Wednesday, January 1, 2014

ကျွန်မ သမ္မတကြီးဖြစ်ချင်တယ် (၂)


ကျွန်မရဲ့ကိုယ်ပိုင်ဘ၀ဆိုတာက
စက်ဘီးကလေးတစ်စီး မိသားစုတစ်စု မျိုးချစ်စိတ်တစ်ခု။
ဧည့်ခန်းဆောင် ယဉ်ကျေးမှုထက်
မီးဖိုဆောင်တစ်ခုရဲ့ခန်းနားကြီးကျယ်မှုကို ကျွန်မပိုသိတယ်
နိုင်ငံရေးဆိုတာ အဲ့ဒီကကုန်းထ ဧည့်ခန်းဆောင်ကိုဖြတ် လမ်းမပေါ်ဆင်းလာခြင်းပဲ။
ကျွန်မကိုင်လိုက်လို့
လေးကိုင်းက သက်တံ့ကြီးဖြစ်သွားရင် ကျွန်မ ပျော်တာပေါ့။
တစ်သက်မှာတစ်ခါဖြစ်တဲ့ ဆာမူရိုင်းသူရဲကောင်းတွေလို
တစ်နှစ်မှာတစ်ခါပွင့်တဲ့ ဆာကူရာပန်းလေးတွေကို ကျွန်မ ချစ်တယ်။
သစ္စာရှိဖို့ဝန်လေးနေတဲ့ ပိတောက်တွေ
ကျွန်မအိမ်ထဲ တစ်နှစ်တစ်ခါ လာပွင့်နေတာကို ကျွန်မချစ်တယ်။
ကျွန်မ အိမ်မှာမွေးထားတဲ့အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လောက်မှ သဒ္ဒါမှန်အောင်မချစ်တတ်တဲ့လူတွေကိုတော့ ကျွန်မမှာမုန်းပိုင်ခွင့်ရှိတာပေါ့
ဒါ ကျွန်မရဲ့ဒီမိုကရေစီပဲလေ။
ရှင်တို့ သိပ်အံ့သြသွားနိုင်တယ် ကျွန်မ မာရီကျူရီ ကိုကြိုက်တယ်
သူက ဇွဲရှိတယ် ထက်မြက်တယ် တော်တယ် အနစ်နာခံတယ် ပြီးတော့ အဆင်းရဲခံနိုင်တယ်
လူးနေလိမ့်နေတဲ့ကမ္ဘာကြီးလွင့်မသွားအောင် သိပ္ပံပညာမှာ အသက်စွန့်တယ်။
ဓါးသွားလိုလက်ပနေမယ့် ဥာဏ်ပညာပေါ်က ပျားရည်ကိုလျှာနဲလျက်ရမယ်ဆိုလည်း
ဆင်ခြင်တုံတရားအတွက် လျှာပြတ်သွားပါစေ ကျွန်မလျက်မယ်
ခေါင်းမပြတ်သွားဖို့အရေးကြီးတယ်မဟုတ်လား။
ယူချင်ရင်
         ယူလိုက်ပါ
ခု ကျွန်မရောက်နေတဲ့နေရာအထိ။
သွေးတစ်စက်ပြုတ်ကျလာတိုင်း လက်ခုပ်ထတီးတတ်တဲ့
ဒီစစ်ပွဲတွေအလယ်မှာ။
ချွေးအစက်စက်နဲ့သံသရာအဆက်ဆက် ဖလော်ရင့်နိုက်တင်ဂေးလ်လိုလည်းကျွန်မသွားချင်
ကျွန်မဟာ ဒေါက်တာနော်မန်ဗက်သွန်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ညည်းသံတစ်ချက်ကြားတိုင်း
လူနာကုတင်တစ်လုံးလို လန့်လန့်အော်တတ်တဲ့ ကုတင်တစ်လုံးဟာ ကျွန်မပါ။
နိုင်ငံရေးလုပ်တယ်ဆိုတာ
ငြိမ်းချမ်းရေးကိုရှာတာ နာကျင်မှုကိုဖျောက်တာ အာဏာရှင်ဆိုတာတွေကို အစသေအောင် အဆုံးသတ်တာ။
ဝုန်းဒိုင်းကြဲနေတဲ့ မိုးရာသီတစ်ခုရဲ့
ခိုလှုံစရာမရှိတဲ့တံစက်မြိတ်အောက်ကနာကျင်မှုတစ်ခုကို
ကျွန်မရင်ငွေ့တွေနဲ့နွေးထွေးပေးလိုက်ချင်သလို
