Thursday, July 17, 2014

အစိမ်းသေ - မောင်အောင်ပွင့်

အိမ်ရှေ့ရေမြောင်းမှာ တဲ့
မြောင်းမှာ ... ။
ကွန်ပစ်တယ် တဲ့
ပစ်တယ် ... ။
အိကျနေတဲ့ ဓာတ်ကြိုးမှာ ကွန်ငြိတယ် တဲ့
ငြိတယ် ... ။
ဖြုတ်ဖို့ လုပ်တယ် တဲ့
လုပ်တယ် ... ။
ဝါယာပေါက်တဲ့နေရာကိုမှ ကိုင်မိတယ် တဲ့
ကိုင်မိတယ် ... ။
ဓာတ်ကြိုးကို ဆုပ်လျက်သားနဲ့
အားခနဲ
တစ်ချက်ပဲ အော်လိုက်နိုင်တယ်။
ရေမြောင်းထဲ ပြုတ်ကျတယ် တဲ့
ကျတယ် ... ။
လူတွေ
ဝိုင်းအုံလာကြ
ဝါးလုံးထိုးပေးတယ်။
မပေးနဲ့ မပေးနဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
ဓာတ်ကြိုးကို ဓားနဲ့ ခုတ်ဖြတ်ဖို့လုပ်တယ်
မခုတ်နဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
အောင်မျိုးကျော်
ခများလေး ကောက်ကွေး တွန့်လိမ်
ထွန့်ထွန့်လူးရာက ငြိမ်ပြီ တဲ့
ငြိမ်ပြီ ... ။
သေနေစေ့လို့ တဲ့
စေ့လို့ တဲ့
မှတ်ချက်ချသံ ကြားရတယ်၊ ကြားရတယ်။
ဟုတ်လိုက်လေ
သေတဲ့နေ့
သေနေ့စေ့တာ
သေနေ့စေ့လို့ သေတာ။
သေကြ
သေကြ ။

မောင်အောင်ပွင့်

Wednesday, July 16, 2014

ကြက်တစ်ပိဿာ ကိုးထောင်တဲ့ ငါကဗျာမရေးနိုင်တော့ဘူးမသီတာ (မောင်မြတ်သူ)

အလုပ်လက်မဲ့လေပြင်းတွေ တိုက်ခက်တဲ့ ငါ့ဝန်းကျင်မှာ
ကြက်တစ်ပိဿာ ကိုးထောင်ဖြစ်သွားပီ
ကြက်ဝယ်ရမလား၊ ကြက်ရောင်းရမလား၊ ကြက်စားချင်လို့ ကြက်ဖြစ်ပေးရမလား
အဟာရဆိုတာ စာလုံးပေါင်းမမှန်နိုင်မယ့် အနာဂတ်နိုင်ငံတော်မှာ
ငါဘယ်လိုမှ ကဗျာမရေးနိုင်တော့ဘူး မသီတာ
မသီတာရေ ငါ့ဆီမှာ ပါလီမန်ရှိတယ် ခါဂျာသာမရှိတာ
မသီတာရေ ငါ့ဆီမှာ ကမ္ဘာကြီးတစ်ခုလုံးရှိတယ် ဆန်အိုးထဲသာ ဆန်မရှိတာ
မသီတာရေ မင်းလည်း သန်မာတဲ့ဒကြီးကို ရွံတယ်မှလားဟင် ...
အိမ်သုံးပစ္စည်းတွေ ရေတောမှာ ဗေဒါတိုးခဲ့သလိုပဲ
အသားငါးဈေးတွေ ကိုးထောင်တစ်သောင်း မသီတာ တစ်ယောက်ထဲမို့လား
ကိုးလလွယ်ဆယ်လဖွားပေးနိုင်တဲ့ မိခင်တွေဟာ
ကြက်သားသုံးဆယ်သားအောက်မှာ မေတ္တာတရားကို အလံဖြူပြနေရတဲ့အချိန်
ငါတို့ရဲ့ အိမ်တိုင်တွေမှာ အသားငါးတွေ မစိုနိုင်တော့ဘူး မသီတာ
မင့်တို့ ငါတို့ အူတွေလိုပါပဲ
အကျော်ဒေးယျ ဆရာချောက ကဗျာရေးတာ သူ့အတွက် ၀ဋ်နာကံနာတဲ့
ငါတို့ မိသားစုမှာတော့ မနက်တိုင်းဈေးဝယ်ရတာ ဝဋ်နာကံနာ
ဟုတ်တယ် မသီတာ
ငါတို့က အစိုးရမင်းများရဲ့ ဖျာပေါ်က ဖာသယ်မလေးတွေပါ
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
သဘာဝဓါတ်ငွေ့ ဖင်ခုထိုင်ထားရသူတွေ လျှပ်စစ်မီးမသုံးရဘူး
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
ပုဇွန်တုတ်ကြီးတွေ ပြည်ပပို့နေချိန်မှာ ပုဇွန်တုတ်မစားဖူးသူတွေ သန်းနဲ့ချီရှိတာ
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
မယုံအပ်တဲ့သူတွေကို အတင်းယုံပြတာ
ရယ်ရလွန်းလို့ အူတွေနာတာ အခုဆို ဘာမှဝယ်မစားနိုင်အောင်ပဲ မသီတာ
ကော်နတ်ရှင်မကောင်းကြောင်းနဲ့ ဘာသာဗေဒပြဿနာတွေမှာ
ငါကဗျာမရေးနိုင်တော့ဘူး မသီတာ
စားချင်တိုင်းမစားရ လူဖြစ်လျက် လူလိုမနေရတဲ့သူတွေကြားမှာ
ငါကဗျာမရေးနိုင်တော့ဘူး မသီတာ
လုပ်ရင်းနဲ့ မြုပ်နေတာပေါ့ မသီတာရေ
မြို့ကြီးကို ရောင်းကြရဲ့လား (ရောင်းရဲ့)
မြစ်ကြီးကို ရောင်းကြရဲ့လား (ရောင်းရဲ့)
သစ်တောကြီးတွေ ရောင်းကြရဲ့လား (ရောင်းရဲ့)
ဓါတ်သတ္တုပစ္စည်းများ ရောင်းကြရဲ့လား (ရောင်းရဲ့)
ဒီလောက်တောင် ရောင်းဝယ်ဖေါက်ကားခဲ့တာကို
ဘယ်သူတွေ သောက်စားလိုက်ကြသလဲဆိုတာ
မသီတာရေ မသိတာကောင်းပါတယ်လေ
တကယ်တော့
သူတို့ဟာ ပြည်သူတွေကို ချစ်ကြတယ် မသီတာ
ဘယ်လောက်များ ချစ်ကြသလဲဆိုရင်
ထားစရာနေရာကို မရှိအောင်ပါပဲ
နာဂစ်တုန်းက ဒုက္ခသည်တွေကို ခုထိထားစရာ မရှိ
မြေသိမ်းခံလယ်သမားတွေကို ခုထိထားစရာမရှိ
သူတို့ ချမ်းသာသမျှတွေလည်း ထားစရာ မရှိအောင်ပါပဲ
ဒီနေ့ထိ ငါတို့ မပိုင်ခဲ့တာက လွဲရင် ဒါတို့တိုင်း တို့ပြည်ပါ မသီတာ
ဟုတ်တယ် မသီတာ
ယုံတဲ့သူတွေ ယုံကြလိမ့်မယ် သူတို့ ပြောလည်း ငါတို့ မယုံပါ
အဲဒါလည်း ကဗျာ မဟုတ်ပါ မသီတာ။
တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိတာ မဟုတ်လား
ကြက်တစ်ပိဿာ ကိုးထောင်ဖြစ်တဲ့အခါ
ငါကဗျာမရေးနိုင်တော့ဘူးမသီတာ။

မောင်မြတ်သူ

Friday, July 11, 2014

ခေတ်မီကစားကွင်း ◄ မိုးရင့်ကြယ် ► (နန်းညွန့်ဆွေ ကဗျာဆုရ ကဗျာ)

အပေါက်ဝမှာ
ကြောင်ရုပ်အကြီးကြီး
ရင်ဘတ်မှာ ရွှေရောင်စာလုံးနဲ့
လက်တစ်ဘက်ကိုတွဲလောင်းချ
လက်တစ်ဘက်က လက်ယပ်ခေါ်
ပျော်စရာတွေ များတယ်
ဈေးလည်းကြီးတယ်

Sunday, April 20, 2014

ပဲကြီး ◄ ထွဏ်းသွေးအိမ် ►

သွားလေသူဆရာဝန်ကြီးက
စိတ်ချပါရစေ ငါ့သား လို့
မင်းကိုတဖွဖွမှာတယ်။

သွားဆရာဝန်မင်းက
သွားတွေအကြောင်း
ဘယ်လောက်သိလည်းငါမသိပေမဲ့
ကဗျာတွေအကြောင်း
မင်းအများကြီးသိတယ်ဆိုတာငါသိတယ်
အိပ်ရာအောက်မှာ
လွယ်အိတ်ထဲမှာ
မင်းရင်ထဲမှာ
ကဗျာတွေချည်းပဲ။

မင်းအိမ်လာတော့
တကယ်ကိုက်မယ်ထင်တဲ့ခွေးအကြီးကြီးက
မကိုက်ဘဲ
ခြံထောင့်မှာငြိမ်နေတဲ့ခွေးသေးသေးလေးကငါ့ကိုကိုက်တယ်
မင်းမျက်လုံးတွေဟာအမြဲတွေဝေလို့
မင်းအမေနဲ့မင်းညီမလေးကို
မင်းဘာကတိတွေပေးထားတာလဲ
ဘဝဆိုတာ
မင်းကုတင်ခြေရင်းမှာပုံနေတဲ့
army rum ပုလင်းတွေကိုကြည့်
အဲဒီပုလင်းတွေက
မင်းအဖေကို
မင်းတို့နဲ့ခြားပစ်လိုက်တာပဲ
ဒါလည်းမင်းထပ်သောက်တယ်။

မင်းမပြောတာနှစ်ခုရှိတယ်
၁။ ချစ်ခြင်းမေတ္တာ
၂။ သွားတွေအကြောင်း

မင်းခဏခဏပြောတာနှစ်ခုရှိတယ်
၁။ ပိုတ်ဆံမရှိခြင်း
၂။ဘောလုံးပွဲတွေ။

မင်းစီးနေတဲ့ဆိုင်ကယ်လို
မင်းဘဝကိုနှေးနှေးမသွားနဲ့ပဲကြီး
မင်းလက်မောင်းကိုမင်းအမေက
ခိုချင်နေပြီ
မင်းလစာကိုမင်းညီမလေးကလိုချင်နေပြီ
အခု
မင်းတို့လမ်းလေးကောင်းသွားသလို
မင်းကိုလည်း
ဒီထက်ပိုပြီးကောင်းစေချင်တယ်။

မိုးရင့်ကြယ်ဆိုတာ
မိုးကောင်းကင်ထဲမှာ
ရင့်ကျက်နေတဲ့
ကြယ်တစ်စင်းဆိုတာ
စာရွက်ပေါ်မှာရော
လက်တွေ့ဘဝမှာရော
မင်းလုပ်ပြလိုက်တော့ ရာဇာ။ ။

ထွဏ်းသွေးအိမ်

Saturday, April 19, 2014

မင်းက သင်္ဘောကို ကပ်မှာလား၊ ခွာမှာလားတောင် မခွဲခြားတတ်တာ ဧလွန် ◄ ထွဏ်းသွေးအိမ် ►

မင်းကူးတဲ့ကုန်တိုင်း
အမြဲရှုံးတယ်၊၊

မင်းဟာ
အဝေးပြေးလမ်းပေါ်
သူ့ဟာသူသေနေတဲ့ခွေးကို
ခေါင်းစဉ်လုပ်ပြီးပြောတယ်၊၊

မင်းက ဝှက်ထားတဲ့ဓါးမြှောင်ကို
ဘယ်မှာလဲလို့ မင်းအမေကိုတစ်ခါမေးတိုင်း
မင်းအမေက
ငါ့ဆီကို ဖုန်းသုံးခါလောက်ဆက်ပြီး
မင်းကို တားပေးဖို့ ပြောတယ်၊၊

မင်းအရွယ်ဟာ
အချိန်ပိုပါယူပြီး သင်ရမယ့်အရွယ်မဟုတ်ဘူး
မင်းဆံပင်ရှည်တွေလို
မင်းစိတ်ရှည်ရင်ကောင်းမယ်၊၊

ပုံ့ပုံ့ဟာ မင်းအတွက်အဆိပ်ပဲ
ကြောင်ဖျားရင် မြက်စားတယ်
မင်းဖျားရင် ဝီစကီသောက်တယ်
ဖြစ်နိုင်ရင်
လမ်း(၃၀)ကို မင်းရှောင်မောင်းပါ
အချိုးအကွေ့တွေကို မင်းသတိထားပါ၊၊

မင်း အစ်ကိုကြီးဟာ ဆေးကြောင့်
မင်း ညီလေးဟာ စစ်ကြောင့်
အဲဒီနှစ်ယောက်အတွက်
မင်းအမေ မျက်ရည်ကုန်ပြီ၊၊

မင်းအဖေက
မင်းတို့အိမ်ခြံစည်းရိုးကို
လုံလုံခြုံခြုံ ဖြစ်အောင်လုပ်တယ်
မင်းက
ခွေးတိုးပေါက်ဖြစ်အောင်လုပ်ပြီး ဝင်တယ်၊၊

မေးခွန်းကို နားမလည်လို့
ငရဲခန်းကို ကျော်ဖတ်လို့
ကျွန်တော့် ခံတပ်ကို
ပြင်တော့မှာပါလို့ပြောပြီး
လမ်းခုလတ်မှာ မင်းရပ်နေတယ်၊၊

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ
ပထမဆုံးမင်းကဗျာစပါလာတော့
မင်းအမေနဲ့မင်းအဖေရှေ့မှာ
အဲဒီကဗျာလေးမင်းရွတ်ပြတော့
မင်းရော၊မင်းအဖေရော၊မင်းအမေရော
ဝမ်းသာပြီးမျက်ရည်တွေဝဲနေကြတယ်ဆို၊၊

ပန်းခြံထဲ
မနက်ဖြန်ဆိုတာကို
မင်းတစ်ယောက်ထဲ ခေါင်းပန်းလှန်လို့
ဧလွန်
ဘယ်လိုဆုံးမလဲ
ငါလည်းမသိတဲ့ ခေတ်ကြီးထဲ
အခုချိန်
လိပ်စာကို
အတိအကျပြောလို့မရဘူး ညီလေး ၊၊ ။

ထွဏ်းသွေးအိမ်

မနှစ်ကလိုတော့ ကျလို့မဖြစ်ဘူး ဖိုးလပြည့် ◄ ထွဏ်းသွေးအိမ် ►

ထားတော့
ဗိုက်အောင့်လို့၊ခါးနာလို့၊ကိုယ်ပူလို့
၂၀၁၃ တုန်းကအကြောင်းပြချက်တွေ

ငါ့အဖေလည်း အသက်ကြီးပြီ
မင်းအမေ ငါ့အစ်မကလည်း နှလုံးရောဂါနဲ့
မင်းများမအောင်ခဲ့ရင်
ငါတွေးတောင်မတွေးရဲဘူး ငါ့တူ

ထားတော့
ဘေးအိမ်က ကိုကြီးအောင်ပြောပြောနေတဲ့
ဘွဲ့ရပညာမတတ်
အရောင်မထွက်တဲ့ ပညာရေးစနစ်ထဲ
ဘာပဲပြောပြော
မင်းကိုတော့ဘွဲ့လေးရစေချင်တယ်

မင်းပြိုင်ကားတွေကို မကြိုက်ပါနဲ့
မင်းငွေကို ရေလိုမသုံးပါနဲ့
မင်းအဘိုးဟာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမဟုတ်သလို
မင်းကလည်း
ဟို ဖိုးလပြည့်နဲ့နာမည်တူတာကလွဲလို့
ကျန်တာအားလုံး ဘာမှမဆိုင်

ငါကြောက်တာ မင်းအတုယူမှားသွားမှာကို
ဟိုဖိုးလပြည့်က
လူလယ်ခေါင်မှာ
မော်တော်ပီကယ်ကို ပါးရိုက်ရဲတယ်
မင်းသမီးကို ကားနဲ့တင်ခေါ်သွားလို့ရတယ်
မင်းအဘိုးက ဒိုင်လူကြီးဟောင်းဦးသန်းမြင့်
အဲဒီဘကြီးလို
ဘာပါဝါမှရှိတာမဟုတ်ဘူး

ထားတော့
၂၀၁၄ မှာမင်းအောင်မှ ရမှာ
၂၀၁၄ မှာမင်းပြင်ထားမှရမှာ
၂၀၁၅ ဆိုတာ
ဘယ်လိုလာမယ်ဆိုတာ ငါလည်းမသိ
အမှောင်ထဲတွန်းပို့လိုက်တဲ့လက်တွေနေရာ
အလင်းထဲဆွဲခေါ်မယ့်လက်တွေကို
မျှော်ရမှာပဲ

ဖိတ်စင်ခဲ့တဲ့ ကာလတွေကို ထားတော့
ထမင်းရည်ထဲ ဆားခပ်သောက်ခဲ့ရတဲ့
ဘဝတွေကို ထားတော့
မင်းလည်းအုတ်တစ်ချပ်ကိုင်ထား
ငါလည်းသဲတစ်ပွင့်ကိုင်ထားလို့
ငါတို့
ပေါက်ပြဲနေတဲ့နိုင်ငံတော်ကို
ဖြည်းဖြည်းခြင်း ဖါထေးသွားရမယ်

မီးကျိုးမောင်းပျက်နဲ့
တွန်းတွန်းနေရတဲ့ကားကြီးပေါ်
ဦးလေးလည်းမလိုက်ချင်သလို
မင်းကိုလည်းမတက်စေချင်ဘူး ဖိုးလပြည့်
မင်းအဘိုးတားလို့
ရွာကိုဖျက်နေတဲ့ဘူဒိုဇာကြီး
ရပ်သွားမှာမှမဟုတ်တာ
သာသနာတောင်
ကျည်ဆံနဲ့စကားပြောခဲ့တဲ့အဖြစ်ဆိုးတွေ
တကယ်ရှိခဲ့တာဆိုတော့
မင်းလလေးဟာ ဖြူစင်ပါစေ

သချာင်္နည်းနည်းခက်တယ် ဦးမြတ်
နောက်ဆို
မင်း
အဲဒီသချာင်္ထက်ခက်တဲ့ဟာတွေ တွေ့ရမှာ
ငါတို့လူကြီးတွေက
အတွက်အချက်ကောင်းတယ်
ဆိုတော့
မင်းသံသယဖြစ်နေတဲ့သချာင်္က
အောင်မှတ်တော့ ရတယ်မဟုတ်လား

ပိုသေချာသွားအောင်
ပညာရေးဝန်ကြီး အန်တီအသစ်ကို
မင်းအမေဆီက
၂၉၉၉၉၉ ကျပ်ယူ
စာအိတ်နဲ့ထည့်
မင်းခုံနံပတ်ကိုရေးပေးလိုက်ပြီး
သုံးသိန်းမကျော်ရင်ရတယ်လို့
သက်မှတ်ထားတဲ့ခေတ်ထဲ
မင်းဘယ်လိုအောင်အောင်
ငါ့အဖေနဲ့
မင်းအမေပျော်တာကို
ငါမြင်ချင်လို့ပါ ဖိုးလပြည့်ရာ၊၊

ထွဏ်းသွေးအိမ်

Friday, March 28, 2014

အခန်းထဲမှာ၊အပြင်ဖက်မှာ ◄ မောင်ဖီလာ ►

ငါဘုရားဖြစ်ရင်မင်းတို့ ကိုမမေ့ဘူး
ပိုးမွှားတွေပြည့်နေတဲ့အသားအိပ်ကြီးလို
အခန်းထောင့်မှာမူးခွေပြီးလဲနေတဲ့သူငယ်ချင်းကထအော်တယ်..။
အရက်တစ်လုံးကုန်တိုင်းပုလင်းလွတ်ကိုနံရံဆီပစ်ခွဲလိုက်တဲ့အခန်းထဲမှာ
ဖော်ဝေးနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ပီကာဆိုနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ဘွန်ဂျိုဗီနဲ့ မပြီးလို့ ရှေ့ ကိုဆက်နေရတယ်
ငါ့သူငယ်ချင်းအော်သံကလည်းမပြီးသေး
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်….။
နှာခေါင်းထဲအနံ့ တစ်ခုရနေတယ်
ကတ္တရာလမ်းပေါ်ကားနှစ်စီးတိုက်မိတဲ့အနံ့ 
အနံ့ တွေထဲမှာငါအကြိုက်ဆုံးက
ကိုယ်ရေပြားရောဂါကူးဆက်ခံလိုက်ရတဲ့
မာသာထရီဇာရဲ့ ကိုယ်နံ့ ဘဲ…။
သူ့ အမှားကိုသင်ခန်းစာယူဖို့ 
ကလင်တန်ကသူ့ အတွင်းရေးမှုးမလေးနဲ့ လိင်ဆက်ဆံရင်းပြောနေတယ်
ကျီးကန်းကဒင်္ဂါးပြားကို
ခွေးတစ်ကောင်လိုကိုက်ချီလာတော့
မှင်သက်လွန်းလို့ 
မူဆိုလီနီပါးစပ်ထဲကအသားတစ်ဟာပြုတ်ကျသွားတယ်
အဲဒီအသားတစ်ဟာ
ကလင်တန်နဲ့ လိင်ဆက်ဆံနေတဲ့အတွင်းရေးမှုးမလေးပေါ့
အခုခင်ဗျားအရာသာရှိဖို့ ကြိုးစားအားထုတ်နေရတဲ့
သဲနဲ့ ရှပ်ရှပ်ကဗျာပေါ့…။

မောင်ဖီလာ

စစ်သားတွေရဲ့ကောင်းကင်ဘုံ (သို့မဟုတ်) ဘော့စနီးယား ◄ မိုဃ်းဇော် ►

လမ်းပေါ်က
သင်သဘောကျတဲ့မိန်းမကို
စစ်ကားပေါ်ဆွဲတင်လိုက်ပါ။
ပြီးတော့
သူမရဲ့ပါးပြင်ပေါ် ဘယ်ပြန်ညာပြန်
မျက်ရည်တွေစီခြယ်ပေးလိုက်ပါ။
အော်သံကိုစားသုံး
ငိုသံကိုသုံးဆောင်
ဤလူ့ဘောင်အတွက်
နာကျင်ဖူးရောင်မှုတွေ ထပ်ဖြည့်ပေးလိုက်ပါ။
စစ်သားဆိုတာ
ယောက်ျားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ
ယုံကြည်ဖို့
တဆတ်ဆတ်တုန်နေတဲ့ဂါဝန်ပေါ်က
ပန်းပွင့်တွေပြန့်ကြဲသွားတဲ့အထိ
သူရသတ္တိပြလိုက်ပါ။
အရှိုးရာအပြည့်
ကြောက်ရွံ့မှုအပြည့်
တုန်လှုပ်မှုအပြည့်နဲ့အသံနက်ကြီးထဲ
မျိုးချစ်စိတ်ငယ်ပါကို သွပ်သွင်းလိုက်ပါ။
အသက်ငင်နေတဲ့
ရင်အုံကို
အထပ်ထပ်အခါခါရိုက်
အထပ်ထပ်အခါခါနှက်
အထပ်ထပ်အခါခါထိုး
အထပ်ထပ်အခါခါကြိတ်
"ဘုရားသခင်ဆိုတာဘာလဲ"
"ဘုရားသခင်ဆိုတာဘာလဲ"လို့
ပုံပျက်နေတဲ့သားမြတ်ကို
မောင်းပြန်သေနတ်နဲ့တေ့ပြီး
ကျည်တစ်ကပ်လုံးကုန်အောင်
မေးမြန်းစိစစ်လိုက်ပါ။
အို
ဘော့စနီးယား
တစ်နည်းအားဖြင့်
စစ်သားတွေရဲ့ကောင်းကင်ဘုံ။ ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
မတ်၊၂၀၁၃။

