Wednesday, January 1, 2014

စစ်ရဲ့အဇ္ဈတ္တ



စစ်ပွဲတစ်ပွဲရဲ့စိုးရိမ်မှုက သေစရာလူမရှိတော့မှာကိုပဲ။
စစ်ပွဲတစ်ပွဲရဲ့တုန်လှုပ်မှုက
နောက်ထပ်မိန်းမတွေ ကိုယ်ဝန်ဆောင်ဖို့
နောက်ထပ်ယောက်ျားတွေ ထပ်ရောက်မလာတော့မှာကိုပဲ။
စစ်ရဲ့ခြောက်ခြားမှုကတော့
ကမ္ဘာပျက်ဖို့အတွက်ကို ရည်းစားကိုမျှော်သလို နာရီတကြည့်ကြည့်နဲ့။ ။


ခရမ်းပြာထက်လူ

ကမ္ဘာကြီးကပြောတယ် မင်းမောင်းတဲ့ကားကိုငါလိုက်စီးမယ် ပြီးတော့ မင်းတောင်းသလောက် ငါပေးမယ် ဟေ့ ဘယ်လိုလဲ ခေတ်လူငယ် တဲ့


ဒီ့အတွက် လိပ်ပြာလွင့်ရမယ်ဆိုလည်း
ငါတို့လိပ်ပြာ ရှေ့ကဥယျာဉ်ကြီးအတွက်ပဲဖြစ်ရမယ်
ဥယျာဉ်ကြီးထဲမှာက
ကလေးတွေ အဘိုးအဘွားတွေ သားသည်အမေတွေ။

နေကိုရင်ဆိုင်ပြီး လကိုကျောပေးထားတယ်
အမေ ကျေနပ်တဲ့သား။
ညည သူထထသွေးတဲ့ဓါးက လက်လက်ထနေတဲ့ကြယ်တွေ
အဖေ ကျေနပ်နေတဲ့သား။

ရွပ်ရွပ်ချွန်ချွန် ဖိအားပေးနေတယ်
မသန့်ရှင်းသော လေများ မသန့်ရှင်းသော ရေများ
ဒီမြေပုံပေါ် မစီးဆင်းစေရ။

ဘလိတ်ဓားရှလို့ပဲဖြစ်ဖြစ် ခလုတ်တိုက်မိလို့ပဲဖြစ်ဖြစ်
သွေးမထွက်မိစေနဲ့ လန့်မအော်မိစေနဲ့
ငါးမန်းတွေလို မျောလာပြီး ကျားသစ်တွေလိုလျှောက်လာလိမ့်မယ်။

ပုခက်ထဲက ကလေးရဲ့ငိုသံအထိ နား,နားစွင့်ထားတယ်။

ရှင်းနေတာကို ရှုပ်အောင်လုပ်ထားတဲ့ရွှေကိုင်းနား/သားတွေဆီ
ရွှေခေတ်ကြီးကိုင်လို့ လာ,လာနေတယ်
ရွေ့မပြေးနဲ့ တရှဲရှဲမြည်လို့ တရွှင်ရွှင်တလန်းလန်းလာနေတယ် လမ်းမကြီးတွေကိုက်ချီလို့နဲ့ ကီးအမြင့်ဆုံး ကုန်းအမြင့်ကြီးတွေကျော်လို့။ ။

