတိုင်းပြန်လည်ကျင့်ကြံအားထုတ်တယ်။ ယုံလားတော့မသိဘူး။ တစ်ညလုံးကြည့်နေတာ သူ့နေရာလေးရယ်၊ ကားသမားရှေ့က ဒိုင်ခွက်ရယ်ပဲ။ ကားသမားက ကီလို၁၀၀ကျော်အောင် ခိုးခိုးနင်းတယ်။ သူကလည်း ကီလို၁၀၀ကျော်အောင် ကိုယ့်ကိုနင်းတယ်။ ကိုယ်မှာမရွေ့ဘဲ ပြေးနေတယ်။ တစ်ချက်တစ်ချက် သူ့မှာ ကိုယ့်ကိုကြည့်လိုက်၊ ၂၄ကိုကြည့်လိုက်လို့ထင်မိတယ်။ သွားထိုင်မယ် ထိုင်မယ်နဲ့ ကျွဲဆည်ကန်ကို ၀င်သွားတော့ ဒီကားအတော်မြန်သကွာလို့ ကျိန်ဆဲမိသေး။ အကွက်ဝင်ပြီ။ သူအိတ်ကိုဆွဲထုတ်တာ ကျပ်နေတယ်။ ၀ုန်းဆို ဘေးကလူကို တွန်းဖယ်ပြီး အမြန်ပြေးကူလိုက်တယ်။ သူနှစ်နှစ်ကာကာပြုံးတယ်။ "ကျေးဇူးပါပဲရှင်"တဲ့။ ကိုယ် ရပ်သွား၊ တန့်သွား၊ ငိုင်သွားတယ်။ တရုတ်ကားထဲက အကြောပိတ်ခံရတဲ့သိုင်းသမားလိုပဲ၊ ငါ့ကမ္ဘာဟာ အဲဒီနေရာမှာ နေကို မပတ်ဘဲ ငေးနေတယ်။ "ကျွန်မကို နိုင်ငံခြားသူထင်နေတာမလား၊ ဖေဖေက ဂျူး၊ မေမေက ဂေါ်ရခါး။ မိုးကုတ်မှာလေ။ အကြည့်တွေနဲ့တစ်လမ်းလုံးစောင့်ရှောက်ခဲ့တဲ့ရှင့်ကို ထပ်ပြီးကျေးဇူးတင်ပါတယ်။"



