Thursday, May 16, 2013

သမ္မတကြီးမွဲတေနေသည် (သို့မဟုတ်) José Mujica



    ကမ္ဘာပေါ်က အလှူအတန်းများအကြောင်းကို တစ်ခါတစ်ခါတွေးနေမိပါတယ်။ ကွမ်းဝယ်ရာကအအမ်းပြန်ရတဲ့ အကြွေတစ်ရာကို လမ်းပေါ်ထိုင်နေတဲ့ အဘွားအိုဆီ လှူလိုက်တယ်။ ဒါက သေးသေးမွှားမွှား။ သူငယ်ချင်းအယောက်သုံးလေးဆယ်စုပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအချို့ကို ဒုက္ခသည်တွေဆီလှူလိုက်တယ်။ ဒါက တစ်ပိုင်တစ်နိုင်။ သိန်းပေါင်းများစွာကို မည်သည့်လုပ်ငန်းစုကြီးမှ မည်သည့်အဖွဲ့အစည်းထံ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားဆိုပြီး အခမ်းအနားကြီးတစ်ခုကျင်းပလို့ လှူလိုက်တယ်။ ဒါက ကြီးကြီးကျယ်ကျယ်။ ရှိစေတော့။ ဘယ်လိုလှူပုံတန်းပုံမျိုးဖြစ်ဖြစ် လက်ကမ်းသူရော၊ လက်ခံသူရော၊ မြင်ရကြားရသူရော သုံးဦးသုံးဖက်စိတ်ကြည်နူးစရာကောင်းလှတဲ့ လုပ်ရပ်တွေပါပဲ။ ထောင်မြင် ရာစွန့်သော အလှူများက လွဲလို့၊ ညောင်ပင်ကြီးရချင်လို့ ညောင်စေ့လေးပျိုးသော အလှူများက လွဲလို့၊ ငါးစိမ်းကိုမြင်လို့ ငါးကင်ပစ်သော အလှူများက လွဲလို့၊ ပွဲလန့်တုန်း ဖျာဝင်ခင်းသော အလှူများက လွဲလို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ခင်ဗျားတို့ ပေးကမ်းလိုက်သော အရာများဟာ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်ဝေစုထဲက အစိတ်အပိုင်းသေးသေးကလေးတချို့ပါ။ ဘယ်သူကများ "ငါ့မှာတစ်သောင်းရှိတယ်။ ရော့ နင်ငါးထောင်၊ ငါငါးထောင်လို့"လမ်းဘေးက ကလေးငယ်ကို ပေးမှာလဲ။ ဘယ်သူကများ "ကျွန်တော့်မှာ ကားသုံးစီးရှိတယ်။ ခင်ဗျားတို့ နှစ်စီးယူလိုက်"လို့ ပေးမှာလဲ။ ကိုယ့်ဝေစုထဲက၊ ကိုယ့်ရပိုင်ခွင့်ထဲက တစ်ဝက်ကျော်ကျော်(သို့မဟုတ်)အားလုံးနီးနီးကို ပေးလှူလိုက်သူတွေရှိပင်ရှိသော်ငြား ဒီလိုလူတွေကို ကျွန်တော်တို့ လက်ချိုးရေတွက်နိုင်တယ်မဟုတ်လား။ ဒီလိုလူနည်းစုထဲမှာမှ နိုင်ငံတော်အကြီးအကဲတစ်ယောက်လည်း ပါဝင်နေတာကဖြင့် ထူးဆန်းမှုတစ်ခုလို့ ခံစားမိတာပါပဲ။ ပေးသူထက် ယူသူတွေများသော ဟောဒီကမ္ဘာကြီးပေါ်မှာလေ။