ခရမ်းပြာထက်လူ

၂   ၀   ၁   ၃

Tuesday, December 31, 2013

နေ့တိုင်း....ငါတို့နေ့တွေရဲ့အတိုင်းအထွာ

သူဟာ ဗိုက်အောင့်နေရင်း၊ ငါဟာ လက်သည်းညှပ်နေရင်း၊ သူဟာ ကားစီးနေရင်း၊ ငါဟာ downloadဆွဲနေရင်း၊ သူဟာ အိမ်မှာ ပူတင်းဖုတ်နေရင်း၊ ငါဟာ ဘုရားပန်းသွားဝယ်ရင်း၊ သူဟာ ဂျူတီကျနေရင်း၊ ငါဟာ လက်ဖက်ထမင်းစားနေရင်း၊ သူဟာ ဆံပင်ညှပ်ဆိုင်ကို လမ်းလျှောက်သွားရင်း၊ ငါဟာ အ၀တ်အစားလဲရင်း၊ သူဟာ တရှုံ့ရှုံ့ငိုရင်း၊ ငါဟာ လက်ရေးလှလှလေးကို စိုက်ကြည့်နေရင်း၊ သူဟာ ၂ယောက်တည်းမြင်ရတဲ့နုတ်စ်တွေဖတ်ရင်း၊ ငါဟာ အောင်မင်္ဂလာကားကြီးဝင်းထဲ စိတ်တွေပြေးရင်း ၊ သူဟာ အမှောင်ကနေ နာလန်ထ လာရင်း၊ ငါဟာ ဆေးညွှန်းတွေမှတ်နေရင်း၊ သူဟာ ဟဲကုဒ်လိမ်းနေရင်း၊ ငါဟာ ဟာသတွေပြောရင်း၊ သူဟာ လေယာဉ်ပေါ်တက်သွားရင်း၊ ငါဟာ အိပ်ရေးတွေပျက်ရင်း၊ သူဟာ မွေးနေ့ဆုတောင်းကို သန်းခေါင်ကျော် လှမ်းပြောရင်း၊ ငါဟာ သ၀န်တိုနေရင်း၊ သူဟာ အေသင်ချိုဆွေသီချင်းကို ringtone လုပ်ရင်း၊ ငါဟာ လာမယ့်လမ်းကို မျှော်ရင်း၊ သူဟာ musm လို့ ငါနားမလည်တဲ့အတိုကောက်တွေသုံးရင်း၊ ငါဟာ Destop wallpaper ကို ကြည့်မိရင်း၊ သူဟာ စိတ်ညစ်တဲ့အခါတိုင်းကလေးလေးနဲ့တူရင်း၊ ငါဟာ အရခတ လို့ ပြန်ရေးမိရင်း၊ သူဟာ စောင်ကို ခေါင်းမြီးခြုံထားရင်း၊ ငါဟာ နှင်းတွေကို မျက်နှာနဲ့ မော့ခံရင်း၊ သူဟာ အနာဟောင်းတွေပြန်လှန်ပြရင်း၊ ငါဟာ ဂစ်တာတီးပြရင်း၊ သူဟာ လမ်း၃၀ကို လွမ်းရင်း၊ ငါဟာ နိုဘယ်လ်ဆုအကြောင်းရှင်းပြရင်း၊ သူဟာ မက်ဆေ့ပို့ထား၊ဖတ်ချင်တယ်လို့ ပူဆာရင်း၊ ငါဟာ နယ်မြို့လေးအကြောင်းစပ်စပ်စုစုလုပ်ရင်း၊ သူဟာ တီဗီကြည့်နေရင်း၊ ငါဟာ အိမ်နဲ့လမ်းထိပ် အခေါက်ခေါက်လျှောက်ရင်း၊ သူဟာ လက်ဖက်ရည်မသောက်ဖို့ တားနေရင်း၊ ငါဟာ ဘက်ထွီအားသွင်းနေရင်း၊ သူဟာ ရေခဲမုန့်ဝယ်နေရင်း၊ ငါဟာ မျက်ရည်တွေကျရင်း၊ သူဟာ shoppingထွက်နေရင်း၊ ငါဟာ ကန်စွန်းပင်ကလေးကို ပျိုးရင်း၊ သူဟာ အမေးဝါကျတွေတပ်ဆင်ရင်း၊ ငါဟာ ချောကလက်ကို လျှာနဲ့တို့ရင်း၊ သူဟာ ကင်မရာ၃၆၀ကိုဖွင့်ရင်း၊ ငါဟာ (သူ့အသုံးအနှုန်းအရ) ရကောက် ၀ ဆွဲ နေရင်း၊ သူဟာ သီချင်းတွေဆိုပြရင်း၊ ငါဟာ ဖိနပ်ဆိုဒ်လေးကို မှတ်သားရင်း၊ သူဟာ စကားကို တစ်ခွန်းအမြဲချန်ရင်း၊ .... ... ...


ကျွန်တော့်ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို သူ့အသံနဲ့နားထောင်ရမှာ ဖြစ်ပြီး
သူ့ဖုန်းကို ခင်ဗျားခေါ်တဲ့အခါ မအားသေးကြောင်းပြန်လည်ဖြေဆိုချက်ကို ကျွန်တော့်အသံနဲ့ နားထောင်ရမှာ အသေအချာ။