ဟိန်း

စစ်အေးတိုက်ပွဲတစ်ခုအတွက်ကင်မရာတစ်လုံးရှိနေတယ်(သို့မဟုတ်) Mike Pandey



အကြွေစေ့တစ်စေ့ကို လေထဲပစ်တင်လိုက်တယ်ဆိုပါစို့။ ပြန်ကျတဲ့အခါတိုင်း ခေါင်းချည်းပဲ အကြိမ်တစ်ရာဆက်တိုက်ကျအောင် ကျွန်တော်တို့ပစ်တင်နိုင်ပါ့မလား။ ရုတ်တရက်အားဖြင့် မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် ဒီပုစ္ဆာမှာ ဘယ်နှကြိမ်ပစ်တင်မှာလဲ၊ ဘယ်လောက်ကြာကြာပစ်တင်မှာလဲ ဆိုတဲ့ ပေးချက်မပါတာ ဂရုပြုသင့်ပါတယ်။ ကျွန်တော်တို့လူသားသက်တမ်းတစ်ခုစာလောက်၊ ကမ္ဘာကြီးသက်တမ်းတစ်ခုစာလောက်၊ စကြာဝဋ္ဌာသက်တမ်းတစ်ခုစာလောက် ပစ်တင်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာတော့ ခေါင်းချည်းပဲ အကြိမ်တစ်ရာဆက်တိုက်ကျနိုင်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အရေးကြီးတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်မယ်။ ဒါဆို ကမ္ဘာ့အဆုတ်ကြီး(၃)ခုလို့ တင်စားကြတဲ့ အာဖရိကတိုက်က ကွန်ဂိုသစ်တောကြီးရယ်၊ အမေရိကတိုက်က အမေဇုန်သစ်တောကြီးရယ်၊ အာရှတိုက်က မဲခေါင်-ဘော်နီယိုသစ်တောကြီးရယ်၊ ဒီသစ်တောကြီး ၃ ခုထဲက တစ်ခုလောက်ချက်ချင်းပျောက်ကွယ်သွားမှာလား။ လူတစ်ယောက်ဟာ ကြွပ်ကြွပ်အိတ်တစ်လုံးကို စည်းကမ်းမဲ့လွှင့်ပစ်လိုက်တယ်။ ဒါဆို မြေအောက်ရေကို အလွန်အမင်းမှီခိုနေရတဲ့ ဘန်ကောက်မြို့ကြီးတစ်ခုလုံး ချက်ချင်းဒုက္ခရောက်သွားမှာလား။ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မေ့ထားမိတဲ့ အချိန်(သို့မဟုတ်)အကြိမ်ဟာ မျှော်လင့်မထားတဲ့အဖြေတွေကို ထုတ်ပေးပါလိမ့်မယ်။ ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာလေးအတောင်တစ်ချက်ခတ်ရင် ဟိုဘက်ကမ္ဘာတစ်ခြမ်းမှာ မုန်တိုင်းကြီးတွေဖြစ်ပေါ်မယ်လို့ တင်စားကြတဲ့ Butterfly Effect ဟာ ဒီနေရာမှာ လုံးဝမှန်တယ်လို့ လူနည်းစုက ပြတ်ပြတ်သားသားထောက်ခံကြပါတယ်။ ခင်ဗျားရောထောက်ခံပါသလား၊ ကျွန်တော်ရောထောက်ခံရမှာလား။ ထောက်ခံကြတဲ့လူနည်းစုထဲမှာ Mike Pandey ဆိုတဲ့လူတစ်ယောက်လည်းပါပါတယ်။ အကြောင်းအရာတစ်ခုအပေါ် သာမန်လူတစ်ယောက်ယုံကြည်လက်ခံတာထက်စာရင် အနုပညာမှာမွေ့လျော်သူတစ်ယောက်ယုံကြည်လက်ခံတာက အများကိုပြောဆိုရှင်းပြစည်းရုံးဖို့ ပိုမလွယ်ဘူးလား။ Mike Pandey ဟာ လူများစုက မသိချင်ယောင်ဆောင်ထားကြတဲ့ ကမ္ဘာကြီးအပေါ် သူတတ်နိုင်တဲ့နေရာက ကျေးဇူးဆပ်နေခြင်းဖြစ်ပါတယ်။ သူ့ခံစားမှုတွေ အတတ်ပညာတွေကို အချိုးကျကျပေါင်းစပ်လို့ ကမ္ဘာပေါ်က မချောမွေ့မှုတွေကို ရင်ဘတ်နဲ့ ရွေဘော်ထိုးနေခြင်းဖြစ်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်ရဲ့ မျက်တောင်ကော့လေးတွေလို နူးညံ့ပွင့်အာလာတဲ့ ပန်းပွင့်ချပ်လေးအတွက် သူ့ပခုံးတစ်ခြမ်းနဲ့ ၀င်ထမ်းထားခြင်းဖြစ်ပါတယ်။ လေးထောင့်ကွက်သေးသေးလေးထဲ ၀င်လာတဲ့အလင်းတွေကို မျက်လုံးကဖမ်းယူ၊ နှလုံးသားနဲ့ တည်းဖြတ်ပြီး ကိုယ့်ကိုယ်ကို ပိတ်ကားတစ်ခုလိုကျင့်လို့ အများမြင်သာအောင်ရုံတင်ပြသနေခြင်းဖြစ်ပါတယ်။ အသက် ၆၀ ကျော်နေပြီဖြစ်ပေမယ့် သူ့ဘ၀ရဲ့ ရှေ့ပိုင်းနှစ် ၃၀မှာ ကမ္ဘာကြီးအပေါ် လူမသိသူမသိချစ်ခဲ့ပြီး နောက်ပိုင်း နှစ် ၃၀ မှာ သူ့ရဲ့ချစ်မြတ်နိုးမှုအပေါ် ကမ္ဘာကြီးက တုံ့ပြန်လာသူတစ်ဦးလို့ Milke Pandey ကိုဆိုနိုင်ပါတယ်။

