Tuesday, December 31, 2013

အနမ်း (၃)





ပင့်သက်တိုင်းမှာ
အဆုတ်ကို ၀င်ဝင်ဆောင့်တဲ့ သနပ်ခါးရနံ့လေး
ကိုယ် .. ဘယ်အတွင်းအားနဲ့ တွန်းထုတ်ရမလဲ။
လူတွေကလည်း ခက်တယ်
လာထိတဲ့အရှိန်ကိုပဲ ဖွဲ့တယ်
ဝင်စိုက်တဲ့ အတိမ်အနက်ကို မမြင်ဘူး
ကြယ်သီးမှာ ငြိနေတဲ့ ဆံပင်ရှည်လေးဟာ
မတော်တဆရတဲ့ အမှတ်တရ
ဒါ့အပြင်...
ကြိုက်တဲ့အသိုင်းအ၀ိုင်းနဲ့ဆွဲ
မပြတ်တော့တဲ့ ချည်နှောင်ပြီးသား ကြိုးတစ်စ။
လေတိုက်ရင်တောင် မင်းတို့မလှုပ်နဲ့ လို့
သစ်ရွက်ကလေးတွေကို လှည့်ဟောက်ပြီးတော့
ကိုယ်က သိသိကြီးနဲ့ ဆက်သွားတယ်
သူက သိသိကြီးနဲ့ ဆက်လိုက်တယ်
အချိန်တန်လို့ ပြန်ကြရတဲ့အခါ
သူ့ဘယ်ဘက်ပခုံးပေါ်မှာ ကိုယ့်roll-onရနံ့ဟာ စွဲလို့
ကိုယ့်ညာဘက်ပခုံးပေါ်မှာ သူ့shampooရနံ့ဟာ မြဲလို့
ချိုချဉ်လေးတစ်လုံးကို
ဝေစုမတည့်ရာက စတယ်
ဘယ်တော့မှ မဆုံးတော့ ။


ဟိန်း

၂.၁၂.၁၃

အနမ်း (၂)

သေနတ်နဲ့ပစ်လည်း မမှန်တော့ဘူး
ဓားနဲ့ခုတ်လည်း မပြတ်တော့ဘူး
အနောက်ပြန်ရစ်ကြည့်လို့မရတဲ့ ရုပ်ရှင်ကို ရိုက်ခဲ့ပြီ။
ယုတ်စွအဆုံး
ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းအချင်းချင်းကိုတောင် မနာလိုဘူး။
ဖြူနေတဲ့စိတ်ကလေး အရောင်နည်းနည်းပါလာပြီဆို ခဏနား
ဒီလောက်လှတဲ့သီချင်းကို keyအယိုင် မခံနိုင်ဘူး။
ငါတို့ခြေထောက်ကို လာကိုက်တဲ့ခြင်တွေ 
ငိုယိုအော်ဟစ်ပြီး ပြန်သွားရတယ်
ဘာသွေးမှ စုပ်ယူမရရှိလို့တဲ့။
နှလုံးပင်မသွေးလွှတ်ကြောကြီးဟာ
ဘယ်နေရာကိုပဲ ရည်ရွယ်ပို့လွှတ်ပေးနေတယ်ဆိုတာ
ဘယ်သူမှမသိလိုက်ကြ
ခြေဖျားလက်ဖျားတွေအေးလို့
ဆံပင်ဖျားဖနောင့်ဖျားထိအေးလို့
တစ်နေရာတည်း နွေးနေတဲ့ ရပ်ဝန်းလေးကြောင့်
ကမ္ဘာကြီးပိုပူနွေးလာမလား ... 
အတူတူစိုးရိမ်နေမိတယ်။


ဟိန်း

၂.၁၂.၁၃

အနမ်း(၁)







