Friday, January 2, 2015

မွေးနေ့လက်ဆောင်


ဖွဖွလေး ဖွင့်ဖြည်းဖြည်းလေး ထုတ်
ချစ်ခြင်းမေတ္တာကို လက်မှာ တစ်သက်လုံး စွပ်ထားဖို့
ကိုယ်တို့နှစ်ယောက်အကြောင်းကို အသည်းပုံလေး ထွင်းထားတယ်

နေကောင်းရဲ့လား
အဆင်ပြေရဲ့လား
လွမ်းဆွတ်ခြင်းတရားနဲ့ မွေးနေ့ကိတ်လေးတစ်ခုလုပ်ပြီး
မင်း နာမည်ကလေးကို မြတ်မြတ်နိုးနိုးရေးမိတယ်
မေသူဘုန်းနိုင်
သံသရာအဆက်ဆက် နှင်းတွေကြားမှာပွင့်ခဲ့ရပါသော ချယ်ရီပန်းကလေး … ။

သစ္စာရှိကြစို့ …
ရှေ့ဆက်သွားကြစို့ …
ပြီးတော့ …. လက်စွပ်ကလေးကို အမြဲဝတ်ထားဖို့ ။
လက်သူကြွယ်လေးကို သစ္စာတရားနဲ့ နမ်းရှိုက်မိတဲ့အခါ
လက်စွပ်ကလေးကို ကိုယ့်နှုတ်ခမ်းတွေ ထိတွေ့မိမှာပဲ … ။

အဝေးက သတိရခြင်းမှာ
အဝေးပြေးလမ်းမပေါ် ချခင်းထားတဲ့ အဆွေးတွေနဲ့
တစ်ဘဝလုံးအတွက် ပေးဆပ်ရူးသွပ်ထားသူတစ်ယောက်လေ ..
မင်း နဖူးကလေးကို နေမထိထိုင်မသာ လွမ်းနေလေရဲ့

မွေးနေ့ကစ တစ်သက်တာ ပျော်ရွှင်ပါစေကွယ်
မင်းကို ချစ်တဲ့စိတ်နဲ့ ...
ကိုယ်တို့နှစ်ယောက်လည်း ပျော်ရွှင်ရပါတယ်။
ကိုယ်ရယ် ၊ လက်စွပ်ကလေးရယ် ။

ဟိန်း

မိုင်(၁၀၀)ခန့် ပိုမိုဝေးကွာ


ဒီရက်ပိုင်းတွေ ...
မြို့ကလေးရဲ့ ပါးစပ်ဖျားမှာ
သူ့နာမည် အပ်ကြောင်းထပ်ရော့မယ်။

ဆက်သွယ်မှုဧရိယာပြင်ပကို
သူ့ကိုယ်သူ ပစ်လွှတ်လိုက်တော့
အလုပ်တာဝန်တွေ၊ မြို့ပြအမောတွေ၊
နေ့စဉ်ပုံစံခွက်လူနေမှုစတိုင်လ်တွေ ထားခဲ့တယ်
ပြီးတော့ ငါ့ကိုလည်း ထားခဲ့တယ်
chat box ထဲက အသည်းပုံလေး သတိမရဘူးလား
ဖုန်းလိုင်းထဲက ဂစ်တာကော့ဒ်တွေ သတိမရဘူးလား
စိတ်လိုလက်ရ ချော့သိပ်ခြင်းတွေ သတိမရဘူးလား
နဂိုအကွာအဝေးနဲ့တင်
ညညအိပ်မက်ဆိုးတွေမက်ဖို့ လုံလောက်နေပြီးသားပါ

တစ်မြို့လုံးအိပ်မောကျနေချိန်
ငါ့အသံမပါတဲ့ညထဲ အိမ်ရှေ့က ဒန်းကလေးဆီ
ခပ်ဆွေးဆွေးလေး ငေးနေမလား
ငါ့မှာလည်း မြန်မြန်ပြန်လာ မြန်မြန်ပြန်လာ လို့
စာရွက်လွတ်တွေပေါ် တစ်ညလုံးချရေးနေတာ
အချစ်ကို ရှာဖွေတွေ့ရှိတာကလွဲလို့
ဒေသန္တရဗဟုသုတခေါင်းပါးသူပါ
လွမ်းတာတောင် မြန်မာပြည်မြေပုံကလေး
လက်နဲ့ထောက်ထောက်ပြီး လွမ်းရ ။