တြိလွဲ





ငါ့လက်ထဲက တုတ်ရယ်၊
ဟိုကောင့်လက်ထဲက အုတ်ခဲရယ်၊
နင်ပြေးဆွဲပြီး "ငါ့ကို မချစ်ကြနဲ့ဟာ"လို့
ငိုခဲ့ဖူးတာ သတိရတယ်။

အခု မင်္ဂလာဆောင်မှာ
ရေခဲမုန့်လိုက်ချနေတာ ဟိုကောင်၊
ဒံပေါက်လိုက်ထည့်ပေးနေတာ ငါ။

လူအရမ်းရှုပ်တော့ ခဏခဏ၀င်တိုးမိတယ်။
တစ်ယောက်အရှုံးကို
တစ်ယောက်အိတ်ကပ်ထဲ လှမ်းမြင်ရတဲ့အထိပဲ။

သတို့သားဟာ
သူကိတ်မုန့်ခွံ့ပေးနေတဲ့ သတို့သမီးရဲ့ နှုတ်ခမ်းတွေ
ဘာလို့ တဆတ်ဆတ်တုန်နေကြောင်း
ဘယ်တော့မှ သိမယ်မထင်ဘူး။


ဟိန်း

ကလေးတွေရှေ့မှာလက်ထိပ်မခတ်နဲ့




ဘယ်လူယုတ်မာကများ ကမ္ဘာကြီးကို လှပအောင်လုပ်နိုင်ခဲ့လဲ
ဒါမှမဟုတ် ကမ္ဘာကြီးလှပအောင်လုပ်ခဲ့သူတွေထဲ ဘယ်သူ လူယုတ်မာ ပါလို့လဲ။
မေးခွန်းကို ကြိုက်သလိုကစား
လမ်းဘေးက ခွေးကလေးတောင် ထန်းလျက်တစ်ခဲကျွေးစရာမလိုဘဲ
ဖြေခိုင်းလို့ရတယ်။

အ၀ိုင်းခံထားရတဲ့ တစ်ယောက်က ဘာမှမဖြစ်ဘူး။
ဝိုင်းထားတဲ့ အယောက်(၂၀)လောက်က ချွေးတွေပြန်နေတာ။
ဇာတ်လမ်းက ရယ်ရခက် ငိုရခက်ကြီး။

ထိန်းချုပ်ကန့်သတ်ပစ်မယ့် ဆေးဝါးတွေကိုသာမက
အဲဒီဆေးကို တီထွင်ဖန်တီးတဲ့ပညာရှင်တွေအထိ
ပျံ့နှံ့တိုက်စားပစ်တဲ့ ဆဲလ်တွေကို မြင်ဖူးကြလား။
အဲဒါ ဒီမှာပဲ။

သားကြီးဖတ်ဖို့ စာအုပ်တွေ အနမ်းနဲ့ရွေးပေးခဲ့ရင်း
သမီးလေးပါးက သနပ်ခါးမှုန်လေးတွေ အနမ်းနဲ့ပွတ်ဆွဲယူခဲ့ရင်း
တိုးတိုးလေးပေမယ့် သူ မာမာကျောကျောပြောတယ်။
အပေါ်က ခေါင်းစဉ်။


ဟိန်း

(ကိုခန့်မင်းထက် .. သို့)

