Tuesday, December 31, 2013

နေ့တိုင်း....ငါတို့နေ့တွေရဲ့အတိုင်းအထွာ

သူဟာ ဗိုက်အောင့်နေရင်း၊ ငါဟာ လက်သည်းညှပ်နေရင်း၊ သူဟာ ကားစီးနေရင်း၊ ငါဟာ downloadဆွဲနေရင်း၊ သူဟာ အိမ်မှာ ပူတင်းဖုတ်နေရင်း၊ ငါဟာ ဘုရားပန်းသွားဝယ်ရင်း၊ သူဟာ ဂျူတီကျနေရင်း၊ ငါဟာ လက်ဖက်ထမင်းစားနေရင်း၊ သူဟာ ဆံပင်ညှပ်ဆိုင်ကို လမ်းလျှောက်သွားရင်း၊ ငါဟာ အ၀တ်အစားလဲရင်း၊ သူဟာ တရှုံ့ရှုံ့ငိုရင်း၊ ငါဟာ လက်ရေးလှလှလေးကို စိုက်ကြည့်နေရင်း၊ သူဟာ ၂ယောက်တည်းမြင်ရတဲ့နုတ်စ်တွေဖတ်ရင်း၊ ငါဟာ အောင်မင်္ဂလာကားကြီးဝင်းထဲ စိတ်တွေပြေးရင်း ၊ သူဟာ အမှောင်ကနေ နာလန်ထ လာရင်း၊ ငါဟာ ဆေးညွှန်းတွေမှတ်နေရင်း၊ သူဟာ ဟဲကုဒ်လိမ်းနေရင်း၊ ငါဟာ ဟာသတွေပြောရင်း၊ သူဟာ လေယာဉ်ပေါ်တက်သွားရင်း၊ ငါဟာ အိပ်ရေးတွေပျက်ရင်း၊ သူဟာ မွေးနေ့ဆုတောင်းကို သန်းခေါင်ကျော် လှမ်းပြောရင်း၊ ငါဟာ သ၀န်တိုနေရင်း၊ သူဟာ အေသင်ချိုဆွေသီချင်းကို ringtone လုပ်ရင်း၊ ငါဟာ လာမယ့်လမ်းကို မျှော်ရင်း၊ သူဟာ musm လို့ ငါနားမလည်တဲ့အတိုကောက်တွေသုံးရင်း၊ ငါဟာ Destop wallpaper ကို ကြည့်မိရင်း၊ သူဟာ စိတ်ညစ်တဲ့အခါတိုင်းကလေးလေးနဲ့တူရင်း၊ ငါဟာ အရခတ လို့ ပြန်ရေးမိရင်း၊ သူဟာ စောင်ကို ခေါင်းမြီးခြုံထားရင်း၊ ငါဟာ နှင်းတွေကို မျက်နှာနဲ့ မော့ခံရင်း၊ သူဟာ အနာဟောင်းတွေပြန်လှန်ပြရင်း၊ ငါဟာ ဂစ်တာတီးပြရင်း၊ သူဟာ လမ်း၃၀ကို လွမ်းရင်း၊ ငါဟာ နိုဘယ်လ်ဆုအကြောင်းရှင်းပြရင်း၊ သူဟာ မက်ဆေ့ပို့ထား၊ဖတ်ချင်တယ်လို့ ပူဆာရင်း၊ ငါဟာ နယ်မြို့လေးအကြောင်းစပ်စပ်စုစုလုပ်ရင်း၊ သူဟာ တီဗီကြည့်နေရင်း၊ ငါဟာ အိမ်နဲ့လမ်းထိပ် အခေါက်ခေါက်လျှောက်ရင်း၊ သူဟာ လက်ဖက်ရည်မသောက်ဖို့ တားနေရင်း၊ ငါဟာ ဘက်ထွီအားသွင်းနေရင်း၊ သူဟာ ရေခဲမုန့်ဝယ်နေရင်း၊ ငါဟာ မျက်ရည်တွေကျရင်း၊ သူဟာ shoppingထွက်နေရင်း၊ ငါဟာ ကန်စွန်းပင်ကလေးကို ပျိုးရင်း၊ သူဟာ အမေးဝါကျတွေတပ်ဆင်ရင်း၊ ငါဟာ ချောကလက်ကို လျှာနဲ့တို့ရင်း၊ သူဟာ ကင်မရာ၃၆၀ကိုဖွင့်ရင်း၊ ငါဟာ (သူ့အသုံးအနှုန်းအရ) ရကောက် ၀ ဆွဲ နေရင်း၊ သူဟာ သီချင်းတွေဆိုပြရင်း၊ ငါဟာ ဖိနပ်ဆိုဒ်လေးကို မှတ်သားရင်း၊ သူဟာ စကားကို တစ်ခွန်းအမြဲချန်ရင်း၊ .... ... ...