ဒီရက်ပိုင်းတွေ ...
ငါ့ရဲ့ ပါးစပ်ဖျားမှာ
သူ့မြို့ကလေးနာမည် အပ်ကြောင်းထပ်တော့တယ်။


ဟိန်း

နှစ်သစ်ကူး


၂၆ဘီလမ်းမှာ ရွှေစာလုံးနီနီကြီးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
လမ်း၈၀က ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေ သိပ်မိုက်တာပဲ
ဝေးဝေးကကြည့်ရင် ပိုမိုက်တယ်
ကြည့် . . . ကြည့် ။
နန်းရှေ့၆၆လမ်းမှာ မီးပုံးနီနီလေးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
မြောက်ပြင်၁၂လမ်းမှာနဂါးအကနဲ့ဖျော်ဖြေတာ သိပ်ကောင်းတာပဲ
ဝေးဝေးက ကြည့်ရင်ပိုကောင်းတယ်
ကြည့် . . . ကြည့် ။
ဒေသထွက် အကောင်းဆုံးပါဖောမန့်စ်ကို ကြည့် . . . ကြည့် ၊
အရမ်းဂွတ်တယ်
ကျုံးရေကို တစ်ကျိုက်တည်းကုန်အောင်သောက်၊
နန်းမြို့ရိုးပေါ် တစ်ချက်တည်းရောက်အောင်ခုန်၊
ပြီးမှစိန်ဗေဒါကြေးရုပ်ထုရှေ့ ဗျပ်စောင်းတီးပြနေတဲ့ ပြကွက်လေ။
ဝေးဝေးက ကြည့်ရင်ပိုဂွတ်တယ်
ကြည့် . . . ကြည့် ။

ပိုလှတယ်၊ ပိုမိုက်တယ်၊ ပိုကောင်းတယ်၊ ပိုဂွတ်တယ် ဆိုလို့
ဝေးဝေးကနေ ပျော်ပျော်ကြီးကြည့်နေကြပါတယ်
သတိဝင်လာတော့ . . . ငါတို့ ..
မြစ်ငယ်တံတားထိပ်ရောက်နေပြီ
အောင်ပင်လယ်ရောက်နေပြီ
ပုသိမ်ကြီးရောက်နေပြီ
ရှမ်းကလေးကျွန်းရောက်နေပြီ
ရွှေကျင်လမ်းခွဲရောက်နေပြီ
ကြည့် . . . ကြည့် ။


ဟိန်း

ပြိုင်ပွဲ

သူပိုင်တဲ့ မှဲ့ကလေးတွေကို
ကိုယ့်နှုတ်ခမ်းနဲ့ တစ်ခါထောက်တိုင်း
တစ်မှတ်ရတယ်
သူပဲ ဒိုင်၊ သူပဲ ပြိုင်ဘက်။

သူ့သွားလေးတွေ ကိုယ့်ပခုံးထဲနစ်ဝင်သွားတဲ့အခါ
တစ်မှတ်ပြန်ပေးရတယ်
ကိုယ်ပဲ ဒိုင်၊ ကိုယ်ပဲ ပြိုင်ဘက်။

သံသရာဟာဘယ်မှာဆုံးလဲ
ကိုယ်တို့ကို မေးကြလိမ့်မယ်
အမြဲတမ်းသရေကျနေမယ့်ပွဲကို
အမြဲတမ်းကစားသွားမှာမို့။

ဟိန်း

၆.၁.၁၄

ရွှေတိဂုံ


လုံခြုံရေးယူနီဖောင်းနဲ့ပန်းရောင်းနေသူတွေအနောက်မှာ
မလုံခြုံတဲ့ ဘ၀တွေကို လှမ်းမြင်ရတယ် . . .
ခြေထောက်အောက်က ဖိနပ်ကို ခြင်းထဲထည့်ပေးပြီးမှ
နေရောင်ခံထားတဲ့မြေကြီးဟာ
ပူလောင်လှပါလားလို့ တရားရမိသူတွေထဲ
ကိုယ်တို့ မပါချင်ဘူး။
ဓာတ်လှေကားအ၀င်မှာ ဘယ်နှယောက်လို့ ရေးထားသလဲ
ဆံ့သလောက်တော့ တင်ပေးတာပါပဲ။
လူတွေ အရမ်းရှုပ်ပြီး
စိတ်တွေ အရမ်းရှင်းတဲ့ ငြိမ်းချမ်းသောအရိပ်။
ပျော်စရာမိသားစုကလေးတွေမြင်တိုင်း
အသားမာတွေနဲ့ လက်ဟာ
ဟမ်းချိန်းနဲ့ လက်ကလေးကိုတင်းတင်းဆုပ်မိတယ်
မျက်လုံးတွေနဲ့ပဲ စကားတွတ်ထိုးကြ . . .
ရှက်ရွံ့ကြည်နူးစွာငုံ့သွားတဲ့နဖူးကလေးဟာ
ကိုယ့်အကြည့်ကြောင့် ပွန်းပဲ့သွားမလား စိုးရိမ်စိတ်နဲ့ . .
ရင်ပြင်တော်ကျောက်ပြားတွေပေါ်
အကြည့်ကို ထိုးစိုက်ထားလိုက်မိပေါ့ ။
ရွှေရောင်ဝင်းမြသော
ဦးခိုက်မိရာ မြတ်ဘုရားရှေ့တော်မှောက်
တစ်ခုတည်းသော အလိုရှိရာကို
နှစ်ယောက်အတူတူဆုပန်လို့ . . .
ညွတ်တွားပူဇော်ရာက ပြန်အထ
'မြဲသောသစ္စာ'ဆိုတဲ့စကား ဖွဖွကလေးရေရွတ်မိကြတယ်
တစ်ယောက်အသံဟာ
တစ်ယောက်နားထဲမှာ
ဘယ်တော့မှ မထွက်တော့ ။


