(တစ်)
ခရစ်နှစ် ၂၀၁၂ ခုနှစ်ထဲ၌ ဖတ်ရှုဖြစ်ခဲ့သော သတင်းအတိုအထွာကလေးများအနက် ကျွန်တော့်စိတ်ကို အလှုပ်ရှားစေဆုံးနှင့် ကျွန်တော့်လိပ်ပြာကို အနှိုးထစေဆုံး သတင်းကလေးတစ်ပုဒ်၏ အကြောင်းကိုများ လက်တို့စမ်းပါဦးဟု ပြောလာခဲ့သည်ရှိသော် ကျွန်တော်ကတော့ ချယ်ရီပန်းများ ပွင့်ကြသည့် သတင်းကလေးကိုပဲ လက်ဆင့်ကမ်းလိုက်ချင်ပါသည်။ ဟုတ်ပါသည်။ ချယ်ရီပန်းတို့ပွင့်သော သတင်း။ သတင်းအရင်းအမြစ်က ဂျပန်နိုင်ငံက လာပါသည်။ ယခုနှစ် ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တုန်းက ထုတ်ပြန်လိုက်သည့် သတင်းပဲ ဖြစ်ပါသည်။ ဂျပန်နိုင်ငံတော်အစိုးရ မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက ထို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ကို ဂျပန်နိုင်ငံတော်တစ်ဝန်းလုံး၌ ချယ်ရီပန်းများ စတင်ပွင့်ကြသောနေ့အဖြစ် ကြေညာလိုက်ကြောင့် ချယ်ရီပန်းပွင့်သောရာသီ စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည့် သတင်းကလေးပဲ ဖြစ်ပါသည်။
လူတွေလူတွေ တိုကျိုတစ်မြို့တည်းမှာပင်လျှင် သိန်းနှင့်ချီကာ ပန်းခြံတွေရှိရာဆီသို့ ရောက်လာကြပြီး ရွှင်သောမြူးသော မျက်လုံးများ မျက်နှာများနှင့် သက်ဝင်လှုပ်ရှားနေကြသည်များကို ဓာတ်ပုံမှတ်တမ်းများက ရုပ်မြင်သံကြားမှတ်တမ်းများက ဖော်ပြပေးလျက်လည်း ရှိခဲ့ပါသည်။
ဂျပန်နိုင်ငံသားများ အထူးသဖြင့် ဂျပန်သားငယ်၊ သမီးငယ်ကလေးများ ပင်လုံးညွှတ်အောင် ပွင့်နေသည့် ချယ်ရီပင်လယ်ကြီးထဲ၌ ပြေးလွှားအော်ဟစ်နေကြသည့် မြင်ကွင်းကိုကြည့်ကာ ကျွန်တော်မျက်ရည်ဝေ့မိကြောင်းကိုလည်း ၀န်ခံလိုပါသည်။
ကားမျိုးစုံထုတ်သူ ဂျပန်က၊ ရေခဲသေတ္တာမျိုးစုံ ထုတ်သူ ဂျပန်က၊ လေအေးပေးစက်မျိုးစုံထုတ်သူ ဂျပန်က၊ ရုပ်မြင်သံကြားစက်မျိုးစုံထုတ်သူ ဂျပန်က၊ ထို့ပြင် ထမင်းပေါင်းအိုး၊ လက်ပတ်နာရီ၊ ဂဏန်းပေါင်းစက်နှင့် ကွန်ပျူတာမျိုးစုံထုတ်လုပ်သူ ဂျပန်က သူတို့ မြေမှာပွင့်သည့် ချယ်ရီပန်းအပေါ် သည်မျှအထိ သဲသဲရုတ်ရုတ်နှင့် ခဲခဲအုတ်အုတ် ဖြစ်နေပုံကိုကြည့်ကာ ငါတို့ကရောဟူသည့် အတွေးနှင့်အတူ ၀မ်းနည်းသလိုလိုကြီး ဖြစ်သွားမိခြင်းဖြစ်ပါသည်။ ဂျပန်တို့က ပန်းကို ဟန ( HANA ) ဟုခေါ်ကာ ပန်းပွဲတော်ကို ဟနမိ ( HANAMI )ဟု ခေါ်ကြရာ အဓိကအားဖြင့် ဂျပန်တို့၏ ဇာတ်လိုက်ပန်းမှာ ဆာကူရာ သို့ မဟုတ် စကုရ ( SAKURA ) ခေါ် ချယ်ရီပန်းပဲ ဖြစ်ပါသည်။ ဂျပန်ကို ယခုလက်ရှိ ထိပ်တန်းဂျပန်နိုင်ငံအဖြစ်သို့ တွန်းပို့ပေးလိုက်သည့် စိတ်အခြေခံတရားများ များစွာရှိရာ တစ်ခုက သူတို့မြေက ပန်းပွင့်ချယ်ရီကို သူတို့အစွမ်းကုန် မြတ်နိုးကြကာ ချယ်ရီပွင့်ရာ ဂျပန်မြေပြင်တစ်လွှားကိုလည်း အဆမတန် ချစ်ကြခြင်းဟု ဆိုပါသည်။ ဂျပန်မှုတစ်ရာ ( A hundred Thijngs Japanese ) ထဲ၌ ပါဝင်ရေးသားသူ Edward Fowler က ဂျပန်အတွက် ချယ်ရီ အရေးကြီးကြောင်းကို မှတ်တမ်း ရေးခဲ့ပြီးသား ဖြစ်ပါသည်။