ကျွန်တော့်ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို သူ့အသံနဲ့နားထောင်ရမှာ ဖြစ်ပြီး
သူ့ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို ကျွန်တော့်အသံနဲ့ နားထောင်ရမှာ အသေအချာ။


ဟိန်း


ပြန်တော့လည်း ကျန်ခဲ့တာပါပဲ




မန္တလေးတောင်ပေါ်
အတွေးနဲ့ လှမ်းတက်ကြည့်တော့
တစ်ယောက်နှုတ်ခမ်းထဲ တစ်ယောက်ပြုတ်ကျခဲ့တဲ့နေရာလေးမှာ
နေ၀င်တဲ့အထိ ရပ်နေမိတယ်။
ငါတို့အပျော်တွေဟာ ရေခဲမုန့်တွေကို
ကူးစက်ပျံ့ပွားလို့ ..
သူတို့ပျော်နေတာထိုင်ကြည့်ရင်း
ငါတို့လည်း ထပ်ထပ်ပျော်လို့ ...
ဘယ်လောက်ထိလဲဆို
သူ့မျက်ခုံးလေးတွေ
ငါ့လည်ပင်းမှာ စွန်းထင်းကုန်တဲ့အထိလို့ ပြောမယ်
ဘယ်အချိန်ထိလဲဆို
သစ်ရွက်ကြွေကလေးတွေ
ရှက်ပြီးခြောက်သွေ့သွားတဲ့အထိလို့ ပြောမယ်
နှစ်ယောက်တည်းနားလည်ခဲ့တဲ့
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို
ဘယ်အဘိဓာန်မှာ ရှာရမှာလဲ
ဟိန်းနော် ... ဆိုရင် တားမြစ်ခြင်းကို ပြတယ်
ဟိန်းလို့ ... ဆိုရင် စိတ်မရှည်ခြင်းကို ပြတယ်
ဟိန်းရယ် ... ဆိုရင် သနားကရုဏာကို ပြတယ်
ဘာသာစကားကို အချစ်နဲ့ တွဲစပ်သုံးဆောင်တဲ့အခါ
စကြာဝဠာရဲ့ ထိပ်တန်းအရသာမျိုး ရခဲ့ပေါ့။
ငါ ရှူထုတ်လိုက်တဲ့ လေစီးကြောင်းမှာ
သူ့လက်ဖျံပေါ်က မွှေးညှင်းလေးတွေ ယိမ်းထိုးသွားတာ ..
သူ ပင့်ကြည့်လိုက်တဲ့ မျက်ခုံးနက်နက်မှာ
ငါ့စကားတွေ ဆင်ဆာထိခဲ့တာ ..
ငါတို့ ကွယ်ထားခဲ့တဲ့ ရေတမာပင်ပျိုလေးရော
ဘယ်နှလက်မလောက် အရပ်ရှည်လာမှာ ..
အလုပ်အားတဲ့အခါ ငါ့ဂစ်တာသံတွေ
သူ ဖုန်းထဲက ထုတ်ကြည့်နေမှာ .. သိတယ်။
ဆိုင်ကယ်အနောက်ထိုင်ခုံမှာ
ခြေတင်တုံးတစ်ဖက်ပဲ အမြဲတမ်းချထားတဲ့ လူငယ်တစ်ယောက်အကြောင်း
ခင်ဗျားတို့ ကြားမိရင် ကျွန်တော့်ကို သတိရပါ
ဂုဏ်ပြုတပ်ဖွဲ့တစ်ဖွဲ့ မပိုင်ဆိုင်တဲ့ကောင်ဟာ
ဒီနည်းနဲ့ပဲ သူ့ကို ခပ်လွမ်းလွမ်းလေးဂုဏ်ပြုနေမိတာလေ ... ။