ဟိန်း

၂.၁.၁၄

လူသတ်သမားရဲ့ ညစာ ◄ နှင်းခါးမိုး ► ( အနောက်မြောက်လွင်ပြင် ကဗျာဆုရ ကဗျာ )

လူသတ်သမားက
သွေး အေး တယ်

သွေးမခြောက်သေးတဲ့ လက်နဲ့
စီးကရက်ကို မီးညှိပုံ၊
သူ သတ်ထားတဲ့ အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲက ထလာသလို
လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေ ဆူညံ
ရဲတွေ ရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမည်းကြီး နဲ့ ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို
တီဗွီက မကြာမကြာ ထုတ်လွှင့်နေ
တစ်မြို့ လုံးကလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့ သတ်သလား
လူကိုလိုလို့ သတ်သလား
တစ်ခါက ရန်ငြိုးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်း လို့
စုတ်သပ်သူက သပ်
အတင့်ရဲလေခြင်း လို့
ဒေါကန်သူက ကန်
ရှေ့ က လမ်းချိုးအကွေ့ အမှောင်ရိပ်ထဲ
လူသတ်သမား စောင့်နေမလား လို့
ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊

( ဒီလိုနဲ့ ) မြို့ ကလေး ထဲ
ည အမှောင်ထုက တွားသွားဝင်လာ
တံခါးတွေ စောစောပိတ်
မီးတွေ စောစောမှိတ်ကြ
စောစောတော့ အိပ်မပျော်နိုင်ကြ။

လူသတ်သမား ကော
ဒီအချိန်ဆို ညစာ စားနေလောက်ပြီ
ဝိုင်ကလေး သောက်လိုက်
စပျစ်သီးလေး မြုံ့ လိုက်နဲ့လေ
ပြီးတော့
မနက်က သွေးစွန်းခဲ့တဲ့ သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့ စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေး ပြုံးမယ်၊
သူ တွေးမိမှာက
တစ်ယောက်ကို သတ်လိုက်ရုံ နဲ့
တစ်မြို့လုံး သေဆုံးသွားခဲ့တဲ့ အကြောင်း။


နှင်းခါးမိုး

Thursday, July 17, 2014

အစိမ်းသေ - မောင်အောင်ပွင့်

အိမ်ရှေ့ရေမြောင်းမှာ တဲ့
မြောင်းမှာ ... ။
ကွန်ပစ်တယ် တဲ့
ပစ်တယ် ... ။
အိကျနေတဲ့ ဓာတ်ကြိုးမှာ ကွန်ငြိတယ် တဲ့
ငြိတယ် ... ။
ဖြုတ်ဖို့ လုပ်တယ် တဲ့
လုပ်တယ် ... ။
ဝါယာပေါက်တဲ့နေရာကိုမှ ကိုင်မိတယ် တဲ့
ကိုင်မိတယ် ... ။
ဓာတ်ကြိုးကို ဆုပ်လျက်သားနဲ့
အားခနဲ
တစ်ချက်ပဲ အော်လိုက်နိုင်တယ်။
ရေမြောင်းထဲ ပြုတ်ကျတယ် တဲ့
ကျတယ် ... ။
လူတွေ
ဝိုင်းအုံလာကြ
ဝါးလုံးထိုးပေးတယ်။
မပေးနဲ့ မပေးနဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
ဓာတ်ကြိုးကို ဓားနဲ့ ခုတ်ဖြတ်ဖို့လုပ်တယ်
မခုတ်နဲ့
ဓာတ်လိုက်မယ်
တားကြတယ် ၊ တားကြတယ် ။
အောင်မျိုးကျော်
ခများလေး ကောက်ကွေး တွန့်လိမ်
ထွန့်ထွန့်လူးရာက ငြိမ်ပြီ တဲ့
ငြိမ်ပြီ ... ။
သေနေစေ့လို့ တဲ့
စေ့လို့ တဲ့
မှတ်ချက်ချသံ ကြားရတယ်၊ ကြားရတယ်။
ဟုတ်လိုက်လေ
သေတဲ့နေ့
သေနေ့စေ့တာ
သေနေ့စေ့လို့ သေတာ။
သေကြ
သေကြ ။

မောင်အောင်ပွင့်