Saturday, October 3, 2015

တစ်နေ့

တစ်နေ့

ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သောက်ခဲ့တဲ့ မိုးခါးရေတွေ လက်ထိုးအန်မယ်။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ စကားထဲမှာ ပိုက်ဆံဆိုတဲ့အကြောင်းထည့်မပြောကြေး။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ ကဗျာရေးတာဘာရသလဲဆိုသူတွေကို ပိုက်ဆံပေါ်မှာ ကဗျာတွေရေးပြီး ဝေပေးကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ငါမမြင်ဖူးတဲ့ သစ္စာတရားဆိုတဲ့ဟာကြီးကို လိုက်ရှာဝယ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ နှလုံးသားမရှိတော့သူများသမဂ္ဂဖွဲ့ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကြေးစားလူသတ်သမားတွေငှားပြီး ကြာကူလီကောင်တွေကို သုတ်သင်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ချစ်ခြင်းမေတ္တာစစ်စစ်ကတစ်ဖက်၊ ရာထူးတွေဂုဏ်တွေကတစ်ဖက် ထည့်ချိန်လို့ရတဲ့ ချိန်ခွင်ကြီးတစ်ခု အော်ဒါမှာရမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ စာအုပ်တွေကို ချေမွအခြောက်လှမ်း ဆေးလိပ်အကြမ်းတွေထဲ ထည့်သောက်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ရုပ်ရှင်တွေကို နည်းနည်းချင်း ဖဲ့ အစိမ်းလိုက် မျိုချကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ပန်းချီကားတွေကို အရည်ဖျော်ပြီး အကြောထဲထိုးထည့်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သီချင်းတွေကို ခဲပြားပေါ်တင် မီးရှို့ပြီး ရှိုက်သွင်းကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကဗျာတွေကို အမှုန့်ကြိတ် ငါတို့နားထင်တွေကို ဓားနဲ့မွှန်းပြီး သိပ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ Promise ဆိုတဲ့နာမည်နဲ့ တန်ဖိုးနည်း Handset တွေ ထုတ်ကြမယ်။ သူ့ရဲ့ အားသာချက်က ဖုန်းဘေလ်အားလုံးဟာ ငါတို့ပိုက်ဆံတွေထဲက ဖြတ်သွားလိမ့်မယ်။ အားနည်းချက်ကတော့ Ringtone သုံးခုပဲပါမယ်၊ ထပ်ထည့်လို့မရဘူး။ "အရမ်းချစ်တာပဲ"၊"တစ်သက်လုံးအတူတူနေမယ်"၊"ဘယ်တော့မှမခွဲဘူးနော်"။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ - အချစ်ကို ငွေကြေးကြောင့် မစွန့်လွှတ်မိပါစေနှင့် - ဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်ထောင်မယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သိပ်ချစ်ကြတဲ့စုံတွဲတွေကို ထောက်ပံ့ကူညီပေးဖို့ ရုံးခန်းတွေအများကြီးဖွင့်ရမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ရုပ်သံလိုင်းတွေတည်ထောင်ပြီး ငွေကြေးရဲ့ဒုက္ခပေးပုံတွေကို ဝါဒဖြန့်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ နွားတွေမျက်လုံးမှာတပ်ထားတဲ့ မျက်မှန်စိမ်းတွေ လိုက်ချွတ်ပေးကြမယ်။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ ဘယ်သူသေသေ မာနေဦးမယ်ဆိုတဲ့ ငတေတွေကို ပျော့သွားအောင်လုပ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ မျက်ခုံးထူထူနက်နက်နဲ့ ကောင်မလေးတွေကို လိုက်ငေးကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကတိတစ်ခုကို ဒေါ်လာတစ်သန်းနဲ့ တင်ဒါခေါ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ငါတို့ပိုက်ဆံတွေရှိလာကြလိမ့်မယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့အတွက် ငါတို့လည်း မဖြစ်မနေ ရှိနေကြရဦးမယ်လေ။

ဟိန်း

တောင်းတောင်းပန်ပန် ဇာတ်ဝင်ခန်းများ


ကိုယ်ဟာ အကြမ်းထည် သစ်သားတုံးတစ်တုံးပဲ
မင်းခွာချပေးလိုက်တဲ့ အသားစတွေကို ငုံ့ကြည့်ပြီးမှ
ရုပ်လုံးပေါ်လာတဲ့ ဘဝမှာ တန်ဖိုးတစ်ခုရှိခဲ့သူပါ
ကိုယ် မင်းကိုလေ ....
ရေတံခွန်ထိပ်ဖျားက ခုန်ချပြပြီး ပြန်ပေါ်မလာသူတစ်ယောက်လို
သစ္စာပန်းစည်းပေါ်က နှင်းစက်ကလေးတွေကို တို့ထိကြည့်မိသူတစ်ယောက်လို
ထွက်ခွာသွားတဲ့ရထားကို ဘူတာရုံဟောင်းထဲက ငေးကြည့်နေသူလို
ယူကလစ်ရွက်ခြောက်တွေကြွေနေတဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး
ကောင်းကင်ပြာပြာကြီးကို မျက်နှာမူထားသူတစ်ယောက်လို
ဖျော်ဖြေပြချင်လိုက်တာ
အေးချမ်းပြချင်လိုက်တာ
လွမ်းဆွေးပြချင်လိုက်တာ
ပျော်ရွှင်ပြချင်လိုက်တာ
လွတ်လပ်ပြချင်လိုက်တာ
ဒါပေမယ့် ဘဝဆိုတာ
အနှောင့်မှာ ဘာမှရေးမထားတဲ့စာအုပ်တွေအပြည့်နဲ့ စာအုပ်စင်ပါ
ကိုယ်မဖတ်ချင်ဘဲ ဆွဲထုတ်မိတဲ့ စာအုပ်တွေလည်း များခဲ့ပေါ့
တခါတလေကျတော့လည်း
ချစ်ခြင်းမေတ္တာစစ်စစ်ဆိုတာ
မင်းပခုံးသားနုနုလေးကို ကိုယ့်နှုတ်ခမ်းတွေနဲ့ ဖိကပ်စုပ်နမ်းခဲ့တာလောက်တောင်
အရာ ထင်ချင်မှထင်တာ
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ပိုမှောင်လာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်တွေ ရှုပ်ပွလာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ အသက်ရှုကြပ်လာတယ်
ကလေးလေးရေ ...
သဲသဲရေ ....
သဲသဲတုံးရေ ....
အချစ်ရေ ....
ပုတုတုလေးရေ ...
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့အခန်းသော့ကို ဖွင့်နေတယ်
နာမ်စားတစ်ခုချင်းစီဟာ အမှတ်တရတွေနဲ့ ပေကျံလို့ ...
လက်ထဲကနေ ချော်ချော်ကျသွားတာကို ရင်ဘတ်နဲ့ မရရအောင် ပြန်ဖမ်းနေမိတယ်
ပိတ်သွားတဲ့ တံခါးအောက် နေရာလွတ်ကလေးကနေ
မင်းရပ်နေတာ မြင်ရသေးတယ်။
မင်းမသွားသေးဘူးဆိုတာ မြင်ရသေးတယ်။
အခန်းသော့ကို ဆက်ဖွင့်နေမယ် ...
ရွှေသော့ငွေသော့တွေနဲ့ မဟုတ်ပါဘူးကွယ်
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့ .... ။