ဟိန်း

၎.၁၂.၁၃

မပြန်နဲ့တော့ဆိုတာတွေ လေထဲပျံသွား

ဘာယူခဲ့ရဦးမလဲ မေးတော့
မင်းညှပ်နေကျ ကလစ်ကလေးယူခဲ့လို့
အူကြောင်ကြောင်ဖြေမိတယ်

စိတ်ကူးကောင်းတယ်ပြောရမလား
စိတ်ရူးပေါက်တယ်ပြောရမလား
အဲဒီ ကွန်ကရစ်လမ်းမကြီးတစ်ခုလုံးကို
ဖုန်တစ်မှုန်မှ မရှိအောင် တံမြက်စည်းလှည်းထားချင်တာ

ဂီတဆန်တဲ့ ရယ်သံတွေ ခရီးမပန်းစေနဲ့
လက်ဖျံကို ဖုံးထားတဲ့ မွှေးညှင်းနုလေးတွေ အိပ်ရေးဝနေပါစေ

ငါက 42.191104 မိုင် အကွာအဝေးကို
ရင်တခုန်ခုန်နဲ့ လာခဲ့မယ်
မင်းက 395.192078 မိုင် အကွာအဝေးကို
ရှက်သွေးတဖြာဖြာနဲ့ လာခဲ့ကွယ်
ကျောက်စာချပ်တွေနဲ့ ခရေပွင့်တွေကြား၊
အိုမင်းမစွမ်းတော့သော နန်းမြို့ရိုးကြီးအနား၊
ရေပြင်ကျယ်ကျယ်နဲ့ သစ်သားစန္ဒယားအိုကြီးလို တံတားပေါ်၊
လက်ညှိုးညွန်ရာ ဦးခိုက်ချင်မိသော ရှုခင်းကို မြင်နေရမယ့်ခုံတန်းလေး၊
ဒါတွေ ထားပါ။ သိပ်ခမ်းနားလွန်းနေသလား။
လမ်း၃၀နားတစ်ဝိုက်က လမ်းဘေးအအေးဆိုင်လေးမှာ
ကျောက်ကျော တစ်ယောက်တစ်ခွက် မှာလို့
ပါဆယ်ထုပ်လာတဲ့ အချစ်တွေ
ကိုယ့်အထုပ်သူဖြည်၊ သူ့အထုပ်ကိုယ်ဖြည် လို့
ခဏလေးဆိုပေမယ့် တစ်ချိန်လုံးငေးနေမယ့်အကြည့်တွေ
အလွမ်းရောင်သန်းနေတဲ့ ဆည်းဆာထဲ
ပိုလွမ်းကြရအောင် အရောင်တွေခြယ်လို့

နားထင်ပေါ်က မှဲ့နက်ကလေးရေ..
ကားမှန်တံခါးကို ပိတ်ထားနော်
ဘယ်လို လေထုဖိအားကိုမှ မခံစားနဲ့တော့
ငါ့ဝင်သက်ထွက်သက်ရဲ့ နူးညံ့သောတိုးတိုက်မှုဟာ
မင်းဘ၀တစ်သက်တာ နိုးထလာတဲ့မနက်ခင်းတိုင်းမှာ
သက်ရောက်ဖြစ်တည်နေတော့မှာမို့ ... ။


ဟိန်း

(၂၇.၁၁.၁၃)