အော် ကိုယ့်မြေ၊ ကိုယ့်ရေနှင့် ကိုယ့်ကန်၊ ကိုယ့်ကျောင်း၊ ကိုယ့်ချောင်း၊ မြောင်းတို့အပေါ် နိုင်ငံသားတို့ ချစ်လာကြစေရန် အလို့ငှာ ဘာမှကြီးကြီးကျယ်ကျယ်တွေ ပြောမနေ။ ချယ်ရီပန်းစပွင့်သည့်နေ့ကို အစိုးရက စောင့်ကြည့်၊ ထို့နောက် သတင်းထုတ်ပြန်၊ ထို့နောက် လူတွေချယ်ရီပင်များအောက်သို့ ပြေးလွှား ရောက်ရှိလာရုံမျှနှင့် နိုင်ငံချစ်စိတ်က အနက်ရော အဓိပ္ပာယ်ပါပြီး ပြည့်စုံသွားခဲ့ပါလေပြီ။
(နှစ်)
ရန်ကုန်မြို့ပေါ်တွင် အင်တာနေရှင်နယ် အမည်တပ်ထားသည့်ကျောင်းတွေ တော်တော်များများ ရှိပါသည်။ ဟိုကျောင်းက သည်ကျောင်းက လာလာပြီး ခေါ် ကြသဖြင့် မကြာခဏဆိုသလို စကားသွားသွား ပြောရပါသည်။ တစ်နေ့ သစ်ပင်စိုက်ပျိုးရေး အထိမ်းအမှတ်နေ့ကျင်းပရာ Interantional School ကလေး တစ်ကျောင်းက လာခေါ် ၍ စကားသွားပြောပေးရပါသည်။
လေးငါးတန်းဝန်းကျင်မျှသာရှိသော ကလေးတို့က ပြဇာတ်အတိုကလေးတစ်ပုဒ်ကို ကပြနေကြပါသည်။
ဇာတ်ခုံပေါ်မှာတော့ သစ်ပင်အဖြစ် သရုပ်ဆောင်သူ ကလေးငယ်များ၊ ထို့ပြင် သစ်ခုတ်သမားအဖြစ် သရုပ်ဆောင်သူ၊ တောင်စောင့်နတ်အဖြစ် သရုပ်ဆောင်သူ ကလေးများဖြင့် သက်ဝင်လှုပ်ရှား၍ နေရာ မိဘတွေမှာ သဘောကျ၍ မဆုံးကြပါလေတော့။ နောက်တော့ လက်တွေ့သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ် ပါဝင်ပါသည်။ ကလေးတိုင်း ကလေးတိုင်းအတွက် ပန်းပင်ပေါက်စကလေးတစ်ပင်စီကို အဆင်သင့် ၀ယ်ယူစုဆောင်းပေးထားပါသည်။ ထို့နောက် ကိုယ့်ပန်းအိုးနှင့်ကိုယ်။ ပန်းအိုးတွေမှာ ကလေးငယ်တစ်ဦးစီ၏ နာမည်ကလေးတွေ ရေးထိုးချိတ်ဆွဲလို့။
ကလေးတို့ကား မူလတန်း အဆင့် ( Primary ) များသာဖြစ်ကြရာ ကျွမ်းကျွမ်းကျင်ကျင်ကြီး မဟုတ်သော်လည်း သေသေသပ်သပ်ကား လုပ်နိုင်ကြပါသည်။
ကိုယ့်အပင်ကလေးတွေကို ကိုယ့်ပန်းအိုးထဲမှာ အသေအချာ စိုက်ပြီးနောက် ရေပန်းခရားကလေးများဖြင့် ရေလောင်းကြရပါသည်။
ထို့နောက် ဆရာမတို့က ကလေးများ၏လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသန့်စင်ပေးခြင်း။
“နောက်နေ့ကစပြီး ကိုယ့်အပင်ကို ကိုယ်ရေမှန်မှန်လောင်းရမယ်နော။ ဘယ်သူ့အပင် သန်သလဲဆိုတာ စောင့်ကြည့်ကြရအောင်” ကလေးတို့က ဟုတ်ကဲ့ဆရာမ ဟု ပြိုင်တူအော်ဟစ်ကြရာ ကျွန်တော် ပြုံးနေမိပါသည်။
ကိုယ့်အပင်ကလေးကို ကိုယ်အရိပ်တကြည့်ကြည့်ကြည့်နေရာက မြတ်နိုးတွယ်တာသော စိတ်ကလေးဝင်သွားကာ ယင်းမှတစ်ဆင့် ရှေ့သို့ဆက်၍ ဆက်၍ တက်သွားပြီး ကိုယ့်တော ကိုယ့်တောင် ကိုယ့်ကန် ကိုယ့်ကျောင်း ကိုယ့်ချောင်း၊ မြောင်းများနှင့်တကွ ကိုယ့်ပတ်ဝန်းကျင်အလှကို ချစ်သွားအောင် ပျိုးထောင်ပေးခြင်း ဟု နားလည်ရပါသည်။