အမြင့်ပျံငှက်တစ်ကောင်ဖြစ်ခဲ့ရင်လည်း
ကျွန်မအတောင်ပံတွေနဲ့ ကမ္ဘာကြီးကိုအရိပ်ထိုး မိုးပေးခဲ့ချင်တယ်။
အို ဥရောပ
ရှင်တို့စားနေသလို ကျွန်မကလေးတွေကို စားစေချင်တယ်
အိုအမေရိက
ရှင်တို့ဝတ်ထားသလို ကျွန်မကလေးတွေကို ၀တ်စေချင်တယ်။
အို အာရှတိုက်ကြီး
ရှင်တို့ ပွဲလန်းသဘင်တွေသွားသလို ကျွန်မကလေးတွေကို သွားစေချင်ပြီး
ကျွန်မကလေးတွေကို
ရှင်တို့ကစားစရာတွေနဲ့စားစရာတွေကိုဝယ်ပေး/ကျွေး ပျော်မွေ့ပေးလိုက်ချင်တယ်။
ဒီလောကကြီးရဲ့
ခဏတစ်ဖြုတ်ကမ္ဘာကြီးမှာ မောင်းဖြုတ်ခံနေရတဲ့ ကျွန်မကလေးတွေဟာ
ဆဲလ်မွန်ငါးတွေလို ဆန်တက်နေရတယ်။
ကျွန်မ မိသားစုဟာ ခုမှ ဂူထဲကကျွံထွက်လာသလို
သစ်ကိုင်းခြောက်လေးတွေပွတ်တိုက် ဆောင်းကိုအန်တုနေရတယ်။
ကျွန်မ တော်ဝင်နန်းတော်ကြီးထဲမှာထိုင်နေပြီး
အရှေ့ဘက်က နေလုံးကြီးကို အမိန့်ပေးမနေချင်ပါဘူး။
ဂိုးတိုင်ဘေးနားမှာ ကျုံ့ကျုံ့ကလေးထိုင်ပြီး
ကိုယ့်အသင်းကိုယ် အင်တိုက်အားတိုက်အားပေးမယ့် ပရိတ်သတ်တစ်ယောက်လို
ကျွံလာတဲ့ဘောလုံးတိုင်းကို မှုတ်ထုတ်ပေးနေချင်တယ်။
ရောမခေတ် ကျွန်တွေလို
ကျောက်တုံးတွေကို တောင်ကုန်းတွေပေါ်တွန်းတင်ခိုင်းပြီး
အဆင်းဘီးတပ်ပြန်လွတ်ပေးလိုက်ခြင်းခံရတဲ့ ဒီလူအုပ်ကြီးအတွက်
ကျွန်မ ချွေးနည်းစာလေးကိုချကျွေးခဲ့ချင်တယ်။
မောတာပေါ့ရှင်
ကျွန်မက ၁၈ နှစ်သမီးမှ မဟုတ်ပဲ
လျှို့ဝှက်လက်နက်ပုန်းတွေနဲ့ လုံးဝန်းနေတဲ့ လွှတ်တော်ထဲမှာ ကျွန်မမောတာပေါ့။
ကတုတ်ကျင်းတွေ ခံတပ်တွေ သံချပ်ကာကားကြီးတွေအတွက်တော့
ကျွန်မမှာရှိတာက လူထုကြီးရယ်ကျွန်မကိုယ်ပိုင် ချစ်ခြင်းမေတ္တာရယ်၊ ဒါပါပဲ။
ဒီနွံဟာ လှုပ်ရင်မြုပ်မယ်ဆိုတာ ကျွန်မသိတာပေါ့
ဒီမြားဟာ စူးဝင်ရင်နှုတ်ရခက်မယ်ဆိုတာလည်း ကျွန်မသိတာပေါ့။
ဒါပေမယ့် ရခဲ့ပြီ
ဒီမပြတ်သားေ၀၀ါးလှတဲ့ ဒီဝိုးတ၀ါးကမ္ဘာကြီးရဲ့ ဒီမြူလို နှင်းလိုအခိုးအငွေ့တွေဟာ
ကျွန်မ မသိအောင်ခိုးသောက်နေတဲ့ ကျွန်မသားလေးရဲ့ဆေးလိပ်မီးခိုးတွေဖြစ်ခဲ့ရင်လည်း
ဒါကိုကျွန်မ ကျေနပ်ခဲ့ပြီ
မိသားစုဆိုတာ ကျွန်မမိထားတဲ့ ကမ္ဘာကြီးပဲ ၊ ဒါကြောင့်
ကမ္ဘာကြီးကို ဘေးရန်ကာဆီး အန္တရယ်မီးတွင်းထဲကဆွဲနှုတ်ချင်လို့
ကျွန်မ သမ္မတကြီးဖြစ်ချင်ရတာပဲ။