အမြန်လမ်းအပြန်လမ်း မြန်မြန်ပြန်သွားတဲ့လမ်း




ကလေးဆန်တယ်ပဲပြောပြော
ကျုံးဘေးက သစ်ပင်တစ်ပင်ပင်မှာ
ကိုယ်တို့နှစ်ယောက်နာမည်ကြား
အပေါင်းလက္ခဏာလေးခံပြီး
ထွင်းထားချင်သေးတယ်
သူ့နားထင်က မှဲ့ကလေးလေ ..
ကိုယ့်ကျောမှာ ဘာမပြောညာမပြော
ထိုးစိုက်လျက်သားတန်းလန်းကြီး ပါလာတယ်။
"အလွမ်းခရီးသည်" သီချင်းကို
ကားထဲမှာ repeat လုပ်ထားပါ
မိတ္ထီလာရောက်ရင် အလွမ်းကို ခဏထိန်းပြီး
အဆာပြေတစ်ခုခုစားပါ
သစ်သီးဖျော်ရည်တစ်ခွက်ကို
ကိုယ်မှာပေးတယ် သဘောထားပါ
အင်တာနက်ဖွင့်လို့ H လို့မြင်ရင်
ကိုယ့်နာမည်ကို ၃ ခါရွတ်ပါ။
ကိုယ်လည်း မင်းနာမည်နဲ့ မြို့ကလေးဆီ
ပြင်ပဒဏ်ရာမတွေ့ရှိရစေဘဲ
အတွင်းကျကျ စုတ်ပြတ်ကြေကွဲလို့
ခရီးနှင်နေတာ။
၂၁မိုင်ကျော်လာလို့ စိမ့်ခနဲဖြစ်သွားတဲ့လေထုမှာ
ကွေ့ကောက်နေတဲ့လမ်းအတိုင်း
ပြီးခဲ့သောရက်စွဲလေးများထံ ပြန်ကွေ့ချင်လေလေ
သူ့ရဲ့ ဖြောင့်တန်းနေသောလမ်းအတိုင်း
ဘက်ဂီယာထိုးလာတဲ့ သတိရခြင်းဟာ
ပြန်ကွေ့လာတဲ့ကိုယ်နဲ့ ၀င်တိုက်မိလေလေပေါ့။
တောင်ဘက်အရပ်ဆီ ငေးရင်းဝဲနေမယ့် မျက်ရည်စတွေ
မေ လည်း အရှေ့ရိုးမဆီ စိတ်နဲ့ ဆန်တက်ပျံတက်လို့
အောက်မျက်ရစ်မို့မို့ကလေးတွေထဲ
ရေတံခွန်လေးဖြစ်တည်လာမယ့်အခါ
သီချင်းကိုပဲ အာရုံစိုက်နားထောင်ပါ။
ကိုယ်ဖွဖွလေးကိုက်ခဲ့ဖူးတဲ့ လက်ဖမိုးလေးနဲ့ တားထားပါ။
ဘယ်လို အလဲအထပ်လဲကွယ်၊
တစ်ဘ၀လုံးပေးခဲ့တယ်
ဆံပင်ပေါ်က ကလစ်ကလေးတစ်ခုပဲ ဖြုတ်ယူခဲ့ပါတယ်။


ဟိန်း

၃.၁၂.၁၃

ကိုယ်ဟာ အမြဲလူနာ


ချစ်လွန်းလို့ ခြစ်ခြစ်တောက်ပူနေတဲ့စိတ်နဲ့
သံသရာတစ်ခုလုံးရှိနေတာတောင် ဒီဆေးရုံပဲပို့ပါ အော်နေတာ..
သူများအနာတွေကို ချုပ်ပေးတယ်
ကိုယ့်ကိုကျ အကြည့်စူးစူးကလေးတွေနဲ့ထိုးထိုးဖြဲတယ်။
ပတ်တီးအဖွေးသားနဲ့လည်း
စပ်ဖြဲဖြဲလုပ်နေမိပေါ့
ကြိုက်တဲ့နေရာမှာ သာမိုမီတာလာညှပ်ပါ
ဘယ်ဘက်ရင်အုံနဲ့ အနီးတ၀ိုက်ကိုတော့ခွင့်မပြုပါရစေနဲ့ ..
ပြဒါးတွေ ပေါက်ထွက်ပေပွကုန်ရင်
အလုပ်ပိုရှုပ်မှာစိုးလို့။
ထုံဆေးကို ခါးဆစ်ရိုးထဲမထည့်ဘဲ
နားထင်ထဲ ထိုးစိုက်ပစ်စမ်း
ကိုယ့်ဦးနှောက်ကြီး ထုံထိုင်းသွားတဲ့အခါ
အချစ်ကဗျာတွေဆက်ရေးနေဦးမှာလို့
လူပြိန်းဆန်ဆန် သက်သေပြမလို့ .. ။
ဒရစ်ပိုက်က ခလုတ်ကလေးကို လှည့်လှည့်ပြီး
ကိုယ့်အနမ်းတွေ အတိုးအလျှော့လုပ်မလို့လား
ကုတင်ခြေရင်းက လူနာမှတ်တမ်း(chart)မှာ
မင်းလက်ရေးပြည့်ပြည့်လေးတွေနဲ့ ရေးခဲ့လိုက်ပါ
"ကျွန်မ ရယ်သံရှရှလေးများအား
တစ်နေ့သုံးကြိမ် အကြောထဲထည့်ရန်၊
ကျွန်မ နားထင်ပေါ်က မှဲ့နက်ကလေးကို
နှာသီးဝမှာ တစ်နာရီခြားတစ်ခါ ဖွဖွတေ့ပေးရန်၊
ကျွန်မ ဆိုပြခဲ့ဖူးသော သီချင်းများကို
လူနာအလိုရှိပါက ဂွမ်းဖြင့်တစ်စက်ခြင်းချပေးရန်"။
အောက်ကနေ လက်မှတ်ထိုးပါ။ ထပ်ရေးပါ။
"ဤလူနာ၏အသက်ဓာတ်သည် ကျွန်မထံတွင်သာ တည်ရှိနေပါကြောင်း"။
သမိုင်းထဲက အချစ်သူရဲကောင်းအပေါင်း
ကိုယ့်ကုတင်ဘေးမှာ လာပြီး ဒူးထောက်ကြတယ်။
ဆေးပုလင်းလေးတွေ နေ့တိုင်းခေါင်းဖြတ်သတ်နေတဲ့အမျိုးသမီး..
တော်ရုံသတ္တိနဲ့ဘယ်သူချစ်ရဲမလဲ
ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘူး
ကိုယ့်ကိုယ်ကိုမို့ ပြောတာ .... ။   ။