ဟိန်း

Friday, January 2, 2015

RC - 1814

ငါ့တပည့်များ အောင်ပါစေကွာ ဆိုတဲ့စကားသံအဆုံးမှာ
နိုင်ငံတော်ကြီးလည်း နှစ်ပေါင်း(၆၀)ကျော် ကျဆုံးတော့တာပဲ
သွေးရူးသွေးတန်းနဲ့ ချက်ချင်းထလုပ်ခဲ့တာမဟုတ်ဘူး
လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကျော်ကတည်းက ဘရင်းဂန်းတွေ ပြင်ထားတယ်
လွန်ခဲ့တဲ့(၃)လကျော်ကျော်ကတည်းက တပည့်တပန်းတွေ ပြင်ထားတယ်
အောင်ပွဲခံဖို့ အရက်ဝိုင်းတစ်ခု ပြင်ထားတယ်
ကုန်ကုန်ပြောမယ် ...
U Saw-Prime Minister ဆိုတဲ့ ရာဘာတံဆိပ်တုံးကိုတောင် ကြိုတင်ပြင်ဆင်ထားတယ်
ကမူးရူးထိုးကောင်လေးတစ်ယောက်ပါ လို့ သူထင်ထားတဲ့သူက
အခု နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတော့
နေ့နေ့ညည စားမဝင်အိပ်မပျော်ဘူး
ပြည်သူတွေအတွက် ကိုးထပ်မြောက် ငရဲကြီး တစ်ခုကို ဖန်တီးသူတွေထဲ
တပည့်အရင်း သက်နှင်းက ထိပ်ဆုံးက ပါတယ်
တံခါးကို အတင်းဆွဲဖွင့်၊ စားပွဲထိပ်မှာ ခြေစုံရပ်ပြီး
သက်နှင်း၊ စိန်ကြီး၊ မောင်စိုး၊ ရန်ကြီးအောင် ...ခွေးတွေလို ထိုးဟောင်တော့တာပဲ
လက်မောင်းမှာ ခြင်္သေ့တပ်မ(၁၂)တံဆိပ်နဲ့ ဟောင်သံတွေက
အမှန်တရားကို မသိတဲ့ ကျည်ဆံတွေဖြစ်သွားတယ်
ဟိုမှာ လက်ကာပြပြီး တစ်ခုခုပြောချိန်လေးကိုတောင် မစောင့်နိုင်တဲ့ မိစ္ဆာရဲ့ သံတမန်တွေလေ။
ခန္ဓာကိုယ်တွေထဲ မွှေနှောက်ဖောက်ဝင်သွားတော့တယ်။
သေရမှာမကြောက်တဲ့ ခေါင်းဆောင်ရယ်၊
သူ့ရဲ့ အစိုးရအဖွဲ့ဝင် ၇ ဦးရယ်၊
သက်တော်စောင့်လေး ၁ ဦးရယ်၊
ပြီးတော့ ငါတို့ နိုင်ငံတော်ကြီးရယ် ...
စုစုပေါင်း ကျည်ဆံရာ အချက်(၆၀)။
တန်ဖိုးဖြတ်မရတဲ့လူတွေကို သတ်ရဲတယ်
ဂျစ်ကားစက်ကို မသတ်ရဲတဲ့ကောင်တွေ ...
ဗိုလ်အောင်ကျော်လမ်းအတိုင်း သုခ မောင်းပြေးတဲ့ ကားနောက်မှာ
ယမ်းငွေ့တွေ၊ မီးခိုးငွေ့တွေ ကျန်ခဲ့တယ်၊
အဲ့ဒီ အခိုးအငွေ့တွေကြောင့် ပြည်သူတွေလည်း
နောက်ထပ်မျိုးဆက်(၄)ခုလောက် မှုန်ဝါးသွားတော့တာပေါ့။
ဘာ အနှောင့်အယှက်မှ မရှိဘဲ ဦးစောရဲ့ ခြံထဲကို ပြန်နိုင်ခဲ့ကြသတဲ့။
သေချာလား၊ သေချာရဲ့လား၊ လုံးဝသေချာပြီလား။
တကယ်တမ်းက အဲ့ဒီဂျစ်ကား၊
အစိမ်းရောင်ဂျစ်ကား၊ RC-1814 ...
ငါတို့ ခေါင်းဆောင်တွေ၊
ငါတို့ မျှော်လင့်ချက်တွေ၊
ငါတို့ အနာဂတ်နိုင်ငံတော်၊
ငါတို့ အမြုတေ၊
ပြီးတော့ ငါတို့ ပြည်သူတစ်ယောက်ချင်းစီ ...
အားလုံးကို အရှိန်မလျှော့ဘဲ ဝင်တိုက် ဖျက်ဆီး ချေမွ ပြီးမှ
ကိုးထပ်မြောက်ငရဲကြီးထဲ မောင်းဝင်သွားတာပါပဲ။

ဟိန်း

ညဝတ်အင်္ကျီအစင်းကျားနဲ့ ကောင်လေး



ကျွန်တော်ပျင်းတယ်
အခိုင်အမာဆောက်ထားတဲ့ အိမ်အသစ်ကြီးထဲမှာ
သူငယ်ချင်းတွေနဲ့အတူ လက်တွေကို
လေထဲဆန့်တန်း ပျံဝဲပြေးလွှားလို့မရဘူး
အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပွဲမှာ
အားလုံးက ဟိုင်း ဟစ်တလာ လို့ လက်တွေကို လေထဲဆန့်တန်းကြတယ်
ဒါပေမယ့် ကျွန်တော်တို့လို ပြေးလွှားမနေကြဘူး
ပိုအရေးကြီးတဲ့တာဝန်တစ်ခုဟာ အဖေ့ပခုံးပေါ်ကျလာတယ် ထင်တယ်
သူတို့ဘာကို ဂုဏ်ယူနေကြသလဲ ကျွန်တော်မသိဘူး။
အိပ်ခန်းပြတင်းကနေ တစ်ခါပဲ ချောင်းကြည့်လိုက်တယ်
ဒီနေရာမှာ ကျွန်တော်တို့ပဲ မဟုတ်ဘူး
လယ်သမားတွေလည်း ရှိတယ်၊ လယ်သမားတွေမှာ ကလေးတွေရှိမှာပဲ၊ 
ကျွန်တော်သူတို့နဲ့ ဆော့ချင်တယ် လို့ အမေ့ကို ပြောပြမိကတည်းက
ပြတင်းပေါက်ကို အိမ်ကလူတွေက ရိုက်ပိတ်လိုက်တယ်
မီးခိုးမည်းမည်းတွေ ထိုးတက်လာတာ ကျွန်တော်မြင်တယ်
အဲ့ဒီက ထွက်တဲ့ အနံ့ဟာ အရမ်းဆိုးတယ်
(၈)နှစ်သားတစ်ယောက်ဖြစ်နေပေမယ့်
အမေပြောသလို အဝတ်ဟောင်းတွေ မီးရှို့တယ်ဆိုတာ ကျွန်တော် မယုံဘူး။
ဒါပေမယ့် ဘာတွေဆိုတာလည်း ကျွန်တော်မသိဘူး။
အိမ်အကူ အဘိုးကြီးဟာ ညဝတ်အင်္ကျီအစင်းကျားတွေပဲ ဝတ်တယ်။
အာလူးသီးတွေ အခွံနွှာနွှာနေတဲ့သူက ဆရာဝန်လို့ ပြောတယ်။
သူ ကျွန်တော်တို့နဲ့ ဘာကြောင့်မတူတာလဲ 
မေးခွန်းအားလုံးကို တစ်ခွန်းတည်းဖြေတယ်
ဂျူး ဖြစ်နေလို့ တဲ့။
သူငယ်ချင်းအသစ်တွေကို ဆာလောင်စိတ်က
အိမ်နောက်ဖေးတံခါးကနေ ခိုးထွက်သွားတယ်။
လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေထဲမှာ ရှမူး ထိုင်နေတယ်
သူ့ရဲ့ ညဝတ်အကျီ င်္အစင်းကျားပေါ်မှာ နံပါတ်တွေ ရေးထားတယ်
အဲ့ဒါ ဘာကစားနည်းလဲ ကျွန်တော် သိပ်သိချင်တယ်
ကျွန်တော်မေးသမျှကို စိတ်မဝင်စားဘဲ ရှမူးက ဗိုက်ဆာတဲ့အကြောင်းပဲ ပြောတယ်။
ရှမူးအတွက် ပေါင်မုန့်တွေ အမေမသိအောင် ခိုးခဲ့မယ်။
တစ်ရက်လောက်တော့ ကျွန်တော့်အိမ်ကို ရှမူး လာလည်စေချင်လို့
ကျွန်တော် သူနဲ့ ဘောလုံးပစ်တမ်း ကစားတယ်။
သံဆူးကြိုးတွေအပေါ်ကနေ သူ့ဆီကို ပစ်ပေးလိုက်တဲ့ဘောလုံးကြောင့်
သူပျော်သွားမယ်ထင်ထားတာ၊ သူသိပ်ကြောက်သွားတယ်။
အိမ်ရှေ့မှာ ဒန်းသွားစီးမယ်လို့ အမေ့ကို ပြောခဲ့တိုင်း
အိမ်နောက်ဖေးတောအုပ်ကလေးကနေတဆင့် ရှမူးဆီ ကျွန်တော်ပြေးပြေးလာတယ်။
ကျွန်တော့်ကြောင့် ရှမူး မျက်လုံးတစ်ဖက် ပိတ်သွားတဲ့အထိ အရိုက်ခံရတယ်
အဲ့ဒီ သုံးလေးရက်မှာ ချောကလက်တွေခိုးလာပြီး သံဆူးကြိုးနားမှာ ကျွန်တော်စောင့်နေတယ်
ရှမူး လုံးဝမလာဘူး။ ကျွန်တော့်ကို စိတ်နာသွားပြီ ထင်ပါရဲ့။
မကြာခင်မှာပဲ ကျွန်တော်ပေးတဲ့ ချောကလက်တွေကို စားရင်း
ပေါက်ပြဲနေတဲ့ နှုတ်ခမ်းတွေနဲ့ ရှမူး ကျွန်တော့်ကို ရယ်ပြတယ်။
ကျွန်တော်တို့ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ပြီလို့ ထင်တယ်။
ဘာတွေကို ရှို့နေလဲ၊ ညှော်နံ့တွေကတော့ အရင်လို ဆိုးဝါးဆဲပါပဲ။
ရှမူးတို့ဟာ လယ်သမားတွေလည်းမဟုတ်ဘူး
ဆော့နေတဲ့သူတွေလည်း မဟုတ်ဘူး ကျွန်တော်သိတယ်
ဒါပေမယ့် ဘယ်သူတွေလဲ ကျွန်တော်မစဉ်းစားတတ်ဘူး။
အဖေက ကျွန်တော်တို့ကို ဒီနေရာမှာ မနေစေချင်တော့ဘူး။
အဒေါ်တစ်ယောက်နဲ့ အတူတူနေဖို့ သွားခိုင်းနေပြီ။
သံဆူးကြိုးတွေနဲ့ ခြံကြီးထဲမှာ ပျောက်သွားတဲ့ ရှမူးအဖေကို ကူရှာပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။
ခြံကြီးထဲမှာ အစောင့်တွေ ကျွန်တော့်ကို မရိပ်မိအောင်
ညဝတ်အင်္ကျီအစင်းကျားတစ်ထည် ယူခဲ့မယ်လို့ သူက ပြန်ကတိပေးတယ်။
သံဆူးကြိုးအောက်မှာ ကျင်းတစ်ကျင်းတူးပြီး ရှမူးဆီ ရောက်တော့
အဆောင်တွေထဲမှာ သူ့အဖေကို အတူတူလိုက်ရှာကြတယ်
ယောက်ျားတွေ အများကြီး ထိုင်နေတဲ့ အဆောင်မှာ ရှာကြတယ်
ခရာသံတွေ ဆူညံနေတယ်၊ ခွေးဟောင်သံတွေ ဆူညံနေတယ်၊
တစ်ဆောင်လုံးကို အပြင်ထွက်ခိုင်းတယ်၊ တစ်နေရာကို ခေါ်သွားကြတယ်။
အပြင်မှာ မိုးတွေရွာနေတော့ မိုးတိတ်တဲ့အထိ 
ဒီနေရာမှာ ထိုင်နေရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
ပြီးတော့ ကျွန်တော်တို့ကို အဝတ်အစားတွေတစ်ခုမကျန် ချွတ်ခိုင်းတယ်။
ရေချိုးရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
အဒေါ်ဖြစ်တဲ့သူဆီကို ခရီးထွက်ဖို့ အဖေတို့အမေတို့ ကျွန်တော့်ကို လိုက်ရှာနေကြပြီ ထင်ပါရဲ့။
သံတံခါးကြီးကို မိုးသံလေသံတွေ တိခနဲ ပြတ်ကျသွားအောင် ပိတ်လိုက်တယ်။
တစ်ခန်းလုံးကို အမှောင်ချလိုက်တယ်။
အမိုးပေါ်က အပေါက်သေးသေးလေးပေါ်မှာ
ဓာတ်ငွေ့ကာ မျက်နှာဖုံးနဲ့ အစောင့်တွေကို ကျွန်တော် မြင်တယ်။
ဘယ်ကထွက်လာမှန်းမသိတဲ့ မီးခိုးငွေ့တွေကြားမှာ 
ကျွန်တော် နဲ့ ရှမူး ရဲ့ လက်ဖဝါးသေးသေးလေးတွေဟာ 
အသက်ရှုကြပ်လာတဲ့အထိ
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ကြပါတယ်။