ခရမ်းပြာထက်လူ

(   ၁ ၊ ၁ ၊ ၁၄  )

အောင်မြင် ဆန်းပြား ကမ္ဘာကြီးနဲ့ စုလျားရစ်ပတ် စီးဆင်းနေသော ကြည်လင်တဲ့ရေ



ဒီတိုင်ကပ်နာရီကြီးရဲ့အော်သံက
ဘုရားနဲ့ဆူးခြုံပုတ် မှား မရှင်းပစ်ဖို့လိုတယ်တဲ့။
ခင်ဗျားလာရင် ကျွန်တော်ထပြီးမတ်တပ်မရပ်ပေးနိုင်ပေမယ့်
ကျွန်တော်မတ်တပ်ထရပ်ရင် သူမရောက်နေပြီဆိုတာ သေချာပြီ။
သူတော်စင်တစ်ပါး မဟုတ်ပေမယ့်
သူမဟာ တော်တော်စင်ကြယ်မှန်း ကျွန်တော်တို့ သိကြတယ်။
သူမကိုကြည့်ရတာ
ကျွန်တော့်အတွက်တော့ လေဘာတီလွတ်လပ်ရေး အရုပ်ကြီးတစ်ရုပ် ရပ်နေသလို
သူမကိုကြည့်ရတာ
ကျွန်တော့်အတွက်တော့ မဟတ္တမဂန္ဓီကြီးနဲ့ နယ်လ်ဆင်မန်ဒဲလားအကြားရောက်နေသလို။
အနာဂတ်ကိုသွားဖို့ ကျွန်တော့်မှာ ဗုဒ္ဓ ရှိတယ်။
အတိတ်ကိုပြန်လည်စဉ်းစားဖို့ ကျွန်တော့်မှာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။
ပစ္စုပ္ပန် တည့်တည့်ရပ်နေနိုင်ဖို့အတွက်တော့ သူမ ရှိခဲ့တယ်ပေါ့။
ကိုယ့်လူရေ
ခေတ်ကာလ သားသမီးများရဲ့ဘ၀အရေးဘ၀တာ ညရေးညတာအတွက်ဆို
သူမဟာ ကြယ်သီးလေးတစ်လုံးဖြစ်ရင်တောင်
ရင်ဝတည့်တည့်ပြေးဝင်လာနေတဲ့ ကျည်ဆန်တစ်တောင့်ကို သူ့အသက်နဲ့လဲ
ကာကွယ်ပေးသွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထင်မြင်နေမိခဲ့လေပေါ့။ ။