Thursday, March 27, 2014

ခေတ်သစ်ပို့ကုန်များ



ဝန်ကြီးကတော့ စိုးရိမ်တယ် လို့ပြောတယ်
ကျွန်မတို့ မိသားစုတွေလည်း ဒါပဲပြောတယ်။
တစ်လ ငါးသိန်းလောက်ရမယ်ဆိုလို့
ရှေ့တန်းကို ထွက်လာတာ၊ ကတုတ်ကျင်းထဲက တက်လာတာ၊
ကျည်ဆံလက်ကျန်မရှိတော့တဲ့အခါ နောက်ဆုံးကျန်တဲ့လက်ပစ်ဗုံးတစ်လုံး
စနစ်တံဆွဲဖြုတ်ပြီး ပြေးတက်လာသလို တက်လာတာပါ။
ဒီအတွက် အစိုးရနဲ့ အေဂျင်စီကို သိန်းနှစ်ဆယ် အရစ်ကျပေးရမတဲ့။
အာရှမှာ ဝန်ဆောင်ခ အများဆုံးပဲတဲ့။
ပေးမယ် ကျွန်မတို့ ကြမ်းတိုက်ပြီး ပေးမယ်
ပေးမယ် ကျွန်မတို့ အဝတ်လျှော်ပြီး ပေးမယ်
ပေးမယ် ကျွန်မတို့ အိမ်သာဆေးပြီး ပေးမယ်
နောက်ထပ်တိုးတိုးလေး ထပ်ပြောမိတာက
ကျွန်မတို့ ခြေတော်အတင်ခံပြီး ပေးမယ်
ကျွန်မတို့ ကြိုးတုပ်အရိုက်ခံပြီး ပေးမယ်
ကျွန်မတို့ ရေနွေးပူအလောင်းခံပြီး ပေးမယ်
ကောင်စစ်ဝန်ရုံးက ပြောတယ်
နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကို လျော့ကျစေပါတယ် တဲ့
ပန်းစည်းလေးတွေနဲ့ လာကြိုရင်းပြောတယ်
ကျွန်မတို့ သူတို့လို အကောင်းမြင်ပေးချင်ပါတယ်
တကယ်က
အထည်ချုပ်စက်ရုံကို လစာတိုးတောင်းမိလို့ အလုပ်ပြုတ်တာပါ
နွေစပါးပျိုးမယ့် လယ်ကလေး အသိမ်းခံရလို့ပါ
ချုပ်နေတဲ့ အပ်ချုပ်ဆိုင်ကလေး ဈေးမီးလောင်တဲ့အထဲ ပါသွားလို့ပါ
ဖွင့်ထားတဲ့အသုပ်ဆိုင်ကလေး အဖျက်ခံရလို့ပါ
ဘာမှမပြောဘဲ အမှတ်တရဓာတ်ပုံပဲ အရိုက်ခံခဲ့တယ်။
အင်ဒိုနီးရှားအစိုးရက ဒီဈေးကွက်ထဲက နှုတ်ထွက်သွားတယ်
အာဆီယံဥက္ကဌက ဒီဈေးကွက်ထဲ ခုန်ဝင်လာတယ်
ဟောင်ကောင်လမ်းမများပေါ်မှာ
"ငါတို့ဟာ အလုပ်သမားတွေ၊ ကျွန်တွေမဟုတ်ဘူး" ဆိုတဲ့ပိုစတာတွေနဲ့
လူထောင်ပေါင်းများစွာဟာ အော်ဟစ်ချီတက်နေပြီ။
အဲဒီလူအုပ်ကြီးကို ရှောင်ပြီး ကျွန်မတို့ လာခဲ့ပါတယ်။
သူတို့ကိုင်ထားတဲ့ပိုစတာတွေကို မမြင်ဟန်ပြုလို့ လာခဲ့ကြတယ်။
ကျွန်မတို့ ဘယ်လောက်ကြာမယ်မသိဘူး
ဝန်ကြီးကတော့ စိုးရိမ်တယ်လို့ပြောတယ်
ခက်ခဲလွန်းတဲ့ကမ္ဘာတစ်ခုလုံး ဖျက်ပြီး ခက်ခဲလွန်းတဲ့တခြားကမ္ဘာတစ်ခုကို
အပျော်ခရီးထွက်လာတာမဟုတ်တဲ့ ကျွန်မတို့က ပိုစိုးရိမ်တယ်လို့
ပြောခွင့်ရရင် ပြောခဲ့ချင်တယ်။


ဟိန်း
၅.၃.၂၀၁၄

Friday, March 21, 2014

နိုင်ငံတော် မျှော်ခြင်း ◄ ဝင်းမြင့် ►

နိုင်ငံတော်ကို ကျွန်တော်ရောက်တော့
လူ ဖြစ်ပြီး ခုနှစ်နှစ်လောက်အကြာ
၁၉၇၅ မုန်တိုင်းကကျွန်တော်နဲ့ကျွန်တော့်မြို့ကို ရမ်းတယ်
လေကြောင့်လှုပ်နေတဲ့ သစ်သားအိမ်ကြီးပေါ်မှာ
ကလေး ဆိုတော့ "ပျော်တာပေါ့ အမေရယ် ၊ ကျောင်းကြီး" မှာပေါ့

နောင် မကြာခင်နှစ်များအတွင်း နိုင်ငံတော်
ဆိုရှယ်လစ်စနစ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်တယ်
အိုးစည်ဒိုးပတ်နဲ့အလံတွေနဲ့၊ ရုပ်ပုံပါ စာတမ်းတွေနဲ့
အသက်မပြည့်သေးတဲ့ လူလေးကို
နိုင်ငံတော်မေးခွန်းတွေနဲ့ တီးခေါက်တယ်
ကလေးဆိုတော့ လူကြီးအလုပ်တွေပါလို့ ပြောကြည့်တယ်

နိုင်ငံတော်ကို ပြောကြည့်တော့
ကျွန်တော့်ကို လူပျိုပေါက်အရွယ်အဖြစ်
နိုင်ငံတော်တိုးပေးတယ်၊ ကျောင်းတွေ၊ အသက်တွေ
ပတ်ဝန်းကျင်ဟောင်းမှာ တစ်နှစ် တစ်တန်း
နှစ်နှစ် နှစ်တန်း စသဖြင့် အစဉ်အတိုင်းအောင်လာတယ်
ရည်းစားသနာလေးလည်း နိုင်ငံတော် ပေးသနားလို့ ထားရတယ်
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ လူရည်ချွန်
တစ်ခုခုမထူးချွန်တော့ ကျွန်တော့်ကို စာအုပ်တွေဖတ်ဖို့
စာအုပ်ဆိုင်လေး ဖွင့်ပေးတယ် ၊ " စာတွေဖတ် " ၊
နိုင်ငံတော် ပြောပြီး ပြန်သွားတယ် ၊
"ပြန်မလာ" "ပြန်မလာ" နဲ့ ကြာတောင့်ကြာခဲမှ နိုင်ငံတော်
မျက်နှာမသာမယာနဲ့ ပြန်လာတယ် ၊
ဒါပေမဲ့ ပိရိသေသပ်တဲ့ မျက်နှာထားနဲ့ ။

ကျွန်တော့်ကို အသက်နှစ်ဆယ်အထိ တိုးပေးတယ်
သူနဲ့အတူလမ်းတွေပေါ်မှာ ကျွန်တော့်လိုအရွယ်တွေ
နိုင်ငံတော် ရှေ့က တိုင်ပေးတယ် ၊ လိုက်အော်တယ်
နိုင်ငံတော် အော်တယ် "တို့ အရေး"
ကျွန်တော် လိုက်အော်တယ် "တို့ အရေး"
နိုင်ငံတော် အော်တယ် "တစ်ပါတီစနစ် ကျဆုံးပါစေ"
ကျွန်တော် လိုက်အော်တယ် "အာဏာရှင်စနစ် ပြုတ်ကျပါစေ"
နိုင်ငံတော် ရှစ်လေးလုံး လို့ပြောတယ် ၊
ကျွန်တော်တို့မြို့မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတစ်စု စလှုပ်လိုက်တယ်
အရေးအခင်းလို့ ပြောတယ် ၊ကျွန်တော့်နောက်မှာ
"စိုးမိုးထွန်း" ၊ လယ်ကွင်းတွေထဲကို ဖြတ်လိုက်လာတယ်
နောက်တော့ နှစ်များစွာ မှောင်မည်းတိတ်ဆိတ်သွားတယ်
ရောဘတ်အိုဝင် နဲ့ ဒေါက်တာဝီလျှံကင်း တို့ရဲ့
သူတို့အိမ်က သမ၀ါယမဆန်ထုတ်တဲ့ ကုန်ထုတ်စာအုပ်တွေ
နိုင်ငံတော် ပြန်သိမ်းသွားတယ်။

ထို့နောက် အုံ့မှိုင်းပြီးထုံထိုင်းဆန်တဲ့နှစ်တွေ ထပ်မံဖြတ်သန်း
နိုင်ငံတော်လည်း ကျွန်တော့်ကို မနိုင်တော့သလို လုပ်နေတယ်
ကျွန်တော်လည်း နိုင်ငံတော် ကို မနိုင်
နိုင်ငံတော် ကလည်း ကျွန်တော်တို့ကို မမျှော်
ကျွန်တော် လည်း နိုင်ငံတော် မမျှော်ဖြစ်သလို ကြည့်နေကြတယ်
နိုင်ငံတော်က ကျွန်တော့်ထံ ၁၉၉၀ လောက်မှာ စာတစ်စောင်လာတယ်
၁၉၉၁ လောက်မှာ ကျွန်တော် စာပြန်ရေးတယ်

ကျွန်တော်က ခေါင်းက "ပတ်တီးစ" ကို ကိုင်ပြပြ်ီး
"စံပယ်ပွင့်ချိန်" လို့ပြောတယ်
"နီးစပ်ရာ ဆေးခန်းသွားပြကွာ" လို့ နိုင်ငံတော် စာပြန်တယ်
"လက်တစ်ဖက်ပြတ် အကျီင်္" ကျွန်တော် ပြောတယ်
"ကျန်တဲ့ လက်တစ်ဖက်ပါ ဖြတ်ပစ်မယ်" လို့ နိုင်ငံတော် ကျိန်းတယ်
အခြေအနေအရပ်ရပ်ကို "မြတ်ခင်းပေါ်မှာ" ဆိုပြီင်္း တင်ပြတယ်
နိုင်ငံတော် စာပြန်မလာဘူး
ကျွန်တော်"ပုသိမ်"လို့ ပြောတယ်
နိုင်ငံတော် "ပယ်တယ်" လို့ ပြန်ပြောတယ်
ကျွန်တော်က သံဝေဂရဖို့ "ပဲ့တင်"လို့ ပြောတယ်
ဒါပေမယ့် နိုင်ငံတော်က "မင်း ပြောသလို ၀ဋ်လိုက်မှာတော့ စိုးပါသတဲ့"
နောက်တော့ နိုင်ငံတော် ကျွန်တော့်ကို နေရာချထားပေးတယ်
တာဝန်ချထားပေးတယ် ၊ " ဇနီး တစ်ယောက်"
ခံစားခွင့်ပေးတယ် "သားတစ်ယောက်"
ဒါပေမယ့် နိုင်ငံတော် "မအော်နဲ့" လို့တော့
ကျွန်တော့်ကို အပြတ်ပြောထားတယ်
ညအိပ်ရင် ဧည့်စာရင်း တိုင်အိပ်ကွာလို့ ရန်ကုန်က မှာသေးတယ်
ဒီလိုနဲ့ ကျွန်တော် ဆက်သွားတယ် ၊ နိုင်ငံတော် ဆက်သွားတယ်
နိုင်ငံတော်ကို ကျွန်တော် မျှော်တယ်။

၂၀၁၀ မှာ နိုင်ငံတော် ပြန်ပေါက်ချလာတယ်
သမ္မတ ပေးမယ် ၊ လွှတ်တော် ပေးမယ်
ရွေးချယ်မှု နဲ့ ခေါင်းဆောင် တစ်ယောက်ပေးမယ်
ကျွန်တော့်ကို ခြစားမှုတွေ ၊ ကြောက်ရွံ့မှု တွေနဲ့
ဆင်းရဲတွင်းနက်နေမှုကို တောင်းပန်တယ်
နိုင်ငံတော် ကျွန်တော့် ရှေ့မှာ ပြောတယ်
"နိုင်ငံတော်ကို ခင်ဗျားတို့ ပိုင်ပါတယ်" တဲ့
ကျွန်တော် ဖြတ်ခနဲ ကြည့်လိုက်ရင်း ကျွန်တော့်ကိုလည်း နိုင်ငံတော် ပိုင်ပါတယ်
ပြ်ီးတော့မှ ကျွန်တော့် ရဲ့ "မိုးစက်တွေကို "အစချီ မိသားစု ကဗျာကို ရွတ်ဆိုလိုက်တယ်
နိုင်ငံတော် "ဘယ်တော့မှ ကျိုးကြေမသွားဘူး" လို့
ကျွန်တော် နဲ့ အတူ လိုက်ဆိုတယ်
နိုင်ငံတော်ဟာ ခေါင်းတညိတ်ညိတ် နဲ့
နိုင်ငံတော် မပျော်တာကြာပြီ။   ။

ဝင်းမြင့် 

၂၀၁၂ ၊ အောက်တိုဘာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

( ၂၀၁၂ အလယ်ရိုးမကဗျာဆုရ )

မနှစ်ကလိုတော့ ကျလို့မဖြစ်ဘူး ဖိုးလပြည့် ◄ ထွဏ်းသွေးအိမ် ►

ထားတော့
ဗိုက်အောင့်လို့၊ခါးနာလို့၊ကိုယ်ပူလို့
၂၀၁၃ တုန်းကအကြောင်းပြချက်တွေ

ငါ့အဖေလည်း အသက်ကြီးပြီ
မင်းအမေ ငါ့အမကလည်း နှလုံးရောဂါနဲ့
မင်းများမအောင်ခဲ့ရင်
ငါတွေးတောင်မတွေးရဲဘူး ငါ့တူ

ကျွန်မ၃၄လမ်းဖြစ်ချင်တယ် ◄ မောင်ဖီလာ ►

ဘယ်ရောက်နေလည်းမေးလိုက်တိုင်း၃၄လမ်းရောက်နေတယ်
ရှင်က၃၄လမ်းကိုပဲရောက်ရောက်နေတော့
ကျွန်မ၃၄လမ်းဖြစ်ချင်လာတယ်…။
ကျွန်မသာ၃၄လမ်းဆို
ရှင်ကျွန်မဆီနေ့ တိုင်းရောက်ရောက်လာမှာပဲ
အဲဒီ၃၄လမ်းထဲမှာ
သင်္ဘောပျက်နဲ့ တူတဲ့လက်ဖက်ရည်ဆိုင်ထဲမှာ
ရှင်က`မာယာကော့ဖ်စကီးလ်´လိုခြေချိတ်ပြီးထိုင်ထိုင်နေတယ်
ဆူညံသံတွေနဲ့ ပျစ်ခဲနေတဲ့နေ့ လည်ခင်းထဲမှာ
စက်သတ်ထားတဲ့သစ်ခွဲစက်ကြီးလို ရှင်ထိုင်နေတယ်
အဲဒီအေးစက်နေတဲ့သံထည်သံသားဓါးစက်ကြီး
ပူနွေးယောင်ကိုင်းလာတဲ့အထိ
ကျွန်မနှုတ်ခမ်းသားနဲ့ ဖိပြီးနမ်းထားခဲ့ရတာ ရှင်မေ့မနေပါနဲ့ 
၃၄လမ်းဟာရှင့်အတွက်`လီဒို´လမ်းမကြီးဆို
ကျွန်မကအဲဒီ`လီဒို´လမ်းမကြီးအရိပ်ရအောင်အုပ်မိုးပေးထားတဲ့
မိုးတိမ်ပြာပြာဆိုတာကိုမေ့မနေပါနဲ့ 
ရှင့်ဆီကရောက်လာမယ့် message ကို
`လ´ရောင်ဖြာကျလာသလိုကျွန်မမျှော်နေမိတယ်
အခုတော့ကျွန်မတို့ နှစ်ယောက်ဟာတစ်ယောက်တည်းဖြစ်သွားတယ်
ကန်ရေပြင်ထဲမိုးစက်မိုးပေါက်တွေကျသွားသလို
တစ်ယောက်တည်း
အရှေ့ ဘာလင်နဲ့ အနောက်ဘာလင်ပူးပေါင်းသွားသလို
တစ်ယောက်တည်း
တီကောင်တစ်ကောင်မှာလိင်အင်္ဂါနှစ်မျိုးလုံးပါနေသလို
တစ်ယောက်တည်း
ပလူကောင်အုပ်ထဲ
ပလူကောင်တစ်ကောင်ရောနှောဝင်ရောက်သွားသလို
တစ်ယောက်တည်း
အဲဒီတစ်ယောက်တည်းဟာ
အခု၃၄လမ်းထဲမှာ
သင်္ဘောပျက်နဲ့ တူတဲ့လက်ဖက်ရည်ဆိုင်ထဲမှာထိုင်နေတယ်
ကျွန်မခန္ဓာကိုယ်ထဲရှင်ဝင်ရောက်အသက်ရှင်နေထိုင်နေသလို
ရှင့်ခန္ဓာထဲကျွန်မ၀င်ရောက်အသက်ရှင်နေထိုင်နေသလိုပေါ့…။

မောင်ဖီလာ

Thursday, January 23, 2014

ရီရီအေး ◄ ဟံလင်း ►

ကျွန်တော့်ကို မနက်ဖြန် နံနက် ၄နာရီခွဲ နှိုးပေး ။ ကြက်ဥကြော်တစ်လုံး ဘေကင်နည်းနည်း နဲ့ ငှက်ပျောသီးဖြစ်ဖြစ် သစ်တော်သီးဖြစ်ဖြစ် တစ်ခုခုအဆင်သင့်လုပ်ထားလိုက် ။ ဂျုစ် မလုပ်နဲ့တော့ ကော်ဖီပဲလုပ်ထားလိုက် ။ သောက်ရမယ့်ဆေးတွေပါတစ်ခါတည်းထုတ်ထားလိုက် ။ ရေချိုးခန်းကိုသန့်ရှင်းရေးလုပ်ထားပေး ။ ဘပ်တပ်ကိုသေသေချာချာဆေး  ရေဖြည့်  နှင်းဆီပန်းပုံပါတဲ့ဆပ်ပြာရည်များများထည့်ထားလိုက် ။ ကျွန်တော့်အဝတ်၃စုံထုတ်ထားတာတွေ့လိမ့်မယ် ။ ဘာဝတ်ရမှန်းမသိသေး ။ အကုန်လုံးမီးပူပြန်တိုက်ထားလိုက် ။ တအားကြီး ခေါက်ရိုးကြီးကျမနေစေနဲ့ ။ ယူသွားမယ့်ကျောပိုးအိတ်ကို ဖုန်တွေဘာတွေခါထားလိုက် ။ အိမ်ဖုန်းကိုဘယ်သူဆက်ဆက် မရှိဘူး ၊ ကျွန်မ မသိဘူး ဘာညာ ကြည့်ကျက်ပြောထားလိုက် ။ ခြံရှေ့ကနေ ဘဲလ်လာတီးနေလည်း ဘယ်သူလဲဆိုတာပဲ တစ်ချက်ကြည့်ထားလိုက် ။ အိမ်ပြူတင်းပေါက်တွေအကုန်ဖွင့်ထားလိုက် ။ ဝရန်တာကဂမုန်းတွေကိုရေဖျန်းထားလိုက် ။ ဪ ဖိနပ် ဖိနပ် ။ စီးနေကျတစ်ခုပဲ ။ ပေပြုနေရင်နည်းနည်းတိုက်ထားလိုက် ။ ခြေအိတ်တွေ အသစ်လဲထားလိုက် ။ ဖရီဇာထဲက ကကတစ်တွေကို မားဆိုးတို့စားဖို့ ကြော်ထားလိုက် ။ ကြွပ်ကြွပ်ကြော် ။ ကြွပ်မှစားကြမှာ ။ သူတို့ဆရာဝန်လာမယ့်ရက်ဆိုတော့ ဘရပ်လေးဘာလေးနဲ့နည်းနည်းပါးပါးပေါ့ ။ ဝှိုက်ဘုတ်ပေါ်ကဟာတွေ အစအဆုံးဖျက်ထားလိုက် ။ ဂုဏ်တော်ကွန်ချာခွေကို ခပ်တိုးတိုးဖွင့်ထားလိုက် ။ ဆွမ်း ရေချမ်း ဖယောင်းတိုင် အမွှေးတိုင် အကုန်လုံးအဆင်သင့်ပြင်ထားလိုက် ကျွန်တော်ဘုရားကပ်ဖို့ ။ စီးကရက်တစ်လိပ်ယူ မီးညှိ နည်းနည်းဖွာလိုက် ပြီး ဘိုးမင်းခေါင်လက်ကြားထဲညှပ်ထားလိုက် ။ ဂဲဂျနရေးရှင်းခွေဘယ်နားသွားထားမိမှန်းမသိဘူး ။ စကတ်တိုနဲ့ ကိုရီးယားမလေး၉ယောက်ခွေကိုပြောတာ ။ မတွေ့ တွေ့အောင်ရှာပြီး ကားထဲထည့်ထားလိုက် ။ လက်တော့ကိုလည်း ကားထဲထည့်ထားလိုက် အိတ်ထဲသိမ်းပြီးတော့ ။ ကားကိုရေဆေးထားလိုက် ။ အထဲက ကူရှင်အစွပ်တွေကလျှော်ပြီးချက်ချင်းမခြောက်တဲ့ အနံ့မျိုးဖြစ်နေရင် ဖြုတ်ထားလိုက် ။ ၄ခွဲနှိုးဖို့ မမေ့နဲ့ ။ မနိုး နိုးအောင်နှိုး ။ မနိုး မဖြစ် ။ အရမ်းအရေးကြီး ။

ဟံလင်း

ရန်နိုင်ဟာ လမ်းကို ကူးတုန်း ◄ ထွဏ်းသွေးအိမ် ►

အပျက်အပျက်နဲ့
နှာခေါင်းသွေးထွက်မလာတော့ဘူး

ဘုရားပန်းတွေညှိုးနေပြီ
အသံလည်းပြာနေပြီ
ရန်နိုင်ဟာ
အမှားကိုငွေကြေးနဲ့ဖုံးတုန်း။

သွေးလေးပူတော့
ကဗျာအကြောင်းတွေပြောပြီး
သွေးအေးသွားတော့
ငါတို့မမြင်ကွယ်ရာ
သူ့အတိုင်းလာတဲ့ဆေးပေါ့လိပ်ကို
ဖြည်ချလိုက်တယ်။