(သုံး)
ယနေ့ခေတ် ပညာရေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပညာရပ်တစ်ခုအဖြစ် သဘောထားလာကြပြီး အခြေခံပညာသင်ရိုးများ၌ပင် ထိုက်တန်သမျှ ထည့်သွင်းလာကြကာ ဘွဲ့ကြိုဘွဲ့လွန်များအထိ ကမ္ဘာကျော်တက္ကသိုလ်ကြီးများက ပေးအပ်နေကြပြီဖြစ်ကြောင်းကို အများအသိပင် ဖြစ်ပါသည်။
ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်၊ ချစ်ခင်တော့မှ ထိန်းသိမ်း၊ ထိန်းသိမ်းတော့မှ စောင့်ရှောက်မြဲဖြစ်ရာ ချစ်ခင်ခြင်းသည် အခြေခံစိတ်ဖြစ်သည့်အတွက် ထိုစိတ်ကို အမိန့်အာဏာနှင့် လုပ်ဆောင်၍ မရပါ။
သည်တောကို ချစ်စေ၊ သည်တောင်ကို မြတ်နိုးစေ၊ သည်ပန်းကို တန်ဖိုးထားစေ၊ သည်ကမ်းခြေနဲ့သည်မြစ်ကြီးကို ခင်တွယ်စေ၊ ပုံဘယ်သူဘယ်ဝါ ဘာညာ လုပ်၍ မရနိုင်ပါ။ ချစ်တတ်သော ခံစားမှု နှလုံးသားထဲ၌ အခြေတည်မိသွားအောင် ပျိုးထောင်ပေးရခြင်း ဖြစ်ပါသည်။
ချယ်ရီပန်းပွင့်တာများ ရေးကြီးခွင်ကျယ်လုပ်ပြီး ဂျပန်နိုင်ငံတော် မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက အမိန့်ထုတ်ပြန်ရလေသတဲ့ဟု အပြစ်တင်မစောကြစေလိုပါ။ ချယ်ရီကို ချစ်စိတ်နှင့်အတူ ဂျပန်အမျိုးသားတို့ သူတို့ဂျပန်ကိုချစ်သော စိတ်အလွန် အင်အားကြီးမားခိုင်ခံ့လှကြောင်း ကမ္ဘာက အသိအမှတ်ပြုထားကြပြီး ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကျောင်းသင်ခန်းစာများထဲ၌ အမှတ်ရရန်မျှသာမဟုတ်ဘဲ ကိုယ့်ရပ်ဌာနေကို ချစ်စိတ်ဝင်လာဖို့ ပျိုးထောင်ပေးသော စာတွေ့လက်တွေ့သင်ခန်းစာများ ပါဝင်လာရန် လိုအပ်လှပါသည်။ မည်သူ့အမိန့်ကြောင့်မှ မဟုတ်ဘဲ တောကြီးတွေကို ချစ်သောစိတ်၊ တောင်ကြီးတွေကို ခင်သောစိတ်၊ မြစ်ကြီးတွေကို မြတ်နိုးသောစိတ်၊ ပင်လယ်ကမ်းခြေကြီးတွေကို ခင်တွယ်သောစိတ်၊ ကျွန်တော်တို့၏ ငှက်ကလေးများ၊ ထို့နောက် ပန်းကလေးများ၊ ထို့နောက် လက်ကွင်းပြင်များ
အားလုံး အားလုံးကို တပ်မက်သောစိတ်တို့ကို လူငယ်ထု၏ ရင်ထဲသို့ အနုပညာမြောက်စွာ ထည့်သွင်းပေးလိုက်မှသာ သည်မြေနှင့် သည်ရေက ကမ္ဘာ ကမ္ဘာအဆုံး ရပ်တည်သွားနိုင်မည်ဖြစ်ပါသည်။
အော် သူတို့ဆီမှာ ချယ်ရီပွင့်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီတဲ့ ။ ။
မောင်သာချို
Thursday, January 10, 2013
မှော်ရုံတောထဲက မှော်ဆရာအိပ်မက်များ
(တစ်)