ခရမ်းပြာထက်လူ

၂၀၁၃ ၊ ဒီဇင်ဘာ

အော်တာနေးတစ်ဗ် နိုင်ငံတော်



တော်လှန်ရေးကို စကောထဲထည့်ပြီး
စောက်မနက်မချင်း လှောင်ပြောင်၊ နိုင်ငံရေးကိုလျှာပေါ်တင်ပြီး
ဆီးစပ်အထိ မရောက်မချင်းလှုပ်ချ၊ ဟာသလုပ်
အရင်းခေါက်ခေါက်ကြီးတွေ အဲ့ဒီ အရင်းကောက်ကောက်ကြီးတွေ
မြေကြီးနဲ့မြစ်ကြီးကိုပြစ်ထားပြီး လင်ငယ်နောက်လိုက် တိုက်ဆောက်/သိုက်စောင့် ၊ လိုင်းပျောက်
အရင်းအနှီးနည်းလွန်းတဲ့တာတိုအပြေးသမားတွေ လမ်းထွင် တန်းဝင် ပန်းဝင်ဖို့ကြိုးစား
အရင်ဘ၀ကလည်း အရာရှိဖြစ်ဖူးတော့ ဒီအရသာကို ဒီအရှိုးရာတွေနဲ့မလဲနိုင်ဘူး။
ခင်ဗျားတို့ဟာလေ
ဖဲလိမ်ရိုက်ပြီး ဖင်လိမ်ကချင်သေး
ပြီးမှ အာပေါင်အာရင်းသန်သန် အမဲရိုးနံ့ကိုခုန်အုပ်မလို့
စာသင်ချိန်ကို ခိုးပြီးထွက်လာကြတယ်။
စိန်တစ်ပြည်စာနဲ့ဆင်တစ်စီးစာရရင်အိမ်ပြန်မယ်
မျက်နှာနဲ့မြက်ပင်ကြီး မြင်းအကန်ခံထားရပုံနဲ့ ဖားပြုပ်ကြီးများ။
သူများထက်ပိုချစ်ပါတယ်အချိုးနဲ့ ဘောင်းဘီချွတ်ပြီးလည်းဝင်လာတယ်
တယ်ရီယာခွေးလေးတစ်ကောင်လောက်မှ သစ္စာမရှိစာအုပ်
ကလေးတစ်ယောက်ရဲ့ သေးအစိုခံဘောင်းဘီလောက်မှ မသန့်ရှင်းတဲ့ရှပ်အင်္ကျီ
အပင်းတွေအန်ထုတ်ပြီးအသိုက်လုပ် ခွေလိုက်တယ် ဇီဝဇိုးငှက်တဲ့၊ တဟွပ်ဟွပ်ချောင်းဆိုးခြင်းနဲ့ မြောင်းဆိုးတွေ။
နိုင်ငံတော်အလံကိုနောက်ခံလွှင့်လို့ အမိအရပြေးလာနေတဲ့ နောက်ကျောထိုးဓားတွေက တလူလူတလွှင့်လွင့်နဲ့တလက်လက် ပွက်ပွက်ညံဗွက်ထ ပွပလဲ။
ဆွေမျိုးကိုယုံခဲ့တယ်
သားသမီးကိုယုံခဲ့တယ်
နောက်ထပ် ဘာကိုထပ်ယုံရဦးမှလည်း
စုံလုံးကန်းပြေးစရာမြေမရှိတော့တဲ့ နိုင်ငံတော်ကြီး။ ။