မင်းလက်မောင်းဟာ
ဆရာဝန်ထိုးထားတဲ့အပ်ပေါက်ရာ
တွေမဟုတ်ဘူး
မင်းမျက်လုံးဟာ
မင်းအမေပေးထားတဲ့
မျက်လုံးတွေမဟုတ်ဘူး
မင်းကိုမေးရင်
လမ်းကိုကူးတုန်းပဲလို့ပြောအုံးမယ်။

ဆန်ကောထဲ
ဇီးဖြုသီးထည့်လှိမ့်ခံရတဲ့ခေတ်မှာ
မင်းက
လမ်းကြမ်းကြမ်းကိုမှရွေးတယ်။

မရှိဘူး
မသိဘူးဆိုပြီး
ဘဝကို
မင်းရူးချင်ယောင်ဆောင်တယ်။

အရင်က
ရန်နိုင် B.A (myanmar)
ရန်နိုင် A.G.T. I(Civil)
အခု
ရန်နိုင်(ဆေးစပ်ပြီးဆေးပေါ့လိပ်များ)
ရန်နိုင်(တိုက်ကြိုတိုက်ကြားဆေးထိုးအပ်များ)။

အာစင်းဝင်းဂါးဟာ
ဗီအဲရာကိုရောင်းတာ
သူမှားတယ်ဆိုတာဝန်ခံတယ်။

ငါတို့မျှော်လင့်တာ
အဲဒီလိုမျိုး
နောက်
မင်းပြောလာမဲ့
ကဗျာတွေအကြောင်း
ပြီး
မင်းကူးနေတဲ့လမ်းတွေအကြောင်း။

ထွဏ်းသွေးအိမ်

လင်ငယ် ◄ ဟံလင်း ►

ဝုန်းခနဲ တံခါးပွင့်သွားလို့
လင်ငယ် လန့်သွားတယ်

ရဲတွေ အရပ်ဝတ်တွေ
အခန်းထဲဝင်လာတယ်

လင်ငယ် ကြောင်သွားတယ်

ဂျင်းဘောင်းဘီကို အမြန်ယူဝတ်
ဒေါသတကြီး အော်ဟစ်တယ်
ခင်ဗျားတို့ဒါဘာလုပ်တာလဲ
သူ့ကိုယ်သူ လင်ငယ်မှန်းမသိတဲ့ လင်ငယ်

ကိုယ်မှာတဘက်အဖြူပတ်ထားတဲ့မိန်းမကို
အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်က
လင်ငယ်နေတဲ့ဟာမ
ပါးစပ်ကပြောပြီး ပါးပိတ်ရိုက်ပစ်တယ်

လင်ငယ် အ သွားတယ်

ချက်ချင်းဆိုသလို အခြေအနေကို
လင်ငယ် သဘောပေါက်သွားတယ်

လင်ငယ် တအား တုန်လှုပ်သွားတယ်
လင်ငယ် တအား ခြောက်ခြားသွားတယ်

လင်ရှိမယားကို လင်ရှိမယားမှန်း
မသိခဲ့တဲ့ လင်ငယ်
လင်ရှိမယားကို လင်ရှိမယားမှန်း
သိသွားတဲ့ လင်ငယ်

လူကြီး နဲ့ လူငယ်
လင်ကြီး နဲ့ လင်ငယ်
နှစ်လင် တစ်မယား

မဟုတ်ဘူး မဟုတ်ဘူး
ကျွန်တော် လင်ငယ်မဟုတ်ဘူး
အကြောက်အကန်
လင်ငယ် ငြင်းဆန်တယ်

လက်ပူးလက်ကြပ်မိနေတာတောင်မှ
မင်းကငြင်းချင်သေးလို့လား
လင်ငယ်ကို ၀ိုင်းဟောက်တယ်

ကျ...ကျွန်တော်ရှင်းပြပါရစေဦး
အထစ်ထစ် အငေါ့ငေါ့
ညှိုးညှိုးငယ်ငယ်
လင်ငယ် တောင်းပန်တယ်

သေချင်လို့လား
စခန်းရောက်မှရှင်း
လင်ငယ်ကို လက်ထိပ်ခတ်လိုက်တယ်

လွန်ခဲ့တဲ့ ဆယ်မိနစ်က
ကာမသူရဲကောင်းကြီး
အခု
လင်ငယ် ။

ဟံလင်း

Tuesday, January 21, 2014

ရှင်တို့ရဲ့ အမေနာမည် ဘယ်သူလဲ

ကျွန်မက ဘရာဇီးသူ (၁၈)နှစ်သမီး
အမေဇုန်သစ်တောကြီးရှိရဲ့သားနဲ့
အမေ့ရဲ့ဆေးကုသစရိတ်အတွက်
ကျွန်မကိုယ်ကျွန်မ online ပေါ်တင်လိုက်ရတယ်။

ကျွန်မက အိန္ဒိယသူ
ဒီနေ့တော့
ကျွန်မကိုယ်ကျွန်မ အဆုံးသတ်လိုက်ပြီ
ဘတ်စ်ကားတစ်စီးပေါ်မှာ အမှုကိုရုပ်သိမ်းလိုက်ပါပြောပြီး
တရားရုံးတစ်ရုံးမှာ ကျွန်မကိုအဓမ္မကျင့်လိုက်တဲ့ကိစ္စ။

ကျမက
ကျမတို့ကို ‘‘ကျွန်မ’’လို့သိတဲ့တိုင်းပြည်က ‘‘ကျွန်မ’’ ပေါ့
ရောင်းစားလိုက်တယ် ဘုံမယားတဲ့
ရောင်းစားလိုက်တယ် နေ့ခင်းမှာ စက်ရုံ ၊ ဥယျာဉ်ခြံမြေ ၊ ကျောက်ထုလမ်းခင်း
ညကျတော့ လ္လိင်လုပ်သား ကျွန်မကို ၃ လိပ်ကိုတစ်ကျပ်နဲ့ မီးညှိပေးလိုက်တယ်။

အကာအကွယ်မရှိ ကျမကိုဆက်ဆံလိုက်တယ်
ကျွန်မနိုင်ငံကိုယ်တိုင်က ကျွန်မကိုမဒိမ်းကျင့်ပြီး ဟိုဘက်တိုင်းပြည်ကိုလွှင့်ပစ်ခဲ့တာ။

ကျွန်မတစ်ခုသိပါရစေ
မြင်လေရာ လက်ညှိုးတရမ်းရမ်း ပါးစပ်တဗွမ်းဗွမ်းနဲ့ရှင်တို့
ကိုယ့်အချင်းကိုယ်ပြန်စားပြီး ကိုယ်ချင်းမစာ
ရှင်တို့ကို ဒီလောကကြီးထဲခါထုတ်လိုက်တဲ့ရှင်တို့အမေတွေရဲ့နာမည်တွေဘယ်သူပါလဲ

ဒီမှာ ကျွန်မ ရှာကြည့်မလို့ ။ ။

ခရမ်းပြာထက်လူ

၂၀၁၄ ၊ ဇန်န၀ါရီ

Saturday, January 18, 2014

မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ


Photo

(တစ်)

တစ်ခါက အမှောင်ထုအင်နှင့်အားနှင့် ကြီးစိုး၍နေဆဲ မနက်စောစောကြီးထဲမှာ ကချင်ပြည်နယ်၏အစပ် ဟောင်ပါးဆိုသော ရွာကလေးကနေ ဆယ်ဇင်းတို့၊ တာမခန်တို့၊ ဖားကန့်တို့ကိုဖြတ်ကာ မြစ်ကြီးနားသို့ ပြန်လာခဲ့ဖူးပါသည်။ တောင်ဆင်းတောင်တက်တွေက များမှများ၊ မှောင်ကလည်းမှောင်မို့ တောင်တွေးမြောက်တွေးနှင့် စိတ်အားငယ်နေစဉ်မှာပင် ကားပေါ်၌ အတူပါလာသူ ဒေသခံမိတ်ဆွေက ကားရှေ့မီးရောင်၏အလင်း၌ ပေါ်လာသည့် ကားလမ်းအချိုင့်တစ်နေရာကို လှမ်းပြပါသည်။

“အဲဒါ.. မကြာသေးခင်က မိုင်းကွဲသွားတဲ့နေရာပေါ့”

ကျွန်တော့်ခြေထောက်တွေ ယားကျိကျိဖြစ်သွားပါသည်။ သူက သူ့စကားကိုဆက်၍နေသောအခါ ခြေထောက်တွေ ယားကျိကျိဖြစ်လာရုံမျှသာမက ကိုယ့်ဒူးခေါင်းအောက်ပိုင်းကို ကိုယ်ပြန်စမ်းကြည့်မိသည့်အထိကိုပင်လျှင် ကျောချမ်း၍သွားပါလေသည်။ တိုင်းရင်းသား သားအဖနှစ်ယောက်တို့ မနက်စောစောကြီး ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ခဲ့ပါလေသတဲ့။ နာရေးဖြစ်သည့် ဆွေမျိုးသားချင်းများရှိရာ ရွာကလေးတစ်ရွာဆီသို့ ခရီးနှင်ခဲ့ခြင်းဖြစ်ပါသတဲ့။ အဖေနှင့်သမီး စကားတစ်ခွန်းစ နှစ်ခွန်းစပြော၍ လာခဲ့စဉ်မှာပင် ကားလမ်းတစ်နေရာ၌ မြှုပ်ထားသည့်မိုင်းကို ဆိုင်ကယ်ကနင်းကာ ၀ုန်းဝုန်းဒိုင်းဒိုင်းပေါက်ကွဲကုန်ခြင်းဖြစ်ပါသည်။

“သမီးလေးကတော့ ပွဲချင်းပြီးပေါ့.. အဖေက ခြေထောက်နှစ်ချောင်းလုံး ဒူးဆစ်ကနေပြတ်ထွက်ကုန်တာ.. ကားမောင်းစားတာလေ.. အခု.. ကားမမောင်းနိုင်တော့ဘူး.. ရပ်ရွာက စောင့်ရှောက်ထားရတယ်”

တိုင်းရင်းသားအချင်းချင်း စစ်ခင်းကြရသည့် ပဋိပက္ခဖြစ်စဉ်ကြီးထဲတွင် သူတို့နှင့်ဘာမှမဆိုင်သည့် အဖေနှင့်သမီးတို့က အသက်နှင့်ဘ၀ကို ပေးလိုက်ကြရခြင်းဖြစ်ပါသည်။

ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ


Photo


(တစ်)

ဒေါင်းရောင်နေ
မှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ
ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌
အခိုက်အခွင့်မဟန်
အိုကွယ်
ခွေးလိုကိုက်ချင်တဲ့
စရိုက်အကျင့်တန်

ကဗျာ့ပါရဂူငြိမ်းချမ်းရေးဖခင်ကြီး၊ အမျိုးသားစာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးတစ်ပုဒ်ထဲမှ ကောက်နုတ်ဖော်ပြလိုက်သည့် စာသားအချို့ပင်ဖြစ်ပါသည်။

နိုင်ငံ့ခေါင်းဆောင်တို့ နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိယတရားခုနစ်ပါးစသည့် ရှေးရှေးကထုံးတမ်းစဉ်လာများအတိုင်း မကျင့်ကြ၊ မကြံကြတော့ဘဲ တစ်ဦးနှင့်တစ်ဦး ခွေးကဲ့သို့မာန်ဖီကာ တိုက်ချင်ခိုက်ချင်၊ ကိုက်ချင်ခဲချင်လာကြသဖြင့် တိုင်းမှုပြည်မှုအနာဂတ်ကို ဆစ်ထုသည့်လုပ်ငန်းများတွင် သိပ်ဟန်မကျလာရာက ဒေါင်း၏အရောင်အ၀ါများ မှေးမှိန်လာရပါပြီဟု ရေးဖွဲ့လိုက်ခြင်းပင်ဖြစ်ပါသည်။

ဒေါင်းဆိုသည်မှာ မြန်မာ၏သင်္ကေတပေပဲပေါ့။ ဒေါင်းရောင်မှေးပြီဆိုခြင်းမှာ မြန်မာတို့၏အရောင်အ၀ါအရှိန်အစော်မှေးပြီဟု ဆိုလိုခြင်းပေပဲပေါ့။ ကမ္ဘာက စော်ကား။ အိမ်နားနီးချင်းတွေက မတော်မတရား။ ပြည်သူလူထုမှာ ဘာမှအပြစ်မရှိ။ တာဝန်ရှိသူက ခေတ်အဆက်ဆက် စီမံခန့်ခွဲခဲ့ကြသည့် အစိုးရဆိုသည့် လူပုဂ္ဂိုလ်များ။

မူဆယ် ကြယ်ဂေါင် ရွှေလီ မန်စီ စိနရဋ္ဌခရီးသည်

Photo



(တစ်)
ယခုခေတ်က ခရီးသွားရလာရတာ တော်တော့ကို လွယ်ကူချောမွေ့လာသော ခေတ်ပဲဖြစ်ပါသည်။ ကိုယ့်ပြည်တွင်းမှာရှိသည့် မြို့များ ရွာများကို အသာထား၊ အိမ်နီးနားချင်းဒေသများသို့ပါ ဥဒဟိုသွားလာဝင်ထွက် ရောင်းဝယ်ဖောက်ကားခရီးကို ဆန့်ချင်သလောက်ဆန့်ထား၍ ရသည့်နေ့ရက်များဟုဆိုရမည့်ခေတ်ကြီး ဖြစ်ပါသည်။

ထိုင်းနိုင်ငံထဲကို မြ၀တီကနေကူးမလား၊ ဘုရားသုံးဆူကနေကူးမလား၊ တာချီလိတ်ကနေကူးမလား၊ မြန်မာငွေထောင်ဂဏန်းဝန်းကျင်ခန့်နှင့် ညီမျှသည့် ဘတ်ငွေလည်း ပေးဆောင်လိုက်ရုံမျှဖြင့် ကျွန်တော်တို့ ရောက်သွားနိုင်ကြပါသည်။

လမ်းသူရဲကဗျာမရှိတဲ့ ဇဂျမ်းကန်မြဲမှာ

Photo



(တစ်)
အညာက လူတစ်ယောက်။ ၀၀နှင့်ညိုညိုကြီး။ ပါးစုန့်ကြီးတွေထွက်လို့။ သူဝပုံက လက်ချောင်းကလေးတွေ၊ ခြေချောင်းကလေးတွေ တိုတိုတုတ်တုတ်ဖြစ်ကုန်သည်အထိကို ၀သည့်ပုံမျိုး။ ၀မ်းဗိုက်က ဖိုးဝရုပ်ကြီးလို ဖိုင့်ဖိုင့်အိုင့်အိုင့်။ ရယ်လိုက်လျှင် မျက်လုံးတွေက လုံးဝနီးပါးကြီးကို ပိတ်၍သွားကာ အပြုံးက ကလေးငယ်တစ်ယောက်၏ အပြစ်ရှာ၍မတွေ့နိုင်သည့် အပြုံးမျိုး။

သူ့လက်တိုတိုတုတ်တုတ်တွေကြားထဲမှာ ဖက်ကြမ်းဆေးပေါ့လိပ်တစ်လိပ်ကို အမြဲလိုလိုတွေ့ရတတ်ပါသည်။ သူ့သမီးက သူ့ကို ဆေးလိပ်မသောက်ရဘူး အမိန့်ထုတ်တော့ မိခင်ကို ပူဆာတတ်သော ကလေးငယ်လေးတစ်ယောက်၏ အရည်လဲ့သောမျက်လုံးကြီးတွေနှင့် ဖေဖေ့ဘ၀မှာ မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်မိတာ လုပ်ပါရစေ သမီးရယ်ဟု ဆိုလေသောအခါ သမီးစိတ်တွေ တင်းမခံနိုင်ပါလေတော့။ သြော်...မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်တာပါ သမီးရယ်တဲ့။ ဖေဖေ့ကို ခွင့်ပြုပါတဲ့။

မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်တာပါဟုဆိုလေသူ ထိုလူတစ်ယောက် မြန်မာနိုင်ငံကို နိုင်ငံရေးမုန်တိုင်းကြီး ခြုံသိုင်းကာ မွှေခဲ့၊ နှောက်ခဲ့သော အချိန်တစ်ချိန်မှာတော့ ဘ၀တစ်ခုလုံး ဖရိုဖရဲနှင့် အပြိုပြိုအကွဲကွဲတွေ ဖြစ်ခဲ့ရဖူးပါသည်။

မြန်မာနိုင်ငံအတွင်း၌ စစ်ထောက်လှမ်းရေးတို့ မိုးရောလေပါ ကောင်းခဲ့စဉ်နှစ်ကာလများအတွင်း၌ ထိုသူ အကျဉ်းတိုက်ထဲသို့ ရောက်ရှိ၍သွားခဲ့ပါသည်။ ၁၉၉၁ ဒီဇင်ဘာ ၁၁ ကနေ ၁၉၉၅ ဖေဖော်ဝါရီ ၄ ရက်အထိ။

သြော် ... မကောင်းတာဆိုလို့ ဆေးပေါ့လိပ်ကလေးသောက်တာတစ်ခုပဲ ရှိပါတယ်လို့ သမီးကို ဆိုးနွဲ့ပူဆာခဲ့လေသူ ဆရာတင်မိုး။ ဇဂျမ်းကမြဲဟု လူတွေအသံထွက်လေ့ရှိသည့် မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက ဇဂျမ်းကန်မြဲ ရွာသားကြီးဆရာတင်မိုး။ သူ့အပေါင်းအသင်းရောင်းရင်းတို့က ဟေ့လူ ကိုဘဂျမ်းဟု အညာလေဖြင့် အားရပါးရအခေါ်ခံရလေသူ ဆရာတင်မိုး။

ထိုဇဂျမ်းကန်မြဲသားတွေက ဆရာတင်မိုးမရှိတော့မှ ဇဂျမ်းကန်မြဲသို့ ကျွန်တော်တို့ကိုခေါ်ပါသည်။ မန္တလေးက ဆရာကိုလေး (အင်းဝဂုဏ်ရည်)၊ ကိုနေ၀င်းမြင့်နှင့် မခင်ခင်ထူး။ ရန်ကုန်က ဆရာချစ်ဦးညို၊ ကိုအော်ပီကျယ်နှင့် ကျွန်တော်။

အညာမှာ အရိုးကွဲအောင်အေးနေသည့် ရက်တွေထဲမှာမှ ဖန်မီးအိမ်ကလေးကို ချိတ်ဆွဲထားသည့် ဇဂျမ်းကန်မြဲ၏ စာပေဟောပြောပွဲစင်မြင့်ရှိရာဆီသို့ ကျွန်တော်တို့ကို လှမ်းခေါ်လိုက်ခြင်းပင် ဖြစ်ပါသည်။

ဖားကန့်အစ ကြယ်ဂေါင်အဆုံး

Photo



(တစ်)

ကျွန်တော်တို့မြန်မာတွေက နာမည်ပေးကင်ပွန်းတပ်ရာ၌ တစ်ဖက်ကမ်းခတ်သူတွေများ ဖြစ်လေမလားဟု မကြာခဏ အတွေးဝင်မိပါသည်။ ကြည့်ပါဦး“မှော်”တဲ့။

မဟာပထ၀ီမြေကြီး၏အောက်ကနေ လူသားတို့အတွက် အဖိုးတန်သယံဇာတများ ထုတ်ဝေပေးတတ်သည့်နေရာတွေကို နာမည်ပေးထားသည်က “မှော်”တဲ့။ ရွှေတူးဖော်လျှင်ရသည့်နေရာတွေကို “ရွှေမှော်”၊ ရေနံတူးဖော်လျှင် ရသည့်နေရာတွေကို “ရေနံမှော်”၊ ကျောက်စိမ်းတူးဖော်လျှင် ရသည့်နေရာတွေကို “ကျောက်စိမ်းမှော်”၊ ပတ္တမြားတူးဖော်လျှင်ရသည့်နေရာတွေကို “ပတ္တမြားမှော်”တဲ့။ တကယ့်တကယ်ဆိုလျှင် မှော်၏အနက်အဓိပ္ပာယ်ကလုပ်ကွက်။ သို့သော် ဂမ္ဘီရဆန်ခြင်းတွေ၊ ပဉ္စလက်ဆန်ခြင်းတွေ၊ အိပ်မက်ဆန်ခြင်းတွေ၊ ပုစ္ဆာဆန်ခြင်းတွေကလည်း ထို“မှော်”ဆိုသောစကားလုံးထဲ၌ နစ်မြုပ်ပါဝင်နေပုံရပါသည်။ ဒါကြောင့်...မှော်။

ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး (Vincent Vangogh)၏အကြောင်းကို ဆရာမြသန်းတင့်က “မှော်ရုံတောမှာမောလှပြီ”ဟု ဘာသာပြန်ဆိုခဲ့သလို မှော်ရုံတောအသီးသီးထဲမှာ ကျွန်တော်တို့နိုင်ငံသားတွေ မောခဲ့ကြလှပေါ့။

ဆရာကြီးရွှေဥဒေါင်းရဲ့ ထမင်းစားပွဲနဲ့ ဆင်းလိုက်တိုင်းလွဲတဲ့ ဘူတာရုံများ

Photo

(တစ်)
ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း၏ ချို့ယွင်းချက်များကို ပြောကြဆိုကြသောအခါ ရှုထောင့်အသီးသီးမှနေ၍ ခေါင်းစဉ်ကွဲအမျိုးမျိုးဖြင့် ထောက်ပြကြရာ အချိန်ကိုမလေးစားခြင်းဟူသည့် ခေါင်းစဉ်ကလည်း နာမည်ကျော်ခေါင်းစဉ်ကြီးတစ်ခုအဖြစ် ပါဝင်တတ်မြဲဖြစ်ပါသည်။

ဟုတ်ပါသည်။ အချိန်ဆိုသည်မှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်ကတော့ တော်တော့ကို ပေါပေါလောလောရရှိထားသည့် သဘာဝ၏ လက်ဆောင်တစ်ခုလို ဖြစ်၍နေပါသည်။

ဂျက်ကွမ်းခြံကုန်းဟူသည့် ကလောင်အမည်ကွဲဖြင့် အချိန်နှင့်ပတ်သက်ရာ ရယ်စရာ၊ မောစရာကလေးများကို ကျွန်တော် မကြာခဏရေးဖူးပါသည်။ ရယ်စရာနောက်မှာ မောစရာတွေ ဗရပွနှင့် အကြောင်းအရာတွေပဲဖြစ်ပါ၏။

မကြောက်တရားမြို့၌ ချောက်သားတို့နှင့်စကားဆိုခြင်း

Photo


(တစ်)
မြင်းခွာတစ်ချက်ပေါက်တာလား၊ သံခွာတစ်ချက်ပေါက်တာလား၊ ကျွန်တော်မသဲကွဲပါ။ ဆရာဒဂုန်တာရာကတော့ သူ့မိတ်ဆွေ သခင်ဗဟိန်းအကြောင်းရေးသည့် “ပဒုမ္မာကြာပွင့်အပြုံးရှင်” ဆောင်းပါးထဲ၌ “သံခွာတစ်ချက်ပေါက်ရင် တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်စေ့မယ်”ဟူ၍ သခင်ဗဟိန်းပြောသည့်စကားကို ကောက်နုတ်ဖော်ပြထားခဲ့ဖူးပါသည်။ ကိုအောင်ဝေးကတော့ “ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ”စာအုပ်ထဲ၌ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”ဟူ၍။