ဟိန်း 


၁၀.၁၂.၁၃

အနမ်း (၃)





ပင့်သက်တိုင်းမှာ
အဆုတ်ကို ၀င်ဝင်ဆောင့်တဲ့ သနပ်ခါးရနံ့လေး
ကိုယ် .. ဘယ်အတွင်းအားနဲ့ တွန်းထုတ်ရမလဲ။
လူတွေကလည်း ခက်တယ်
လာထိတဲ့အရှိန်ကိုပဲ ဖွဲ့တယ်
ဝင်စိုက်တဲ့ အတိမ်အနက်ကို မမြင်ဘူး
ကြယ်သီးမှာ ငြိနေတဲ့ ဆံပင်ရှည်လေးဟာ
မတော်တဆရတဲ့ အမှတ်တရ
ဒါ့အပြင်...
ကြိုက်တဲ့အသိုင်းအ၀ိုင်းနဲ့ဆွဲ
မပြတ်တော့တဲ့ ချည်နှောင်ပြီးသား ကြိုးတစ်စ။
လေတိုက်ရင်တောင် မင်းတို့မလှုပ်နဲ့ လို့
သစ်ရွက်ကလေးတွေကို လှည့်ဟောက်ပြီးတော့
ကိုယ်က သိသိကြီးနဲ့ ဆက်သွားတယ်
သူက သိသိကြီးနဲ့ ဆက်လိုက်တယ်
အချိန်တန်လို့ ပြန်ကြရတဲ့အခါ
သူ့ဘယ်ဘက်ပခုံးပေါ်မှာ ကိုယ့်roll-onရနံ့ဟာ စွဲလို့
ကိုယ့်ညာဘက်ပခုံးပေါ်မှာ သူ့shampooရနံ့ဟာ မြဲလို့
ချိုချဉ်လေးတစ်လုံးကို
ဝေစုမတည့်ရာက စတယ်
ဘယ်တော့မှ မဆုံးတော့ ။


ဟိန်း

၂.၁၂.၁၃

အနမ်း (၂)

သေနတ်နဲ့ပစ်လည်း မမှန်တော့ဘူး
ဓားနဲ့ခုတ်လည်း မပြတ်တော့ဘူး
အနောက်ပြန်ရစ်ကြည့်လို့မရတဲ့ ရုပ်ရှင်ကို ရိုက်ခဲ့ပြီ။
ယုတ်စွအဆုံး
ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းအချင်းချင်းကိုတောင် မနာလိုဘူး။
ဖြူနေတဲ့စိတ်ကလေး အရောင်နည်းနည်းပါလာပြီဆို ခဏနား
ဒီလောက်လှတဲ့သီချင်းကို keyအယိုင် မခံနိုင်ဘူး။
ငါတို့ခြေထောက်ကို လာကိုက်တဲ့ခြင်တွေ 
ငိုယိုအော်ဟစ်ပြီး ပြန်သွားရတယ်
ဘာသွေးမှ စုပ်ယူမရရှိလို့တဲ့။
နှလုံးပင်မသွေးလွှတ်ကြောကြီးဟာ
ဘယ်နေရာကိုပဲ ရည်ရွယ်ပို့လွှတ်ပေးနေတယ်ဆိုတာ
ဘယ်သူမှမသိလိုက်ကြ
ခြေဖျားလက်ဖျားတွေအေးလို့
ဆံပင်ဖျားဖနောင့်ဖျားထိအေးလို့
တစ်နေရာတည်း နွေးနေတဲ့ ရပ်ဝန်းလေးကြောင့်
ကမ္ဘာကြီးပိုပူနွေးလာမလား ... 
အတူတူစိုးရိမ်နေမိတယ်။