ဟိုးခပ်ငယ်ငယ်တုန်းကတော့ အမေ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ မှော်ဆရာဆိုတာကို စပြီးကြားဖူးခဲ့ပါသည်။ မှော်ဆရာနှင့်အတူ မှော်ပညာတွေရော၊ ဆယ့်နှစ်ကြိုးတွေရော၊ ကဝေတွေရော၊ တစ္ဆေတွေရော၊ စုန်းတွေရော၊ သိုက်တွေရော၊ အိုစုံလို့။ နောက်တော့ ကိုကိုလေးအမည်ခံ ဒဂုန်ခင်ခင်လေး၏ “မှော်ဆရာမှတ်တမ်း”ကို ဖတ်ရပါသည်။ တကယ့်မှော်ဆရာဇာတ်လမ်းတွေ။ ထို့နောက် ဆရာမြသန်းတင့် ဘာသာပြန်သော “မှော်ရုံတောမှာ မောလှပြီ” ပန်းချီကျော်ဂေါ်ဂင်၏ ဘ၀ပုံရိပ်။ ထို့နောက် ထူးအိမ်သင်၏ “မှော်ဆရာအိပ်မက်”သီချင်းအယ်လ်ဘမ်။ မှော်ဆိုတာ လှည့်စားတတ်တယ် ထင်ပါရဲ့။သီတာဒေ၀ီပူဆာ၍ ရာမမင်းသား သမင်လိုက်ရင်း မျက်စိလည်သွားခဲ့ရသည့် တောမှာ မှော်ရုံတောပဲမဟုတ်လား။
နောက်တော့ လူ့ဘ၀ရဲ့ မှော်သားဆန်ဆန် အသက်ရှင်နေထိုင် ရုန်းကန်ရသော ဘ၀မှော်တောကြီးများရှိရာဆီသို့ တစ်ခါတစ်ခါ ရောက်သွားရပြန်ပါလေသည်။

လင်ကွန်းကွန်တီနင်တယ်ကား စီးကြမလား
(တစ်)
၂၀၀၈ ခုနှစ် ဧပြီလ ၂၄ ရက်က ဘင်္ဂလားပင်လယ်အော်ထဲတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေခဲ့ရာက နောက်တစ်စတစ်စ အားကောင်း၍လာခဲ့ရာ မေလ ၂ ရက်၌ ဟိုင်းကြီးကျွန်းကို ဖြတ်ကျော်သွားခဲ့ပြီး တစ်နာရီကို မိုင် ၅၀၊ ထို့နောက် မိုင် ၆၀၊ ထို့နောက် မိုင် ၇၀၊ ထို့နောက် မိုင် ၁၂၀ နှုန်းဖြင့် ကျွန်တော်တို့၏ အသက်အိုးအိမ်စည်းစိမ် ကျွဲနွား၊ လယ်ယာ မြောက်မြားလှစွာတို့အား ဖျက်ဆီးပစ်ခဲ့သည့် နာဂစ်မုန်တိုင်းကြီး၏ အလွန်၌ ကျွန်တော်တို့ အများအကျိုး သယ်ပိုးပုံတချို့ကိုကြည့်ကာ ကမ္ဘာက Nargis Industries ဟု ခေါ်ဝေါ်လိုက်ပုံက စိတ်ထိခိုက်ဖို့ ကောင်းလှပါသည်။ နာဂစ်အင်ဒတ်စထရီတဲ့။ အော် နာဂစ်စက်မှုလုပ်ငန်းများတဲ့လား။ မုန်တိုင်းကိုအခြေပြုကာ ပေါ်ပေါက်ထွန်းသစ်လာကြသည့် NGO, INGO အသီးသီး၌ ရာထူးရာခံ လုပ်ကွင်းလုပ်ကွက် ပရောဂျက်(Project)အမျိုးမျိုးတွင် ခွင်များထည့်ကာ နေ့ချင်းညချင်း ရွှေတွဲလဲငွေတွဲလဲဖြစ်သွားသူများကို ရည်ညွှန်း၍ သည် Nargis Industries ဆိုသော စကားလုံးသုံးနှုန်းလိုက်ပုံရပါသည်။
ပြောရလျှင် NGO, INGO စသည့် Non Governmental Organization တို့ International Non Governmental Organization တို့အပေါ်၌ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ခြေကုန်လက်ပန်းကျရာ နေရာအသီးသီးရှိ လူများက တင်းပြည့်ကျပ်ပြည့် စိတ်တိုင်းမကျခဲ့ကြတာ ကြာလှပါပြီ။
ငွေ ၁၀၀ တန် ပရဟိတလုပ်ငန်းတစ်ခု၌ ကာယကံရှင် ပြည်သူများထံသို့ ၄၀ ရောက်သော် ကံကောင်းလို့ဟု NGO သမား လေးငါးခြောက်ယောက်လောက်က ရင်ဖွင့်လာသောအခါ ကျွန်တော် အံ့သြရပါသည်။ ၆၀ က အများအကျိုးသယ်ပိုးသူတို့၏ စရိတ်စကတဲ့။