ဇီးရိုးပလပ်စ် ဇီးရိုး ဇီးရိုး ဇီးရိုး ဆိပ်ကမ်းမှာ

Photo

(တစ်)
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရလေမလားမသိ။ ထိုနေ့က ထားဝယ်ရေနက်ဆိပ်ကမ်းကိုရောက်တော့ အလုပ်သမားတချို့အား လျော်ကြေးငွေထုတ်ပေးသည့်ရက်နှင့် သွားပြီးတိုက်ဆိုင်လို့ နေပါသည်။ ကွင်းပြင်ကြီးထဲ ထီးထီးကြီးရပ်တည်နေသည့် စားသောက်ဆိုင်နေရာက ကန်တင်း (Canteen) သဘောမျိုး စုပေါင်းဖွဲ့စည်းထားသည့် အဆောက်အအုံကြီး ဖြစ်ပါသည်။ သို့သော် တန်းလျားတော့မဟုတ်။ အမိုးမြင့်မြင့်နှင့်မို့ ဂိုဒေါင်ကြီးတစ်ခုလိုလို၊ စည်ပင်သာယာကဆောက်သည့် ဈေးရုံကြီးတစ်ခုလိုလို၊ အထည်ရုံကြီးတစ်ခုလိုလို အဆောက်အအုံကြီး ဖြစ်ပါသည်။ အလုံပိတ်ကာရံထားသော ဈေးမဟုတ်သည့်အတွက် လင်းလင်းကျင်းကျင်းရှိပါသည်။ ပင်လယ်ကမ်းစပ်နံဘေးက ကွင်းပြင်ကြီးထဲတွင် ရှိသည့်အတွက် လေ၀င်လေထွက်ကလည်းကောင်းပြီး သန့်ရှင်းလတ်ဆတ်ပါ၏။ အများသုံးအိမ်သာနှင့် ဘာနှင့်။ သည်တစ်ပင်တိုင် အဆောက်အအုံကြီးထဲမှာ ဈေးဆိုင်တွေကို သူ့နေရာနှင့်သူ နေရာချထားပေးခြင်း ဖြစ်ပါသည်။ လူသုံးကုန်ပစ္စည်းရောင်းသည့် ဆိုင်ကလေး တစ်ဆိုင်စ နှစ်ဆိုင်စကလွဲလျှင် ကျန်တာတွေက စားသောက်ဆိုင်တွေချည်း။

မြစ်ကလည်းရွှေ မြေကလည်းဇမ္ဗူရစ်

Photo



(တစ်)
မြစ်ဆုံသို့ ပထမဦးဆုံးအကြိမ် ကျွန်တော် ရောက်သွားဖြစ်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီကြည်စိုးထွန်း၊ ဆရာချစ်ဦးညိုတို့နှင့်အတူ ရောက်သွားဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ သည်တုန်းကဖြင့် မြစ်ဆုံသည် လွမ်းဖို့ကောင်းတုန်း။

မြစ်ဆုံ...တဲ့။ ဟုတ်ပါသည်။ မြစ်နှစ်ခု လာရောက်ပေါင်းဆုံသောနေရာမို့ မြစ်ဆုံလို့ နာမည်ပေးလိုက်သည်မှာ တော်တော့ကို လွယ်ကူရိုးစင်းပါသည်။

မြစ်ဆုံကို ကချင်တို့က ခမဇွပ် (Kha ma zup)ဟု ခေါ်ပါသည်။ မလိခ(Ma Li Kha)ဆိုသော မြစ်တစ်စင်းနှင့် အင်မိုင်ခ (n maikha)ခေါ် မေခဆိုသည့် မြစ်တစ်စင်းတို့ ပေါင်းဆုံမိကြရာက သည်နေရာမှာ မြစ်ဆုံဟူ၍ ဖြစ်လာခဲ့ရခြင်းဖြစ်ပါသည်။

တောင်ငိုသံ ◄ မောင်သော်တာ ►

ပတ်ပတ်လည်ဖောက်ခွဲနေတဲ့မိုင်းတွေက
တို့ဘဝတွေကိုဖြိုဖြိုချတယ် ။

သံဆူးကြိုးနဲ့ ငြိပြဲခဲ့တဲ့
ယက္ကန်းထည်ပိတ်ဖျင်ကြမ်းတွေလို
တို့အလံ တို့ဖမ်းဆုပ်
နောက်ဆုတ်စရာလည်းမရှိတော့တဲ့မြေမှာ
သေနတ်ပြောင်းရှိရာ
ခေါင်းထိုးပြေးဝင်လိုက်ကြရုံပါပဲ ။

မောင်သော်တာ

ဗိုလ်ချုပ်ကြေးရုပ် ◄ လင်းဇင်ယော် ►

ဗိုလ်ချုပ်ကြေးရုပ်ရဲ့ဆောင်ဓား ပျောက်ဆုံးခြင်းနောက်မှာ
ဗိုလ်ချုပ်ကြေးရုပ်လက်ထဲကို ပစ္စည်းအမျိုးမျိုးရောက်လာတယ်။

အောက်ပါအတိုင်း ပြောင်းလဲခေါ်ဝေါ်သုံးစွဲပါရန် ◄ ထူးညို ►

စစ်ကို ချစ်
သေနတ်ကို ရှင်နတ်
ကျည်ဆန်ကို ရီ(ရယ်)သံ
ဒုံးကျည်ကို ပြုံးရီ(ရယ်)
အနုမြူဗုံးကို သူ့ငခူပြုံး
ယမ်းငွေ့ကို ချမ်းမြေ့
လက်ပစ်ဗုံးကို သက်ချစ်ဆုံး
ဆူဆိုက်(Suicide)ဗုံးကို ကြူလိုက်ဦး
လောင်ချာနဲ့ဆော်ကို မောင်လာခဲ့နော်
တာဝေးပစ်ကို ငါပြေးကစ်စ်(kiss)
အမြောက်နဲ့ထုကြည့်ကို အခြောက်နဲ့ညုမိ
သက်ခြွေမိုင်းကို မျက်ရည်ဝိုင်း
သံချပ်ကာကို ရန်ရပ်ပါ
ဓာတုလက်နက်ကို သာဓုဖက်စွက်
ဇီဝလက်နက်ကို ပီယထက်မြက်
သူလျှိုအရေးကို အပျိုအတွေး
စပိုင်ကို မလိုင်
ထောက်လှမ်းရေးကို မောင့်လွမ်းတေး
ငြိမ်းချမ်းရေးဆိုတာလည်း
မိန်းလမ်းဈေးမှာရောင်းတဲ့ ဖျော်ရည်တစ်ခွက်ပေါ့
မတော်တဆ
တို့ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ရင် ။       ။

ထူးညို

24.11.2013

နင်နဲ့ငါ သဘာဝတရားဆီ ပြန်ဆုတ်ခွာ ◄ ဇော်လူစိမ်း ►

ပြန်တွေ့တော့ ပြောမိတယ် ဆူးလေ ၆ခ/၇၁၈၅
ခေါက်ရိုးတွေက စုတ်ပြတ်ထွက်
အပြန်အလှန်ကျေနပ်မှုကို ထုခွဲကြည့်တာ
နင်က သာမန်ထက် နှစ်ဆ ချောမွေ့ပျော့ပျောင်းစေတာချည်းပဲ
တစ်နေကုန်နေမှ တစ်နေကုန်
နင်နေတဲ့ မြို့ကြီးဟာ ဖုန်းလိုင်းတွေထဲမှာ
ဖြူဖပ်ဖြူရော် စကားလုံးတွေချီပြီး လျှောက်ပြေးနေတဲ့ ကြွက်တွေ
ကြွက်တစ်ကောင်ဟာ နင့်နာမည်ကို ချီပြီးမှ
အများသုံးဖုန်းထဲကနေ လှစ်ခနဲ
နင်အိပ်နေတုန်း တံခါးကို ကိုက်ဖဲ့နေရတာ မောတယ်။
ဝရန်တာပေါ်က ပန်းအိုးတွေ မမြဲဘူးလို့ နင်ပြောတာ
ငါပြောတာက
ချစ်ခဲ့ရတာ ကပ်ဆိုက်တာပေါ့ဟာ
တကယ့်ဒုက္ခက
နင်နဲ့ ငါ့ကြားမှာ လမ်းကူးမျဉ်းကျားတွေ ရုပ်သိမ်းဖို့
မလိုအပ်ဘဲ ဟွန်းမတီးဖို့
မှန်တံခါးနောက် ဖြတ်ကျန်ခဲ့တဲ့ အပြာရောင်(ဇ)
နင်က ပြုပြင်ဆဲ ယာဉ်
ပွတ်မိတဲ့ ရွက်ကြမ်းရေကျိုစိတ်လေးမှာ
အတွင်းသား ပွန်း၊ စပ်၊ အစိုင်အခဲ
စက္ကူပုံးခွံကြီးတွေ ငုတ်တုတ်၊ ဒီမျက်နှာကြီးတွေ
ကော်ဖီဆိုင်ဟာ ဘာယားယံခြင်းမှ မရှိဘဲ တိုးတိတ်ပဲ့ရွဲ့လို့
မှန်ထဲကနေ တစ်ယောက်မျက်နှာတစ်ယောက်ဆီ သရိုးသရီဖုပိမ့်
လမ်းမပေါ်က ပလပ်ဂ်ပေါက်တွေအတိုင်း စီးဝင်ကြတယ်မဟုတ်လား
ဖရေဇာဟာ ရေကြီးတယ်၊ အရိုင်းအရွတ်တွေ ဖွေးဖွေးလှုပ်
ဝတပြီးသား အထည်ဆန်းတွေက ဇာတ်ကြောင်းပြန်နေတဲ့ ညနေ
မီးပွိုင့်နီနေတုန်း ငါနင့်ကို လက်နက်ချလိုက်တာ
ဆယ့်ငါးစက္ကန့်
နင်ချွတ်ချလိုက်တဲ့ အဝတ်တစ်ခုလို ငါ့မြို့ပြက ပုံလျက်သား
အဲဒီပလက်ဖောင်းပေါ်မှာပဲ နင်နဲ့ ငါသစ်တောပြုန်းခဲ့တာ ကောင်းလား။

ဇော်လူစိမ်း

နယ်စပ်မြို့ ◄ ရေမှော် ►

ကိုယ့်ပိုက်ဆံကို ကိုယ်ဟာပြန်သိမ်ငယ်ခဲ့ရ
ကိုယ့်ဘာသာစကားဟာ ကိုယ်နဲ့အကျွမ်းမဝင်သလို
အဲ့ဒီမြို့လေးက ကိုယ့်ကိုခပ်စိမ်းစိမ်းပဲကြည့်တယ်...

စည်းရိုးလေးခြားရုံနဲ့ခေတ်ကြီးကပြောင်းသွား
ထိန်ထိန်လင်းနေတဲ့သူတို့ညကိုကြည့်ရင်း
ဆူးလေကဖယောင်းတိုင်တွေ ပြန်မြင်ယောင်မိတယ်..
မြစ်ဆုံစီမံကိန်းနဲ့ ဧရာဝတီ...

ကျွန်းသစ်တွေလိမ့်လိမ့်သွား
ကျောက်စိမ်းတွေလိမ့်လိမ့်သွား
နောက်ဆုံး အရိပ်ရသစ်ပင်ကြီးတွေတောင်
ကိုယ့်အမြစ်ကိုယ်နှုတ်
စည်းရိုးလေးပေါ်က လှတပတလမ်းလျှောက်သွားခဲ့တယ်...

ကိုယ့်ဘက်ခြမ်းမှာတော့
စည်းကမ်းဟာ ဒဏ်ရာရကစားသမား
အမြဲတမ်းအကျော်ခံရတဲ့
ဦးတည်ချက်(၁၂)ရပ်နဲ့ ဘဝတူပေါ့
သူတို့ဘက်မှာတော့
ဆေးလိပ်တိုနဲ့ကွမ်းတံတွေးကအစ
စွန့်ပစ်ပုံးထဲ တည်တည်ငြိမ်ငြိမ်နေရာယူလို့...

ရင်နာရပါတယ်
ကိုယ့်အသွေးအသားတွေနဲ့တည်ဆောက်ထားတဲ့
သူတို့မြို့လေးက ထည်ထည်ဝါဝါ
သူတို့အရိပ်တွေနဲ့ လောင်ကျွမ်းနေတဲ့
ကိုယ်တို့မြို့လေးကတော့ နာနာကျင်ကျင်
မခိုးမခန့်နဲ့စည်းရိုးလေးကတော့ ပြုံးလျက်......

ရေမှော် 

နောက်ဆုံးကျမယ့် မျက်ရည်ကို မေတ္တာတရားနဲ့ သုတ်ပေးပါရစေ ◄ သားလူ ►


ငြိမ်းချမ်းရေးဆိုတာ
ထွန်းထားတဲ့ လက်ကျန်ဖယောင်းတိုင်မီးလေး ငြိမ်းသွားတာရယ်
ညညဆို အံတုခံနေရတဲ့ ချမ်းတဲ့ဒဏ်လေးရယ်
မကျန်တော့တဲ့ မျှော်လင့်ချက် ရေးရေးကလေးရယ်ကို
ပေါင်းထားတာကို ပြောချင်တာလား။
ကမ္ဘာကြီးကို ခြုံကြည့်လိုက်တော့
သား မလုံခြုံတော့သလိုခံစားရတယ် အမေ။
မြို့ရဲ့ လမ်းဆုံ လမ်းခွတွေမှာ
ဘာသာရေး နဲ့ လူမျိုးရေး မှိုင်းဝနေကြတဲ့
အတွေးအခေါ်မီးပုံပျံကြီးတွေ တလူလူ လွင့်နေတာ
မြင်မိတိုင်း မြင်မိတိုင်း
ကလေးတွေရဲ့ မျက်လုံးကို အဝတ်နက်စည်းပေးပြီး
ဘဝထဲကို လွှတ်ရတော့မလို ဖြစ်နေပြီ။
အဖြစ်က
လောဘ မာရသွန် အပြေးသမားတွေက
သူတို့လမ်းမှာ လူတွေကို
ခင်းခင်းပြီး နင်းနင်းပြီး ပြေးနေတာကို
လက်ဖက်ရည်ဆိုင်မှာ လက်ပိုက်ပြီး ကြည့်နေကြတဲ့အဖြစ်။
ပိုမှောင်တဲ့ ညတွေဆို
အဖြစ်များတာက
တစ်ယောက်ကို တစ်ယောက် အရိပ်ကွယ်ကစောင့်ပြီး
လက်ထဲမှာ ဝှက်လာတဲ့ မောင်းချဓားနဲ့
အမှန်တရားကို ထိုးခွဲတမ်းဆော့ကြတာပေါ့။
အဲသလို
တိတ်တဆိတ်ကြေကွဲဖို့ နေရာလေးတောင်
သူတို့က အပိုင်သိမ်းသွားကြတယ်လေ။
ကိုယ့်ကိုကိုယ် ပြန့်ငုံ့ကြည့်တောမှ
မြို့က ကိုယ့်ထက် ပေါင်နှစ်ဆယ်လောက် ပိန်ချုံးကျလို့
မြို့ကြီးတစ်ခုလုံးကိုကြည့်လိုက်တော့
ကမ္ဘာကြီးကို မြင်ရပြီး
ကမ္ဘာကြီးတစ်ခုလုံးကို ကြည့်လိုက်တော့
ရွာကြီးကိုပဲ မြင်နေရတယ်
မထူးဆန်လွန်းဘူးလား
အရိုးကွဲအောင် အေးနေပေမယ့်
အိမ်ကလေးမှာ မေတ္တာတရားတွေ ထွန်းကားနေရင်
စောင်ပါးလေးတစ်ထည်လောက် ခြုံအိပ်ရလည်း
နွေးတယ်။
မေတ္တာတရားတွေ မရှိရင်တော့
စစ်တပ်တွေ ဘယ်နှထပ်နဲ့ ကာရံ ကာရံ
ကမ္ဘာကြီးဟာ ရင်ကြပ်ပန်းနာသည်လို
ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေမှာပဲ။

သားလူ

မန္တလေး ◄ ရင်နင့်အောင် ►

Mandalay city



ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားတယ်
ဝင်ပေါက်ထွက်ပေါက်တွေ ခွဲထားတယ်
အစကတော့ လေးထောင့်ကြီးပဲ
ချဲ့ရင်း ချဲ့ရင်း ပုံပျက်လာတဲ့မြို့ပေါ့
တိုးချဲ့ဇုန်မှာ ငါတို့ နေထိုင်ကြတယ်
အစွန်အဖျားကနေ ရန်သူကို အလယ်မှာထားလို့
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်နေကြသလား
မြို့ရဲ့ နှလုံးသားကို ဧရာဝတီက အနားသတ်ထားတယ်
ရှမ်းရိုးမက တောက်တစ်ချက်ခေါက်ခဲ့တုန်းက
လယ်ကွင်းတွေပျောက်ပြီး ဘောလုံးကွင်းကြီးပေါ်လာခဲ့
အဲဒီ မြို့ပေါ့ လွယ်အိတ်တစ်လုံးကို မျှဝေသုံးလို့
နန်းတော်ရှေ့ ဆရာတင်ကနေ မောင်ချောနွယ်အထိ
စာရွက်ဟောင်းကို ပြန်လှန်လို့ ဂုဏ်ယူလို့ မပြီးကြသေး
အဟောင်းသံသရာထဲမှာ နှာတစ်ဖျားသာရုံလောက်နဲ့
သီပေါမင်းက စလို့ စလို့ ငါတို့
ကိုယ့်မြို့ကိုယ်မှ ကိုယ့်လူမျိုးကိုယ်မှ မစောင့်ရှောက်တတ်ခဲ့ကြ
စကားမစပ် ၂၆ ဘီလမ်းပေါ်မှာ ဘာလူမျိုးတွေ နေထိုင်ကြသလဲ
လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲရလဒ် ကြည့်မလား
အလောင်းအစားတွေ သိပ်ဝါသနာ ပါကြတဲ့ ငါတို့
ဘောလုံးပွဲဆို ခဲနဲ့ ထု အော်ဟစ်ဆဲဆိုကြတဲ့ ငါတို့
ကျူးကျော်တဲ့ သူ ရှိလား (မရှိဘူး)
ကျူးကျော်တဲ့သူ ရှိလား (မရှိဘူး)
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် ရေလို့မှ မပြီးသေး
ကျူးတဲ့သူတွေက ကျော်ကုန်ပြီ
ကဗျာဆရာတွေ အဆိုတော်တွေ တေးရေးဆရာတွေ
ပန်းချီဆရာတွေ ပန်းပုဆရာတွေနဲ့ အနုပညာမြို့တော်ကြီးတစ်ခု
ဘုန်းကြီးတွေ ပေါပြီး ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြို့
တီဗွီဂိမ်းဆိုင်မှာ သံဃာတွေနဲ့ ဘိလိယက်ခုံမှာ သံဃာတွေနဲ့
တရုတ်ဖြစ် ဆိုင်ကယ်တွေမောင်းပြီး ပွဲချင်းပြီးကြတဲ့မြို့
ပြည်တွင်းဖြစ် ရမ်၊ အရက်ဖြူတွေနဲ့ နည်းနည်းချင်းပြီးကြတဲ့ မြို့
တက္ကသိုလ်တွေကို မြို့ပြင်မောင်းထုတ်ခဲ့တုန်းက
ငါတို့တွေ ငှက်ပစ်အမဲလိုက်ပြီး ကျောင်းတက်ခဲ့တဲ့မြို့
မြို့လေးက မစိမ်းတော့ဘူး တမာပင်တွေ ရှားလာတယ်
မြို့လေးက မနီတော့ဘူး စိန်ပန်းပင်တွေ ခုတ်လဲခံလိုက်ရ
မာနကတော့ ကြီးပါရဲ့ ကျုံးကြီးကို တူးပြီး
ဗေဒါပန်းတွေ လွှင်ပစ်ခဲ့တယ်
နန်းတော်ကြီးကို ဘယ်သူစောင့်ရှောက်မှာလဲ
အတွင်းကို ၀င်ဖို့ မှတ်ပုံတင်ကို ပေးထားခဲ့ရတဲ့ မြို့
ငါတို့ ငါတို့ ငါတို့ အဝေးသင်ပညာရေးစနစ်မှာ
ရည်းစားကို ဘယ်ဟိုတယ်ခေါ်ရကောင်းနိုးနိုး စဉ်းစားခဲ့ကြတဲ့မြို့
အရွယ်မရောက်သေး ကလေးငယ်တွေ စားပွဲထိုးနေကြ
အရွယ်ရောက်ပြီးသား သူဌေးသားတွေ ဘိန်းရှူနေကြ
WY, Alcohol, အခြောက် အစို ဖေါ်မြူလာ ကော်ဗူးမှ
တစ်ရက် သုံးလေးထောင် လက်လုပ်လက်စားတွေ ပေါတဲ့မြို့
ပွဲမရှိရင် မနေတတ်လို့ ဘုရားလူကြီးတွေ ဘုရားပွဲလုပ်ကြ
ကျောက်ဝိုင်းမှာ ငါတို့နိုင်ငံထွက် ကျောက်တွေ
ငါတို့နိုင်ငံသားတွေ ခွဲလို့ သွေးလို့
ဘယ်သူတွေက အဲဒီကျောက်သံပတ္တမြားတွေ ပိုင်ကြသလဲ
မရောက်ဖြစ်တာကြာတဲ့မြို့ ငါပြန်အရောက်
သူစိမ်းတွေချည်း တွေ့ခဲ့ရတဲ့မြို့
သူတို့က စား ပွဲ လုပ်နေကြချိန်မှာ ငါတို့က ပွဲစားတွေပဲ
တစ်ယောက်နဲ့ တစ်ယောက် ခြေချင်းလိမ်လို့
ဖုံထူနေပူ အညာသားကျောကုန်းနဲ့တူတဲ့မြို့
စစ်ကိုင်းကတော့ တံတားကြီးထိုးပေးထားပါရဲ့
အစွန်အဖျားကလူတွေ တိုးချဲ့ဇုန်မှာ ပြုတ်မကျအောင်လို့တဲ့
ဦးပိန်တံတားကို ကွန်ကရစ်နဲ့ဖာတေးခံလိုက်ရတဲ့နေ့က
မွမ်းကြပ်လွန်းလို့ မြို့ပြင်ထွက်ပြီး ကောင်းမှုတော်ကို ငါရှာမိပါတယ်
ထုံးသုတ်ထားတဲ့ စေတီကြီးကို ရှာမတွေခဲ့ဘူး။