ကမ္ဘာ့ပထမဦးဆုံး မြေဇာပင့်အဖေသို့ ဂုဏ်ပြုမှတ်တမ်းလွှာ



တနင်္ဂနွေတိုင်း ဘုရားကျောင်းခန်းမထဲ ခေါင်းငုံ့ဒူးထောက်လို့
ကျောင်းသားကဒ်လေးကို ခင်ဗျားပွတ်သပ်နေမှာပဲ။
ဒါဟာ အရေပြားတွေ အချပ်လိုက်ကွာကျပြေးထွက်လာတဲ့ ဗီယက်နမ်မလေးရဲ့ ကဒ်
ဒါဟာ စာအုပ်တွေကို လှမ်းပစ်လိုက်တဲ့ကျည်ဆန်အတွက် ခေါင်းထိုးခံလိုက်တဲ့ မာလာလာရဲ့ ကဒ်
ဒါဟာ အမျိုးသမီးတွေအားလုံးကိုယ်စား နှာခေါင်းနဲ့နားရွက်တွေ အလှီးခံလိုက်တဲ့ အီရှာရဲ့ ကဒ်
ဒါဟာ ချိုင်းထောက်တစ်ချောင်းကို နှစ်ယောက်မျှသုံးတဲ့ ဆီးရီးယားကျောင်းသူလေးတွေရဲ့ ကဒ်
ကဒ်မှာရေးထားတာ ခင်ဗျားသမီးလေးနာမည်၊ ဒါပေမယ့် ဒါဟာ အများဆိုင်ကဒ်လေးဖြစ်တယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ




ကျည်ကာကားကြီး စီးပြီးမှတော့
အလောင်းတွေထ လက်ခုပ်တီးမှာ
ဘာကြောက်နေဦးမလဲ။
အနီရောင်စားပွဲခင်း၊ အနီရောင်လက်သုတ်ပုဝါ အစ
အနီရောင်ကတ္တီပါကောဇော၊ အနီရောင်ကတ္တီပါထိုင်ခုံ အလယ်
အနီရောင် ဆော့စ်ချဉ် အဆုံး ဘာမှ မသုံးနဲ့။
အိတ်ကပ်ထဲ မင်နီဘောပင်တစ်ချောင်းထောင်ထည့်လာရင်တောင်
အထဲမ၀င်ခင် လွှင့်ပစ်ခဲ့
သွေးညှီနံ့တွေ ထောင်းထောင်းထမယ်။
လက်မှတ်တွေထိုးကြ၊
ပြီးရင် စာရွက်ပေါ်မှာ နေရာလွတ်တွေ အများကြီးကျန်ဦးမှာ အသေအချာ
ဇွန်လနဲ့မသက်ဆိုင်တဲ့ကလေးလေးတွေကိုယ်စား
ဝလုံးတွေ တစ်ဝကြီးရေးခဲ့စမ်းပါ။
ကမ္ဘာမြေကြီးမှာ အပေးအယူရှိလား
လူတွေကို အောက်ထဲမြုပ်မှ
သယံဇာတတွေ ပြန်အန်ထုတ်ပေးမှာ
မြေပေါ်မြေအောက်အလဲအထပ်ပွဲမှာ ဘယ်သူရှုံးလဲ၊ ဘယ်သူမြတ်လဲ။
စားပွဲအောက်က သူချိန်ကိုယ်ချိန်ပြောင်းဝများ ခွပ်ခနဲ ထိခတ်မိတော့
ခွက်ချင်းတိုက်သံနဲ့ ရောချလိုက်ကြ၊
ကတိလေးတစ်လုံးအတွက် အဲယားကွန်းခန်းထဲ
ချွေးတွေ ဘူးသီးလုံးလောက်ကျပြ
ငှက်ဖျားပိုးဦးနှောက်ထဲဝင်တော့မလို လူနာများ
အခုမှ လှမ်းမြင်ကြ၊
သူ့ကိုယ်ပိုင်ဝတ်စုံနဲ့ ကိုယ့်ကိုယ်ပိုင်ဝတ်စုံများ လဲဝတ်ကြ၊
ပြီးတာနဲ့ သူဖြဲကိုယ်ဖြဲ အမြန်ဆွဲဖြဲပြီး
ပတ်တီးစတွေအဖြစ် စည်းပေးလိုက်ကြ၊
လက်ဆွဲနှုတ်ဆက်နေတဲ့ လက်နှစ်ဖက်ကြား
လက်ပစ်ဗုံးတစ်လုံးလောက် စနက်တံဆွဲဖြုတ်ပြီး
ဖိခိုင်းထားလိုက်ချင်တယ်။
ဒါမှ လက်တွဲမဖြုတ်ရဲတော့မှာ၊ ဘယ်သူမှ၊ ဘယ်တော့မှ။