ဟိန်း

- The Boy In The Striped Pajamas - သို့

ရောင်းတမ်းဝင် သတို့သမီး

ပြည်တွင်းစစ်ပွဲတွေရဲ့ အပြင်ကို ပြေးထွက်လိုက်တော့
တစ်ကိုယ်တော်စစ်ပွဲတစ်ခုရဲ့ အလယ်ကို သူရောက်သွားတယ်
ကြံစိုက်ခင်းတစ်ခုမှာ တစ်နေ့ကို ၈ ဒေါ်လာဆိုတာ
မိသားစုတစ်ခုလုံးအတွက် မက်လောက်စရာမဟုတ်ဘူး
လန်မွန်ဗောက်ဒင် သိသမျှ မူလတန်းပညာလေးနဲ့
မွဲတေစုတ်ပြတ်မှုဟာ
အသားဖြူစပ်စပ်လူတစ်ယောက်ရဲ့ ပြောသမျှစကားကို
ယုံကြည်ပစ်လိုက်ဖို့ အဓိကအကြောင်းရင်းပဲ
မှတ်ပုံတင်မရှိဘူး၊ ပတ်စပို့မရှိဘူး၊ တရုတ်လိုမပြောတတ်ဘူး။
၁၉နှစ်အရွယ် တိုင်းရင်းသူလေးတစ်ယောက်ကို
ဒေါ်လာ ၆၅၀၀ နဲ့ ဈေးဖြတ်လိုက်တယ်။
လန်မွန်ဗောက်ဒင် တစ်ပြားမှမရဘူး
သူ့မိသားစုလည်း တစ်ပြားမှ မရဘူး
သူ့နိုင်ငံလည်း တစ်ပြားမှ မရဘူး
သူတို့နယ်မြေမှာ တဒိုင်းဒိုင်း ပစ်နေတဲ့ စစ်သားတွေလည်း တစ်ပြားမှ မရဘူး
စစ်ပွဲကို ဖန်တီးနေကြတဲ့ နှစ်ဖက်ခေါင်းဆောင်တွေလည်း တစ်ပြားမှ မရဘူး
ဒါပေမယ့် ဗောက်ဒင် ရဲ့ ခန္ဓာကိုယ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ ရင်သားတွေဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ သားအိမ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒမှာ
မိန်းမတွေဟာ ရှားပါးပစ္စည်းဖြစ်လာတယ်
ဟုတ်တယ် ဗောက်ဒင်ဟာ အဲဒီ မိသားစုရဲ့ ပစ္စည်းတစ်ခုဖြစ်တယ်
ညီိနဲ့ လက်ထပ်ထားပေးမယ့်လည်း အစ်ကိုကြီးကို ငြင်းဖို့မကြိုးစားနဲ့
အစ်ကိုကြီး အိပ်ယာထဲက ထသွားလို့ အဖေ ဝင်လာရင်လည်း ဘာမှပြန်မပြောနဲ့
ဘာလို့လဲဆိုတော့ ဒေါ်လာ ၆၅၀၀ ပေးဝယ်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်နေလို့ပဲ။
အိမ်ထဲမှာ ပိတ်ထားတယ်၊ ပေးတာ ယူ၊ ကျွေးတာ စားရတယ်။
လက်ထဲမှာ ပိုက်ဆံနည်းနည်းစုမိလာတော့
နှစ်ထပ်အိမ်ပေါ်ကနေ ဗောက်ဒင် ခုန်ချလိုက်တယ်။
အခက်အခဲတွေ အများကြီးကြားကနေ အိမ်ကို ပြန်ရောက်လာတယ်။
မိတ်ဆွေတွေက အလုပ်နားလို့ ပြန်လာတယ် ထင်ကြတယ်။
တချို့က အားကျကြတယ်။
အသုံးချခံပစ္စည်းတစ်ခုအဖြစ်ကနေ လွတ်မြောက်လာတာကို ဗောက်ဒင် မပြောရဲဘူး
သူ မသွားခင်က စစ်ပွဲတွေ အခု သူပြန်လာတော့လည်း ရှိနေတုန်းပဲ။
၁၉နှစ်သမီးလေးဟာ ၁၉နှစ်မဟုတ်တော့ဘူး၊
သူ့အကြောင်းကို တဖြည်းဖြည်း သိသွားတဲ့ အသိုင်းအဝိုင်းမှာ
ဗောက်ဒင် အရင်လို နေလို့မရတော့ဘူး၊
ခွဲခြားတယ်၊ နှိမ့်ချတယ်၊ အရာမသွင်းဘူး။
ဒါပေမယ့် ပြန်မလာနိုင်တော့တဲ့ သူတွေထက်စာရင် ဗောက်ဒင် ပျော်တယ်။
သူ့ကို တကယ်ချစ်တဲ့ လူမျိုးတူ ခင်ပွန်းတစ်ယောက်ရတယ်။
တောထဲမှာ ဟင်းရွက်ခူးပြီး ဈေးမှာ ပြန်ရောင်းတယ်။
စစ်ဘေး ဒုက္ခသည်စခန်းမှာ နေတယ်။
သူတို့ နယ်မြေကလေးမှာတိုက်ပွဲတစ်ခါဖြစ်တိုင်း
နှစ်ဖက်က ကျည်ဆံတွေရဲ့ တန်ဖိုးဟာ
ဒေါ်လာ ၆၅၀၀ ထက် ပိုတယ်ဆိုတာ
လန်မွန်ဗောက်ဒင်ကို မပြောပြဘဲ နေကြရအောင်ပါ ။