ရင်နင့်အောင်

၁.၁၈.၂၀၁၄

Friday, January 17, 2014

အောင် ဆန်း စု ကြည် ◄ သားလူ ►


ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့အခါမှာ ပထမဦးဆုံး ကျမတို့ လိုချင်တာဟာ လွတ်လပ်စွာ တွေးတောပိုင်ခွင့်ပဲ။ လူကိုသာ
ချုပ်ထားနိုင်မယ်။ စိတ်ကိုတော့ မချုပ်ထားနိုင်ဘူး။ ဒီလို မချုပ်ထားနိုင်တဲ့ စိတ်ကြောင့်
ဒီလောက်တောင်မှ နှစ်ဆယ့်ခြေက်နှစ်လုံးလုံး လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီ
လှုပ်ရှားမှုကြီးထဲကို သတ္တိရှိရှိနဲ့ ဝင်ခဲ့ပြီး၊ စခဲ့ပြီ။ ဒီလှုပ်ရှားမှုကြီးကို ဆုံးခန်းတိုင်အောင်၊ အောင်မြင်အောင် လုပ်သွားရမယ်။

အောင်ဆန်းစုကြည်


ခင်ဗျားတို့ ဂုဏ်ယူလိုက်ကြစမ်းပါ
ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဟာ
ခင်ဗျားတို့နဲ့ တမြေတည်းနေပြီး
ခင်ဗျားတို့နဲ့ ဒုက္ခတွေမျှဝေခံစားပြီး
ခင်ဗျားတို့ကို အလုပ်အကျွေးပြုမယ်လို့
ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ပေါ့။

Wednesday, January 15, 2014

THE FLOWERS OF WAR (သို့) စစ်အတွင်းမှ ပန်းကလေးများ ◄ LKH ►




The Flowers of War ဟာ Ju Dou, The Road Home, Hero, House of Flying Daggers , Curse of the Golden Flower စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ တရုတ်နာမည်ကျော်ဒါရိုက်တာ ကျောက်ရိမူ (Zhang Yimou) ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ စစ်ဒရာမာဇာတ်ကားတစ်ကားပါ။ "ဂေါင်းလီ နဲ့ ကျန်ကျိရီ" မင်းသမီး ၂ လက်ကို စင်တင်ပေးခဲ့တဲ့ ကျောက်ရိမူဟာ ဒီကားမှာ ဟောလိဝုဒ်မင်းသား Christian Bale နဲ့အတူ မျက်နှာသစ်အမျိုးသမီးသရုပ်ဆောင် "နီနီ" ကို ရဲဝံ့စွာ အသုံးပြုခဲ့ပါတယ်။ အခုနောက်ပိုင်း တရုတ်နိုင်ငံအနေနဲ့ ဟောလီးဝုဒ်နာမည်ကြီးမင်းသားကို ခေါ်ယူရိုက်ကူး ထုတ်လုပ်တဲ့ ဒုတိယမြောက် ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ ပထမရိုက်ခဲ့တာက Kevin Spacey ရဲ့ Inseparable ဆိုတဲ့ ရုပ်ရှင်ပါ။

Monday, January 13, 2014

လက်ပစ်ဗုံးစစ်သား ◄ သူဝေး ►

တိုက်ပွဲဆုံးတဲ့ အထိ
တစ်လုံးမှမပစ်လိုက်ရဘူး
တိုက်ပွဲအစကတည်းက
လက်နှစ်ဘက်ပြတ်သွားလို့
သူ့လက်တွေကိုတောင်
သူများကောက်သိမ်းပေးခဲ့ရတာ
ပြတ်သွားတဲ့ သူ့လက်တစ်ဘက်ဟာ ဘုတ်'ခနဲ မြေပေါ်ပြုတ်ကျ
လက်ချောင်းတွေဟာ ချင်ချင်းမငြိမ်သက်နိုင်ဘဲ
ဆတ် ခနဲ ဆတ်ခနဲ တလှုပ်လှုပ် ငင်နေတဲ့ သွေးကြောတွေနဲ့
ပြတ်သွားတဲ့နောက်လက်တစ်ဘက်ဟာ
ပါးစပ်နဲ့ကိုက်မဖြုတ်ရသေးတဲ့ ဗုံးတစ်လုံးကို ကိုင်ထားလျှက်
တခြားခေါင်းပြတ်နားမှာ လက်ဖျံပက်လက်
လက်သီးဆုပ်ကို မနည်းခွာပြီး လက်ပစ်ဗုံးကိုပြန်ယူခဲ့ရ
ဟိုဘက်လက်ရဲ့ မီးခိုးအူနေတဲ့ လက်သန်းကြွယ်က
အမေပေးထားတဲ့ ဥဿဖယားလက်စွပ်ကို
အထက်အရာရှိက ခြေအိတ်ထဲ သွတ်သွင်းပြီး ဝှက်ယူသွား ။
သေတော့သာ လက်ပြတ်သွားပေမယ့်
ဝိညာဉ်ဖြစ်တော့ လက်ပြန်ပေါက်လာတယ်
ဘာသဘောလဲ မသိ ။
အလောင်းတွေကို မီးပုံရှို့ရတာ ခက်ခဲလိုက်တာ
ရန်သူ့အစိတ်အပိုင်းတွေနဲ့မှားပြီး
သူ့လက်တွေကိုပါ မီးပုံထဲ လှမ်းပစ်ကြတော့
သူက ..ဟေး ..... မလုပ်နဲ့.................. လို့ ပဲ့တင်ရိုက်အော်ပြီး
လှမ်းခုန်ဟစ်ဖမ်းခဲ့သား
မီတော့မီလိုက်ပေမယ့် မရခဲ့ပါဘူး
ဝိညာဉ်ဟာ ဘာကိုမှ ကိုင်တွယ်လို့မရဘူးတဲ့လေ
ဘာကြောင့်လဲ မသိ ။

သူဝေး

ကျားတွေရောင်းတဲ့ ကောင်မလေး ◄ မောင်ဖြိုးဝေ ►

ကားပေါ်ကဆင်းလိုက်ပြီဆိုကတည်းက
သူမခန္ဓာတစ်ခုလုံး မြစ်တစ်စင်းလို
ကွေ့ကောက်ထားတယ်

မျက်လုံးတွေကမှ တဆင့် အကြည့်
အကြည့်တွေကမှ တဆင့် ယူနီဖောင်း
ယူနီဖောင်းမှ တဆင့် အရေပြားအသွေးအသား
စိတ်နဲ့ပစ်မှားလို့ ကံတွေထိုက်လေ
ဒီညလေး တွက်ချေကိုက်လေလေ

လင်တယောက်ကိုခင်တွယ်သလို
လျှာတွေကိုအကျင့်လုပ်ထားရတယ်
အဖေအရွယ်တယောက်ကို အစ်ကိုကြီးခေါ်ရတိုင်း
နက်ဖြန်နံနက်ကျောင်းတတ်မယ်ဆိုတဲ့
ညီမလေးရဲ့ ကဗျာရွတ်သံက
အရှက်ကင်းဖို့ တွန်းအားတွေ

ဒူးအထက်က စကတ်တိုလေးရယ်
အကောင်းဆုံးကာကွယ်သူပဲ
ရယ်သံလေးတွေချခင်းလို့
ခါးလေးကိုကိုင်းလိုက်တိုင်း
ရင်ညွှန့်အထက်က လော့ကတ်သီးလေးဟာ
အားထားရတဲ့ ကိုးကွယ်ရာ

ပါးပါးလေးဆိုတော့ အေးတာပေါ့
ခဏပါပဲ
မထိတထိနဲ့ ထိချင်တဲ့စကားတွေ
မညှိတညှိနဲ့ ညှိချင်တဲ့ လက်တွေ
ထွင်းဖောက်မြင်နေကြသလို

မမူးခင်တုန်းကလည်း သူတို့သွေးဆူ
မူးသွားလည်း သူတို့သွေးဆူ
သူမဖွံ့ဖြိုးထားရသမျှိ
သူမဖွင့်လှစ်ထားရသမျှ
မကစားလည်း ရယ်သံလွင်လွင်လေးတွေ
ချန်ချန်ထားပေးရတယ်

ကျားတွေကို ကျားကိုက်ခိုင်းရတာ
လက်မောင်းသားပေါ်ကသွေးကြောလေးတွေ
နိုင်လိုမင်းထက် ပြုခံရတာ
ချိန်ထိုးပြီး တန်ဖိုးဖြတ်ကြည့်လိုက်တိုင်း
အသားမှ ပဲ့ပါသွားတာမဟုတ်ဘူးဆိုအတွေးနဲ့
ဦးရေ ထပ်ယူဦးမှာလား ။

မောင်ဖြိုးဝေ

Sunday, January 12, 2014

ကျွန်မ လာပြီ ၊ လာပြီ ကျွန်မ

ကံ့ကော်တွေ နောက်ပြန်ဆုတ်ပွင့်ကြ ကျွန်မလာပြီ။
စိန်ပန်းတွေ ရဲရဲရှေ့ပြန်တက်ပွင့်ကြ ကျွန်မလာပြီ။
အရှက်နဲ့ သိက္ခာတွေ ဒီအလံပေါ်ပြန်လေလွင့်ကြ ကျွန်မလာပြီ။

ကတ္တီပါတော်လှန်ရေးမှ သံမဏိနှင်းဆီသို့

ကျွန်တော်အားမပေးလည်း ခင်ဗျားက အားရှိနေမယ့်သူပဲ။
ကျဉ်းတယ်ကျယ်တယ်ဆိုတာ စိတ်ရဲ့တည်ဆဲဥပဒေပေါ်က အမှတ်အသားတစ်ခုပဲ
အဲ့ဒီတုန်းက ခင်ဗျားအကျဉ်းထဲကျနေပေမယ့်
ခင်ဗျားဘာသာတရားက ခင်ဗျားကို ဆွဲထုတ်ထားလိမ့်မယ် ဒါကြောင့် ခင်ဗျားလွတ်မြောက်နေလိမ့်မယ်။
ခင်ဗျားအဖေက ခင်ဗျားဆီ မကြာခဏလာကာ
ခင်ဗျားကိုအားပေး သွေးသွင်းပေးနေလိမ့်မယ်ဆိုတာ ကျွန်တော်ယုံတယ်။
ပြီးတော့ စာအုပ်တွေ
အချိန်တွေက စာအုပ်တွေကိုပေးတဲ့အခါ စာအုပ်တွေက ခင်ဗျားကို မြေပုံတွေပြန်ပေးနေမှာပေါ့
ဒါကြောင့် စိတ်ရှည်လက်ရှည် ဟိုးရှေးဂရိခေတ်များအထိ ခင်ဗျားတိုးဝင်ကာ
အေသင်မြို့ပြနိုင်ငံတွေထဲထိ ခင်ဗျားလျှောက်သွားလို့ နံရံတွေကို ဖွင့်ကြည့်နေလိမ့်မယ်

ရှေ့တန်းစစ်မျက်နှာ ◄ ဝင်းမြင့် ►

ပင်လယ်ကွေ့စစ်ပွဲဟာ အိပ်နေတယ်
ပိတ်မိနေတဲ့မျက်ခွံအောက်က ပျောက်ဆုံးနေသော ကမ်းတက်အထူးတပ်ဖွဲ့
အိပ်/စစ်ရေးမဝတဲ့ မျက်တောင်တွေကို ဖယ်ရင်း တစ်ချောင်းချင်းဆွဲနှုတ်ပစ်
ကျည်ဆံတွေဟာ စက်သေနတ်ထဲက တဝေါဝေါ ခလောခလောနဲ့ ဟောက်နေတယ်
အသံတွေကိုထိမှန် နံရံတွေကိုထိမှန် အိပ်မက်တွေကိုထိမှန် ရေဒါမှာ ပေါ်နေပြီ
ဆက်သွယ်ရေးနတ်သား ကြားရင်အကြောင်းပြန် ပြန်ရင်အကြောင်းကြား
သွားတွေကို ဝင်တိုက်ပစ် မျက်နှာတွေကို ဝင်သစ်ပစ် မျက်နှာသုတ်ပဝါနဲ့ သုတ်သင်ပစ်
ပလုံစီနေတဲ့ အညှီနံ့ မချက်ရသေးတဲ့ရေနံ စစ်ပွဲရဲ့စားကြွင်းစားကျန်
လေဆာကိုသုံးစွဲခြင်းဖြင့် မြေအောက်မီတာ တစ်သောင်းထိရှာဖွေနိုင်သော
ကာကွယ်ရေး ပဋိဥာဉ် စကာ့ဒ်ဒုံးကျည်နှစ်စင်း နှာခေါင်းတွင်းမှ အဆက်မပြတ်
သွေးလွှတ်ကြောတွေထဲ ညကသောက်ထားတဲ့ အရက်နှစ်ဖါလုံ
စစ်အသုံးစရိတ် ငါးကင်နှစ်ကောင် ခရမ်းချဉ်သီးဆော့ ဆလပ်ရွက်
ပင်လယ်ကွေ့စစ်ပွဲဟာ တချက်တချက် တွန့်ကနဲ တွန့်ကနဲ အကြောဆွဲ
ကယောင်ကတမ်း မီးယမ်းအကုန် ကုတင်ပေါ်အတုန်းအရုန်း
ပင်လယ်ကွေ့စစ်ပွဲဟာ ခြင်ထောင်ထောင် ပင်လယ်ကွေ့စစ်ပွဲဟာ ဘုရားရှိခိုး ပင်လယ်ကွေ့စစ်ပွဲဟာ
စောင်ခြုံမီးခွက်မှုတ် ခလုတ်ပိတ် (ပင်လယ်ကွေ့စစ်ပွဲအတွင်း သေဆုံးသွားသော အိပ်မက်များမှ
အထူးကြေညာချက်)
ပင်လယ်ဟာ ပင်လယ်လိုမနေလို့
စစ်ပွဲဖြစ်လာတယ်၊ စစ်ပွဲဟာ အိပ်လို့ကောင်းတဲ့ မီဒီယာပဲ
ကမ္ဘာကြီးဟာ ဂျုံကြောင့် ပလာတာဖြစ်လာသလို၊
ပဲကြောင့် ပဲပလာတာဖြစ်လာတယ်။ ဘယ်ပွဲကြောင့် စစ်ဖြစ်ခဲ့ရသလဲ၊ စစ်ဟာပွဲ ဟုတ်မဟုတ်
ပင်လယ်ကို နောက်နောင် ဘယ်တော့မှ မကွေ့ခိုင်းဘူး။  

ဝင်းမြင့်

ပိတောက်ပွင့်သစ်
ဇန်နဝါရီ၊ ၂၀၀၉။

ဥဒါန်း ◄ ဝေးခေါင် ►

ဒုက္ခတွေက ကိုယ့်အပေါ်
မိုးသီးကျသလို ကျတယ်။
ရေထုနဲ့
လေထုနဲ့
မြေထုအပေါ်တော့
မြူတစ်မှုန်တောင် မကျအောင်
အရာရာ ကိုယ်မျိုချခဲ့ရ
တစ်ဘဝလုံး ရုန်းပြီးမှ
တစ်လက္မပဲရွေ့လည်း ဘာအရေးလဲ
မိုးထဲရေထဲမှာ ကိုယ့်သွေးသားတွေက ဆူပွက်မြဲ
အဝေးက ချစ်သူရေ
မင်းရယ်သံက ကိုယ့်ရင်မှာ နေခြည်ဖြာတောက်ပမြဲ ။ ။

ဝေးခေါင်
၁၉၉၉

တကယ်မရှိတဲ့အရာ

တကယ်မရှိတဲ့အရာကို လေလံပွဲတစ်ခုက ကျွန်တော် ဝယ်ယူခဲ့တယ်။
တကယ်မရှိတဲ့အရာဟာ လူကြိုက်နည်းတဲ့ ပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော့်မှာပါတဲ့ငွေနဲ့ ဈေးသက်သက်သာသာ ဝယ်ယူနိုင်တာကြောင့် ကျွန်တော်ဝယ်ယူခဲ့တယ်။ လေလံပွဲက အလုပ်သမားတစ်ယောက်နဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မနိုင့်တနိုင်နဲ့သယ်ပြီး တက္ကစီပေါ် တင်ခဲ့ကြတယ်။ လေလံပွဲက မပြီးသေးဘူး။ ကျွန်တော်က ကားပေါ်တက်ပြီး တက္ကစီသမားကို မောင်းတော့လို့ ပြောလိုက်တယ်။ မြို့ထဲရှုပ်ထွေးတဲ့ လမ်းမကြီးတွေကိုဖြတ်တော့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မလှုပ်အောင် လက်တစ်ဖက်နဲ့ ထိန်းကိုင်လာခဲ့ရတယ်။ တကယ်မရှိတဲ့အရာဟာ တက္ကစီပေါ်မှာ ငြိမ်ငြိမ်သက်သက် ပါလာခဲ့ပါတယ်။ ကျွန်တော့်အိမ်က ဘူတာရုံနဲ့ နီးနီးကလေးပါ။ ဘူတာရုံနားကိုရောက်တော့ ကားကခုန်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မကျိုးမပဲ့ပဲ အကောင်းအတိုင်း သယ်ဆောင်လာနိုင်ခဲ့တယ်။ တကယ်မရှိတဲ့အရာဟာ ရှေးဟောင်းပစ္စည်းတစ်ခု မဟုတ်ပေမယ့် သူ့ရဲ့သက်တမ်းဟာ ကျွန်တော့်ထက် ကြီးရင့်ပါတယ်။
အိမ်ကိုရောက်တော့ ဒရိုင်ဘာနဲ့ ကျွန်တော်ဟာ အားစိုက်ပြီး တကယ်မရှိတဲ့အရာကို သယ်မကြတယ်။ ဧည့်ခန်းထဲမှာပဲ သူ့ကိုချထားလိုက်တယ်။ ကျွန်တော်ဟာ ပစ္စည်းပစ္စယတွေ စုဆောင်းရတာကို ဝါသနာပါသူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဧည့်ခန်းထဲက တကယ်မရှိတဲ့အရာကြီးကို ကြည့်ရင်း ဝယ်ယူဖြစ်ခဲ့တဲ့အတွက် ကျေနပ်မိတယ်။ ရေမိုးချိုးပြီး အေးအေးလူလူအချိန်မှာ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို အနီးကပ် သေသေချာချာ ကြည့်ပါတယ်။ အဲဒီလို ကြည့်မိတိုင်း ကျွန်တော်ဟာ မိမိကိုယ်ရဲ့ တည်ရှိမှုကို ပြန်ပြီးတွေ့လာခဲ့တယ်။ လူတစ်ယောက်ဟာ မိမိကိုယ်ကို တကယ်မရှိဘူးလို့ ထင်မြင်လာတဲ့အချိန်မှာ အဲဒီအရာဝတ္ထုကို ကြည့်ရှုသင့်တယ်လို့ ကျွန်တော်ပြောလိုတယ်။ ဒီကနေ့ခေတ်မှာ တကယ်မရှိတဲ့အရာတွေကို အမြောက်အမြား ထုတ်လုပ်နေကြပါပြီ။ တကယ်မရှိတဲ့အရာကို ကြည့်မြင်ရတဲ့အခါ မိမိကိုယ်ရဲ့ တည်ရှိမှုကို ပြန်မြင်နိုင်တာ၊ မိမိကိုယ်ရဲ့ တန်ဖိုးကို ပြန်တွေ့နိုင်တာ မဟုတ်ပါလားခင်ဗျာ။

နေမျိုး

ကိုယ်ရေး အထုပ္ပတ္တိ အကျဉ်း ◄ မိုဃ်းဇော် ►

ဗီယက်နမ်ကဗျာဆရာတစ်ယောက်လို ငါနေထိုင်
ဂျမေကာကျွန်းသားတစ်ယောက်လို ငါခံစား
အာဖရိကန်မုဆိုးမတစ်ယောက်လို ငါအိပ်စက်
ကိုလံဘီယာ အလုပ်သမားတစ်ယောက်လို ငါရှုမျှော်
သြော်...
ငါ တပ်မက်တဲ့ ကမ္ဘာကြီး။

ငါးမန်းဟာ
ဆားငန်ရေနဲ့ အသားတုံးငတ်သလို
ငါလည်း အချစ်နဲ့ အသစ်ကို ငတ်မွတ်မိ
နွေဦး (၄၀) ရှိခဲ့ပါပြီ။

နွေဦး (၄၀) ရုပ်ရှင်မှာ
ဗီလိန်လည်းလုပ်ခဲ့ရ
ဇာတ်လိုက်လည်းဖြစ်ခဲ့ရ
ထောင်ချောက်လည်းနင်းခဲ့ရ
ပိုက်ကွန်လည်းချခဲ့ရ
ပျားရည်လည်းလျက်ခဲ့ရ
ဆေးခါးကြီးလည်းသောာက်ခဲ့ရ
နတ်ပြည်လည်းတက်ခဲ့ရ
ငရဲပြည်လည်းကျခဲ့ရ
သေနတ်ပစ်ခန်းလည်း ကြုံခဲ့ရ

သခင်ကိုယ်တော်မှိုင်းနဲ့ အိုင်းစတိုင်းကို ကြိုက်ခဲ့တာ
ကက်သရင်းဇီတာဂျုံးနဲ့ မော်စီတုန်းကို ကြိုက်ခဲ့တာ
ရော့ခ် သီချင်းနဲ့ အရက်ပြင်းကို ကြိုက်ခဲ့တာ
ပြင်သစ်ကော်ဖီနဲ့ ဂျင်းဘောင်းဘီကို ကြိုက်ခဲ့တာ
မုန့်ဟင်းခါးနဲ့ မက်ဒေါနားကို ကြိုက်ခဲ့တာ
နေကာမျက်မှန်နဲ့ ခြံထွက်သီးနှံကို ကြိုက်ခဲ့တာ
မဟတ္တမဂန္ဒီနဲ့ မိုဒီကလျာနီကို ကြိုက်ခဲ့တာ
မြို့မငြိမ်းနဲ့ ကတ်ကိုဘိန်းကို ကြိုက်ခဲ့တာ
ငါးသလောက်နဲ့ မမနုကို ကြိုက်ခဲ့တာ
ငါဟာ တကယ့်ကို ပုထုဇဉ်ပဲ။    ။