Laptop Computer ကလေးနဲ့မှ၊ i-pad ကလေးနဲ့မှ၊ Land Cruiser ကားကလေးနဲ့မှ၊ အဲကွန်းလေးနဲ့မှ၊ ၀ီစကီကလေးနဲ့မှ စသည်စသည်ဖြင့် သာမညတို့ကို စိန်စီလေသမျှ အဓိကတို့ ပိန်လှီသွားကြရစမြဲဖြစ်သည်မှာ မဆန်းကြယ်လှပါ။ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံကလေး၏ အစည်းအဝေးကအစ ကြယ်လေးငါးပွင့် ဟိုတယ်ကြီးများထဲက Forum များ၊ Work shop များ၊ Seminar များအဆုံး စရိတ်စကတွေ ဘယ်လောက်သုံးလို့ စကားလုံးရဲတိုက်ကြီးများ ဘယ်လောက်ဆောက်နေခဲ့ကြသလဲဆိုတာ ကာယကံရှင်များက ပိုလို့သိကြပါလိမ့်မည်။
(နှစ်)
အများအကျိုးအတွက် ဘ၀ကိုထိုးကျွေးသူ မာသာထရီဆာ၌ ကျွန်တော့်စိတ်ထဲ ငြိတာကလေးတစ်ခု ရှိပါသည်။
Agnes Gouxha Bojaxhin ဟူသည့် အမည်ရင်းကိုဖြတ်ကာ အဂ္ဂနက်(Agnes)ဟု အလွယ်ခေါ်ခဲ့ကြလေသည့် မာသာထရီဆာ၊ ၁၉၁၀ သြဂုတ် ၂၇ ရက်၌ မွေးခဲ့လေသည်။ မာသာထရီဆာ၊ ယူဂိုဆလပ်နိုင်ငံ စကော့ပ်ယီမြို့သူ မာသာထရီဆာ၊ အယ်လ်ဘေးနီးယားလူမျိုး မာသာထရီဆာ၊ ၁၉၁၉ ဒီဇင်ဘာ ၁၀ ၌ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုယူခဲ့သူ မာသာထရီဆာ၊ ၁၉၉၇ စက်တင်ဘာ ၆ ၌ လူ့ဘ၀၏ နောက်ဆုံးဝါကျကို ချရေးထားပစ်ခဲ့သူ မာသာထရီဆာ။
သူကဇာတိမြေကို စွန့်ခွာခဲ့ကာ ကမ္ဘာတစ်ဝန်းက အငတ်များ၊ မိမဲ့ဘမဲ့များ၊ မိဘစွန့်ပစ်များ၊ အနူများ၊ အေ့ဒ်စ်ဝေဒနာရှင်များ၊ ကာလသား ရောဂါသည်များ၊ အခြေအနေမဲ့များ၊ ကိုယ်အင်္ဂါချို့တဲ့သူများအားလုံးကို ကယ်တင်ခဲ့ရာ ကမ္ဘာ့နိုင်ငံ ၅၀ ကျော်မှာ ဒုက္ခသည်စခန်းပေါင်း ၅၀၀ တဲ့။ ဒါတွေက စာအတန်အသင့်ဖတ်ရုံမျှနှင့် လူတိုင်းလိုလို သိရှိထားနိုင်သည့် အချက်အလက်များ။
ကျွန်တော်က မာသာထရီဆာ၏ထံသို့ မော်တော်ကားကြီးတစ်စီး ရောက်ရှိလာပုံကို စိတ်ဝင်စားမိခြင်းဖြစ်ပါသည်။
တစ်နေ့ အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် ခရစ်ယာန်သီလရှင်မကြီး မာသာထရီဆာ (Mother Teresa)ထံသို့ မော်တော်ကားတစ်စီး ရောက်ရှိ၍လာပါသည်။ နှယ်နှယ်ရရ ကားတော့မဟုတ်။ ဇိမ်ခံကား။ လင်ကွန်းကွန်တီနင်တယ်အမျိုးအစား ဇိမ်ခံကား။ သည်ကားကို လက်ဆောင်အဖြစ်ပေးသူက ဗာတီကန်မြို့က ပုပ်ရဟန်းမင်းကြီးပဲဖြစ်ပါသည်။ အများအကျိုးသယ်ပိုးသူ မာသာထရီဆာတစ်ယောက် တစ်နေရာကတစ်နေရာသို့ အလွယ်တကူ သွားလာနိုင်စေရန်အလို့ငှာ မေတ္တာလက်ဆောင်ပေးသည့် မော်တော်ကား။
စီးပစ်လိုက်မှာပေါ့။ မြို့ကို တစ်ပတ်ပတ်ပစ်လိုက်မှာပေါ့။ ဒါက ကျွန်တော့်လို အနုညာတတစ်ယောက်ရဲ့ စိတ်ကူးပါ။
သို့သော် မာသာထရီဆာကတော့ ရှင်းသောစိတ် (Clear Mind)ရှိသူ ဖြစ်ပါသည်။ ထို လင်ကွန်းကွန်တီနင်တယ်ဇိမ်ခံကားကို သူမစီးပါ။ ချက်ချင်းရောင်းကာ ရလာသည့် ငွေသားအားလုံးကို သူ့ဒုက္ခသည်စခန်းများအတွက် လိုအပ်ရာရာ ဆေးဝါးပစ္စည်း စားကုန်သောက်ကုန်များ ၀ယ်ယူဖြည့်တင်းခြင်းဖြင့် အဲသည့်ဇိမ်ခံကားကို စာရင်းအပြတ်ရှင်းထည့်လိုက်ခြင်းပင်ဖြစ်ပါသည်။