ဟိန်း

၂.၁၂.၁၃

အနမ်း(၁)







ငြိမ်ငြိမ်လေးနေပြီး အလွန်မောပန်းနွမ်းနယ်တဲ့ အားကစား။
ဒီနေရာမှာ ရရင်ရ မရရင်ချ တို့
တောင်းယူလို့မရရင် တိုက်ယူရမယ် တို့
သုံးနှုံးလို့ မရဘူး။
စိတ်က မတုံ့ပြန်ရင်တောင်
စိတ်နဲ့ထိန်းချုပ်မရတဲ့ ကြွက်သားမျှင်လေးတွေက
တုံ့ပြန်မှာ အသေအချာပါ။
ဒါဟာ
တစ်ယောက်အနာကို တစ်ယောက်ကပ်ပေးလိုက်တဲ့ ပလာစတာလေး၊
တစ်ယောက်electronကို တစ်ယောက်protonဆီ
ချိတ်ဆက်ပေးလိုက်တဲ့ ကြားခံကိရိယာလေး၊
တစ်ယောက်ပခုံးပေါ်ကို တစ်ယောက်ဘ၀တစ်ခုလုံး
သော့ခတ်ပစ်တင်လိုက်တဲ့ သေတ္တာလေး၊
တစ်ယောက်ရှက်ပြုံးလေးကို တစ်ယောက်အမိဖမ်းနေတဲ့ ပိုက်ကွန်လေး၊
အထိအတွေ့က စပါးလုံးတစ်ထောက်စာ...
အနက်အရှိုင်းကတော့ ခါကာဘိုရာဇီတစ်ထောက်စာ ပေါ့။
မျက်ခုံးလေးကို ရည်ရွယ်တယ်
မှိတ်ထားတဲ့မျက်ခွံလေးပါ စက်ကွင်းမလွတ်ဘူး။
ရာသီဥတုက ပူတယ်
ကမ္ဘာမြေကြီးက ဆွဲငင်တယ်
ဒီတော့ ရေခဲတုံးနွေးနွေးကလေးဟာ အောက်ကို ပျော်ကျလာတာပေါ့။
ပြီးတော့ . . . ပြီးတော့ . . .
ဆက်ပြောရမှာ နည်းနည်းရှက်တယ်။