မိုဃ်းဇော်

ကမ္ဘာ့ CD အချပ်အပြားပေါ်က DJ

ဝယ်လက်ရှိတယ်
ခြေကိုကား လက်ကိုကား ပခုံးကျယ်ကျယ်ဖွင့်
မျက်လုံးကို မီးဖွင့်မောင်း
၁၅၊ ၂၀ ဆိုတာ အရောင်းအဝယ်လိုက်တဲ့ အရွယ်
ဆိုနေရင်း မီးလင်းလာတော့ ဆက်ဆိုပေါ့ ဘာဖြစ်လဲ
ကြီးကျယ်မှု မှန်သမျှ
ကြီးမားကျယ်ပြန့် လေကောင်းလေသန့်တွေ ထွန်းကားတဲ့
ကျေးလက်က လာတာ
ကြယ်တွေရဲ့ ဆူးတောင်နဲ့ ဆောင်းဥတုရဲ့ အလယ်မှာ
ဓါးကိုချ ကြွက်သားကို လျှော့ထား
စတီဖင်ဟော့ကင်းလည်း
အရက်တွေ ဖိသောက် ဝဂ္ဂနာရဲ့ ဆင်ဖိုနီတွေ နားထောင်ပြီး အကြောလျှော့ခဲ့တာပဲ
ဆရာဝန်ကပြောတယ် သူ့ကို ၂ နှစ်ပဲတဲ့
ဒါနဲ့တောင် ဖိနပ်သဲကြိုး မချည်နိုင်တော့တာတောင်
စကြာဝဠာကို ချည်ပြီးတုတ်ပြီးသားဖြစ်အောင် လုပ်ခဲ့တယ်
ဒါ ဒါပဲပေါ့
အျတ်တွေ နိမိတ်တွေ ခေါက်ထား
ခေါင်းစားလို့ မင်းမဖြစ်
မင်းဖြစ်အောင် မင်းခေါင်းမင်းစား ဥာဏ်ပညာ
ကော်ပတ် အချိန်ကာလနဲ့ ကျန်းမာရေး
အိုက်ဆက်နယူတန်ရဲ့ ခေါင်းပေါ်မှာ အိုင်းစတိုင်း
အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ခေါင်းပေါ်မှာ ဟော့ကင်းရဲ့ ခေါင်းကို တင်လိုက်တော့
စကြာဝဠာရဲ့ အစအဆုံးကို ရရှိ
ဒီလိုပဲ ဒီမှာ ဒါ မင်းမဟုတ်လား
ကမ္ဘာ့ CD အချပ်အပြားပေါ်က DJ ဖွင့်ပေးထား
စုပ်ကြပစေ လှူလိုက်စမ်း
မျောက်တစ်ကောင်နဲ့ ဦးခေါင်းကို ရှပ်လှီးဖွင့်ပေးထားသလို
ကမ်းခြေမှ အမိုးဖွင့်ပေးထားတဲ့ အုန်းသီးစိမ်းတစ်လုံးရဲ့ ဟာလာဟင်းလင်းလို
ရပ်နေ စုပ်ကြစမ်း နောက်မဆုတ်နဲ့
စုပ်ကြစမ်း ရှိသမျှဆဲလ်တွေ တူးမြောင်းတွေ
အင်းအိုင် မြစ်ချောင်းနဲ့ ဆည်မြောင်းတွေ
စုပ်ကြပစေ နောက်မဆုတ်နဲ့ မီးသီးတွေ အခါခါလင်း
လည်ချောင်းထဲ ခိုအောင်းနေတဲ့ သလိပ်အရှုပ်အထွေးရှင်းထုတ်သလို
ရိသဲ့သဲ့စကားလုံးတွေ ရှင်းထုတ်
ကမ္ဘာကြီးအစောင်းမှာ လူတွေ စောင်းနေမြောင်းနေ ဘာအရေးလဲ
လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစို ကြွယ်ကြွယ်ဝဝ
ကြိုက်သလောက်စား ကျသလောက်ရှင်း
ရှိသမျှနဲ့ အကုန်ဆင်းပေးလိုက် သွေးကျဲရောဂါမရှိ
မြေပုံ သံလိုက်အိမ်မြောင်နဲ့ C, Am, F, G ဖြစ်တယ်
ကမ္ဘာကြီးရဲ့ ရေဒါထဲမှာ ရေဒီယိုလေးတစ်လုံးနဲ့
နှစ်တိုင်း အော်စကာထူးချွန်ဆုပေးပွဲ ဆန်ကာတင်မှာ အမြဲပါတယ်
လူငယ်လေးပါ
အပြင်က လမ်းတွေ လာလာ စောင့်နေလို့
သူ့အမေ တစ်ညလုံး အိပ်ရေးတွေပျက်နေရတယ် အများပဲ။

ခရမ်းပြာထက်လူ

မလှမ်းမကမ်း ◄ ဇော်လူစိမ်း ►

မြို့တစ်မြို့တည်းမှာ ချောင်းကြည့်ပေါက်တွေ သလောက်အများကြီး
ဝရန်တာတွေ ပြတင်းပေါက်တွေ ဆီကနေ ချောင်းကြည့်ပေါက်တွေဆီ ကျဉ်းသွားတယ်
ချောင်းကြည့်ပေါက်ပိုကျဉ်းလာတာနဲ့ သံသယက ပိုကြီးလာတာလေ
ဆိုပါတော့ ခင်ဗျားက ကိုးကွယ်မှုတစ်ခု
ခင်ဗျားက အသားအရောင်တစ်ခု
ခင်ဗျားက တစ်စုံတစ်ခုဆိုပါတော့
ဖန်ပြားပေါ်တင်ပြီး ချောင်းကြည့်ပေါက်နဲ့ချဲ့မယ်
လမ်းမပေါ်က ချောင်းကြည့်ပေါက်တွေက
ခင်ဗျားအတွင်းအင်္ကျီကို ဆွဲဆုတ်ပစ်လိမ့်မယ်
နောက်ကွယ်က ကင်မရာတစ်လုံးဟာ ရိုင်းရိုင်းစိုင်းစိုင်း ချောင်းကြည့်ပေါက်
မှောင်ပြီး ကျဉ်းမြောင်းတဲ့ လှေကားထိပ်မှာ
ပန်းတစ်စီးနဲ့ လူတစ်ယောက် ချောင်းကြည့်ပေါက်ရှေ့မှာ ရပ်လို့
ပန်းတွေကတော့ နွမ်းသွားပြီ
ချောင်းကြည့်ပေါက် ပိုများလာလေလေ လူတွေက ပိုစိမ်းလာလေလေ
လူစိမ်းတွေကလည်း ခင်ဗျားဘေး ပိုများလာကြမယ်
ပူနွေးနေတဲ့ ပေါင်မုန့်တွေလည်း အေးတောင့်သွားရော့မယ်
အိမ်အပြင်ထွက်ကြတော့
မျက်လုံးတွေရဲ့ရှေ့မှာ ချောင်းကြည့်ပေါက်တွေ ကပ်ပါသွားရော
ခင်ဗျား နောက်စေ့ တည့်တည့်မှာ
ခင်ဗျားရဲ့ နာကျင်နေတဲ့ တစ်နေရာရာမှာ
ဆိုကြပါစို့ ကျုပ်အတွေးတွေရဲ့ ပြောင်းတည့်တည့်မှာ
မြို့တစ်မြို့တည်းမှာ ချောင်းကြည့်ပေါက်တွေ အများကြီး ဘယ်သူထည့်ထားတာလဲ။

ဇော်လူစိမ်း

ကဗျာ့ပရိယာယ် ◄ ကြည်ဇော်အေး ►

အထောက်အထားခိုင်လုံမှ
သက်သေခံပစ္စည်းတင်ပြနိုင်မှဆိုလို့
ကျွန်တော်မြေကြီးကို တူးဆွကြည့်တာပါ
ဒီနေရာမှာ ဘာတွေထွက်လာတယ်တို့
ညာတွေထွက်လာတယ်တို့
စာရင်းပြုစုပြတော့မှာပဲလို့
ကျွန်တော်ကိုလျှော့မတွက်လိုက်ပါနဲ့
ဘာမှထွက်မလာပါ
ယုတ်စွအဆုံးတီကောင်လေးတောင်ထွက်မလာပါ
ကျွန်တော်ကိုယ်တိုင်ကလည်း
ဘာမှထွက်မလာစေချင်တာလည်းပါတာပေါ့လေ
ဝေဖန်ရေးဆရာတွေပြောသလို
ဗဟိုချက်မဲ့တာတို့
အဓိပ္ပယ်တွေေ၀၀ါးနေတာတို့ဘာတို့လည်း
မဟုတ်ပါ
ပျောက်ဆုံးသွားတဲ့တစ်စုံတစ်ရာကို
လိုက်ရှာနေတယ်ဆိုရအောင်ကလည်း
ကျွန်တော့်မှာ ဘာမှပိုင်ဆိုင်ခြင်းမရှိတော့
ဘာမှပျောက်ဆုံးခြင်းလည်းမရှိပါ
ပိုက်ဆံကျမပျောက်ဘဲ
ပိုက်ဆံလိုချင်လို့
ပိုက်ဆံလာရှာနေတဲ့ကလေးလို
ကျွန်တော့်ကိုယ်ကျွန်တော်လူအရယ်မခံနိုင်ပါ
ဒါဆိုမင်းက ဘာကိုဆိုလိုချင်တာလဲမေးရင်
ကျွန်တော်က ဘာကိုမှ မဆိုလိုချင်ပါဘူးခင်ဗျာလို့ဘဲ
ရိုသေလေးစားစွာပြန်ဖြေမှာပါ
ကျွန်တော်ကတော့
ဘာကိုမှ မဆိုလိုချင်တာသေချာပါတယ်
ကျွန်တော်ဘာကိုမှမဆိုလိုချင်တာကို
အနှောက်အယှက်ဖြစ်ရင်ခွင့်လွှတ်ပါ
ကျွန်တော့်အတွက်တော့ဒါဟာ
နှစ်ပေါင်းများစွာ ဘာတစ်ခုမှမဆိုလိုခဲ့ခြင်းရဲ့ အရသာပါပဲ
အထောက်အထားတို့
သက်သေခံပစ္စည်းတို့
မြေကြီးကိုတူးဆွကြည့်တို့ဆိုတာကလည်း
ဖတ်သူကိုလမ်းကြောင်းချော်ထွက်သွားအောင်
တမင်ချန်ထားခဲ့တဲ့ သဲလွန်စတွေပေါ့
အဆက်ဖြတ်ပစ်လိုက်တဲ့ နည်းစနစ်ပေါ့
ကျွန်တော်သပ်သပ်ရပ်ရပ်ကျူးလွန်ခဲ့တဲ့မှုခင်းတစ်ခုပေါ့
စဖတ်ပြီးဆိုကတည်းက
ကျွန်တော်ထောင်ချောက်ကိုနင်းလိုက်မိတာပါပဲ
အရေးယူလို့လည်းရပါတယ်
အရေးမယူလို့လည်းရပါတယ်။

ကြည်ဇော်အေး

တံခါးရွက်နှစ်ခု ◄ ခင်ဇော်မြင့် ►

တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

သေတဲ့လူသေတယ်
ရူးတဲ့လူရူးတယ် ။

အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

မပြောသင့်သောစကားကိုပြောနေဆဲ
ပြောသင့်သောစကားကိုမေ့နေဆဲ
ငါ့အရိပ်လည်းသမံတလင်းမှာငြိနေဆဲ ။

စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံကမငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးကမငြိမ်ဘူး

ငါ့အနားမှာ
ဘ၀ကိုပြောင်းပြန်လွမ်းတဲ့လေချွန်သံ ။

တံခါးရွက်နှစ်ခုနဲ့ပက်သက်လို့တော့
ကျွန်တော့မှာမူရင်းမရှိဘူး ။ ။


ခင်ဇော်မြင့်

ကဗျာ ◄ မောင်ဖီလာ ►

ငါ့ထက်မြက်မှုက သူ့အံသွားပေါ်ရောက်နေတယ်
အသွေးအသားတွေဖြန်းဖြန်း ခမ်းခြောက်သွားအောင်
ငါ့ စာကြည့်စားပွဲက စန္ဒယားတစ်လုံးလို အသံထွက်နေတယ်
ရေညှိပင်ရဲ့အမြစ် ကျောက်သားထဲ ထိုးခွဲဝင်သွားပုံ
လဲမှို့ကလေးလေထုကို ခွမ်းကနဲ ခွဲထွက်မြောက်တက်သွားပုံ
ငါ့မွေးညှင်းတွေထဲ အိမ်ဆောက်ပစ္စည်းတွေ
တဒိုင်းဒိုင်း ထုနှက်ရိုက်ခတ်နေပုံ
ရေတွင်းကလေးဟာ ဘီးပေါက်ပြီး
ချောက်ကမ်းပါးရဲ့ အစွန်အဖျားမှာ သွားတင်နေတယ်
ပြတင်းပေါက်တွေကို အကုန်လွှင့်ပစ်လိုက်ပြီး ငါလှမ်းခေါ်တယ်
ညနေခင်းထဲက ထိုးကလော်ထုတ်လိုက်တဲ့ လေညင်း
အကျော်ကြားဆုံးသတင်းဟာ အမှိုက်ခြင်းထဲမှာ
ငါက လေချွန်သံထိပ်ဖျားမှာ
မီးခြစ်ဆံ အကျွမ်းတစ်ချောင်းနဲ့
စီးကရက်ဘူးခွံပေါ်
'မာယာကော့ဖ်စကီး' လို ၀ါကျတစ်ကြောင်း ရေးခြစ်ချင်မိ..

မောင်ဖီလာ

မမှားဘူးဆိုရင် ကမ္ဘာကိုဖျက်မှာ ရှင်နဲ့ကျွန်မ နှစ်ယောက်တည်း

ရှင်ဘယ်သူလဲ
မသိချင်ပါဘူး
ကျွန်မ မျက်လုံးတွေ မှိတ်ထားမယ်
နေ့ခင်းနေ့လယ်က ညရဲ့ ကြယ်တွေကို မမြင်ရသလိုပေါ့
သုံးမရတဲ့ သစ်သားတုံးကို သွန်သင်ဖို့
သင်ပေးမနေပါနဲ့
ကျွန်မမှာ သိုးတစ်ကောင်ရဲ့  မျက်ရည်မရှိဘူး
ယောက်ျားတစ်ယောက် ကျေနပ်အောင်
ဖြတ်တောက်ဖြည့်စွက်ထားတဲ့ သီအိုရီသင်္ကေတ
နိမိတ်ပုံတွေ
ကျွန်မမှာ မရှိ
ရှင့်သဘောင်္ကိုယ်ထည်ကြီးကို ပုတ်ချဖို့
မယ်တော်တစ်ပါးရဲ့  လက်ပေါင်းရာထောင်လှိုင်းတွေ မရှိ
နောက်တစ်နေ့လိုက်ရှာဖို့ ရွေ့မနေပါနဲ့တော့ရှင်
ဒီ နေ့နဲ့ညကိုပဲ အဆင်းအတက်လုပ်ကြပါစို့
ဘဝဆိုတာ အဆင်းအတက်တစ်ခုပဲ
တောမီးထဲမှာ တောကြောင်တွေ ကျွန်မကြုံခဲ့
တောပရိယာယ် တောရဲ့ အဝယ်ကိုလည်း ကျွန်မခံခဲ့ဖူး
စစ်ဒဏ်ကြောင့် ပြေးလွှားလှုပ်ရှားနေရသူတွေထဲက
တစ်ယောက်လေ
တစ်ယောက်မှာ ကပ်နေတဲ့ ၂ယောက် ၃ယောက်တွေပေါ့
ရှင့်ဆီမှာ
ကျွန်မလို မလိမ္မာတဲ့ ညီမလေးတစ်ယောက်များ မရှိဘူးလား
အလို . . မေးကြောတွေ သွေးကြောတွေ ကျွတ်ထွက်လို့
နာများနာ ကျင်များကျင်သွားသလားမသိဘူး
ကျွန်မတို့ လေကိုမှီဝဲနေကြတယ်လေ လေဟာ တန်ဖိုးကြီး
လေကိုရဖို့ လေထဲလွင့်ကြတယ်
လေထဲမှာ ဘာမဆိုရှိနေတော့ ဘာမဆိုရှိမနေအောင်
လေကို လုပ်ကြံနိုင်ရင် ပြီးပြီပေါ့
ဘဝကို မျက်ခြည်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူး
မအောင်မြင်တဲ့ အဖူးတွေသာ တစ်ဖူးပြီးတစ်ဖူး
ဖူးပွင့်ပြီးအာ ပွင့်လာနေကြတာ
လူ့ဘဝဆိုတာက ဘယ်လိုနေနေ
လုစားစရာကောင်းလောက်အောင် မွှေးအီချိုမြနေတာမျိုး
မစိုးရိမ်ပါနဲ့ ဆိုးတာက
မိန်းမတစ်ယောက်ကို အိမ်ထဲမှာကြည့်လည်း ဒီပုံ
လမ်းမပေါ်မှာကြည့်တော့လည်း ဒီပုံ
ဂြိုဟ်တုက လှမ်းကြည့်လည်း ဒီပုံပဲတွေ့တယ်ဆိုတော့
မလွန်လွန်းဘူးလား
မီးဖိုချောင်ထဲက မီးခိုးထွက်တတ်တဲ့စက်ရုံ
စကားပြောရင်သုံးဖို့ ပါးပြင်နားကပ်ထားရတဲ့
တယ်လီဖုန်းစကားပြောခွက်တစ်ခုလို ထင်နေတုန်းပဲလား
ဇိမ်ခံပစ္စည်းတစ်ခုဆိုလား
မူးလည်းပြောတယ် မမူးလည်းပြောတယ် စိတ်ကုန်စရာပဲ
စိတ်ရှုပ်စရာပဲ
အိမ်မြှောင်လို နံရံကပ်နေရသူအချင်းချင်း
မနက်ခင်းအလင်းကို ရှင်ရောကျွန်မ
ရှင်းရှင်းမြင်နေရတာချင်းအတူတူ
ရှင်က ကြယ်တစ်ပွင့် ပန်းတစ်ခက် အရက်တစ်လုံး
ပိုသောက်သုံးချင်ရတာလဲ
စစ်အေးတိုက်ပွဲတဲ့ နည်းပညာတိုက်ပွဲတဲ့
ဘာသာရေးတိုက်ပွဲတဲ့
တိုက်ပွဲတွေက များလိုက်တာ
ဒါတောင် ရှင်တို့က တဆိတ်ရှိ
ဒီလက်ကလေးကိုင်ဖို့လောက်
ဒီကုတ်(Code)နံပါတ်လေး ဖွင့်ဖို့လောက်ပဲ စဉ်းစားနေ
ဆည်ထဲမှာ ငါးတွေမရှိတော့ဘူးရှင့်
ရှင့်ကိုယ်ရှင် ရှင်နေမှန်းရော သိရဲ့လား
အိမ်ပြန်ပါ
ရှင့်မိန်းမနဲ့ရှင် ပြန်ပူးပေါင်းပြီး
ရှင် ရှင်နေတယ်ဆိုတဲ့အကြောင်း အကြောင်းပြန်ပါ
သားသတ်သမားဟာ သူမွေးထားတဲ့သား
သူပြန်သတ်နေတာ သိရဲ့လား
ကမ္ဘာကြီး သေပြီလားရှင်
ရှင်တို့ကျွန်မတို့ကြောင့် သူသေသွားပြီလား
ရှင်နဲ့ကျွန်မ ကမ္ဘာကြီးကို ပူးပေါင်းကယ်တင်ကြရင် မကောင်းဘူးလား
အဖိုအမ ဆက်ဆံရေးနဲ့
ကမ္ဘာကြီးကို ညကြီးထဲက ဆွဲထုတ်ကြရင်မကောင်းဘူးလား
စူးခနဲ အော်သံဟစ်သံကြောင့်
ပုခက်အတွင်းက အနာဂတ်ကလေး လန့်မနိုးပါစေနဲ့လားရှင်
ကျွန်မလည်း ရှင့်နောက်လိုက်ရတာ မောပေါ့
သြော် ဒီမိန်းမ ဒီယောက်ျား ဒီ ၂မျိုး ၂ယောက်တည်းနဲ့
ကမ္ဘာကြီးပျက်စီးရမယ်ဆို အံ့သြစရာ။  

ခရမ်းပြာထက်လူ

မင်းတစ်ယောက်တည်း မဟုတ်ဘူး

လောက ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။

တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက် ဒက္ခခံခဲ့ရသမို့
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။

ကျွန်တော့်ကို ထားပါတော့ ထားခဲ့ပါပြီ

ကျွန်တော့်ဆီပြန်လာဖို့
တစ်စုံတစ်ရာလမ်းကိုသူတို့မျှော်နေသလား။
နေ့ရောညပါ ညီနေတဲ့ညှီနဲ့
ရေအောက်မှာ အောက်ထပ်ကမ္ဘာတစ်ခု
အဲဒီမှာသူတို့စုနေကြမယ်
အရိုးစုတွေ
အရိုးဆုံးအရှင်းဆုံးရောက်ရှိခဲ့တဲ့ အရိုးစုတွေ
အပေါ်မှာ
ကိုယ့်အလောင်းကိုယ်ထမ်းပြီး ကျွန်တော်လျှောက်နေ
အသားနည်းနည်း ကျန်တဲ့အရေပြားရွှဲရွဲပေါ်ရှော်စရာမရှိ
ကျွန်တော်လျှောက်နေပေါ့။
ကျွန်တော့်မျက်လုံးအိမ်ထဲမှာ ကျွန်တော့်အိမ်မရှိ
လဲလျောင်းပြိုကျနေတဲ့ မှန်ဘီဒိုလေးထဲမှာလည်း ကျွန်တော့်မိသားစုမရှိ
ဟိုထောင့်က စပါးကျီလေးထဲမှာရော ကျွန်တော့်လက်ကျန်
မနက်ဖြန်ရှိပါဦးမလား။
ပြောလေ
ဒါ ၂၀၀၈ စွယ်စုံကျမ်းထဲ
အတင်းချိုးဖျက်ဝင်လာတဲ့ မသမာမှုလား
လေထဲက အလစ်လုပ်ကြံတိုက်ခတ်မှု
ပြင်ဆင်ဖို့စဉ်းစားဖို့ ချင့်ချိန်ဖို့ အချိုသပ်ဖို့အချိန်မရှိ
ဘာမှမရှိတဲ့ မရှိခြင်းတွေအပေါ်အရေးပေါ်ထွက်ပေါက်
မြက်တစ်ပင်ကြူတစ်ရိုးမရှိ
ကျွန်တော့ကိုထားခဲ့ပါတော့
ကလေးတွေ ကကြီးခခွေးလေးတွေကိုင်ပြီး ဆော့ကစားနေတဲ့ကလေးတွေ
ကျွန်တော့်ကိုထားခဲ့ပါတော့
သွေးကြောထဲ
မျိုးစပါးတွေမြိုချထားတဲ့ အပျိုလူပျိုတွေ
ကျွန်တော့်ကိုထားခဲ့ပါတော့
ရှေးဟောင်းကျမ်းစာတစ်အုပ်ရဲ့မျက်နှာဖုံးတွေ
အတွင်းမှာ သတ္တိနဲ့သမိုင်းကိုသိမ်းထားတဲ့ အဖိုးတွေ အဖွားတွေ သယ်သွားခဲ့
ကျွန်တော့်ကိုထားခဲ့ပါတော့
ထားခဲ့ပါပြီ
အတိုးအရင်းများများနဲ့ ရိုးတွင်းချဉ်ဆီခန်းခြောက်သွားတဲ့
ဒီငရဲပက်လက်ဒယ်အိုးကြီးထဲ
ကမ္ဘာကြီးပူနွေးလာပါပြီဆိုတဲ့ ဒီကနေ့ခေတ်ကြီးထဲ။