ဟိန်း

အဝေးစကား


အဝေးစကားကို မင်းဘယ်လိုကြားမလဲ
မင်းအလုပ်တွေနဲ့ မင်း ရှုပ်နေတယ်
ငါ့အလုပ်တွေနဲ့ ငါ ထမင်းမစားရသေးဘူး
တစ်ရက်ကို တစ်ခါပြော ၁နာရီနဲ့ ၅ခါလောက် ဆက်တဲ့ဖုန်းတွေ မင်း သတိမရတော့ဘူး
ငါ ဖုန်းဆက်တော့ မင်းအိပ်နေပြီ
မင်း ဖုန်းဆက်တော့ ငါ ဆိုင်ကယ်စီးနေတယ်
မင်း လျှာဖျားမှာ အဖုလေးတွေပေါက်နေတာ
ငါ ဘယ်လိုသိတော့မှာလဲ
အဝေးစကားဟာ စကားတွေနဲ့ ဝေးခဲ့ပြီ
မင်းဆံပင်တွေ ညှပ်ပစ်ပြီးမှ
ဆံပင်ရှည်ရှည်လေးထားကွာ ဆိုတဲ့ ငါ့စကားမင်းဆီရောက်တယ်
မျက်စိတစ်မှိတ်အတွင်းမှာ မင်း ငါ့မျက်လုံးကို မှိတ်လိုက်တယ်
အခန်းမီးကို မှိတ်လိုက်တော့ မင်းအချစ်က တစ်ညလုံးလင်းနေတယ်
တစ်ညလုံးလင်းနေတော့ မင်းမသိတဲ့စကားတွေ ငါ မအိပ်ဘဲလျှောက်ပြောနေတာပေါ့
အချစ်ရေ ... ခေါ်မကြားအော်မကြား မိုင်တွေရဲ့ အဝေးမှာ
မင်းနှလုံးခုန်သံဟာ ငါ့နာမည်ကို ရေရွတ်သေးရဲ့လား
အချစ်တွေ မြင့်တက်လာလေ
စကားလုံးတွေ ရှားပါးလာလေ ဒီလို မင်း တွက်ချက်တာလား
ဒီပုံစံအတိုင်းဆို
သံသရာကို မင်းနဲ့ လည်ပတ်မှာပါလို့ တွေးထားတဲ့ငါ့မှာ
မနမ်းဖြစ်တာကြာနေတဲ့ မျက်ခုံးလေးကို ဘယ်လိုစိတ်နဲ့ ပြန်နမ်းရပါ့။


ဟိန်း

အက်ကြောင်း .. အကြောင်း


ငါ့အကြောင်းကို အမှတ်တရတွေက ပြန်ပြောပြတဲ့အခါ
မကြားချင်ယောင်ဆောင်တယ်
ငါ့အကြောင်းကို မိတ်ဆွေတွေက စကားထဲထည့်ပြောတဲ့အခါ
စကားလမ်းကြောင်းလွှဲတယ်
ငါ့အကြောင်းကို င့ါကိုယ်တိုင် မက်ဆေ့ပို့တဲ့အခါ
အဲဒီမက်ဆေ့ကို မမြင်ချင်ယောင်ဆောင်တယ်
မင်းရင်ထဲမှာ တိမ်မြုပ်ပျောက်ကွယ်ချင်နေတဲ့ ငါ့အကြောင်းကို
ငါ ဘယ်လိုပြန်ဆယ်ယူရမလဲ
ငါတို့နှစ်ယောက်အကြောင်း ဆိုတာ ငါ့အကြောင်းမပါဘဲ မဖြစ်ဘူး
ဒီလိုပဲ မင်းအကြောင်းမပါလည်း မရဘူး။
မင်းမိသားစုအကြောင်း၊ မင်းစားဝတ်နေရေးအကြောင်း၊
မင်းအလုပ်တာဝန်အကြောင်း ပြီးရင် ငါ့အကြောင်း ဖြစ်ရမယ်
နည်းနည်းလေးပဲဖြစ်ဖြစ် ဖြစ်ရမယ်
မင်းအိပ်ယာကို ငါ့အကြောင်းနဲ့ ခင်းရမယ်
မင်းမနက်စာကို ငါ့အကြောင်းနဲ့ စားရမယ်
မင်းဆံပင်တွေကို ငါ့အကြောင်းနဲ့ ဖီးရမယ်
မင်းအတိတ်ကို ငါ့အကြောင်းနဲ့ အစားထိုးရမယ်
မင်းမျက်လုံးတွေ မှုန်ဝါးလာရင်လည်း ငါ့အကြောင်းပဲ တပ်ရမယ်
အစ်မ ဒီနေ့ဝတ်ထားတာလေး လှတယ် ဒီလိုပြောကြလည်း
ဟုတ်တယ် သူ့အကြောင်းနဲ့ ချုပ်ထားတာလေ .. မင်း ပြန်ပြောလိုက်
ဖုန်းလိုင်းတွေကလည်း စုတ်လိုက်တာ ဒီလိုလာပြောရင်
ဟုတ်တယ် သူ့အကြောင်းနဲ့ စုတ်နေတာလေ ... မင်း ပြန်ပြောလိုက်
ငါလည်း မင်းအကြောင်းနဲ့ စကားပြောနေတာ
ငါလည်း မင်းအကြောင်းနဲ့ အသက်ရှုနေတာ
ငါလည်း မင်းအကြောင်းနဲ့ ခရီးထွက်နေတာ
မင်းလည်း ငါ့အကြောင်းကို ဆလင်းဘတ်ထဲမှာ ထည့်ထားရမယ်
မင်းလည်း ငါ့အကြောင်းကို ခေါင်းအုံးဘေးမှာ ထားအိပ်ရမယ်
မင်းလည်း ငါ့အကြောင်းကို သနပ်ခါးတုံးလို သွေးလိမ်းရမယ်
ယာဉ်ကြောပိတ်ဆို့မှုတွေကြားကနေ တိုးတိုက်ဖောက်ထွက်ပြီး
ငါ့အကြောင်းတွေ မင်းဆီကို လာနေတယ်
ဓာတ်ကြိုးတွေဟာ လျှပ်စစ်ကို မစီးစေတော့ဘူး
ငါ့အကြောင်းတွေနဲ့ မင်းဆီကို သွယ်တန်းစီးဆင်းနေတယ်
မြစ်ကမ်းပါးကို ငါ့အကြောင်းတွေက တိုက်စားလို့
မြို့ထဲမှာ ငါ့အကြောင်းတွေ လျှံနေတယ်
အနောက်ပိုင်းမှာ ငါ့အကြောင်းတွေ အလျင်အမြန်ကူးစက်နေတယ်
အရှေ့အလယ်ပိုင်းမှာ ငါ့အကြောင်းတွေ ကျရောက်ပေါက်ကွဲနေတယ်
ကမ္ဘာတစ်ဝန်းက ဆန္ဒပြသူတွေဟာ ငါ့အကြောင်းတွေ ကိုင်မြှောက်ပြီး
မင်းဆီကို ချီတက်လာကြပြီ
နိုင်ငံတကာက ခေါင်းဆောင်တွေဟာ ငါ့အကြောင်းကို
မင်း တစ်ခုခုလုပ်တော့
ငါတို့နှစ်ယောက်အကြောင်းမှာ င့ါအကြောင်းကို နည်းနည်းထပ်ဖြည့်လိုက်တော့
တခြားအကြောင်းတွေ နည်းနည်းလျှော့
ငါ့အကြောင်းကို အမြန်ထပ်ဖြည့်လိုက်တော့။


ဟိန်း

၁၇.၈.၁၄

မွေးနေ့လက်ဆောင်


ဖွဖွလေး ဖွင့်ဖြည်းဖြည်းလေး ထုတ်
ချစ်ခြင်းမေတ္တာကို လက်မှာ တစ်သက်လုံး စွပ်ထားဖို့
ကိုယ်တို့နှစ်ယောက်အကြောင်းကို အသည်းပုံလေး ထွင်းထားတယ်