ဟိန်း

၁.၁၂.၁၃

ကစားသမား(၁၁)ယောက်ရဲ့နောက်မှာ (၁၂)ယောက်မြောက်ကစားသမားက ကပ်လျက်





ပြေးနေတဲ့ ခြေထောက်မှာ စိတ်ဓာတ်ပါတယ်
တိုက်ပစ်လိုက်တဲ့ ပခုံးမှာ အင်အားပါတယ်
ထွက်သွားတဲ့ ချွေးစက်တွေမှာ ခံယူချက်ပါတယ်
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ပထမပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးဒုတိယပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးအချိန်ပိုမိနစ်(၃၀)၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးပင်နယ်တီ(၉)လုံး၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ကစားရတယ်ဆိုတာ
တော်ရုံတန်ရုံဖိအားမျိုးမဟုတ်မှန်း ငါတို့နားလည်တယ်။
သူတို့ ..
အလှပြင်ဆိုင်သွားနေတာ မဟုတ်ဘူး။
အရပ်ထဲ အတင်းလှည့်အုပ်နေတာ မဟုတ်ဘူး။
ကိုရီးယားကားကြည့်နေတာ မဟုတ်ဘူး။
အချစ်ဝတ္ထုဖတ်နေတာ မဟုတ်ဘူး။
သွေးမထွက်တဲ့စစ်ပွဲတစ်ပွဲကို သွေးမပျက်ဘဲ
လက်ခုပ်သံတွေ ကျည်ထိုးပြီး တစ်တောင့်ချင်း တည်ဖြုတ်နေတာ။
အချက်တိုင်းမှာ မြန်မာ ၊ မြန်မာ ၊ မြန်မာ ဆိုတဲ့ အသံက ကပ်လိုက်လာတာ။
ရင်ဘတ်ပေါ်က အလံဟာ နှလုံးသားထဲထိ စိုက်ဝင်အမြစ်တွယ်နေတာ။
တိုင်ထိပြီး ပြန်ထွက်သွားတဲ့ဘောလုံးကို မျက်စိထဲက မထွက်ပေမယ့်
တကယ်ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်း စိတ်ထဲက ပိုမထွက်ဘူး
အသံတွေတိမ်ဝင်သွားပေမယ့် ဆူညံဆဲပါ
ငြိမ်သက်သွားပေမယ့် တုန်ခါဆဲပါ
အတူတူငိုခဲ့ကြပါတယ်၊ ရှိုက်သံတွေ တစ်ထပ်တည်းကျတဲ့အထိငိုခဲ့ကြပါတယ်
ဒါပေမယ့် .. မျက်ရည်တွေကို ချွေးစက်တွေနဲ့ ရောပြီး
အဲဒီမြက်ခင်းပေါ် သွန်ချထားခဲ့..
ငါတို့ ရင်ထဲလာပါ။ ဆက်ကန်ပါ။
ကွင်းထဲမှာ နိုင်ရင် ရွှေတံဆိပ်(၁)ခုပဲရမယ်
အခု ရွှေတံဆိပ်သန်း(၆၀)ရတယ်။
ကျန်တဲ့ပြိုင်ဘက်အသင်းတွေ နားလည်မှာမဟုတ်ဘူး
မြန်မာစကားက နည်းနည်းရှုပ်တယ်
"ဒီပွဲမှာငါတို့ရှုံးတယ်၊ ဒါပေမယ့် ငါတို့နိုင်ခဲ့တယ်" ဆိုတာ။



ဟိန်း

၁၉.၁၂.၁၃

နာနာလေးရေး...နာရေး






ငါက အဘိုးမျက်လုံးထဲကို ဓာတ်မီးနဲ့ထိုးတယ်
အထိုးခံရတဲ့မျက်လုံးတွေ ငြိမ်နေပြီး
ဘေးကကြည့်နေတဲ့အဖေ့မျက်လုံးထဲ မိုးရေချိန်လက်မ မြင့်တက်လာတယ်။
အေးစက်စ ပြုနေတဲ့လက်ဖျားလေးတွေကို အဖေဟာ တင်းတင်းဆုပ်ထား
အံကြိတ်ထားတဲ့ယောက်ျားဟာ ခြေဆောင့်ငိုနေတဲ့မိန်းမထက်
ပိုခံစားရတယ်ဆိုတာ အမေက သိတယ်။ သူ အဖေ့ပခုံးကို တင်းတင်းဆုပ်ထား။
သူတို့မျက်ရည်တွေဓာတ်ပြုတဲ့အားဟာ ငါတို့ညီအစ်ကိုတွေဆီ ကူးစက်လို့..
တစ်ယောက်အနာကိုတစ်ယောက်တင်းတင်းဆုပ်ထားရင်းနဲ့ပဲ
မိသားစုဟာ လျော့တိလျော့ရဲ ဆက်လက်ဖြစ်ပွားလျက်။