ခရမ်းပြာထက်လူ

ပိတောက်ပွင့်သစ် 
ဇူလိုင် ၊ ၂၀၀၉ ။

မဦးမချွတ်အနမ်း ◄ လွန်းဆက်နိုးမြတ် ►

အထီးတည်း ဖြစ်မှုရဲ့ ပေါင်မုန့်တစ္ဆေခြောက်လှန့်ရာ နေ့ခင်းနေ့လယ်ဝါကျတွေပြည့်လျှံသွားသည်ထိ
မိုးဟာ လည်ကုတ်သားဖွေးဖွေးကလေးပေါ်ကနေတဆင့် နားရွက်တွေဆီ မနားတမ်းရွာသွန်းတယ်
တ၀ုန်းဝုန်းနဲ့ဆိုတော့ နင်ငုံ့ရှောင်ချိန်တောင်မရလိုက်ဘူးမဟုတ်လား နှုတ်ခမ်းတွေပေါ် ချော်လဲရောထိုင်
လိုက်လေ ပြီးပြီးရော မလုပ်နဲ့ဟယ် ငါခက်တယ် လျှာရင်း လျှာဖျား လျှာဘေးသားတစ်လျှောက်
လေတွေကြမ်းလာတယ် လေနဲ့အတူ ကြယ်တံခွန်တွေပါလာတယ် ပင်လယ်မှာ အပျော်တမ်းလှိုင်းစီးရ
သလိုပဲကွာ နေကြာစေ့ခွံကလေးကို ရှေ့သွားကလေးနဲ့ ဖောက်ခနဲဖောက်လိုက်တယ် မြည်သံစွဲတွေ
ထည့်ဖျော်စပ်ဖို့လည်း မေ့မပစ်ရဘူးနော် မီးရောင်စုံညကလေးထဲ စိတ်ကူးတစ်ခြမ်းကျွံဝင်ကျသွားတာ
ကော်ဖီခွက်ကလေးကို မသောက်ခင်မှာ တဖူးဖူးမှုတ်ဖို့ ရှေ့တိုးထွက်လာတဲ့ နှုတ်ခမ်းဟဟလေးတစ်စုံ
စိုလက်နေတဲ့ မှန်ပြတင်းတွေပေါ် မိုးရေစက်တွေ ယိုစီးကျနေတုန်းပဲရှိသေးတယ် လှိုက်ဖိုမောလာတယ်
အမြင့်တစ်နေရာကနေ ဟိုးအနက်ရှိုင်းဆုံးအောက်ခြေဆီ တစ်ရှိန်ထိုးပစ်စလတ်ခတ်ပြုတ်ကျသွားပုံမျိုး
အပေါ်သွားကလေးနဲ့ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ပြလိုက်တာ ငါဖျားသွားတယ် အတည်ရွာမလို
ရွာမလိုနဲ့ မီးရှူးမီးပန်းတွေပစ်ဖောက်ပြီး နင်ပျော်ရွှင်သွားတဲ့ ပန်းချီကားလေး ငါငေးနေလိုက်တယ်
တစ်ကွေ့ကွေ့မှာ ပက်ပင်းလွဲချော်သွားပြီးနောက် မြို့တွေ ရွာတွေလည်း သိမ်းပိုက်ခံထားရပြီးပြီပဲ
နင်ဘာတွေလိုအပ်နေသေးလဲ သက်တံ့ကိုင်းကို မမှီမကမ်း လှမ်းဆွဲချလိုက်လို့ ငါ့အပေါ် ဖြူနီပြာဝါတွေ
ဖြန်းခနဲ ရောင်စုံလာစင်တယ် တကယ်ပါ ငါက ဒီကိစ္စမှာ အရိုင်းပါ ဘယ်ပုံစရွာသွန်းရမယ်မသိခင် အဖျား
ရှူးသွားတယ် နေပြန်ပွင့်လာတယ် ရွှံ့နွံထဲ ကြယ်တွေ ပြန်ဝင်တာ မြင်တော့မှ ရှုံးနိမ့်ပြီးမှန်းသိတော့တယ်။  

လွန်းဆက်နိုးမြတ်

မိသားစု ◄ စိုင်းဝင်းမြင့် ►

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်းအခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ၀င်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာမလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်

၂၀၀၂

ပျော်ရွှင်ဖွယ် ကဗျာတစ်ပုဒ် ◄ မျိုးတေဇာမောင် ►

ခြေထောက်တစ်ဖက် ပြတ်နေတဲ့ ကမ္ဘာကြီး
လက်တစ်ဖက် ပြတ်နေတဲ့ ကမ္ဘာကြီး
ဟောဒီ အင်္ဂါမစုံတော့တဲ့ ကမ္ဘာကြီးမှာ
ငါတို့ ပျော်ရွှင်ကြ။

ဂျပန်ခေတ် အေးကျင်းထဲမှသည်
ဖားကန့်ဘက်က အမြောက်သံတွေအထိ
ငါတို့ ပျော်ရွှင်ကြ။

ငါတို့ အလယ်ရိုးမသစ်တောကြီးတွေ နေရာမှာ
ဟိုတယ်တွေနဲ့ စူပါမားကက်တွေ
အဲ့ဒီမှာလည်း ငါတို့ ပျော်ရွှင်ကြ။

လယ်မရှိတော့တဲ့ ငါတို့ လယ်သမားတွေ
ပျော်ပျော်ရွှင်ရွှင် ဆိုင်ကယ်ကယ်ရီ ဆွဲကြ။

ဟော့ဒီမှာ စစ်ပွဲရောင်းရန် ရှိသည်
ဟော့ဒီမှာ သစ်တောရောင်းရန်ရှိသည်
ဟော့ဒီမှာ မြစ်တစ်စင်း ရောင်းရန်ရှိသည်
ဟော့ဒီမှာ တောင်တန်းတစ်သွယ် ရောင်းရန်ရှိသည်
အရောင်းအဝယ်သမား ငါတို့ ဗမာတွေ ပျော်ပျော်ရွှင်ရွှင် ရောင်းကြ။

ဖျားနာနေတဲ့ ကမ္ဘာ
ဖျားနာနေတဲ့ ဗမာ၊ အဲ့သလို ...။
ငါတို့ ပျော်ရွှင်ကြ။

မျိုးတေဇာမောင်

၂၀၁၂

င့ါအကြောင်း ◄ မောင်ဖီလာ ►


ရတယ်..
ငါ့အကြောင်းပြောထား
ပြောနေတဲ့ င့ါအကြောင်းဟာ နင့်လျှာကို ပေါက်ကျလိမ့်မယ်
အခု ငါ့အကြောင်း
နေပြည်တော်ရုပ်ရှင်ရုံထဲ ၀င်နေပြီ
အခု ငါ့အကြောင်း
“Orcghard” လမ်းမကိုဖြတ်နေပြီ
အခု ငါ့အကြောင်း
‘ကီလီမန်ဂျားရိုး’ တောင်ကို တက်နေပြီ
ငါ့အကြောင်းဟာ နင့်ဆီမှာ ရေပိုက်ခေါင်းကရေလို
စံနစ်တကျ ပန်းထွက်နေတယ်မဟုတ်လား
ငါ့အကြောင်းဟာ နင့်ဆီမှာ လက်ပံပွင့်လို ရဲရဲနီနေတယ်မဟုတ်လား
နင်စားမယ့် အသားညှပ်ပေါင်မုန့်ကိုဖွင့်ကြည့်တော့
ငါ့အကြောင်းဟာ အငွေ့တလူလူရှိနေတယ် မဟုတ်လား
လစ်တာနဲ့ သင်တန်းပြေးပြေးတက်တယ်ဆိုတဲ့ ငါ့အကြောင်း
ဆေးဆိုင်တစ်ဆိုင်ကို ဆေးဖက်ဝင်တော့မယ်ဆိုတဲ့ ငါ့အကြောင်း
အခု ငါ့အကြောင်းက နင့်တယ်ဖုန်းနံပါတ်ကို မေ့နေပြီ
နင်ထားခဲ့တဲ့ ဆွယ်တာအင်္ကျီကလေးဆီ
ငါ့အကြောင်းက ကွေ့မသွားတော့ဘူးတဲ့
အခု ငါ့အကြောင်း ‘ကြည်မောင်သန်း’ ကဗျာစာအုပ်ဖတ်နေတယ်
အခု ငါ့အကြောင်း စီးကရက်ကို ခဲထားတယ်
အခု ငါ့အကြောင်း သင်တန်းကဆရာမလေးဆီ စိတ်ရောက်နေတယ်
အခု ငါ့အကြောင်း တိုက်နံရံပေါ်တိုက်ကပ်ပန်းပင်တစ်ပင်လို ကုတ်တက်ချင်နေတယ်
အခု ငါ့အကြောင်း မိုးပျံပူဖောင်းလို တိမ်တွေထဲလွင့်နေတယ်
ကဗျာ ရုပ်ရှင် မိန်းမနဲ့ အလှမွေးငါးကို စိတ်ဝင်စားတယ် ဆိုတဲ့ ငါ့အကြောင်း
ကြယ်တွေကိုကြည့်နေရင်း ကိုယ်တိုင်ကြယ်ဖြစ်သွားတတ်ပုံကို
ငါ့အကြောင်း ကောင်းကောင်းသိတယ်
အခု ငါ့အကြောင်း သစ်တောထဲဝင်သွားပြီး သစ်ပင်တစ်ပင်လိုပြန်ထွက်လာတယ်
ငါ့အကြောင်းမှာ ငွေမရှိ၊ င့ါအကြောင်းမှာ ဂုဏ်မရှိ၊ ငါ့အကြောင်းမှာ အနံ့မရှိ
ဒါပေမယ့် ငါ့အကြောင်းမှာ အကြောင်းမရှိ
လက်ပတ်နာရီကို ခဏခဏကြည့်ပြီး အရေးကြီးချင်ယောင်ဆောင်နေတတ်သူ
ငါ့အကြောင်း
ငါနဲ့ဝေးမှ ငါ့အကြောင်း ကောင်းကောင်းသိမယ်
ငါ့အကြောင်းကို ‘ပေ’ ပေါ်တင်၊ ငါ့အကြောင်းကို ‘တူ’ နဲ့ထု
ငါ့အကြောင်းဟာ ကြေမွအက်ကွဲသွားလည်း
တူ နဲ့ ပေ မှာ ငါ့အကြောင်းဟာ အနံ့အသက်တစ်ခုလို စွဲကျန်နေလိမ့်မယ်။     ။

မောင်ဖီလာ  
၂၀၀၈                                          

Orchard = သစ်သီးခြံ


အိမ် ◄ စည်သူငြိမ်း ►


ဆူဆူညံညံနဲ့မှ နေလို့ကောင်း
အ၀တ်တွေဟောင်းလည်း ဟောင်းပစေ
အိုးခွက်တွေဟောင်းလောင်းလည်း လောင်းပစေ
ကြမ်းချောင်းတွေကျဲလည်း ကျဲပစေ
တိုးတိုးခွေခွေ ရင်ငွေ့ဝေကြ
ထူးထူးထွေထွေတွေ မလိုဘူး
တစ်ယောက်စိတ်တစ်ယောက်ခူးပန်ကြရုံ။

စည်သူငြိမ်း

အသံဗလံများနှင့် မီးညှိခြင်း ◄ မိုးရင့်ကြယ် ►


သည်မနက်တော့
ယင်ကောင်ကျသွားတဲ့ ကော်ဖီတစ်ခွက်ပါပဲ
မနေ့ကမျက်နှာတွေ ဒီနေ့မြင်ရတော့
မနေ့ကလို အရေးအကြောင်းတွေနဲ့
သြော်…
ကိုယ့်သက်ပြင်းက ဘေးဝိုင်းတွေမှာ မီးကူးလို့။
ညက တော်တော်များသွားတယ်
ရေရောထားတဲ့အသံက ကိုယ့်နံဘေးမှာ ဦးခေါင်းငိုက်စိုက်
သမုဒ္ဒရာ ဝမ်းတစ်ထွာမဟုတ်ဘူးကွ
အနုပညာ ဝမ်းတစ်ထွာတဲ့
သည်တစ်ခါ
သူ့သက်ပြင်းက ကိုယ့်ကိုယ်လောင်လို့။
စက္ကူတွေ ဈေးတက်လာတော့
အတွေးအခေါ်တွေ ဈေးကျသွားတယ်
စာမူခဆိုတာ စိတ္တဇနာမ်လားဆိုတဲ့ နယ်က ကဗျာဆရာရဲ့ အသံ
သည်တစ်ခါ
သူ့သက်ပြင်းက တစ်နယ်တစ်ကျေးမှာ မီးစွဲနေမှာပဲ။
ကိုယ်လည်း မဖြစ်တော့ဘူးဆိုပြီး
ဆိုင်ထဲကအထွက်
ကိုယ့်လူ မီးတစ်တို့လောက်တဲ့
မျက်နှာချင်းဆိုင်က အသံ။
ဟေ့…ဒီမှာ
ငါ့တစ်ကိုယ်လုံး မီးတွေချည်းပဲ
တို့ချင်တဲ့နေရာတို့သွား
မကျေနပ်သေးရင် ဆိုင်ထဲမှာလည်း မီးတွေချည်းပဲ
သည်တစ်ခါ
ကိုယ့်သက်ပြင်းက
ဆေးလိပ်ပြာလို တော်တော်နဲ့ ချွေမရဘူး။

မိုးရင့်ကြယ်
၂ဝဝ၃

အလှည့် ◄ ထွန်းဝေမြင့် ►

(၁)
သူသေသွားတော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၂)
ရှိုက်ကြီးတငင်ငိုကြွေးသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။
(၃)
ဝမ်းသာအားရဖြစ်နေသူ သေဆုံးသွားပြန်တော့
သူ့အလောင်းနံဘေးမှာ
ရှိုက်ကြီးတငင်ငိုကြွေးနေသူက တစ်ယောက်
ဝမ်းသာအားရဖြစ်နေသူက တစ်ယောက်။ ။

ထွန်းဝေမြင့်

Wednesday, January 8, 2014

About Time ◄ စိုးထိုက် ►



About Time ရဲ့ ထူးခြားမှုတစ်ခုက ရုပ်ရှင်ကြည့်နေရင်းနဲ့ကို ခင်ဗျားရဲ့ စိတ်က အတိတ်က ခင်ဗျား မေ့ဖို့ကြိုးစားနေတာတွေ၊ အတင်းမေ့ထားတာတွေဆီကို ပြန်ခေါ်သွားတာပါ။ ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်မှာ သာမန်လူထက် ပိုထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိနေတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့်နေရင်း ခင်ဗျားရဲ့စိတ်က အတိတ်နဲ့ ပစ္စပ္ပါန်ကို လူးလာခေါက်တုံ့ဖြစ်နေတာကို သတိထားမိတဲ့အချိန်မှာ ဒီရုပ်ရှင်က ပေးချင်တဲ့ message ကို ခင်ဗျား ရလိုက်ပါပြီ။

Wednesday, January 1, 2014

တစ်ခါပဲ မောင်းချိန်လိုက်တယ်၊ ထိုင်ပစ်နေတာ(၃)နှစ်ရှိပြီ



ဘာကိုစောင့်နေတာလဲလို့ လာမမေးနဲ့
ဘာကိုပေးချင်နေတာလဲလို့ လာမမေးနဲ့
ဘာကိုတွေ့ချင်နေတာလဲလို့ လာမမေးနဲ့
ကဗျာကို စောင့်ပြီး
မှောင်နေတဲ့ကမ္ဘာကြီးပေးမလို့
ခင်ဗျားတို့ကို တွေ့ချင်နေတာ။

အများကြီး မိတ်ဆက်စရာလိုမယ်မထင်ဘူး
စစ်ပွဲတွေကို ခင်ဗျားတို့လည်း ဖနောင့်နဲ့ပေါက်..
ကျွန်တော်လည်း တံတွေးနဲ့လိုက်ထွေးနေတဲ့ကောင်ပဲ
ဒီနေရာလာတူနေရင် ပြီးပြီ။

လစဉ်စာဖတ်ဝိုင်းမှာ ခင်ဗျားတို့
စာအုပ်တွေကို ဝိုင်းထိုင်ကြသလိုပေါ့
ကျွန်တော့်စိတ်ကလည်း ခင်ဗျားတို့ကို ထပ်ဝိုင်းထားပါတယ်
အပွန်းအပဲ့များတဲ့ ခေတ်ထဲ
ပလာစတာတကားကားနဲ့ အပြေးအလွှားလိုက်ကပ်ပေးနေသူ
ညီအစ်ကိုမောင်နှမတွေလေ။
တစ်ယောက်ပျော်လို့ တစ်ယောက်မရယ်ဘဲရှိမလား
တစ်ယောက်နာလို့ တစ်ယောက်မငိုဘဲရှိမလား
နိုင်ငံ့မြေပုံပေါ်က ဘယ်နေရာထောက်ထောက်
ပွက်ခနဲထွက်ထွက်ကျလာတဲ့သွေးတွေကို
အလျင်မီအောင် လိုက်သုတ်နေကြဖို့
ကိုယ့်ကိုယ်ကို တာဝန်ပေးထားကြသူတွေပဲ။

ခေတ်ကို ရှောင်ပြေးမယ့်လူငယ်တွေမဟုတ်ဘူး
ခေတ်ကို ဝင်တိုးမယ့် လူငယ်တွေ။
"မင်းတို့ ငယ်ပါသေးတယ်ကွာ"ဆိုတဲ့ လူကြီးတွေကို ပြန်ပြောလိုက်စမ်းပါ
"ခင်ဗျားတို့လည်း ပြန်ငယ်ချင်လို့မရတော့ဘူး"လို့။
ပြီးတော့မှ
ကိုယ့်ကိုလာမထိလည်း နာတတ်တဲ့နှလုံးသားတွေ
ဆွဲထုတ်ကိုင်မြှောက်ပြလိုက်ကြ။
ကမ္ဘာပေါ် အရည်မရအဖတ်မရ ရောက်ရှိလာသူတွေမဟုတ်
ရည်ရွယ်ချက်ရှိရှိနဲ့ လူဖြစ်လာကြတယ်ဆိုတာ။

ဆက်ပစ်.. ကိုယ့်လူတို့။
ဆက်ပြီးသာ ပစ်ကြ။
ကျွန်တော် စခန်းထဲမှာ ပုန်းအောင်းနေရင်း မအော်ဘူး။
ခင်ဗျားတို့ ကတုတ်ကျင်းထဲ အတူတူခုန်ချလာပြီး အော်တယ်
အံကြိတ်ပြီး ဆက် ပစ် ကြ
အမှောင်ကမ္ဘာကို ကဗျာနဲ့ တက်သိမ်းမယ်ဆိုတာကလွဲရင်
ကျွန်တော်တို့အားလုံးဟာ ငြိမ်းချမ်းရေးသမားတွေ။


ဟိန်း

၂၈.၁၂.၂၀၁၃

( P.L.A - ကဗျာချစ်သူများအဖွဲ့ (၃)နှစ်ပြည့်အတွက် ထပ်တူကျခြင်းများစွာဖြင့် )




The Water (2005) ◄ မားဆိုး ►




ဒေါပုံတံတားအဆင်း SECD ထိပ်မှာ လမ်းဘေးအခွေဆိုင်လေးတစ်ခုရှိတယ်ဗျ။ ဟိုး..... နိုင်တီးဂွမ်တီးက အဟောင်းအမြင်း အဆွေးအသိုး ဓါတ်ရှင်တွေ ရနိုင်တာမို့ ကျနော်မကြာခဏ သွားမွှေလေ့ရှိပါတယ်။ The Brothers Karamazov တို့၊ Dr Zhivago တို့၊ The Far Pavilions တို့၊ Cuba တို့ ၊ Gone With the Wind တို့ စသဖြင့်ပေါ့။တစ်နေ့ကျတော့ .. ဆိုင်ပိုင်ရှင်ဘဲကြီးက မေးတယ်။
“ညီလေး .. မင်း ကုလားကားတွေ ကြိုက်လား”
“ဟင့်အင်း.. မျက်စိရှုပ် နားရှုပ် ” 
“အေး.. ဒီကား ယူသွားကွာ။ေ-ာက်သရမ်းမိုက်တယ်”
“အိုကေလေ ခင်ဗျားက ညွှန်းတဲ့ကားမို့ ယူသွားပါ့မယ်”

ဒီဘဲကြီးက ဓါတ်ရှင်ဂျိုးကြီး။ ဓ်ါတ်ရှင့်လက်ကောက်ကြီး။ သူကိုယ်တိုင် တခုတ်တရ ညွှန်းတာမို့ Water ဆိုတဲ့ ဘောလိဝုဒ် ဓါတ်ရှင်တစ်ချပ်ကို ယူလာမိခဲ့ပါတယ်။

ဒီနိုင်ငံကို ပြန်ရောက်ပြီး အတော်ကြာတဲ့အထိ မကြည့်ဖြစ်သေးပါဘူး။ အားလပ်တဲ့တစ်ရက်ကျမှ အပျင်းပြေဆိုပြီး ကြည့်လိုက်မိတယ်။
တော်တော် ဟုတ်တဲ့ကားဗျာ။

All Is Lost (2013) ◄ မားဆိုး ►




Fucking Life

ကျနော်တို့လူရယ်လို့ဖြစ်လာကတည်းက ကိုယ့်ဖြစ်တည်မှုအတွက် လှုပ်ရှားရုံးကန်ခဲ့ရတာမျိုး ပြန်တွေးဖြစ်မိယင် စိတ်ပျက်နေရဆဲဘဲ။
ငယ်ငယ်တုန်းကဖြစ်ချင်တာ နဲ့ အခုဖြစ်နေတာတွေလည်း တကယ့်ကို သောက်တလွဲချည်းရယ် ။ ဥပမာ ငယ်ငယ်က မာစီးဒီးဘင်ဇ့်လေးစီးချင်တာ ၊ ခုထိ ကား ဝေးလို့ နွားကလေးမှ မစီးနိုင်သေးဘူး ။ ဒီ သောက်တလွဲဘဝထဲ ခရီးနှင်ခဲ့ရာ ကိုယ့်လက်ထဲ မြဲမြံနေလိမ့်မယ်လို့ ယုံကြည်ကိုင်စွဲလာခဲ့တာတွေလည်း တစ်ခုပြီးတစ်ခု လွှတ်ချခဲ့ရတာပါဘဲ ။ ကျောင်းသားဘဝ ဆယ်ကျော်သက်နေထိုင်မှု မိသားစုအသိုင်းအဝိုင်း သဘောတရား ရည်ရွယ်ချက်တချို့ အိပ်မက်တော်တော်များများ အနုပညာ .. စသဖြင့်ပေါ့ ။ ဒီလို လျှောက်နေယင်း သတိရလို့ ကိုယ့်လက်ထဲငုံ့ကြည့်မိယင် အမ်းပတီးဟန်းဒတ်ပဲ ။ ငယ်ငယ်တုန်းကတော့ ဘဝဆိုတာကြီးကို သိပ် မေးခွန်းထုတ်ချင်ခဲ့တာ။ ခုများကျတော့လည်း အသိမှာတောင် အသိမကပ်ချင်လောက်အောင်ဘဲ ။