ခရမ်းပြာထက်လူ

၂   ၀   ၁   ၃

ဘောလုံးတစ်လုံး ၁၁ မီး အကနဲ့ လင်းသဏ်းညီရဲ့ ခေါင်းပြတ်တွေ



ဦးခေါင်းကြီးတစ်လုံးကို မြက်ခင်းပြင်ပေါ်ချ
လှိမ့်လှိမ့်ပြီးကန် ၊ မင်းမဟုတ်ရင်ငါ ဒီခေါင်းပြတ် ငါမဟုတ်ရင်မင်း
စတေဒီယဲမ်ပေါ်မှာ ငါတို့ကိုယ်ထည်ကြီးတွေ အင်နဲ့အားနဲ့
အားနဲ့အင်နဲ့ လူဖြစ်ရှုံးရပုံ။
ထိအောင်ကန်
မင်းတစ်ယောက်ကိုသိရုံနဲ့ ငါတို့အကုန်လုံးကိုသိသွားမယ်
ဟေ့ ထိအောင်ကန်
အကောင်းဆုံး သံတမာန်
ဘောလုံးဆိုတာ
ကမ္ဘာကြီးရဲ့အကောင်းဆုံးပုံရိပ်။
မင်းမထိအောင်ကန်တဲ့နေ့က ငါတို့အားလုံး
ရှိသမျှ အမွေအားလုံးဖြတ်လို့ မင်းတို့ရှေ့ရောက်လာခဲ့တယ်
နိုင်ငံတော်သီချင်းကိုတောင် အတူတူလိုက်ဆိုလို့။
အဲ့ဒီနေ့က
အမဲလိုက်ခွေးတစ်ကောင်လို သွားရည်တမြားမြား လျှာတရမ်းရမ်းကျလို့
မင်းတို့ကိုမော့ကြည့်ဖို့ မင်းတို့နောက်လိုက်ခဲ့တယ်
ဒါဟာ
ကိုယ့်သေတွင်း ကိုယ်လာငုံ့ကြည့်သလိုသာဖြစ်ခဲ့ရ။
ကြည့်လိုက်ရင်
ကြယ်ဝင်စားတွေလိုလို ဂျီးနီးယဲ့စ်တွေလိုလို
ကြည့်လိုက်ရင်
ကမ္ဘာအသစ်တစ်ခုရထားသလိုလို တစ်ကိုယ်တော်လူစွန့်စားသူရဲကောင်းတွေလိုလို
နောက်ဆုံးတော့
လိုးရှဲန်းလူးပြီးကျော်ကြားနေတဲမိန်းမတွေလို လိုနေတဲ့ကောင်တွေသာဖြစ်ခဲ့။
ထိုက်တန်တယ်
အလံတွေမီးရှို့ပစ်သလို မင်းတို့အင်္ကျီတွေကို မီးရှို့ပစ်ခဲ့တာ။
ထိုက်တန်တယ်
မင်းတို့ကို ကိုင်မပေါက်ရလို့ ခုံတွေကိုရိုက်ချိုးကိုင်ပေါက်ပစ်ခဲ့တာ။
ကမ္ဘာကျော်သူဌေးကြီးတွေ ခရိုနီကြီးတွေလို
တစ်စက္ကန့် တစ်မိနစ်ကို ဒေါ်လာတစ်ရာမ၀င်ပေမယ့်
ငါတို့ရဲ့မိနစ် ၉၀ ကိုတော့ ငါတို့အလွန်ပဲ နှမျောခဲ့တယ်။
လက်ပူတိုက်ထားတဲ့ အောင်မြင်မှုတွေကို ငါတို့မလိုချင်ပေမယ့်
ဆေးမီးတိုတိုက်ထားတဲ့ ဒီတစ်ပွဲရဲ့အသက်ကိုတော့ ငါတို့ မှီချင်ခဲ့တယ်။

မြက်ခင်းပြင်ကြီးပေါ်လှဲချ ကြယ်တွေကိုကြည့်ပြီးကြွေမနေပါနဲ့တော့ကွာ
ကျောနဲ့ရင်ချိန်းပြီး ငရဲကိုသာစိုက်ကြည့်နေလိုက်ပါတော့။
ကမ္ဘာကြီးနဲ့တူတာဆိုလို့ ဘောလုံးပဲရှိတာ
အဲ့ဒီဘောလုံးကို ဖရဲသီးတစ်လုံးလိုကန်ခွဲ စိမ်းနေတဲ့မြက်ခင်းပြင်ကြီးပေါ်မင်းတို့ကြဲပက်ချလိုက်တယ်
သွေးခဲတွေလား မီစတွေလား မင်းတို့ဝတ်ထားတဲ့နိုင်ငံတော်ဆိုတာလား
၅ တန်းနဲ့ပြိုင် ဘယ်တော့မှမနိုင်တဲ့ကောင်တွေရှေ့ရေး အမေရင်လေးပါဘိ။ ။