နေကောင်းရဲ့လား
အဆင်ပြေရဲ့လား
လွမ်းဆွတ်ခြင်းတရားနဲ့ မွေးနေ့ကိတ်လေးတစ်ခုလုပ်ပြီး
မင်း နာမည်ကလေးကို မြတ်မြတ်နိုးနိုးရေးမိတယ်
မေသူဘုန်းနိုင်
သံသရာအဆက်ဆက် နှင်းတွေကြားမှာပွင့်ခဲ့ရပါသော ချယ်ရီပန်းကလေး … ။

သစ္စာရှိကြစို့ …
ရှေ့ဆက်သွားကြစို့ …
ပြီးတော့ …. လက်စွပ်ကလေးကို အမြဲဝတ်ထားဖို့ ။
လက်သူကြွယ်လေးကို သစ္စာတရားနဲ့ နမ်းရှိုက်မိတဲ့အခါ
လက်စွပ်ကလေးကို ကိုယ့်နှုတ်ခမ်းတွေ ထိတွေ့မိမှာပဲ … ။

အဝေးက သတိရခြင်းမှာ
အဝေးပြေးလမ်းမပေါ် ချခင်းထားတဲ့ အဆွေးတွေနဲ့
တစ်ဘဝလုံးအတွက် ပေးဆပ်ရူးသွပ်ထားသူတစ်ယောက်လေ ..
မင်း နဖူးကလေးကို နေမထိထိုင်မသာ လွမ်းနေလေရဲ့

မွေးနေ့ကစ တစ်သက်တာ ပျော်ရွှင်ပါစေကွယ်
မင်းကို ချစ်တဲ့စိတ်နဲ့ ...
ကိုယ်တို့နှစ်ယောက်လည်း ပျော်ရွှင်ရပါတယ်။
ကိုယ်ရယ် ၊ လက်စွပ်ကလေးရယ် ။

ဟိန်း

မိုင်(၁၀၀)ခန့် ပိုမိုဝေးကွာ


ဒီရက်ပိုင်းတွေ ...
မြို့ကလေးရဲ့ ပါးစပ်ဖျားမှာ
သူ့နာမည် အပ်ကြောင်းထပ်ရော့မယ်။

ဆက်သွယ်မှုဧရိယာပြင်ပကို
သူ့ကိုယ်သူ ပစ်လွှတ်လိုက်တော့
အလုပ်တာဝန်တွေ၊ မြို့ပြအမောတွေ၊
နေ့စဉ်ပုံစံခွက်လူနေမှုစတိုင်လ်တွေ ထားခဲ့တယ်
ပြီးတော့ ငါ့ကိုလည်း ထားခဲ့တယ်
chat box ထဲက အသည်းပုံလေး သတိမရဘူးလား
ဖုန်းလိုင်းထဲက ဂစ်တာကော့ဒ်တွေ သတိမရဘူးလား
စိတ်လိုလက်ရ ချော့သိပ်ခြင်းတွေ သတိမရဘူးလား
နဂိုအကွာအဝေးနဲ့တင်
ညညအိပ်မက်ဆိုးတွေမက်ဖို့ လုံလောက်နေပြီးသားပါ

တစ်မြို့လုံးအိပ်မောကျနေချိန်
ငါ့အသံမပါတဲ့ညထဲ အိမ်ရှေ့က ဒန်းကလေးဆီ
ခပ်ဆွေးဆွေးလေး ငေးနေမလား
ငါ့မှာလည်း မြန်မြန်ပြန်လာ မြန်မြန်ပြန်လာ လို့
စာရွက်လွတ်တွေပေါ် တစ်ညလုံးချရေးနေတာ
အချစ်ကို ရှာဖွေတွေ့ရှိတာကလွဲလို့
ဒေသန္တရဗဟုသုတခေါင်းပါးသူပါ
လွမ်းတာတောင် မြန်မာပြည်မြေပုံကလေး
လက်နဲ့ထောက်ထောက်ပြီး လွမ်းရ ။

ဒီရက်ပိုင်းတွေ ...
ငါ့ရဲ့ ပါးစပ်ဖျားမှာ
သူ့မြို့ကလေးနာမည် အပ်ကြောင်းထပ်တော့တယ်။


ဟိန်း

နှစ်သစ်ကူး


၂၆ဘီလမ်းမှာ ရွှေစာလုံးနီနီကြီးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
လမ်း၈၀က ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေ သိပ်မိုက်တာပဲ
ဝေးဝေးကကြည့်ရင် ပိုမိုက်တယ်
ကြည့် . . . ကြည့် ။
နန်းရှေ့၆၆လမ်းမှာ မီးပုံးနီနီလေးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
မြောက်ပြင်၁၂လမ်းမှာနဂါးအကနဲ့ဖျော်ဖြေတာ သိပ်ကောင်းတာပဲ
ဝေးဝေးက ကြည့်ရင်ပိုကောင်းတယ်
ကြည့် . . . ကြည့် ။
ဒေသထွက် အကောင်းဆုံးပါဖောမန့်စ်ကို ကြည့် . . . ကြည့် ၊
အရမ်းဂွတ်တယ်
ကျုံးရေကို တစ်ကျိုက်တည်းကုန်အောင်သောက်၊
နန်းမြို့ရိုးပေါ် တစ်ချက်တည်းရောက်အောင်ခုန်၊
ပြီးမှစိန်ဗေဒါကြေးရုပ်ထုရှေ့ ဗျပ်စောင်းတီးပြနေတဲ့ ပြကွက်လေ။
ဝေးဝေးက ကြည့်ရင်ပိုဂွတ်တယ်
ကြည့် . . . ကြည့် ။

ပိုလှတယ်၊ ပိုမိုက်တယ်၊ ပိုကောင်းတယ်၊ ပိုဂွတ်တယ် ဆိုလို့
ဝေးဝေးကနေ ပျော်ပျော်ကြီးကြည့်နေကြပါတယ်
သတိဝင်လာတော့ . . . ငါတို့ ..
မြစ်ငယ်တံတားထိပ်ရောက်နေပြီ
အောင်ပင်လယ်ရောက်နေပြီ
ပုသိမ်ကြီးရောက်နေပြီ
ရှမ်းကလေးကျွန်းရောက်နေပြီ
ရွှေကျင်လမ်းခွဲရောက်နေပြီ
ကြည့် . . . ကြည့် ။


ဟိန်း

ပြိုင်ပွဲ

သူပိုင်တဲ့ မှဲ့ကလေးတွေကို
ကိုယ့်နှုတ်ခမ်းနဲ့ တစ်ခါထောက်တိုင်း
တစ်မှတ်ရတယ်
သူပဲ ဒိုင်၊ သူပဲ ပြိုင်ဘက်။

သူ့သွားလေးတွေ ကိုယ့်ပခုံးထဲနစ်ဝင်သွားတဲ့အခါ
တစ်မှတ်ပြန်ပေးရတယ်
ကိုယ်ပဲ ဒိုင်၊ ကိုယ်ပဲ ပြိုင်ဘက်။

သံသရာဟာဘယ်မှာဆုံးလဲ
ကိုယ်တို့ကို မေးကြလိမ့်မယ်
အမြဲတမ်းသရေကျနေမယ့်ပွဲကို
အမြဲတမ်းကစားသွားမှာမို့။