ဟိန်း

1.6.13

The Full Weight Of Justice

ဒါဟာ ပန်းဝင်စည်းအနီးက အလံတွေကြားမှာ ရှိနေသလို ကျည်ကားကားပေါ်ကဆင်းလာတဲ့ လူမည်းတစ်ယောက်ပါးစပ်က ထိုးထွက်နေတယ်။ ဒါဟာ လုံးတက်လာတဲ့မီးခိုးတွေထဲ လွင့်ပါမသွားအောင် ဖွာထွက်ခြေထောက်သွေးကြောကြီးကို လက်နဲ့တင်းတင်းဆုပ်ထားတယ်။ ဒါဟာ ရုပ်ရှင်ထဲက မဖြစ်နိုင်တဲ့ရိုက်ချက်လိုပဲ၊ ရဲတွေဟာ လူတွေနဲ့ လားရာဆန့်ကျင်ကြတယ်။ ဒါဟာ တိုက်ခေါင်မိုးပေါ်ရောက်နေပြီးတော့ ပလက်ဖောင်းမှာကျောပိုးအိတ်အများကြီးနဲ့ လမ်းသလားနေတယ်။ ဒါဟာ ဘယ်သူ့ကိုမှ မစွပ်စွဲနဲ့ဦးဆိုပေမယ့် ဘယ်သူ့ကိုမှ မငိုနဲ့ဦးလို့ မတားတော့ဘူး။ ဒါဟာ CCTVတွေရဲ့ ကျေးဇူးတရားကို အောက်မေ့မိစေသလို ပြုံးရွှင်နေခဲ့တဲ့ ကလေးလေးကိုလည်း တွေ့မြင်ရမှာပါ။ ဒါဟာ ပန်းစည်းတွေ တောင်လိုပုံနေတော့ အထူးတပ်ဖွဲ့နဲ့ ၀င်စီးတာပေါ့။ ဒါဟာ ညီလေး .. ပြေး .. ပြေး .. ၊ စလိုးမိုးရှင်းချစ်ခြင်းမေတ္တာလို့လည်း ခံစားကြည့်နိုင်ပါတယ်။ ဒါဟာ သူတို့အပေါ်မှာပဲ အာရုံစိုက်ထားပြီး မဆိုင်တဲ့ ဦးလေး၊အဒေါ်၊သူငယ်ချင်းတွေကို ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါလို့ မခေါ်ဘူး။ ဒါဟာ မြို့သေးသေးလေးထဲ စစ်သည်အင်အားကိုးထောင်နဲ့တင့်ကားအများအပြား တရကြမ်းမောင်းဝင်သွားတော့ တောပြဇာတ်လို လက်ခေါက်တွေထမှုတ်ခြင်းပဲ။ ဒါဟာ သူတို့တွေ ညကြည့်မှန်ပြောင်းချွတ်၊ နားမှာခွေထားတဲ့ကြိုးအလိမ်လေးဖြုတ်၊ လက်ဖ၀ါးချင်းရိုက်၊ အားပါးတရ အော်ဟစ်ဖက်ရမ်းကြချိန် ဆေးရုံဝမှာ သတင်းထောက်တွေဝိုင်းနေတယ်။ ဒါဟာ ခေါင်းဆောင်စကားမှာ တရားကပ်ကြောင်းပြနေလို့ အားလုံးစိတ်ချလုံခြုံရတယ်။ ဒါဟာ ငါဘာသာမပြန်တတ်လို့ ထင်ရာတွေလျှောက်ရေးလိုက်ခြင်းလည်း ဟုတ်ပါတယ်။



ဟိန်း

ခေါင်းစဉ် = ဘော်စတွန်မြို့ဗုံးပေါက်ကွဲမှုအပြီး နာရီပိုင်းအတွင်းပြောခဲ့သော သမ္မတအိုဘားမားမိန့်ခွန်းမှ ။

(ကဗျာလောက(၃)တွင် ပါဝင်)