ဟိန်း


ပြန်တော့လည်း ကျန်ခဲ့တာပါပဲ




မန္တလေးတောင်ပေါ်
အတွေးနဲ့ လှမ်းတက်ကြည့်တော့
တစ်ယောက်နှုတ်ခမ်းထဲ တစ်ယောက်ပြုတ်ကျခဲ့တဲ့နေရာလေးမှာ
နေ၀င်တဲ့အထိ ရပ်နေမိတယ်။
ငါတို့အပျော်တွေဟာ ရေခဲမုန့်တွေကို
ကူးစက်ပျံ့ပွားလို့ ..
သူတို့ပျော်နေတာထိုင်ကြည့်ရင်း
ငါတို့လည်း ထပ်ထပ်ပျော်လို့ ...
ဘယ်လောက်ထိလဲဆို
သူ့မျက်ခုံးလေးတွေ
ငါ့လည်ပင်းမှာ စွန်းထင်းကုန်တဲ့အထိလို့ ပြောမယ်
ဘယ်အချိန်ထိလဲဆို
သစ်ရွက်ကြွေကလေးတွေ
ရှက်ပြီးခြောက်သွေ့သွားတဲ့အထိလို့ ပြောမယ်
နှစ်ယောက်တည်းနားလည်ခဲ့တဲ့
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို
ဘယ်အဘိဓာန်မှာ ရှာရမှာလဲ
ဟိန်းနော် ... ဆိုရင် တားမြစ်ခြင်းကို ပြတယ်
ဟိန်းလို့ ... ဆိုရင် စိတ်မရှည်ခြင်းကို ပြတယ်
ဟိန်းရယ် ... ဆိုရင် သနားကရုဏာကို ပြတယ်
ဘာသာစကားကို အချစ်နဲ့ တွဲစပ်သုံးဆောင်တဲ့အခါ
စကြာဝဠာရဲ့ ထိပ်တန်းအရသာမျိုး ရခဲ့ပေါ့။
ငါ ရှူထုတ်လိုက်တဲ့ လေစီးကြောင်းမှာ
သူ့လက်ဖျံပေါ်က မွှေးညှင်းလေးတွေ ယိမ်းထိုးသွားတာ ..
သူ ပင့်ကြည့်လိုက်တဲ့ မျက်ခုံးနက်နက်မှာ
ငါ့စကားတွေ ဆင်ဆာထိခဲ့တာ ..
ငါတို့ ကွယ်ထားခဲ့တဲ့ ရေတမာပင်ပျိုလေးရော
ဘယ်နှလက်မလောက် အရပ်ရှည်လာမှာ ..
အလုပ်အားတဲ့အခါ ငါ့ဂစ်တာသံတွေ
သူ ဖုန်းထဲက ထုတ်ကြည့်နေမှာ .. သိတယ်။
ဆိုင်ကယ်အနောက်ထိုင်ခုံမှာ
ခြေတင်တုံးတစ်ဖက်ပဲ အမြဲတမ်းချထားတဲ့ လူငယ်တစ်ယောက်အကြောင်း
ခင်ဗျားတို့ ကြားမိရင် ကျွန်တော့်ကို သတိရပါ
ဂုဏ်ပြုတပ်ဖွဲ့တစ်ဖွဲ့ မပိုင်ဆိုင်တဲ့ကောင်ဟာ
ဒီနည်းနဲ့ပဲ သူ့ကို ခပ်လွမ်းလွမ်းလေးဂုဏ်ပြုနေမိတာလေ ... ။



ဟိန်း

၎.၁၂.၁၃

မပြန်နဲ့တော့ဆိုတာတွေ လေထဲပျံသွား

ဘာယူခဲ့ရဦးမလဲ မေးတော့
မင်းညှပ်နေကျ ကလစ်ကလေးယူခဲ့လို့
အူကြောင်ကြောင်ဖြေမိတယ်

စိတ်ကူးကောင်းတယ်ပြောရမလား
စိတ်ရူးပေါက်တယ်ပြောရမလား
အဲဒီ ကွန်ကရစ်လမ်းမကြီးတစ်ခုလုံးကို
ဖုန်တစ်မှုန်မှ မရှိအောင် တံမြက်စည်းလှည်းထားချင်တာ

ဂီတဆန်တဲ့ ရယ်သံတွေ ခရီးမပန်းစေနဲ့
လက်ဖျံကို ဖုံးထားတဲ့ မွှေးညှင်းနုလေးတွေ အိပ်ရေးဝနေပါစေ