ဟိန်း

၆.၁.၁၄

ရွှေတိဂုံ


လုံခြုံရေးယူနီဖောင်းနဲ့ပန်းရောင်းနေသူတွေအနောက်မှာ
မလုံခြုံတဲ့ ဘ၀တွေကို လှမ်းမြင်ရတယ် . . .
ခြေထောက်အောက်က ဖိနပ်ကို ခြင်းထဲထည့်ပေးပြီးမှ
နေရောင်ခံထားတဲ့မြေကြီးဟာ
ပူလောင်လှပါလားလို့ တရားရမိသူတွေထဲ
ကိုယ်တို့ မပါချင်ဘူး။
ဓာတ်လှေကားအ၀င်မှာ ဘယ်နှယောက်လို့ ရေးထားသလဲ
ဆံ့သလောက်တော့ တင်ပေးတာပါပဲ။
လူတွေ အရမ်းရှုပ်ပြီး
စိတ်တွေ အရမ်းရှင်းတဲ့ ငြိမ်းချမ်းသောအရိပ်။
ပျော်စရာမိသားစုကလေးတွေမြင်တိုင်း
အသားမာတွေနဲ့ လက်ဟာ
ဟမ်းချိန်းနဲ့ လက်ကလေးကိုတင်းတင်းဆုပ်မိတယ်
မျက်လုံးတွေနဲ့ပဲ စကားတွတ်ထိုးကြ . . .
ရှက်ရွံ့ကြည်နူးစွာငုံ့သွားတဲ့နဖူးကလေးဟာ
ကိုယ့်အကြည့်ကြောင့် ပွန်းပဲ့သွားမလား စိုးရိမ်စိတ်နဲ့ . .
ရင်ပြင်တော်ကျောက်ပြားတွေပေါ်
အကြည့်ကို ထိုးစိုက်ထားလိုက်မိပေါ့ ။
ရွှေရောင်ဝင်းမြသော
ဦးခိုက်မိရာ မြတ်ဘုရားရှေ့တော်မှောက်
တစ်ခုတည်းသော အလိုရှိရာကို
နှစ်ယောက်အတူတူဆုပန်လို့ . . .
ညွတ်တွားပူဇော်ရာက ပြန်အထ
'မြဲသောသစ္စာ'ဆိုတဲ့စကား ဖွဖွကလေးရေရွတ်မိကြတယ်
တစ်ယောက်အသံဟာ
တစ်ယောက်နားထဲမှာ
ဘယ်တော့မှ မထွက်တော့ ။


ဟိန်း

၂.၁.၁၄

လူသတ်သမားရဲ့ ညစာ ◄ နှင်းခါးမိုး ► ( အနောက်မြောက်လွင်ပြင် ကဗျာဆုရ ကဗျာ )

လူသတ်သမားက
သွေး အေး တယ်

သွေးမခြောက်သေးတဲ့ လက်နဲ့
စီးကရက်ကို မီးညှိပုံ၊
သူ သတ်ထားတဲ့ အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲက ထလာသလို
လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေ ဆူညံ
ရဲတွေ ရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမည်းကြီး နဲ့ ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို
တီဗွီက မကြာမကြာ ထုတ်လွှင့်နေ
တစ်မြို့ လုံးကလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့ သတ်သလား
လူကိုလိုလို့ သတ်သလား
တစ်ခါက ရန်ငြိုးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်း လို့
စုတ်သပ်သူက သပ်
အတင့်ရဲလေခြင်း လို့
ဒေါကန်သူက ကန်
ရှေ့ က လမ်းချိုးအကွေ့ အမှောင်ရိပ်ထဲ
လူသတ်သမား စောင့်နေမလား လို့
ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊

( ဒီလိုနဲ့ ) မြို့ ကလေး ထဲ
ည အမှောင်ထုက တွားသွားဝင်လာ
တံခါးတွေ စောစောပိတ်
မီးတွေ စောစောမှိတ်ကြ
စောစောတော့ အိပ်မပျော်နိုင်ကြ။

လူသတ်သမား ကော
ဒီအချိန်ဆို ညစာ စားနေလောက်ပြီ
ဝိုင်ကလေး သောက်လိုက်
စပျစ်သီးလေး မြုံ့ လိုက်နဲ့လေ
ပြီးတော့
မနက်က သွေးစွန်းခဲ့တဲ့ သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့ စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေး ပြုံးမယ်၊
သူ တွေးမိမှာက
တစ်ယောက်ကို သတ်လိုက်ရုံ နဲ့
တစ်မြို့လုံး သေဆုံးသွားခဲ့တဲ့ အကြောင်း။


နှင်းခါးမိုး

Thursday, July 17, 2014

အစိမ်းသေ - မောင်အောင်ပွင့်

အိမ်ရှေ့ရေမြောင်းမှာ တဲ့
မြောင်းမှာ ... ။
ကွန်ပစ်တယ် တဲ့
ပစ်တယ် ... ။
အိကျနေတဲ့ ဓာတ်ကြိုးမှာ ကွန်ငြိတယ် တဲ့
ငြိတယ် ... ။
ဖြုတ်ဖို့ လုပ်တယ် တဲ့
လုပ်တယ် ... ။
ဝါယာပေါက်တဲ့နေရာကိုမှ ကိုင်မိတယ် တဲ့
ကိုင်မိတယ် ... ။
ဓာတ်ကြိုးကို ဆုပ်လျက်သားနဲ့
အားခနဲ
တစ်ချက်ပဲ အော်လိုက်နိုင်တယ်။
ရေမြောင်းထဲ ပြုတ်ကျတယ် တဲ့
ကျတယ် ... ။
လူတွေ
ဝိုင်းအုံလာကြ
ဝါးလုံးထိုးပေးတယ်။
မပေးနဲ့ မပေးနဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
ဓာတ်ကြိုးကို ဓားနဲ့ ခုတ်ဖြတ်ဖို့လုပ်တယ်
မခုတ်နဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
အောင်မျိုးကျော်
ခများလေး ကောက်ကွေး တွန့်လိမ်
ထွန့်ထွန့်လူးရာက ငြိမ်ပြီ တဲ့
ငြိမ်ပြီ ... ။
သေနေစေ့လို့ တဲ့
စေ့လို့ တဲ့
မှတ်ချက်ချသံ ကြားရတယ်၊ ကြားရတယ်။
ဟုတ်လိုက်လေ
သေတဲ့နေ့
သေနေ့စေ့တာ
သေနေ့စေ့လို့ သေတာ။
သေကြ
သေကြ ။

မောင်အောင်ပွင့်

Wednesday, July 16, 2014

ကြက်တစ်ပိဿာ ကိုးထောင်တဲ့ ငါကဗျာမရေးနိုင်တော့ဘူးမသီတာ (မောင်မြတ်သူ)

အလုပ်လက်မဲ့လေပြင်းတွေ တိုက်ခက်တဲ့ ငါ့ဝန်းကျင်မှာ
ကြက်တစ်ပိဿာ ကိုးထောင်ဖြစ်သွားပီ
ကြက်ဝယ်ရမလား၊ ကြက်ရောင်းရမလား၊ ကြက်စားချင်လို့ ကြက်ဖြစ်ပေးရမလား
အဟာရဆိုတာ စာလုံးပေါင်းမမှန်နိုင်မယ့် အနာဂတ်နိုင်ငံတော်မှာ
ငါဘယ်လိုမှ ကဗျာမရေးနိုင်တော့ဘူး မသီတာ
မသီတာရေ ငါ့ဆီမှာ ပါလီမန်ရှိတယ် ခါဂျာသာမရှိတာ
မသီတာရေ ငါ့ဆီမှာ ကမ္ဘာကြီးတစ်ခုလုံးရှိတယ် ဆန်အိုးထဲသာ ဆန်မရှိတာ
မသီတာရေ မင်းလည်း သန်မာတဲ့ဒကြီးကို ရွံတယ်မှလားဟင် ...
အိမ်သုံးပစ္စည်းတွေ ရေတောမှာ ဗေဒါတိုးခဲ့သလိုပဲ
အသားငါးဈေးတွေ ကိုးထောင်တစ်သောင်း မသီတာ တစ်ယောက်ထဲမို့လား
ကိုးလလွယ်ဆယ်လဖွားပေးနိုင်တဲ့ မိခင်တွေဟာ
ကြက်သားသုံးဆယ်သားအောက်မှာ မေတ္တာတရားကို အလံဖြူပြနေရတဲ့အချိန်
ငါတို့ရဲ့ အိမ်တိုင်တွေမှာ အသားငါးတွေ မစိုနိုင်တော့ဘူး မသီတာ
မင့်တို့ ငါတို့ အူတွေလိုပါပဲ
အကျော်ဒေးယျ ဆရာချောက ကဗျာရေးတာ သူ့အတွက် ၀ဋ်နာကံနာတဲ့
ငါတို့ မိသားစုမှာတော့ မနက်တိုင်းဈေးဝယ်ရတာ ဝဋ်နာကံနာ
ဟုတ်တယ် မသီတာ
ငါတို့က အစိုးရမင်းများရဲ့ ဖျာပေါ်က ဖာသယ်မလေးတွေပါ
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
သဘာဝဓါတ်ငွေ့ ဖင်ခုထိုင်ထားရသူတွေ လျှပ်စစ်မီးမသုံးရဘူး
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
ပုဇွန်တုတ်ကြီးတွေ ပြည်ပပို့နေချိန်မှာ ပုဇွန်တုတ်မစားဖူးသူတွေ သန်းနဲ့ချီရှိတာ
ဘယ်လောက်များ ရယ်စရာကောင်းလိုက်သလဲ
မယုံအပ်တဲ့သူတွေကို အတင်းယုံပြတာ
ရယ်ရလွန်းလို့ အူတွေနာတာ အခုဆို ဘာမှဝယ်မစားနိုင်အောင်ပဲ မသီတာ
ကော်နတ်ရှင်မကောင်းကြောင်းနဲ့ ဘာသာဗေဒပြဿနာတွေမှာ
ငါကဗျာမရေးနိုင်တော့ဘူး မသီတာ
စားချင်တိုင်းမစားရ လူဖြစ်လျက် လူလိုမနေရတဲ့သူတွေကြားမှာ
ငါကဗျာမရေးနိုင်တော့ဘူး မသီတာ
လုပ်ရင်းနဲ့ မြုပ်နေတာပေါ့ မသီတာရေ
မြို့ကြီးကို ရောင်းကြရဲ့လား (ရောင်းရဲ့)
မြစ်ကြီးကို ရောင်းကြရဲ့လား (ရောင်းရဲ့)
သစ်တောကြီးတွေ ရောင်းကြရဲ့လား (ရောင်းရဲ့)
ဓါတ်သတ္တုပစ္စည်းများ ရောင်းကြရဲ့လား (ရောင်းရဲ့)
ဒီလောက်တောင် ရောင်းဝယ်ဖေါက်ကားခဲ့တာကို
ဘယ်သူတွေ သောက်စားလိုက်ကြသလဲဆိုတာ
မသီတာရေ မသိတာကောင်းပါတယ်လေ
တကယ်တော့
သူတို့ဟာ ပြည်သူတွေကို ချစ်ကြတယ် မသီတာ
ဘယ်လောက်များ ချစ်ကြသလဲဆိုရင်
ထားစရာနေရာကို မရှိအောင်ပါပဲ
နာဂစ်တုန်းက ဒုက္ခသည်တွေကို ခုထိထားစရာ မရှိ
မြေသိမ်းခံလယ်သမားတွေကို ခုထိထားစရာမရှိ
သူတို့ ချမ်းသာသမျှတွေလည်း ထားစရာ မရှိအောင်ပါပဲ
ဒီနေ့ထိ ငါတို့ မပိုင်ခဲ့တာက လွဲရင် ဒါတို့တိုင်း တို့ပြည်ပါ မသီတာ
ဟုတ်တယ် မသီတာ
ယုံတဲ့သူတွေ ယုံကြလိမ့်မယ် သူတို့ ပြောလည်း ငါတို့ မယုံပါ
အဲဒါလည်း ကဗျာ မဟုတ်ပါ မသီတာ။
တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိတာ မဟုတ်လား
ကြက်တစ်ပိဿာ ကိုးထောင်ဖြစ်တဲ့အခါ
ငါကဗျာမရေးနိုင်တော့ဘူးမသီတာ။