FRUITVALE STATION ◄ စိုးထိုက် ►




၂ဝဝ၈ခုနှစ် ၊ နှစ်သစ်ကူးည ။
၂၂နှစ်အရွယ် သမီးတစ်ယောက်အဖေ အော်စကာ။
 သူ့သူငယ်ချင်းတွေနဲ့အတူ ဆန်ဖရန်စစ်စကိုရဲ့ နှစ်သစ်ကူးပွဲတော်ကို ကြည့်ဖို့ ရထားနဲ့ ထွက်လာရင်း ရထားပေါ်မှာ သူနဲ့ အရင်က ရန်ဖြစ်ဖူးတဲ့သူတွေနဲ့ ပြန်တွေ့ပြီး တွန်းကြထိုးကြဖြစ်တော့ ရထားရဲတွေ ရောက်လာတယ်.. သူတို့အုပ်စုကို ရထားပေါ်က ဆွဲချပြီး ဖရုဘေးဘူတာရုံမှာ ထိန်းထားလိုက်တယ်။ ရထားက ရပ်နေတယ်။ ရထားပေါ်က လူတွေက အဖြစ်အပျက်တစ်ခုလုံးကို ဖုန်းကင်မရာတွေနဲ့ ရိုက်နေကြတယ်။ အော်စကာက သူတို့ကို ဘာ့ကြောင့် ဒီလိုထိန်းသိမ်းရတယ်ဆိုတာကို ရဲတွေကို မေးဖို့ ကြိုးစားတယ်။ ရဲတွေက သူ့ကို ဘူတာပလက်ဖောင်းပေါ်မှာ ၀မ်းလျားမှောက်ခိုင်းပြီး လက်ထိပ်ခက်ဖို့ လုပ်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာ ရဲတစ်ယောက်က သေနတ်ကို ဆွဲထုတ်ပြီး ပစ်လိုက်တယ်။ ကျည်ဆန်က ကျောကနေဖောက်ပြီး ၀င်သွားတယ်။ ဆေးရုံရောက်ပြီး ခွဲစိတ်ခန်းဝင်တော့ အဆုတ်တစ်ခြမ်းကို ထုတ်လိုက်ရတယ်။ ဒါပေမယ့် သွေးထွက်နေတာကို ဘယ်လိုမှ ထိန်းလို့မရဘူး။ မကြာခင် သူ ဆုံးသွားတယ်။

ဇာတ်လမ်းရဲ့အစမှာ ပါတဲ့ ပြကွက်က တကယ့်အဖြစ်အပျက်ကို ဖုန်းကင်မရာနဲ့ ကတုန်ကယင်လှမ်းရိုက်ထားတဲ့ ဗီဒီယိုအပိုင်းလေးကို ထည့်ထားတာ။ ဒီဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာ Ryan Coogler က ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှာ ရုပ်ရှင်ပညာနဲ့ ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ ဒီဇာတ်ကား ရိုက်လို့ ကုန်ကျငွေက ဒေါ်လာတစ်သန်းတောင် မပြည့်ဘူး။ အော်စကာရဲ့ မသေခင်အချိန်အထိ တစ်နေ့တာကိုပဲ ရှင်းရှင်းလေး ရိုက်ပြသွားတယ်။ အတိတ်ကလုပ်ခဲ့တဲ့ အမှားတွေကနေ အလွတ်ရုန်းဖို့ ကြိုးစားနေတဲ့ အလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့ စရိုက်ကို ကြည့်နေတဲ့သူမြင်အောင် အသေအချာ ရိုက်ပြတယ်။ လမ်းပေါ်မှာ ခွေးတစ်ကောင် ကားတိုက်ခံရတာကို သူမကယ်လိုက်နိုင်တဲ့ ဇာတ်ဝင်ခန်းကနေစပြီး ဇာတ်လမ်းအစမှာကတည်းက အဆုံးမှာ ဘာဖြစ်မယ်ဆိုတာသိနေတဲ့ ရုပ်ရှင်ကြည့်သူရဲ့ စိတ်ကို အဆိုးဆုံးအဖြစ်အပျက်က လာနေပြီဆိုတာ သတိပေးနေတယ်။

လူ့အဖွဲ့အစည်းထဲက လူမှုမညီမျှမှုနဲ့ လုပ်ပိုင်ခွင့်အလွဲသုံးမှုတွေကို လူတွေ သတိထားမိစေဖို့ လူတစ်ယောက်ဟာ ဘာအကြောင်းမှ ခိုင်ခိုင်မာမာမရှိဘဲ အသက်ပေးခဲ့ရတာကို ဒါရိုက်တာက သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်မှာ ပြနိုင်ခဲ့တယ်။

စိုးထိုက်

ဆေးရုံကြောရုံ ◄ လင်းဇင်ယော် ►


ဆေးရုံမှာ ဂျူတီကုတ်ဝတ်တဲ့ဆရာဝန်ရှိတယ်၊ ဂျူတီကုတ်မဝတ်တဲ့ဆရာဝန်ရှိတယ်။ ဆေးရုံမှာ
ဓားကိုင်တဲ့ဆရာဝန်ရှိတယ်။ ဓားမကိုင်တဲ့ဆရာဝန်ရှိတယ်။ ဆေးရုံမှာ ခြေသည်းခွံခွာတဲ့ဆရာဝန်ရှိတယ်။
သွားနှုတ်တဲ့ဆရာဝန်ရှိတယ်။ ဆေးရုံမှာ ထမီခရမ်းဝတ်တဲ့ သန့်ရှင်းရေး ဝန်ထမ်းရှိတယ်။ ထမီအနီဝတ်တဲ့သူနာပြုရှိတယ်။ ထမီအပြာဝတ်တဲ့သူနာပြုရှိတယ်။ ထမီအစိမ်းဝတ်တဲ့ သူနာပြုရှိတယ်။ ထမီအပြာနုဝတ်တဲ့သူနာပြုအုပ်ရှိတယ်။ ဆေးရုံမှာ တံမြက်စည်းလှည်းတဲ့ဝန်ထမ်းရှိတယ်။ ရင်ခွဲတဲ့ဝန်ထမ်းရှိတယ်။ ဆေးရုံမှာ လက်နှိပ်စက်ရိုက်တဲ့စာရေးရှိတယ်။ ကော်ဖီဖျော်တဲ့စာရေးရှိတယ်။ ဆေးရုံမှာ ခြေထောက်နှစ်ဖက်ပါတဲ့ ဝန်ထမ်းရှိတယ်။ ခြေထောက်နှစ်ဖက်မပါတဲ့ဝန်ထမ်းရှိတယ်။ ဆေးရုံမှာ ကချင်လူမျိုးဝန်ထမ်းရှိတယ်။ ချင်းလူမျိုးဝန်ထမ်းရှိတယ်။ မွန်လူမျိုးဝန်ထမ်းရှိတယ်။ ကရင်လူမျိုးဝန်ထမ်းရှိတယ်။ ဆေးရုံမှာ စကားဝဲတဲ့လူတွေရှိတယ်။ စကားဝဲတာကို နားလည်တဲ့လူတွေရှိတယ်။

အကြောင်းအမျိုးမျိုးတွန့်ကြေ ◄ ခိုင်မြဲကျော်စွာ ►



စိတ်ကူးထဲကို
အကြောဆေးပုလင်းးကြီး သွင်းရမယ်
မာနထဲက
အက်ဆစ် တစ်လီတာ စုတ်ထုတ်ပစ်ရမယ်
ပညာအရေအတွက်ကို ထင်နေတာ
ခလုတ်ဖွင့်ရင်
အဆောင်အယောင်ပစ္စည်း ထွက်ကျမယ့်စက်
အတွေးအခေါ်ကရော
ခလုတ်နှိပ်ရုံနဲ့ အစာရေစာ အန်ချပေးမယ့်စက်
ဒီမှာ
မဲ့ခွက်ခွက် မျက်နှာနဲ့
လက်ကြောတင်းချင်စိတ် နာကျင်မှုပဲ
အရှိန်ပိုတယ်
ဇောကပ်နေတာ အနုပညာဟုတ်လား
ဘာလက်ဖြောင့်တပ်သားလဲ
ဘယ်ပလက်ဖောင်းက
ဘယ်သူ့မီးပွားကို ပစ်ချပေးနိုင်လို့လဲ
လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဝိုးတဝါးမှုဟာ
နောက် ၅ နှစ်မှာ အမှိုက်သရိုက်များ ဖြစ်နေမလား
ကျွန်တော်
သစ်ပင်ပေါ်က ရှဉ့်လေးလို
တက်လိုက်ဆင်းလိုက် လုပ်နေချင်ပေမယ့်
ကောင်းကင်ယံမှာ တံမြက်စီးပျံလေးနဲ့
လှလှပပ ဝဲချင်တယ်
ဝယ်လိုအားလမ်းမပေါ်
လူလတ်တန်းစားလျှောက်လွာတွေ ရေးဖြည့်တတ်လွန်းလို့
အိမ်ကလည်း အရှုးလို့ ထင်နေကြပြီ
ငါလေ
အကြောင်းအမျိုးမျိုးနဲ့ တွန့်ကြေ
အလင်းရောင်ကို အသည်းနှလုံးနဲ့ မကိုင်မိသမျှ
ရေတွေ နောက်နေရဦးမှာ ။

ခိုင်မြဲကျော်စွာ

လှိုင်သာယာ ◄ မောင်ဖီလာ ►


ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ
(အညှီနံ့က နောက်ကားပါလာတာကို သိတယ်)
“ ကျော်မတက်စေနဲ့ ” တဲ့
စပယ်ယာအသံမှာ ဆူးတွေ အပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သား ဘတ်စ်ကားကြီးထဲ
ထည့်ပြီး ခလောက်တော့
၁၉ ၄၀လောက်ဆီ ပြန်ရောက်သွားကြတယ် ။

နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ
ပန်းခင်းကြီးမဖြစ်လည်း ချုံပုတ်ကလေးပေါ့
ဒါပေမယ့် သတ္တိရှိတဲ့ ချုံပုတ်ကလေး ....... ။

မောင်ဖီလာ

ပဲခူး


မြစ်ကို ခါးပတ်ပတ်ထားတယ်။

အဲ့ဒီ ဂျင်းဘောင်းဘီကျောရိုးတွေအတိုင်းသာ
ခင်ဗျား မီးသင်္ဘောကို ထိုးတင်မောင်းနှင်းခဲ့စမ်းပါ။

ဟိုဘက်ကမ်း ဒီဘက်ကမ်း
ရင်ဘတ်ဟပြဲနဲ့ အမြဲနေတတ်ပေမယ့်
ငါတို့က တစ်ကယ့်ညီအစ်ကိုတွေပါ။

မြစ်ဟာ စစ်ကိုလည်း ကြုံခဲ့ပါတယ်
ခုတော့ ဝါးဖောင်တွေစီးတငြိမ့်ငြိမ့် သင်းတပျံ့ပျံ့စီးဆင်းလို့။

နှစ်ပေါင်း (၂၆ဝဝ) က ဓမ္မနဲ့
တာဝတိန်သာကို နက်ဝပ်ချိတ်ထားတဲ့
ရွှေအဆင်း ရွှေအချင်း ရွှေသတင်းနဲ့
ရွှေတွင်းကြီးကျွံထွက်လာသလို ရွှေမြင်ကွင်းနဲ့
ရွှေမောဓေါဘုရားကြီးက
ခင်းဗျားပါလာသမျှ မီးတွေကို ငြိမ်းပေးလိမ့်မယ်။

အပူလှိုင်းတွေ ဘယ်လောက်ဖြတ်ဖြတ် ပြတ်ကျမသွားတဲ့ အရိပ်နဲ့
ခင်ဗျားတိတ်ခွေကို စီဒီထဲထည့်သိပ်လို့
အတိတ်နဲ့ အနာဂါတ်ကြားမှာ ခေတ်မီတုန်း ခေတ်ဆန်တန်း လေသင်ဒုန်းဓါးချက်က
ခင်ဗျားတစ်ကိုယ်လုံးကို အသစ်ပြန်လုပ်ဖို့ အသင့်ရှိနေတုန်း
ဖရဲသီးတစ်လုံးလိုခွဲချ ရဲကနဲ
သွေးလည်းရမယ် အအေးလည်းရမယ် ၃၁လမ်းနဲ့ ၃၂လမ်းကြားက လိပ်ပြာကန်။
သူ့အံသွားတွေ ရေထဲမှာအိပ်နေတုန်းနဲ့ သူ့ကြွက်သားတွေ ကုန်းပေါ်မှာ အလုပ်လုပ်နေတုန်း။

ဒီမြို့ကို
နဝဒေးကြီးက ကဗျာချိုး စာချိုးသွားခဲ့တယ်။
ဒီမြို့ကို
အီတလီတွေ အင်္ဂလိပ်တွေက မှတ်တမ်းမှတ်ရာတွေတင်သွားဘူးကြတယ်။

ဒီမြို့ဟာ
နှစ် ၁၀၀၀ကျော်သွားလမ်းမှာ သွားရာဓါးရာတွေနဲ့
ရင်ဘတ်မှာ ရာဇဝင် ကျောပြင်မှာ ဂန္တဝင်နဲ့
အခန့်ချုပ် ချုပ်ထားတဲ့သမိုင်းစာအုပ်ကြီး။

လာခဲ့လေ
ခုနေခါမြို့ဟာ ကဗျာလည်းရွတ် သီချင်းလည်းဆို ပန်ချီလည်းရေး
အိုင်တီခေတ် တစ်ခေတ်ကို ကျောပိုးအိတ်ထဲထည့်လို့။

တိကျတဲ့ဒဏ်ရာတွေအတွက်
ဒီမှာ ပရဟိတသမားတွေနဲ့ ပြည့်လို့
လင်းပွင့်တဲ့အနာဂါတ်လူ့အဖွဲအစည်းတစ်ခုအတွက်
ဒီမှာ နိုင်ငံ့အရေး နိုင်ငံရေးသမားတွေနဲ့ရွေ့လို့

ခင်ဗျားလာခဲ့ပါ
ခင်ဗျားလာတဲ့အခါ
တရုတ်လုပ်ဆိုင်ကယ်တွေထဲ ဗမာသွေးဖေါက်ထည့်ပြီး
လီဗာကို တဗြန်းဗြန်းနဲ့နင်း မသတီစရာ သူရဲကောင်းဆန်နေတဲ့ကောင်တွေကလွဲရင်
ပဲခူးသားနဲ့ နှစ်တစ်လက္မသား
ဘယ်အသားက ပိုမာနေသေးတယ်ဆိုတဲ့အကြောင်း
ခင်ဗျားကို
ကျွန်တော်ကောင်းကောင်း ရှင်းပြ စည်ဘီယာတစ်ခွက်နဲ့ ရှင်းပြလိုက်ပါ့မယ်။         ။

 ခရမ်းပြာထက်လူ

အစ်ကို



တစ်နေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်းတစ်ခုမေးတယ်
“မင်းကြီးလာရင် ဘာဖြစ်ချင်သလဲ”တဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။
ပြီးမှ လေသံတိုးတိုးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
“ကျွန်တော်ဟာ ခြေတစ်ဖက်ဆာနေတဲ့ ကောင်လေးတစ်ယောက်
ဖြစ်ချင်ပါတယ်”တဲ့
ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့ ထပ်ပြီးမေးလိုက်ပေါ့
ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကိုငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
“ကျွန်တော့်ညီမလေးက ခြေတစ်ဖက် မသန်ဘူးဆရာမ” တဲ့။

နေမျိုး

မုဆိုးမ စစ်တမ်း


စာရေးဆရာမကြီးဂျာနယ်ကျော်မမလေးဟာ
မုဆိုးမဘ၀နဲ့ ဆယ်နှစ်ကြာမှ
နောက်အိမ်ထောင်ပြုခဲ့တယ်။

သတင်းစာဆရာမကြီးလူထုဒေါ်အမာဟာ
မုဆိုးမဘ၀နဲ့ နှစ်ပေါင်းများစွာကြာမှ
ကွယ်လွန်ခဲ့တယ်။

ဂျက်ကလင်းကနေဒီဟာ
မုဆိုးမဘ၀နဲ့ တော်တော်ကြာမှ
သူဌေးကြီး အိုနာစစ်နဲ့လက်ထပ်ခဲ့တယ်။

ငါ့မိတ်ဆွေ မုဆိုးမ
နောက်အိမ်ထောင်ပြုပြီးမှ
သားတွေနဲ့ အမွေကိစ္စ
တရားတပေါင်ဖြစ်ရတယ်။

အိမ်နားက မုဆိုးမ
သားလေးတက္ကသိုလ်ရောက်မှ
နောက်အိမ်ထောင်ပြုရရှာတယ်။

ငါ့မိန်းမလည်း
မုဆိုးမဘ၀နဲ့ဆယ်နှစ်ကြာမှ
ငါနဲ့ အကြောင်းပါခဲ့တယ်။

ငါ့အမေလည်း မုဆိုးမ
ငါ့ယောက္ခမလည်း မုဆိုးမ
ငါ့သူငယ်ချင်းအမေလည်း မုဆိုးမ

ကြည်အေးလည်း မုဆိုးမ
ကုတ်တနေးလဗ်လည်း မုဆိုးမ
ယိုကိုအိုနီလည်း မုဆိုးမ

ကမ္ဘာကျော်မုဆိုးမ
ပန်းပွင့်လှလှတွေ ပန်လို့
လောကဓံကို အန်တုဆဲ

လွန်ခဲ့တဲ့ နှစ် ၃၀ကျော်က
ငါ့အဒေါ် မုဆိုးမ
ယောက်ျားဆုံးလို့မှ ၆လမပြည့်သေး
နောက်အိမ်ထောင်ပြုလိုက်ရတယ်
ကလေးတွေ တစ်ပြုံတစ်မနဲ့
လိုင်းခန်းက ဆင်းပေးရမှာစိုးလို့။

လှသန်း 

သက်ရှိကဗျာ



ဟောဒီကမ္ဘာကြီးကို
ဂေါက်သီးရိုက်သလို ရိုက်ပစ်လိုက်ချင်တယ်

မိုက်ရူးရဲရဲ့ အားကစားစိတ်ဓာတ်
ဂလူးကို့စ်နဲ့ လရောင်ကိုရောပြီး
အကြောထဲဆေးထိုးသွင်းချင်တယ်

အာဟာရကိုတန်ဖိုးထားသူ
အပြစ်ရှိတဲ့ လူကြီးတွေက
အပြစ်မဲ့တဲ့ ကလေးတွေကိုမွေးကြတယ်

ခန့်မှန်းရခက်တဲ့ မျိုးဆက်တွေ
ကာမဂုဏ်ခံစားသလို
ရမ္မက်အပြည့်နဲ့ ကဗျာတစ်ပုဒ် ရေးချင်တယ်

မဓာတ်မဲ့တဲ့ညမှာ
စာကြွင်းစားကျန်အဖြစ်
ဒီခေတ်ကြီးကိုထားခဲ့ရမှာအားနာတယ်

ကမ္ဘာ့မြေပုံကိုပုံသေမတွက်နဲ့
မိန်းမတွေထက်ပိုပြီးမိန်းမဆန်တဲ့
မိန်းမအတုတစ်ယောက်နဲ့ ဆက်ဆံရသလို
အနုပညာဆိုတာကိုလည်းသဘောပေါက်ခဲ့ပါပြီ ။ ။

လှသန်း

ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့

ရေသူမနှင့် ညစာစားခြင်း



မော့မကြည့်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကောင်းကင်အောက်က
ညနေလှလှတစ်ခုမှာ
ရေသူမနဲ့ ကျွန်တော်တွေ့ပါတယ်
ငွေမင်ရောင် ရေကူးဝတ်စုံနဲ့ သူမ
အလှမွေးငါးတစ်ကောင်လို ရေကန်ထဲမှာ
ကျွန်တော့်မှာသာ
အရှင်လတ်လတ် ငါးတစ်ကောင်မျိုချမိသူလို ဖြစ်နေရ
ဒါကို ရိပ်မိတဲ့ ရေသူမဟာ
ကန်ပေါင်ပေါ်တက်လာပြီး စကားစပါတယ်
"ရေကူးရတဲ့ အရသာကို မနှစ်သက်ဘူးလား . . . "တဲ့
ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြန်ပြောမိတယ်
" ရေကူးရတဲ့ အရသာထက်
ရေကူးနေသူကို ထိုင်ကြည့်ရတာ ပိုသဘောကျတယ် . . . "လို့
ရေသူမက ဖွဖွလေးရယ်ရင်း
ဆာလမ်ပရုပ်အေး စီးကရက်တစ်လိပ်ကို မီးညှီတယ်
ကျွန်တော ကြားဖူးနားဝရှိခဲ့တဲ့ ရေသူမတွေဟာ
ဆံပင်ဖားလျားနဲ့တဲ့
အခု တွေ့နေရတဲ့ ရေသူမကတော့ ဆံပင် မရှိဘူး
ခေါင်းတုံးနဲ့
နားရွက်မှာ အဖိုနဲ့ အမ လိင်သင်္ကေတ နားဆွဲနဲ့
အိုင်ယာလန်က ပန့်ခ်ရော့ခ်အဆိုတော်မတစ်ယောက်နဲ့ တူနေရဲ့
ဒေသခံမဟုတ်ကြောင်း ငြင်းရင်းနဲ့
သူမကို ဘယ်ကလာလဲလို့ စပ်စုလိုက်တော့
သူမက သူ့နိုင်ငံအမည်ကို ပြောပါတယ်
ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲလို့ မေးလို့
ကျွန်တော့် နိုင်ငံအမည်ကို ပြောပြတော့
(အားမနာပါးမနာ)သူမက တစ်ခါမှ မကြားဖူးဘူးတဲ့
ပြီးတော့ သူတို့ အနောက်ကလူတွေဟာ
အရှေ့ကို သိပ်စိတ်မဝင်စားကြောင်း ဖွဲ့နွဲ့ပြန်ရဲ့
ကျွန်တော်က သူ့နိုင်ငံတည်နေရာနဲ့ မြို့တော်အမည်ကို ပြောပြတော့
သူမ အံ့အားသင့်သွားပုံက တပ်မက်စရာ
"ငါ့မှာ အရှေ့တွေ အနောက်တွေ မရှိဘူး
ကမ္ဘာပေါ်က လူတစ်ယောက်အနေနဲ့
ကမ္ဘာကိစ္စတွေကို သိနိုင်သမျှ သိအောင် ကြိုးစားနေတယ်…"လို့
ပြောပြတော့ သူမ နည်းနည်းဖျားသွားတယ်
အဲဒီအချိန်မှာ ညဟာ ဘွားခနဲ ပေါ်လာတယ်
ရောင်စုံမီးတွေလည်း လင်းလာပြီ
ကပွဲခန်းမထဲက မရိုးမရွ ဂီတသံဟာ
အပြင်ကို လျှံထွက်လာရဲ့
ရေသူမဟာ စိတ်ဝင်တစားနဲ့
ကျွန်တော့်ကို ညစာအတူစားဖို့ ဖိတ်ခေါ်ပါတယ်
ငြင်းလိုက်ရရင် ကောင်းမလား
ကျွန်တော် စဉ်းစားတယ်
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့
ညစာအတူစားဖို့ သင့်လျော်ပါ့မလား
အီလျာအာရင်ဘတ် ရေးခဲ့သလို
လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကို နားလည်ဖို့ဆိုတာ
သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလေ
ဒါပေမယ့် ကျွန်တော်က ယောင်္ကျားပီသသူပါ . . .
ဒီိလိုနဲ့ ဆီမီးခွက်အလင်းရောင် မှိန်ပျပျနဲ့
"အာဖရိကရဲ့ ပြင်ပ"ဆိုတဲ့ စားသောက်ဆိုင်မှာ
သူမနဲ့ကျွန်တော် သမင်သားနဲ့ ညစာစားဖြစ်တယ်
ကျွန်တော် မှားသလား
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့
ညစာ အတူစားမိတယ်
ကျွန်တော် မှားသလား
ခင်ဗျားတို့လည်း ဝိုင်းစဉ်းစားပေးကြပါ
ကျွန်တော် မှားသလား
ခုချိန်ထိ ကျွန်တော်လည်း စဉ်းစားနေတုန်း။  

လှသန်း