ငါက 42.191104 မိုင် အကွာအဝေးကို
ရင်တခုန်ခုန်နဲ့ လာခဲ့မယ်
မင်းက 395.192078 မိုင် အကွာအဝေးကို
ရှက်သွေးတဖြာဖြာနဲ့ လာခဲ့ကွယ်
ကျောက်စာချပ်တွေနဲ့ ခရေပွင့်တွေကြား၊
အိုမင်းမစွမ်းတော့သော နန်းမြို့ရိုးကြီးအနား၊
ရေပြင်ကျယ်ကျယ်နဲ့ သစ်သားစန္ဒယားအိုကြီးလို တံတားပေါ်၊
လက်ညှိုးညွန်ရာ ဦးခိုက်ချင်မိသော ရှုခင်းကို မြင်နေရမယ့်ခုံတန်းလေး၊
ဒါတွေ ထားပါ။ သိပ်ခမ်းနားလွန်းနေသလား။
လမ်း၃၀နားတစ်ဝိုက်က လမ်းဘေးအအေးဆိုင်လေးမှာ
ကျောက်ကျော တစ်ယောက်တစ်ခွက် မှာလို့
ပါဆယ်ထုပ်လာတဲ့ အချစ်တွေ
ကိုယ့်အထုပ်သူဖြည်၊ သူ့အထုပ်ကိုယ်ဖြည် လို့
ခဏလေးဆိုပေမယ့် တစ်ချိန်လုံးငေးနေမယ့်အကြည့်တွေ
အလွမ်းရောင်သန်းနေတဲ့ ဆည်းဆာထဲ
ပိုလွမ်းကြရအောင် အရောင်တွေခြယ်လို့

နားထင်ပေါ်က မှဲ့နက်ကလေးရေ..
ကားမှန်တံခါးကို ပိတ်ထားနော်
ဘယ်လို လေထုဖိအားကိုမှ မခံစားနဲ့တော့
ငါ့ဝင်သက်ထွက်သက်ရဲ့ နူးညံ့သောတိုးတိုက်မှုဟာ
မင်းဘ၀တစ်သက်တာ နိုးထလာတဲ့မနက်ခင်းတိုင်းမှာ
သက်ရောက်ဖြစ်တည်နေတော့မှာမို့ ... ။


ဟိန်း

(၂၇.၁၁.၁၃)

အမြန်လမ်းအပြန်လမ်း မြန်မြန်ပြန်သွားတဲ့လမ်း




ကလေးဆန်တယ်ပဲပြောပြော
ကျုံးဘေးက သစ်ပင်တစ်ပင်ပင်မှာ
ကိုယ်တို့နှစ်ယောက်နာမည်ကြား
အပေါင်းလက္ခဏာလေးခံပြီး
ထွင်းထားချင်သေးတယ်
သူ့နားထင်က မှဲ့ကလေးလေ ..
ကိုယ့်ကျောမှာ ဘာမပြောညာမပြော
ထိုးစိုက်လျက်သားတန်းလန်းကြီး ပါလာတယ်။
"အလွမ်းခရီးသည်" သီချင်းကို
ကားထဲမှာ repeat လုပ်ထားပါ
မိတ္ထီလာရောက်ရင် အလွမ်းကို ခဏထိန်းပြီး
အဆာပြေတစ်ခုခုစားပါ
သစ်သီးဖျော်ရည်တစ်ခွက်ကို
ကိုယ်မှာပေးတယ် သဘောထားပါ
အင်တာနက်ဖွင့်လို့ H လို့မြင်ရင်
ကိုယ့်နာမည်ကို ၃ ခါရွတ်ပါ။
ကိုယ်လည်း မင်းနာမည်နဲ့ မြို့ကလေးဆီ
ပြင်ပဒဏ်ရာမတွေ့ရှိရစေဘဲ
အတွင်းကျကျ စုတ်ပြတ်ကြေကွဲလို့
ခရီးနှင်နေတာ။
၂၁မိုင်ကျော်လာလို့ စိမ့်ခနဲဖြစ်သွားတဲ့လေထုမှာ
ကွေ့ကောက်နေတဲ့လမ်းအတိုင်း
ပြီးခဲ့သောရက်စွဲလေးများထံ ပြန်ကွေ့ချင်လေလေ
သူ့ရဲ့ ဖြောင့်တန်းနေသောလမ်းအတိုင်း
ဘက်ဂီယာထိုးလာတဲ့ သတိရခြင်းဟာ
ပြန်ကွေ့လာတဲ့ကိုယ်နဲ့ ၀င်တိုက်မိလေလေပေါ့။
တောင်ဘက်အရပ်ဆီ ငေးရင်းဝဲနေမယ့် မျက်ရည်စတွေ
မေ လည်း အရှေ့ရိုးမဆီ စိတ်နဲ့ ဆန်တက်ပျံတက်လို့
အောက်မျက်ရစ်မို့မို့ကလေးတွေထဲ
ရေတံခွန်လေးဖြစ်တည်လာမယ့်အခါ
သီချင်းကိုပဲ အာရုံစိုက်နားထောင်ပါ။
ကိုယ်ဖွဖွလေးကိုက်ခဲ့ဖူးတဲ့ လက်ဖမိုးလေးနဲ့ တားထားပါ။
ဘယ်လို အလဲအထပ်လဲကွယ်၊
တစ်ဘ၀လုံးပေးခဲ့တယ်
ဆံပင်ပေါ်က ကလစ်ကလေးတစ်ခုပဲ ဖြုတ်ယူခဲ့ပါတယ်။