မောင်မြတ်သူ

Friday, July 11, 2014

ခေတ်မီကစားကွင်း ◄ မိုးရင့်ကြယ် ► (နန်းညွန့်ဆွေ ကဗျာဆုရ ကဗျာ)

အပေါက်ဝမှာ
ကြောင်ရုပ်အကြီးကြီး
ရင်ဘတ်မှာ ရွှေရောင်စာလုံးနဲ့
လက်တစ်ဘက်ကိုတွဲလောင်းချ
လက်တစ်ဘက်က လက်ယပ်ခေါ်
ပျော်စရာတွေ များတယ်
ဈေးလည်းကြီးတယ်

Sunday, April 20, 2014

ပဲကြီး ◄ ထွဏ်းသွေးအိမ် ►

သွားလေသူဆရာဝန်ကြီးက
စိတ်ချပါရစေ ငါ့သား လို့
မင်းကိုတဖွဖွမှာတယ်။

သွားဆရာဝန်မင်းက
သွားတွေအကြောင်း
ဘယ်လောက်သိလည်းငါမသိပေမဲ့
ကဗျာတွေအကြောင်း
မင်းအများကြီးသိတယ်ဆိုတာငါသိတယ်
အိပ်ရာအောက်မှာ
လွယ်အိတ်ထဲမှာ
မင်းရင်ထဲမှာ
ကဗျာတွေချည်းပဲ။

မင်းအိမ်လာတော့
တကယ်ကိုက်မယ်ထင်တဲ့ခွေးအကြီးကြီးက
မကိုက်ဘဲ
ခြံထောင့်မှာငြိမ်နေတဲ့ခွေးသေးသေးလေးကငါ့ကိုကိုက်တယ်
မင်းမျက်လုံးတွေဟာအမြဲတွေဝေလို့
မင်းအမေနဲ့မင်းညီမလေးကို
မင်းဘာကတိတွေပေးထားတာလဲ
ဘဝဆိုတာ
မင်းကုတင်ခြေရင်းမှာပုံနေတဲ့
army rum ပုလင်းတွေကိုကြည့်
အဲဒီပုလင်းတွေက
မင်းအဖေကို
မင်းတို့နဲ့ခြားပစ်လိုက်တာပဲ
ဒါလည်းမင်းထပ်သောက်တယ်။

မင်းမပြောတာနှစ်ခုရှိတယ်
၁။ ချစ်ခြင်းမေတ္တာ
၂။ သွားတွေအကြောင်း

မင်းခဏခဏပြောတာနှစ်ခုရှိတယ်
၁။ ပိုတ်ဆံမရှိခြင်း
၂။ဘောလုံးပွဲတွေ။

မင်းစီးနေတဲ့ဆိုင်ကယ်လို
မင်းဘဝကိုနှေးနှေးမသွားနဲ့ပဲကြီး
မင်းလက်မောင်းကိုမင်းအမေက
ခိုချင်နေပြီ
မင်းလစာကိုမင်းညီမလေးကလိုချင်နေပြီ
အခု
မင်းတို့လမ်းလေးကောင်းသွားသလို
မင်းကိုလည်း
ဒီထက်ပိုပြီးကောင်းစေချင်တယ်။

မိုးရင့်ကြယ်ဆိုတာ
မိုးကောင်းကင်ထဲမှာ
ရင့်ကျက်နေတဲ့
ကြယ်တစ်စင်းဆိုတာ
စာရွက်ပေါ်မှာရော
လက်တွေ့ဘဝမှာရော
မင်းလုပ်ပြလိုက်တော့ ရာဇာ။ ။

ထွဏ်းသွေးအိမ်

Saturday, April 19, 2014

မင်းက သင်္ဘောကို ကပ်မှာလား၊ ခွာမှာလားတောင် မခွဲခြားတတ်တာ ဧလွန် ◄ ထွဏ်းသွေးအိမ် ►

မင်းကူးတဲ့ကုန်တိုင်း
အမြဲရှုံးတယ်၊၊

မင်းဟာ
အဝေးပြေးလမ်းပေါ်
သူ့ဟာသူသေနေတဲ့ခွေးကို
ခေါင်းစဉ်လုပ်ပြီးပြောတယ်၊၊

မင်းက ဝှက်ထားတဲ့ဓါးမြှောင်ကို
ဘယ်မှာလဲလို့ မင်းအမေကိုတစ်ခါမေးတိုင်း
မင်းအမေက
ငါ့ဆီကို ဖုန်းသုံးခါလောက်ဆက်ပြီး
မင်းကို တားပေးဖို့ ပြောတယ်၊၊

မင်းအရွယ်ဟာ
အချိန်ပိုပါယူပြီး သင်ရမယ့်အရွယ်မဟုတ်ဘူး
မင်းဆံပင်ရှည်တွေလို
မင်းစိတ်ရှည်ရင်ကောင်းမယ်၊၊

ပုံ့ပုံ့ဟာ မင်းအတွက်အဆိပ်ပဲ
ကြောင်ဖျားရင် မြက်စားတယ်
မင်းဖျားရင် ဝီစကီသောက်တယ်
ဖြစ်နိုင်ရင်
လမ်း(၃၀)ကို မင်းရှောင်မောင်းပါ
အချိုးအကွေ့တွေကို မင်းသတိထားပါ၊၊

မင်း အစ်ကိုကြီးဟာ ဆေးကြောင့်
မင်း ညီလေးဟာ စစ်ကြောင့်
အဲဒီနှစ်ယောက်အတွက်
မင်းအမေ မျက်ရည်ကုန်ပြီ၊၊

မင်းအဖေက
မင်းတို့အိမ်ခြံစည်းရိုးကို
လုံလုံခြုံခြုံ ဖြစ်အောင်လုပ်တယ်
မင်းက
ခွေးတိုးပေါက်ဖြစ်အောင်လုပ်ပြီး ဝင်တယ်၊၊