သူ ပရဟိတကိစ္စဆောင်ရွက်ပုံ၊ သူ NGO လုပ်ငန်း စီမံခန့်ခွဲပုံက ကိုယ့်အတွက် နည်းပါးနိုင်သမျှနည်းပါးစေပြီး အခြားသို့ ဖြည့်တင်းနိုင်သမျှ ဖြည့်တင်းစေသည့် နည်းလမ်းနှင့် စရဏပါလား။
သည်လိုအမျိုးသမီးကြီး အနိစ္စရောက်တော့ တစ်ကမ္ဘာလုံး မျက်ရည်ကျကြတာ ဘာများဆန်းကြယ်ပါသလဲ။
(သုံး)
အခု နာဂစ်(၂၀၀၈)အလွန် သည်ဘက်နှစ်များ၌ ကျွန်တော်တို့နိုင်ငံတွင် လူမှုရေးလုပ်ငန်းများ၊ ပရဟိတအလုပ်များ တော်တော်ကလေး လုပ်ဆောင်လာကြသည်ကို ကြည်နူးစဖွယ်တွေ့မြင်ရပါသည်။
ဘေးဒုက္ခရောက်သူတို့ များလေလေ ကရုဏာကြီးသူတို့ များလေလေဖြစ်မြဲဓမ္မတာဟု သဘောပေါက်ရပါသည်။
သို့သော် အများအကျိုးသယ်ပိုးဆောင်ရွက်ရင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်စိတ်ဝင်လာကာ ကြီးကျယ်ခမ်းနားလိုသောဘက်သို့ ယိမ်း၍နွဲ့၍ ပါသွားမှာကိုဖြင့် စိုးရိမ်စရာဖြစ်ပါသည်။
အစောင့်အနေ ထူထပ်ကြပ်မတ်စွာချထားသည့် အခန်းတွင်းက ပရဟိတသမား၊ လေအေးပေးစက်ဖွင့်ထားသည့် အခန်းတွင်းက မထွက်သည့် ပရဟိတသမား၊ ပရောဂျက်အမျိုးမျိုးအတွက် တစ်မိသားစုလုံး ပြည်ပထွက်ကာ သင်တန်းတွေ လှိမ့်တက်ချင်နေသည့် ပရဟိတသမား၊ လူထုကို အသိဉာဏ်မြှင့်ပေးဖို့အတွက် ငါတို့တွေ ကမ္ဘာကျော်တက္ကသိုလ်များရှိရာဆီ ဦးစွာသွားတက်ဦးမှပါလေဆိုသည့် ပရဟိတသမား စသည်စသည်ဖြင့် လောကကြီးက ထွေးကာရှုပ်ကာ ပုပ်၍ပွ၍။
လင်ကွန်းကွန်တီနင်တယ်ဇိမ်ခံကားကြီး မာသာထရီဆာ၏ရှေ့မှောက်သို့ ရောက်ရှိလာသလို ကျွန်တော်တို့ ခင်ဗျားတို့၏ ရှေ့မှောက်သို့ ရောက်လာခဲ့သော် ဘယ်လိုလုပ်ကြမလဲ။ စီးမလား (သို့မဟုတ်) ရောင်းပစ်မလား။ နည်းနည်းကလေးအချိန်ယူပြီး စဉ်းစားကြရအောင်။ ချက်ချင်းကြီးဖြေဖို့ကျတော့ ခက်တယ်မဟုတ်လား။ ။

ဘာသာစကား စစ်မြေပြင်မှာ နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေတချို့
(တစ်)
ကျွန်တော့်မိတ်ဆွေစာရေး ဆရာတစ်ယောက် စာပေစင်မြင့်တက်၌ ဟောပြော၍နေစဉ် သူ့ဟောပြောချက်ထဲ၌ ဂျပန်လူမျိုးတို့ သူတို့ ဂျပန်ဘာသာစကားနှင့် စာပေအပေါ်၌ အလေးအနက်ထားပုံ တစ်ကွက်ကို သူ့အတွေ့အကြုံကို အခြေခံလျက်က ထည့်သွင်းပြောကြားသွားသည်ကို ကြားလိုက်ရပါသည်။ သူတို့စာရေး ဆရာတစ်သိုက် ဂျပန်ဘူတာရုံ တစ်ခုသို့ရောက်ခိုက် ဘူတာရုံပတ်ဝန်းကျင်တစ်ဝိုက်သို့ စေ့ငုကြည့်လိုက်ရာ စာမှန်သမျှ ဂျပန်ဘာသာ စကားချည်းသက်သက်ဖြင့်သာ ရေးသားထားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ ဘုရားစူးမိုးကြိုးပစ်ရှားရှားပါးပါး Exit ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်ကလေးတစ်ခုကိုသာလျှင် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားခဲ့ပြီး ဂျပန်နိုင်ငံအနှံ့အပြား၌လည်း သည်အတိုင်းပဲဖြစ်ကာ အင်္ဂလိပ်ဘာသာစကားနှင့် တွေ့ရဖို့က ခဲတောင့်ခဲယဉ်းကိစ္စဟုဆိုပါသည်။
