Thursday, April 11, 2013

သင်္ကြန်(၂)

ပိတောက်ကိုင်းကလေးတွေဟာ
သင်္ကြန်မိုးလောက်နဲ့ မဖြုံကြတော့ဘူး။
ဦးနေအောင်ကြီး ရှိနေသေးတယ်
စန္ဒယားဆရာလေးကိုငြိမ်းမောင်သေပြီ။
ကိုငြိမ်းမောင်ဟာ ပြီးပါပြီ လို့ စာတန်းမထိုးခင်သေနှင့်ပြီ။
သူသေတော့ အကုန်လိုက်သေပြီ။
ငွေငန်းကြီးလည်း ငွေငမ်းတွေရဲ့ အနောက်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ။

အတိအလင်းဆိုတာ အဖြေတိုင်းမှာ ထည့်ဖို့မဟုတ်ဘူး


နေရင်းထိုင်ရင်း လဲသေသွားတဲ့ ကမ္ဘာကြီးပေါ်
ငါတို့ဟာလည်း နေ-ရင်း-ထိုင်-ရင်း။
ခေတ်ညံ့ကြီးထဲက လူညံ့ကြီးတွေ
သမိုင်းပါ ညံ့ကြပေတော့ ဆိုပြီး
နာရီဟာ နာနာကျင်ကျင်အော်ရယ်နေလေရဲ့။

လက်ညှိုးကွေးလိုက်တာခေတ်ကြီးလည်းလိုက်ကွေး

စိုးရိမ်စိတ်ဟာ
အသွေးအသားထိ စိုက်ဝင်ခဲ့တော့
အိမ်ကိုပြန်တဲ့လမ်းဟာ
မှောင်လို့ ..... ။

အမှောင်ကို စာစီကုံးပြီး
စာရွက်အပိုထပ်ယူနေရတဲ့
စာမေးပွဲတစ်ခုပဲ
ချွေးတွေ၊ သွေးတွေ၊ စိုးရိမ်စိတ်တွေ။


နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး

ဘ၀ဆိုတာ…..
အဲဒီလိုစလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက်ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမယ့် အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တ၀ီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ
မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့
ခက်ခဲသော ငါတို့ အကြောင်းတွေရဲ့
အစပေါ့……..။    ။


နေမျိုး

ညီမလေးနဲ့ မျက်စောင်းထိုးနေရာလေးမှာထိုင်လို့ ◄ ဟိန်းမြတ်ဇော် ►

ပြဒါးနဲ့ဖမ်းယူရလောက်တဲ့အထိ
ငါ့စိတ်ကူးတွေ အကျအပေါက်များခဲ့ရတယ် ။

ဝက်ဝက်ကွဲ ရယ်ချလိုက်တဲ့အသံမှာ
ဘ၀ကူးကောင်းဖို့တဲ့
ငါ့ကို ဒီစကားလုံးတွေနဲ့ ကယ်တင်လိုက်နိုင်တာ
ဘယ်သူများလဲ ။

ငါ့မှာ(တစ်ကိုယ်တည်း)
ဥယျာဉ်ခြံမြေမရှိ ဟင်းလင်းကြီးပွင့်လို့ ။
 
ဟိန်းမြတ်ဇော်

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

လူရွှင်တော်

ငှက်ပျောခွံကို တက်နင်းမိပြီးချော်လဲတယ်
ကွန်တော့်ကိုကြည့်ပြီး တဟားဟားရယ်ကြတယ်
ကျွန်တော် ပြန်ထ ခါးကိုမတ် ထော့နဲ့ ထော့နဲ့လမ်းလျှောက်လာ
ခွေးတစ်ကောင်ထိုးဟောင်တယ် ၊ ပြီးတော့ လိုက်ကိုက်
ကျွန်တော် လှည့်ပတ်ပြေးရ
ကျွန်တော့်ကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကြတယ်
ကျွန်တော်သစ်ပင်ပေါ်တတ်ပြေး
ကိုင်းဖျားနားရောက် အဲ့ဒီအချိန် သစ်ကိုင်းကျိုးကျ
ကျွန်တော်လည်းလိမ့်ကျပေါ့
ကျွန်တော့်ကိုကြည့်ပြီး လက်ခေါက်တရွှီရွှီမှုတ်ကြတယ်
တအုန်းအုန်းရယ်ကြတယ်
သူဟာ လူရွှင်တော်ပါ
သူနာကျင်တဲ့အခါ အားလုံးဝိုင်းရယ်ကြပေတာ ။

နေမျိုး