ငြိမ်ငြိမ်လေးနေပြီး အလွန်မောပန်းနွမ်းနယ်တဲ့ အားကစား။
ဒီနေရာမှာ ရရင်ရ မရရင်ချ တို့
တောင်းယူလို့မရရင် တိုက်ယူရမယ် တို့
သုံးနှုံးလို့ မရဘူး။
စိတ်က မတုံ့ပြန်ရင်တောင်
စိတ်နဲ့ထိန်းချုပ်မရတဲ့ ကြွက်သားမျှင်လေးတွေက
တုံ့ပြန်မှာ အသေအချာပါ။
ဒါဟာ
တစ်ယောက်အနာကို တစ်ယောက်ကပ်ပေးလိုက်တဲ့ ပလာစတာလေး၊
တစ်ယောက်electronကို တစ်ယောက်protonဆီ
ချိတ်ဆက်ပေးလိုက်တဲ့ ကြားခံကိရိယာလေး၊
တစ်ယောက်ပခုံးပေါ်ကို တစ်ယောက်ဘ၀တစ်ခုလုံး
သော့ခတ်ပစ်တင်လိုက်တဲ့ သေတ္တာလေး၊
တစ်ယောက်ရှက်ပြုံးလေးကို တစ်ယောက်အမိဖမ်းနေတဲ့ ပိုက်ကွန်လေး၊
အထိအတွေ့က စပါးလုံးတစ်ထောက်စာ...
အနက်အရှိုင်းကတော့ ခါကာဘိုရာဇီတစ်ထောက်စာ ပေါ့။
မျက်ခုံးလေးကို ရည်ရွယ်တယ်
မှိတ်ထားတဲ့မျက်ခွံလေးပါ စက်ကွင်းမလွတ်ဘူး။
ရာသီဥတုက ပူတယ်
ကမ္ဘာမြေကြီးက ဆွဲငင်တယ်
ဒီတော့ ရေခဲတုံးနွေးနွေးကလေးဟာ အောက်ကို ပျော်ကျလာတာပေါ့။
ပြီးတော့ . . . ပြီးတော့ . . .
ဆက်ပြောရမှာ နည်းနည်းရှက်တယ်။


ဟိန်း

၁.၁၂.၁၃

ကစားသမား(၁၁)ယောက်ရဲ့နောက်မှာ (၁၂)ယောက်မြောက်ကစားသမားက ကပ်လျက်





ပြေးနေတဲ့ ခြေထောက်မှာ စိတ်ဓာတ်ပါတယ်
တိုက်ပစ်လိုက်တဲ့ ပခုံးမှာ အင်အားပါတယ်
ထွက်သွားတဲ့ ချွေးစက်တွေမှာ ခံယူချက်ပါတယ်
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ပထမပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးဒုတိယပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးအချိန်ပိုမိနစ်(၃၀)၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးပင်နယ်တီ(၉)လုံး၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ကစားရတယ်ဆိုတာ
တော်ရုံတန်ရုံဖိအားမျိုးမဟုတ်မှန်း ငါတို့နားလည်တယ်။
သူတို့ ..
အလှပြင်ဆိုင်သွားနေတာ မဟုတ်ဘူး။
အရပ်ထဲ အတင်းလှည့်အုပ်နေတာ မဟုတ်ဘူး။
ကိုရီးယားကားကြည့်နေတာ မဟုတ်ဘူး။
အချစ်ဝတ္ထုဖတ်နေတာ မဟုတ်ဘူး။
သွေးမထွက်တဲ့စစ်ပွဲတစ်ပွဲကို သွေးမပျက်ဘဲ
လက်ခုပ်သံတွေ ကျည်ထိုးပြီး တစ်တောင့်ချင်း တည်ဖြုတ်နေတာ။
အချက်တိုင်းမှာ မြန်မာ ၊ မြန်မာ ၊ မြန်မာ ဆိုတဲ့ အသံက ကပ်လိုက်လာတာ။
ရင်ဘတ်ပေါ်က အလံဟာ နှလုံးသားထဲထိ စိုက်ဝင်အမြစ်တွယ်နေတာ။
တိုင်ထိပြီး ပြန်ထွက်သွားတဲ့ဘောလုံးကို မျက်စိထဲက မထွက်ပေမယ့်
တကယ်ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်း စိတ်ထဲက ပိုမထွက်ဘူး
အသံတွေတိမ်ဝင်သွားပေမယ့် ဆူညံဆဲပါ
ငြိမ်သက်သွားပေမယ့် တုန်ခါဆဲပါ
အတူတူငိုခဲ့ကြပါတယ်၊ ရှိုက်သံတွေ တစ်ထပ်တည်းကျတဲ့အထိငိုခဲ့ကြပါတယ်
ဒါပေမယ့် .. မျက်ရည်တွေကို ချွေးစက်တွေနဲ့ ရောပြီး
အဲဒီမြက်ခင်းပေါ် သွန်ချထားခဲ့..
ငါတို့ ရင်ထဲလာပါ။ ဆက်ကန်ပါ။
ကွင်းထဲမှာ နိုင်ရင် ရွှေတံဆိပ်(၁)ခုပဲရမယ်
အခု ရွှေတံဆိပ်သန်း(၆၀)ရတယ်။
ကျန်တဲ့ပြိုင်ဘက်အသင်းတွေ နားလည်မှာမဟုတ်ဘူး
မြန်မာစကားက နည်းနည်းရှုပ်တယ်
"ဒီပွဲမှာငါတို့ရှုံးတယ်၊ ဒါပေမယ့် ငါတို့နိုင်ခဲ့တယ်" ဆိုတာ။