သည်လို ပြောလိုက်သည့်အတွက် ဂျပန်တို့ အင်္ဂလိပ်ဘာသာ စကားကို လုံးဝကျောခိုင်းထားကြသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အင်္ဂလိပ်ဘာသာကို သင်ကြပါသည်။ အင်္ဂလိပ်စာအုပ်များစွာကိုလည်း ဘာသာပြန်ဆိုကြပါသည်။ သို့သော် အမျိုးသား ဘာသာစကားနှင့် စာပေကို ကပြက်ကချော်မလုပ်
ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ သတင်းများကို ဖတ်တော့ တရုတ်နိုင်ငံ၌ နိုင်ငံတကာဘာသာပြန် အသင်းဟူ၍ရှိကြောင်း သိရပါသည်။ ဥက္ကဋ္ဌက ဟွမ်ဟူရီဖြစ်ပါသည်။
သူက တရုတ်တို့၏ နေ့စဉ်သုံး စကားထဲ၌ အိုကေ (Okay)၊ ဘိုင့်ဘိုင် (Bye-Bye)၊ ဆောရီး (Sorry)၊ ရယ်ဒီ(Ready)၊ နိုက်စ် (Nice)၊ မော်ဒန် (Modern)၊ နိုး (No)၊ ရက်စ် (Yes) စသည့် စကားများကို ညှပ်မပြောသင့်ကြောင်း တိုက်တွန်းထားသည်ဟု ဆိုပါသည်။ ကြာလျှင် တရုတ်နေ့စဉ်သုံး စကားတွေ မှေးမှိန်ပျောက်ပျက်သွားမည်ကို စိုး၍ဟု ဆိုပါ၏။ စဉ်းစားသင့်သော အချက်ဟု ထင်ပါ၏။
(နှစ်)
မြန်မာတို့၏ နေ့စဉ်လူမှု ဘ၀ကို ကြည့်တော့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးပြကြီးများကို အသာထား အတန်အသင့်အတောင်အလက်စုံလာသည့် မြို့ကလေးများ၌ပင်လျှင် ဆိုင်းဘုတ်အများစုက အင်္ဂလိပ်ဘာသာနှင့် ဖြစ်ပါသည်။ မန္တလေးလို မြို့ကြီးများတွင်ကား တရုတ်ဘာသာနှင့်ကပင် ပိုများနေပါလိမ့်မည်။
နိုး (No) တို့လို၊ ရက်စ်(Yes) တို့လို၊ အိုကေ (Okay) တို့လို၊ မောနင်း (Morning) တို့လို၊ ဂွတ်နိုက် (Good Night) တို့လို၊ ဆောရီး (Sorry) တို့လို၊ ဆီးယူ (See You) တို့လို၊ ရယ်ဒီ (Ready) တို့လို၊ ရှူးဝါ (Sure) တို့လို အသံဗလံတွေကဖြင့် မကြားချင်အဆုံးပဲ ဖြစ်ပါသည်။
တိုက်ဆိုင်၍ မြန်မာစာနယ်ဇင်းလောက အကြောင်းကလေး ပြောပါရစေ။ မဂ္ဂဇင်းတော်တော်များများက အင်္ဂလိပ်နာမည်တွေ ဖြစ်ပါသည်။ Beauty, Faces, Icon, Instyle, Beauty Max, Family, Joke, Wave, International Look, Heart, Health for All, Living Color, Idea စသည်စသည်။ ထို့အတူ ဂျာနယ်အများစုကလည်း အင်္ဂလိပ်နာမည်။ The Voice, Weekly Eleven, 7Day News, True News, Popular, The First, News Watch, Job, The Nation, Good Health, The Myanmar Independent, Messenger စသည် စသည်။
တချို့ တချို့သော မဂ္ဂဇင်းများဆိုလျှင် မာတိကာကိုပင် Content တဲ့။ အယ်ဒီတာ့စကားကိုပင် Editorial တဲ့။ ဆောင်းပါးကဏ္ဍကို Article Section ၊ ကဗျာကဏ္ဍကို Poetry Section ၊ ၀တ္ထုတိုကဏ္ဍကို Short Story Section စသည် စသည်ဖြင့် လုပ်နေကြသည်မှာ ကောင်းသလား၊ မကောင်း သလား ကျွန်တော်မပြောတတ်တော့သည်။