ခရမ်းပြာထက်လူ

၂၀၁၃၊ဒီဇင်ဘာ

အမေ့ရဲ့လုံခြုံရေး



တောင်တန်းကြီးတွေကာထားဖို့မလိုပေမယ့်
ကျွန်တော်နဲ့တော့ ကွယ်ထားပါ အမေ။
ညည ထဘီတန်းအောက်က ဖြတ်လျှောက်လာတဲ့ ခွေးလေခွေးလွင့်တွေကို
ကျွန်တော် စိတ်မချဘူး။
ညည ကောင်းကင်ပေါ်က စိုက်စိုက်ကြည့်နေတဲ့ ကြယ်တွေကို
ကျွန်တော် စိတ်မချဘူး။
နေ့ခင်းကြောင်တောင် အလစ်ထိုးသုတ်တတ်တဲ့ ကျီးကန်းငှက်တွေကိုရောပဲပေါ့။
ကျည်ကာ အင်္ကျီတွေအထပ်ထပ်မလိုအပ်ပေမယ့်
ကျွန်တော်တို့နဲ့တော့ ကွယ်ထားပါအမေ။
ပိုက်ဆံ ဘယ်လောက်ရှိရှိ
နောက်ထပ်ဝယ်လို့မရတော့တာဟာ အမေဖြစ်နေလို့ပါ အရှင်မြတ်ဘုရား။ ။

ခရမ်းပြာထက်လူ

၂   ၀   ၁   ၃

စစ်ရဲ့အဇ္ဈတ္တ



စစ်ပွဲတစ်ပွဲရဲ့စိုးရိမ်မှုက သေစရာလူမရှိတော့မှာကိုပဲ။
စစ်ပွဲတစ်ပွဲရဲ့တုန်လှုပ်မှုက
နောက်ထပ်မိန်းမတွေ ကိုယ်ဝန်ဆောင်ဖို့
နောက်ထပ်ယောက်ျားတွေ ထပ်ရောက်မလာတော့မှာကိုပဲ။
စစ်ရဲ့ခြောက်ခြားမှုကတော့
ကမ္ဘာပျက်ဖို့အတွက်ကို ရည်းစားကိုမျှော်သလို နာရီတကြည့်ကြည့်နဲ့။ ။


ခရမ်းပြာထက်လူ

ကမ္ဘာကြီးကပြောတယ် မင်းမောင်းတဲ့ကားကိုငါလိုက်စီးမယ် ပြီးတော့ မင်းတောင်းသလောက် ငါပေးမယ် ဟေ့ ဘယ်လိုလဲ ခေတ်လူငယ် တဲ့


ဒီ့အတွက် လိပ်ပြာလွင့်ရမယ်ဆိုလည်း
ငါတို့လိပ်ပြာ ရှေ့ကဥယျာဉ်ကြီးအတွက်ပဲဖြစ်ရမယ်
ဥယျာဉ်ကြီးထဲမှာက
ကလေးတွေ အဘိုးအဘွားတွေ သားသည်အမေတွေ။

နေကိုရင်ဆိုင်ပြီး လကိုကျောပေးထားတယ်
အမေ ကျေနပ်တဲ့သား။
ညည သူထထသွေးတဲ့ဓါးက လက်လက်ထနေတဲ့ကြယ်တွေ
အဖေ ကျေနပ်နေတဲ့သား။

ရွပ်ရွပ်ချွန်ချွန် ဖိအားပေးနေတယ်
မသန့်ရှင်းသော လေများ မသန့်ရှင်းသော ရေများ
ဒီမြေပုံပေါ် မစီးဆင်းစေရ။

ဘလိတ်ဓားရှလို့ပဲဖြစ်ဖြစ် ခလုတ်တိုက်မိလို့ပဲဖြစ်ဖြစ်
သွေးမထွက်မိစေနဲ့ လန့်မအော်မိစေနဲ့
ငါးမန်းတွေလို မျောလာပြီး ကျားသစ်တွေလိုလျှောက်လာလိမ့်မယ်။

ပုခက်ထဲက ကလေးရဲ့ငိုသံအထိ နား,နားစွင့်ထားတယ်။

ရှင်းနေတာကို ရှုပ်အောင်လုပ်ထားတဲ့ရွှေကိုင်းနား/သားတွေဆီ
ရွှေခေတ်ကြီးကိုင်လို့ လာ,လာနေတယ်
ရွေ့မပြေးနဲ့ တရှဲရှဲမြည်လို့ တရွှင်ရွှင်တလန်းလန်းလာနေတယ် လမ်းမကြီးတွေကိုက်ချီလို့နဲ့ ကီးအမြင့်ဆုံး ကုန်းအမြင့်ကြီးတွေကျော်လို့။ ။

ခရမ်းပြာထက်လူ

၂   ၀   ၁   ၃