Wednesday, May 15, 2013

တစ်လောကလုံးရယ်ချင်ရယ်ကြလည်း၊ သမီးကတော့ ငို


သမီးရေ ... ။
"နားပါရယ်ချင် .. နား"ဆိုတဲ့ တစ်ခါတစ်ခါမှ ကြားရတတ်တဲ့အသံကလေးကို အမှတ်မထင်ဘဲ ဖေဖေကြားလိုက်ရတော့ ကိုယ့်စာရေးစားပွဲခုံကလေးမှာကိုယ် စာရေးနေရာက နည်းနည်းကလေး တန့်သွားမိတာကတော့ အမှန်ပါပဲသမီးရေ ..။ ပြီးတော့ ဘောလ်ပင်ကို လက်မှာကိုင်ထားရင်း ရေးလက်စ စာကို ခဏဖြတ်ထား၊ ရပ်ထားရင်းကနေ လမ်းမဘက်ကို လှမ်းကြည့်လိုက်မိတာကလည်း အမှန်ပါပဲ။ သည်တော့လည်း ဟထားတဲ့ တရုတ်ကတ်မှန်ချပ်တွေကြားကနေ ဖေဖေလှမ်းတွေ့လိုက်ရတာက ဟိုသားအမိနှစ်ယောက်ပဲလေ။
လောကဓံသားအမိ။ လောကဓံသားအမိ။ ထုံးစံအတိုင်း ငါးဗန်းကိုခေါင်းမှာရွက်လို့။ ကလေးကို ခါးမှာ ခါးထစ်ခွင်လို့။ လမ်းပေါ်မှာ တရွေ့ရွေ့လျှောက်နေတဲ့ သည်သားအမိကိုကြည့်ရင်း ဖေဖေ့ဘာသာဖေဖေ တိတ်တခိုးပေးထားတဲ့ လောကဓံသားအမိဆိုတဲ့ နာမည်ကလေးကို အမှတ်ရမိကာ သက်ပြင်းချမိပါရဲ့ သမီးရယ်။ သမီးသာ အိမ်မှာရှိနေခဲ့ရင် သားအဖနှစ်ယောက်တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိကြဦးမှာ။ ခုတော့.. သမီးကကျောင်းသွားနေလို့သာပဲပေါ့။

Saturday, May 11, 2013

ခုန်ချ / ပြုံကျ



ညွှတ်မူးသွယ်ကျနေတဲ့ ဓာတ်ကြိုးပေါ်
ဖုန်းနံပါတ်တစ်ခု ပစ်တင်လိုက်တယ်
စိတ်အဆာကို ပလပ်ထိုးပြီး
ရေဒီယိုလေး ကလိနေမိ
"ရှစ်ရှစ်ရှဲရှဲ" "ရှစ်ရှစ်ရှဲရှဲ" ။
1500.0 MHz မှာ ဘယ်လိုင်းက
လာမိနေပါလိမ့်
ဘ၀တွေက ဝေးလွန်းရဲ့။
ငါက ခါးပတ်ကွင်းကို လျှော့လိုက်တင်းလိုက်
သူက ပဋ္ဌာန်းစာအုပ်ကို ဖွင့်လိုက်ပိတ်လိုက်
သံပုရာရည်တစ်ခွက်မှာပြီး
အိတ်ကပ်ထဲ နှစ်ယောက်သားလောင်းထည့်
သံပုရာအစေ့ကလေးတွေ
တင်ကျန်နေခဲ့ရတာကို
သဘောအကျကြီးကျနေ
ဖိနပ်တွေ ထပ်ထား
လက်အိတ်တစ်စုံကို တစ်ဖက်စီဝတ်ပြီး
ကျန်တစ်ဖက်စီနဲ့ လက်ဆယ်ဖြာမိုးကြတယ်။
နားရွက်ဖျားလေးကို အပူထုတ်ပေးစမ်းပါ
ငါ ဟာ အရုပ်လိုချင်တဲ့ ကလေးပေါ့
ငိုတိုင်း မရပေမယ့်
ရတိုင်းတော့ ငိုနေမိမှာပဲဟေ့။
ပျော့နူးလေးတွဲ့နေတဲ့ ဆံပင်တွေပေါ်
တစ်ကိုယ်လုံးပစ်တင်လိုက်တယ်
ဒီလိုနဲ့ ..
တွန်းရင်း၊ တိုက်ရင်း၊ ကိုက်ရင်း၊
ကုတ်ရင်း၊ ရိုက်ရင်း၊ စိုက်ရင်း၊
မိုက်ရင်း၊
သွေးတွေ ဖျဉ်းခနဲထပွင့်တာ
သံသယတွေ ကင်းတဲ့အထိ။