ဟိန်း

၃.၁၂.၁၃

ကိုယ်ဟာ အမြဲလူနာ


ချစ်လွန်းလို့ ခြစ်ခြစ်တောက်ပူနေတဲ့စိတ်နဲ့
သံသရာတစ်ခုလုံးရှိနေတာတောင် ဒီဆေးရုံပဲပို့ပါ အော်နေတာ..
သူများအနာတွေကို ချုပ်ပေးတယ်
ကိုယ့်ကိုကျ အကြည့်စူးစူးကလေးတွေနဲ့ထိုးထိုးဖြဲတယ်။
ပတ်တီးအဖွေးသားနဲ့လည်း
စပ်ဖြဲဖြဲလုပ်နေမိပေါ့
ကြိုက်တဲ့နေရာမှာ သာမိုမီတာလာညှပ်ပါ
ဘယ်ဘက်ရင်အုံနဲ့ အနီးတ၀ိုက်ကိုတော့ခွင့်မပြုပါရစေနဲ့ ..
ပြဒါးတွေ ပေါက်ထွက်ပေပွကုန်ရင်
အလုပ်ပိုရှုပ်မှာစိုးလို့။
ထုံဆေးကို ခါးဆစ်ရိုးထဲမထည့်ဘဲ
နားထင်ထဲ ထိုးစိုက်ပစ်စမ်း
ကိုယ့်ဦးနှောက်ကြီး ထုံထိုင်းသွားတဲ့အခါ
အချစ်ကဗျာတွေဆက်ရေးနေဦးမှာလို့
လူပြိန်းဆန်ဆန် သက်သေပြမလို့ .. ။
ဒရစ်ပိုက်က ခလုတ်ကလေးကို လှည့်လှည့်ပြီး
ကိုယ့်အနမ်းတွေ အတိုးအလျှော့လုပ်မလို့လား
ကုတင်ခြေရင်းက လူနာမှတ်တမ်း(chart)မှာ
မင်းလက်ရေးပြည့်ပြည့်လေးတွေနဲ့ ရေးခဲ့လိုက်ပါ
"ကျွန်မ ရယ်သံရှရှလေးများအား
တစ်နေ့သုံးကြိမ် အကြောထဲထည့်ရန်၊
ကျွန်မ နားထင်ပေါ်က မှဲ့နက်ကလေးကို
နှာသီးဝမှာ တစ်နာရီခြားတစ်ခါ ဖွဖွတေ့ပေးရန်၊
ကျွန်မ ဆိုပြခဲ့ဖူးသော သီချင်းများကို
လူနာအလိုရှိပါက ဂွမ်းဖြင့်တစ်စက်ခြင်းချပေးရန်"။
အောက်ကနေ လက်မှတ်ထိုးပါ။ ထပ်ရေးပါ။
"ဤလူနာ၏အသက်ဓာတ်သည် ကျွန်မထံတွင်သာ တည်ရှိနေပါကြောင်း"။
သမိုင်းထဲက အချစ်သူရဲကောင်းအပေါင်း
ကိုယ့်ကုတင်ဘေးမှာ လာပြီး ဒူးထောက်ကြတယ်။
ဆေးပုလင်းလေးတွေ နေ့တိုင်းခေါင်းဖြတ်သတ်နေတဲ့အမျိုးသမီး..
တော်ရုံသတ္တိနဲ့ဘယ်သူချစ်ရဲမလဲ
ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘူး
ကိုယ့်ကိုယ်ကိုမို့ ပြောတာ .... ။   ။


ဟိန်း 


၁၀.၁၂.၁၃