ဟိန်း

၁၉.၁၂.၁၃

နာနာလေးရေး...နာရေး






ငါက အဘိုးမျက်လုံးထဲကို ဓာတ်မီးနဲ့ထိုးတယ်
အထိုးခံရတဲ့မျက်လုံးတွေ ငြိမ်နေပြီး
ဘေးကကြည့်နေတဲ့အဖေ့မျက်လုံးထဲ မိုးရေချိန်လက်မ မြင့်တက်လာတယ်။
အေးစက်စ ပြုနေတဲ့လက်ဖျားလေးတွေကို အဖေဟာ တင်းတင်းဆုပ်ထား
အံကြိတ်ထားတဲ့ယောက်ျားဟာ ခြေဆောင့်ငိုနေတဲ့မိန်းမထက်
ပိုခံစားရတယ်ဆိုတာ အမေက သိတယ်။ သူ အဖေ့ပခုံးကို တင်းတင်းဆုပ်ထား။
သူတို့မျက်ရည်တွေဓာတ်ပြုတဲ့အားဟာ ငါတို့ညီအစ်ကိုတွေဆီ ကူးစက်လို့..
တစ်ယောက်အနာကိုတစ်ယောက်တင်းတင်းဆုပ်ထားရင်းနဲ့ပဲ
မိသားစုဟာ လျော့တိလျော့ရဲ ဆက်လက်ဖြစ်ပွားလျက်။