ဟိန်း

ရေတမာငေးငေးတွေ

ဝတ္ထုဝယ်တာက အစ
ဇာတ်ကားရုံတင်တဲ့ အဆုံး
ဇာတ်လမ်းဟာ ဒီမှာ စ/ဆုံးခဲ့မှာပဲ။

မရပ်ရ မနေနိုင်ဘူး
မလျှောက်ရ မနေနိုင်ဘူး
မထိုင်ရ မနေနိုင်ဘူး
မမှီရ မနေနိုင်ဘူး
ကြိုက်တဲ့အချိန်ပြော
ဟောဒီ လေးပြင်လေးရပ်
သူတို့အမျိုးချည်းပဲ။

မြစ်ထဲကို ပင်လယ်လိုက် လောင်းထည့်သလို




ရန်သူမျိုးငါးပါးမှာ
မီးကလွဲပြီး အလုံးအရင်းနဲ့ ၀င်တိုက်တယ်
ရေ = လေ = မင်း = မချစ်မနှစ်သက်သောသူ ။

ကြိုမြင်သူတွေ၊ ကြိုသိသူတွေ၊ ကြိုကြားသူတွေ၊ ကြိုတွေ့သူတွေဟာ
ကြိုမပြောဘူး။
120 mph မှာ ထိုင်ခုံတစ်လုံးကို ဖိထားပြီး
အားလုံးကို အလွင့်စင်ခံလိုက်တယ်။

မေလည်းမမေနဲ့ ဒေးလည်းမဒေးနဲ့


ငါတို့နေ့သာပြောတယ်
အိပ်မပျော်ဘဲ နိုးရတုန်း ထမင်းကြမ်းခဲမျိုရတုန်း
တစ်နေကုန်စက်ရုပ်ယောင်ဆောင်ရတုန်း
ကုန်း(ဂုံး)တံတားအောက်ရပ်ရတုန်း ကိုယ့်ဈေးကိုယ်ဖြတ်ရတုန်း
ငါတို့နေ့သာပြောတယ် ငါတို့မနားရဘူး။

တစ်လလုံးအထည်ချုပ်တာ
တစ်သောင်းနှစ်ထောင်ပဲရတယ်ဆိုတာထက်
တစ်ချက်တည်းကျင်းဝင်တာက သတင်းဖြစ်တယ်
ငါတို့သူဋ္ဌေးဟာ ငါတို့စကားမတတ်ဘူး
သူတတ်တာ ငါတို့ဘဝတွေအတွက်
လက်ဝါးချင်းရိုက်ဖို့ လက်သိပ်ထိုးကျွေးဖို့
လက်ဝါးကြီးအုပ်ဖို့ လက်မောင်းသွေးဖောက်ဖို့ လက်ပေးသင်ဖို့ပဲ။

နိုင်ငံသားအားလုံးရဲ့ ၁၀%ဟာ
ပြည်ပမှာပြောင်းရွှေ့အလုပ်သမားတွေတဲ့
ဒါဆိုအဝေးကွင်းရော အိမ်ကွင်းပါ ရှူံးတဲ့အသင်းက
ငါတို့ပေါ့။

လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင်
အဲ့ဒီစကားပုံ version အသစ်ထွက်တယ်။
လုပ်စားတော့လယ်သိမ်း ခိုးစားတော့ဖမ်းထိန်း
-ာခံစားမှ အေးအေးငြိမ်းငြိမ်း။

ပြက္ခဒိန်မှာ နီနေတာလောက်နဲ့လာမပြောနဲ့
ငါတို့သူဋ္ဌေးမဖြစ်ချင်ပါဘူး/မဖြစ်နိုင်ပါဘူး
ငါတို့ခွေးမဖြစ်ချင်လို့ပြောနေတာ/ဖြစ်နေလို့ပြောနေတာ။


ဟိန်း

ကျယ်မှန်းသိတော့ ကျဉ်းထားတယ်




ဒီအကြောင်းပြောရင်
ဘုရားမှာ လွှတ်တဲ့ ငါးတွေငှက်တွေပဲ
ကိုယ်စားသရုပ်ဆောင်ပေးနေရ။

ရွာသူရွာသားတွေအတွက် လုပ်တယ်
ကမ္ဘာသူကမ္ဘာသားတွေက သိတယ်

မထူးဆန်းဘူးလား
သစ်တောကြီးက ဘလိတ်ဓားလေးကို
ကြောက်သတဲ့။

အဲဒီနေရာ ဗလာဖြစ်၊ မဖြစ်ဟာ
အမှန်တရားနဲ့ ပြောင်းပြန်အချိုးကျတယ်။

ဟိန်း