လူတိုင်းက သူတို့မဟုတ်ဘူး၊ သူတို့တိုင်းကတော့ လူ





ဆန်တစ်ပြည်လောက် မြန်မြန်ပေးပါ၊ ထမင်းအိုးလေးက အော်တယ်။
ကြက်ကင်၊ဘဲကင်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ပတ်တီးတစ်လိပ်လောက် မြန်မြန်ပေးပါ၊ငုတ်စူးခြေထောက်လေးက အော်တယ်။
မစ်ကီးမောက်စ်ပုံဖိနပ်လေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အနှီးတစ်ထည်လောက် မြန်မြန်ပေးပါ၊မီးဖွားမိခင်က အော်တယ်။
နာမည်ပေးကင်ပွန်းတပ်အခမ်းအနားဖိတ်စာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ချိုင်းထောက်တစ်ဖက် မြန်မြန်ပေးပါ၊ပေါင်တိုကောင်လေးက အော်တယ်။
ဘောလုံးကန်ဝတ်စုံလေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စောင်တစ်ထည်လောက် မြန်မြန်ပေးပါ၊ပြာနှမ်းနှုတ်ခမ်းက အော်တယ်။
လယ်သာဂျာကင်ကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ခဲတံတစ်ချောင်းလောက် မြန်မြန်ပေးပါ၊၀လုံးကလေးက အော်တယ်။
စက်ရုပ်ကွန်ပါဘူးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အရက်တစ်ခွက်လောက် မြန်မြန်ပေးပါ၊ ငှက်ဖျားလူနာက အော်တယ်။
ပုဂ္ဂလိကဆေးခန်းကြော်ငြာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထရံနှစ်ချပ်လောက် မြန်မြန်ပေးပါ၊ ပြိုကွဲအသိုက်လေးက အော်တယ်။
၃ထပ်RC ကြီးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖေဖေ့ကိုရှာပေးမယ်ဆိုတဲ့ကတိ မြန်မြန်ပေးပါ၊ မျက်ရည်စီးကြောင်းလေးက အော်တယ်။
Happy World ကစားကွင်းကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
သွေးတစ်ပုလင်းလောက် မြန်မြန်ပေးပါ၊ ဖြူဖျော့ခန္ဓာလေးက အော်တယ်။
ကျန်းမာရေးထောက်ပံ့စရိတ်လား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စိတ်အေးလက်အေးညတစ်ညလောက် မြန်မြန်ပေးပါ၊ တောတွင်းမိသားစုလေးက အော်တယ်။လျှပ်စစ်လွှတ်သံဆူးကြိုးတွေနဲ့ခြံလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အကြင်နာလက်တစ်ဖက်လောက် မြန်မြန်ပေးပါ၊ သေလုမြောပါး ခံနိုင်ရည်က အော်တယ်။
အထူးကုဆရာဝန်ကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတစ်ခုလောက် မြန်မြန်ပေးပါ၊ မွန်းကျပ်အဆုတ်က အော်တယ်။
လှပမွှေးပျံ့ပန်းခင်းကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖယောင်းတိုင်လေးတစ်တိုင်လောက် မြန်မြန်ပေးပါ၊ ပိန်းပိတ်ညအမှောင်က အော်တယ်။
ရေအားလျှပ်စစ်တွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထန်းလျက်တစ်ခဲလောက် မြန်မြန်ပေးပါ၊ တောင့်တလျှာဖျားလေးက အော်တယ်။
နိုင်ငံခြားချောကလက်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
Carol Singingသံတွေ မြန်မြန်ပေးပါ၊ ဘုရားထံငိုကြွေးနေသူက အော်တယ်။
ရောင်းအားအကောင်းဆုံးသီချင်းတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဟင့်အင်း...ဟင့်အင်း။ စန်တာကလော့ကြီးလား၊
သားတို့သမီးတို့ကို သမင်ကြီးတွေအစား လှည်းဆွဲခိုင်းပါ။
လက်ဆောင်ကူထုပ်ခိုင်းပါ။
စစ်ကိုနှစ်ခြိုက်သူတို့အပေါ် စစ်ပွဲတွေ ကြဲဖြန့်ဖြူးချလိုက်ချင်လို့........။


ဟိန်း

၂၅.၁၂.၂၀၁၂

ကိုအောင်ကျော်ရယ်၊ ကိုချမ်းအေးရယ်၊ ငါရယ်

ဆုံကြတယ် ။

မြွေကြီးတော့ နဂါး တဲ့
ဒါဆို နဂါးလေး နှစ်ကောင်ပေါ့
ဟောဒီမြေပြန့်ရဲ့ တစ်ခုတည်းသောအမို့အမောက်။
နိမိတ်များဖတ်ခဲ့လေသလား
မြို့ဟာ ဂန္ဓာလရာဇ်နဂါးတို့ မီးနဲ့ပြာကျနေပုံ။

ပန်းဝယ်မလား၊ ငှက်လွှတ်မလား၊ ငါးစာလိပ်စာကျွေးမလား၊
လည်နေတဲ့ခွက်တွေထဲအကြွေစေ့ပစ်ထည့်မလား၊ သနပ်ခါးသွေးမလား၊
ရေသပ္ပါယ်မလား၊ ငါးလွှတ်မလား၊ တံမြက်စည်းလှဲမလား၊ ရွှေကပ်မလား၊
အောင်တော်မူဘုရား ။
ပန်ကာအောက်မှာ တရားထိုင်ဖို့ နေရာလုနေတဲ့ အမျိုးသမီးကြီးနှစ်ဦးကိုငေးနေမိ
ငါတို့ဟာ မတ်တပ်ရပ်ရင်းနဲ့ပဲ တရားထူးကို ရရှိခဲ့တယ်။