လူတိုင်းက သူတို့မဟုတ်ဘူး၊ သူတို့တိုင်းကတော့ လူ





ဆန်တစ်ပြည်လောက် မြန်မြန်ပေးပါ၊ ထမင်းအိုးလေးက အော်တယ်။
ကြက်ကင်၊ဘဲကင်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ပတ်တီးတစ်လိပ်လောက် မြန်မြန်ပေးပါ၊ငုတ်စူးခြေထောက်လေးက အော်တယ်။
မစ်ကီးမောက်စ်ပုံဖိနပ်လေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အနှီးတစ်ထည်လောက် မြန်မြန်ပေးပါ၊မီးဖွားမိခင်က အော်တယ်။
နာမည်ပေးကင်ပွန်းတပ်အခမ်းအနားဖိတ်စာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ချိုင်းထောက်တစ်ဖက် မြန်မြန်ပေးပါ၊ပေါင်တိုကောင်လေးက အော်တယ်။
ဘောလုံးကန်ဝတ်စုံလေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စောင်တစ်ထည်လောက် မြန်မြန်ပေးပါ၊ပြာနှမ်းနှုတ်ခမ်းက အော်တယ်။
လယ်သာဂျာကင်ကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ခဲတံတစ်ချောင်းလောက် မြန်မြန်ပေးပါ၊၀လုံးကလေးက အော်တယ်။
စက်ရုပ်ကွန်ပါဘူးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အရက်တစ်ခွက်လောက် မြန်မြန်ပေးပါ၊ ငှက်ဖျားလူနာက အော်တယ်။
ပုဂ္ဂလိကဆေးခန်းကြော်ငြာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထရံနှစ်ချပ်လောက် မြန်မြန်ပေးပါ၊ ပြိုကွဲအသိုက်လေးက အော်တယ်။
၃ထပ်RC ကြီးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖေဖေ့ကိုရှာပေးမယ်ဆိုတဲ့ကတိ မြန်မြန်ပေးပါ၊ မျက်ရည်စီးကြောင်းလေးက အော်တယ်။
Happy World ကစားကွင်းကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
သွေးတစ်ပုလင်းလောက် မြန်မြန်ပေးပါ၊ ဖြူဖျော့ခန္ဓာလေးက အော်တယ်။
ကျန်းမာရေးထောက်ပံ့စရိတ်လား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စိတ်အေးလက်အေးညတစ်ညလောက် မြန်မြန်ပေးပါ၊ တောတွင်းမိသားစုလေးက အော်တယ်။လျှပ်စစ်လွှတ်သံဆူးကြိုးတွေနဲ့ခြံလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အကြင်နာလက်တစ်ဖက်လောက် မြန်မြန်ပေးပါ၊ သေလုမြောပါး ခံနိုင်ရည်က အော်တယ်။
အထူးကုဆရာဝန်ကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတစ်ခုလောက် မြန်မြန်ပေးပါ၊ မွန်းကျပ်အဆုတ်က အော်တယ်။
လှပမွှေးပျံ့ပန်းခင်းကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖယောင်းတိုင်လေးတစ်တိုင်လောက် မြန်မြန်ပေးပါ၊ ပိန်းပိတ်ညအမှောင်က အော်တယ်။
ရေအားလျှပ်စစ်တွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထန်းလျက်တစ်ခဲလောက် မြန်မြန်ပေးပါ၊ တောင့်တလျှာဖျားလေးက အော်တယ်။
နိုင်ငံခြားချောကလက်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
Carol Singingသံတွေ မြန်မြန်ပေးပါ၊ ဘုရားထံငိုကြွေးနေသူက အော်တယ်။
ရောင်းအားအကောင်းဆုံးသီချင်းတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဟင့်အင်း...ဟင့်အင်း။ စန်တာကလော့ကြီးလား၊
သားတို့သမီးတို့ကို သမင်ကြီးတွေအစား လှည်းဆွဲခိုင်းပါ။
လက်ဆောင်ကူထုပ်ခိုင်းပါ။
စစ်ကိုနှစ်ခြိုက်သူတို့အပေါ် စစ်ပွဲတွေ ကြဲဖြန့်ဖြူးချလိုက်ချင်လို့........။


ဟိန်း

၂၅.၁၂.၂၀၁၂

ကိုအောင်ကျော်ရယ်၊ ကိုချမ်းအေးရယ်၊ ငါရယ်

ဆုံကြတယ် ။

မြွေကြီးတော့ နဂါး တဲ့
ဒါဆို နဂါးလေး နှစ်ကောင်ပေါ့
ဟောဒီမြေပြန့်ရဲ့ တစ်ခုတည်းသောအမို့အမောက်။
နိမိတ်များဖတ်ခဲ့လေသလား
မြို့ဟာ ဂန္ဓာလရာဇ်နဂါးတို့ မီးနဲ့ပြာကျနေပုံ။

ပန်းဝယ်မလား၊ ငှက်လွှတ်မလား၊ ငါးစာလိပ်စာကျွေးမလား၊
လည်နေတဲ့ခွက်တွေထဲအကြွေစေ့ပစ်ထည့်မလား၊ သနပ်ခါးသွေးမလား၊
ရေသပ္ပါယ်မလား၊ ငါးလွှတ်မလား၊ တံမြက်စည်းလှဲမလား၊ ရွှေကပ်မလား၊
အောင်တော်မူဘုရား ။
ပန်ကာအောက်မှာ တရားထိုင်ဖို့ နေရာလုနေတဲ့ အမျိုးသမီးကြီးနှစ်ဦးကိုငေးနေမိ
ငါတို့ဟာ မတ်တပ်ရပ်ရင်းနဲ့ပဲ တရားထူးကို ရရှိခဲ့တယ်။