မေးခွန်းကို နားမလည်လို့
ငရဲခန်းကို ကျော်ဖတ်လို့
ကျွန်တော့် ခံတပ်ကို
ပြင်တော့မှာပါလို့ပြောပြီး
လမ်းခုလတ်မှာ မင်းရပ်နေတယ်၊၊

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ
ပထမဆုံးမင်းကဗျာစပါလာတော့
မင်းအမေနဲ့မင်းအဖေရှေ့မှာ
အဲဒီကဗျာလေးမင်းရွတ်ပြတော့
မင်းရော၊မင်းအဖေရော၊မင်းအမေရော
ဝမ်းသာပြီးမျက်ရည်တွေဝဲနေကြတယ်ဆို၊၊

ပန်းခြံထဲ
မနက်ဖြန်ဆိုတာကို
မင်းတစ်ယောက်ထဲ ခေါင်းပန်းလှန်လို့
ဧလွန်
ဘယ်လိုဆုံးမလဲ
ငါလည်းမသိတဲ့ ခေတ်ကြီးထဲ
အခုချိန်
လိပ်စာကို
အတိအကျပြောလို့မရဘူး ညီလေး ၊၊ ။

ထွဏ်းသွေးအိမ်

မနှစ်ကလိုတော့ ကျလို့မဖြစ်ဘူး ဖိုးလပြည့် ◄ ထွဏ်းသွေးအိမ် ►

ထားတော့
ဗိုက်အောင့်လို့၊ခါးနာလို့၊ကိုယ်ပူလို့
၂၀၁၃ တုန်းကအကြောင်းပြချက်တွေ

ငါ့အဖေလည်း အသက်ကြီးပြီ
မင်းအမေ ငါ့အစ်မကလည်း နှလုံးရောဂါနဲ့
မင်းများမအောင်ခဲ့ရင်
ငါတွေးတောင်မတွေးရဲဘူး ငါ့တူ

ထားတော့
ဘေးအိမ်က ကိုကြီးအောင်ပြောပြောနေတဲ့
ဘွဲ့ရပညာမတတ်
အရောင်မထွက်တဲ့ ပညာရေးစနစ်ထဲ
ဘာပဲပြောပြော
မင်းကိုတော့ဘွဲ့လေးရစေချင်တယ်

မင်းပြိုင်ကားတွေကို မကြိုက်ပါနဲ့
မင်းငွေကို ရေလိုမသုံးပါနဲ့
မင်းအဘိုးဟာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမဟုတ်သလို
မင်းကလည်း
ဟို ဖိုးလပြည့်နဲ့နာမည်တူတာကလွဲလို့
ကျန်တာအားလုံး ဘာမှမဆိုင်

ငါကြောက်တာ မင်းအတုယူမှားသွားမှာကို
ဟိုဖိုးလပြည့်က
လူလယ်ခေါင်မှာ
မော်တော်ပီကယ်ကို ပါးရိုက်ရဲတယ်
မင်းသမီးကို ကားနဲ့တင်ခေါ်သွားလို့ရတယ်
မင်းအဘိုးက ဒိုင်လူကြီးဟောင်းဦးသန်းမြင့်
အဲဒီဘကြီးလို
ဘာပါဝါမှရှိတာမဟုတ်ဘူး

ထားတော့
၂၀၁၄ မှာမင်းအောင်မှ ရမှာ
၂၀၁၄ မှာမင်းပြင်ထားမှရမှာ
၂၀၁၅ ဆိုတာ
ဘယ်လိုလာမယ်ဆိုတာ ငါလည်းမသိ
အမှောင်ထဲတွန်းပို့လိုက်တဲ့လက်တွေနေရာ
အလင်းထဲဆွဲခေါ်မယ့်လက်တွေကို
မျှော်ရမှာပဲ

ဖိတ်စင်ခဲ့တဲ့ ကာလတွေကို ထားတော့
ထမင်းရည်ထဲ ဆားခပ်သောက်ခဲ့ရတဲ့
ဘဝတွေကို ထားတော့
မင်းလည်းအုတ်တစ်ချပ်ကိုင်ထား
ငါလည်းသဲတစ်ပွင့်ကိုင်ထားလို့
ငါတို့
ပေါက်ပြဲနေတဲ့နိုင်ငံတော်ကို
ဖြည်းဖြည်းခြင်း ဖါထေးသွားရမယ်

မီးကျိုးမောင်းပျက်နဲ့
တွန်းတွန်းနေရတဲ့ကားကြီးပေါ်
ဦးလေးလည်းမလိုက်ချင်သလို
မင်းကိုလည်းမတက်စေချင်ဘူး ဖိုးလပြည့်
မင်းအဘိုးတားလို့
ရွာကိုဖျက်နေတဲ့ဘူဒိုဇာကြီး
ရပ်သွားမှာမှမဟုတ်တာ
သာသနာတောင်
ကျည်ဆံနဲ့စကားပြောခဲ့တဲ့အဖြစ်ဆိုးတွေ
တကယ်ရှိခဲ့တာဆိုတော့
မင်းလလေးဟာ ဖြူစင်ပါစေ

သချာင်္နည်းနည်းခက်တယ် ဦးမြတ်
နောက်ဆို
မင်း
အဲဒီသချာင်္ထက်ခက်တဲ့ဟာတွေ တွေ့ရမှာ
ငါတို့လူကြီးတွေက
အတွက်အချက်ကောင်းတယ်
ဆိုတော့
မင်းသံသယဖြစ်နေတဲ့သချာင်္က
အောင်မှတ်တော့ ရတယ်မဟုတ်လား

ပိုသေချာသွားအောင်
ပညာရေးဝန်ကြီး အန်တီအသစ်ကို
မင်းအမေဆီက
၂၉၉၉၉၉ ကျပ်ယူ
စာအိတ်နဲ့ထည့်
မင်းခုံနံပတ်ကိုရေးပေးလိုက်ပြီး
သုံးသိန်းမကျော်ရင်ရတယ်လို့
သက်မှတ်ထားတဲ့ခေတ်ထဲ
မင်းဘယ်လိုအောင်အောင်
ငါ့အဖေနဲ့
မင်းအမေပျော်တာကို
ငါမြင်ချင်လို့ပါ ဖိုးလပြည့်ရာ၊၊

ထွဏ်းသွေးအိမ်

Friday, March 28, 2014

အခန်းထဲမှာ၊အပြင်ဖက်မှာ ◄ မောင်ဖီလာ ►

ငါဘုရားဖြစ်ရင်မင်းတို့ ကိုမမေ့ဘူး
ပိုးမွှားတွေပြည့်နေတဲ့အသားအိပ်ကြီးလို
အခန်းထောင့်မှာမူးခွေပြီးလဲနေတဲ့သူငယ်ချင်းကထအော်တယ်..။
အရက်တစ်လုံးကုန်တိုင်းပုလင်းလွတ်ကိုနံရံဆီပစ်ခွဲလိုက်တဲ့အခန်းထဲမှာ
ဖော်ဝေးနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ပီကာဆိုနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ဘွန်ဂျိုဗီနဲ့ မပြီးလို့ ရှေ့ ကိုဆက်နေရတယ်
ငါ့သူငယ်ချင်းအော်သံကလည်းမပြီးသေး
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်….။
နှာခေါင်းထဲအနံ့ တစ်ခုရနေတယ်
ကတ္တရာလမ်းပေါ်ကားနှစ်စီးတိုက်မိတဲ့အနံ့ 
အနံ့ တွေထဲမှာငါအကြိုက်ဆုံးက
ကိုယ်ရေပြားရောဂါကူးဆက်ခံလိုက်ရတဲ့
မာသာထရီဇာရဲ့ ကိုယ်နံ့ ဘဲ…။
သူ့ အမှားကိုသင်ခန်းစာယူဖို့ 
ကလင်တန်ကသူ့ အတွင်းရေးမှုးမလေးနဲ့ လိင်ဆက်ဆံရင်းပြောနေတယ်
ကျီးကန်းကဒင်္ဂါးပြားကို
ခွေးတစ်ကောင်လိုကိုက်ချီလာတော့
မှင်သက်လွန်းလို့ 
မူဆိုလီနီပါးစပ်ထဲကအသားတစ်ဟာပြုတ်ကျသွားတယ်
အဲဒီအသားတစ်ဟာ
ကလင်တန်နဲ့ လိင်ဆက်ဆံနေတဲ့အတွင်းရေးမှုးမလေးပေါ့
အခုခင်ဗျားအရာသာရှိဖို့ ကြိုးစားအားထုတ်နေရတဲ့
သဲနဲ့ ရှပ်ရှပ်ကဗျာပေါ့…။

မောင်ဖီလာ