ထို့ပြင် လူနာမည်တွေမှာလည်း မြန်မာနာမည်စစ်စစ်ဆိုလျှင် တောကျသည်လို့များ ခံယူနေကြလေရော့သလား မသိ။ ရောဘတ်တင်သိန်း၊ မိုက်ကယ်လှမြင့်၊ လူစီစိုးနိုင်၊ မေရီသန်းထိုက်၊ ဂရေဟမ်ဇော်ဦး၊ အဲလက်စ်မိုးဇော် စသည်ဖြင့် စသည်ဖြင့်။
(သုံး)
တစ်ရက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကလေးများ တောင်ဖတ်၊ မြောက်ဖတ်လျှောက်ဖတ်မိတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဆွမ်းကျွေးဖိတ်စာကလေးကို စိတ်ဝင်စားစရာ သွားတွေ့ရပါသည်။
မင်္ဂလာထမင်းစားပွဲ ဖိတ်ကြားစာတဲ့။ ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်တေဇနှင့် ဇနီးဒေါ်ခင်ကြည်တို့က မင်္ဂလာထမင်း တည်ခင်းကျွေးမွေးလိုပါ၍ တဲ့။ ၁၃၀၄ ခု ၀ါခေါင်လ ပြည့်ကျော် ၁၂ ရက် တနင်္လာနေ့ ညနေ ဗမာ ၅ နာရီအချိန် ရန်ကုန်မြို့ Nippon Military Club (ပင်တိုပင်ရှင်) ဟိုတယ်သို့ ဆက်ဆက် ကြွရောက်စေလိုပါကြောင်းတဲ့။
ကျွန်တော်သည် ဖိတ်စာကလေးကို ကြည့်ရင်းက တော်တော်ကြာကြာ ငိုင်နေမိပါသည်။ ထိုဖိတ်စာ၏ အသက်ဝိညာဉ်က ၁၃၀၄ ခု ၀ါခေါင်လပြည့်ကျော် ၁၂ ရက်ဆိုတာပဲ ဖြစ်ပါသည်။ မြန်မာ ခေါင်းဆောင်က မြန်မာနေ့ ရက်လနှစ်တွေအပေါ် ဂရုတစိုက်ရှိလိုက်တာဟူသော အတွေးဖြင့် ကျွန်တော်ကြည်နူးနေမိခြင်းလည်း ဖြစ်ပါသည်။
သည်ကနေ့ ကျွန်တော်အပါအ၀င် ရန်ကုန်၊ မန္တလေးစသည်ဖြင့် မြို့ကြီးနေအများ ပြည်သူလူထုတို့ မြန်မာရက်လနှစ်များအပေါ်၌ သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့ကြသည်မှာ ကြာလှပါပြီ။ တပို့တွဲ လပြည့်ကျော် ၁၂ ရက်တို့၊ တန်ဆောင်မုန်းလဆန်း ၂ ရက်တို့စသော အသံများကို ပုဂံ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မုံရွာတစ်ဝိုက်က ဗမာကြီးများထံကသာ ကြားရတတ်ပါတော့သည်။ လူများရာစုကြီးကမူ ဇန်န၀ါရီတွေ ဖေဖော်ဝါရီတွေ Sunday တွေ Monday တွေနှင့်၏။
(လေး)
ယခု ၂၀၁၂ ခုနှစ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံသို့ ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလအတွင်း၌ သွားရောက်ခဲ့ရာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အမေရိကန်ရောက် မြန်မာနိုင်ငံဖွားတစ်ဦးက မေးခွန်းများ မေးမြန်းခဲ့ရာ ထိုသူက ဗမာလို ဘယ်လိုပြောရမလဲဆိုတော့ဟူသည့် စကားကို မကြာခဏညှပ်၍ ညှပ်၍ ပြောရာ ဒေါ်အောင်ဆန်း စုကြည်ပြန်ဖြေသည့် စကားထဲက တစ်ခွန်းကို လူထုက အသည်းခိုက်သွားခဲ့ပါသည်။
မြန်မာစာတို့ မြန်မာစကားတို့ဆိုတာ မေ့သွားရမယ့် အရာမဟုတ်ဘူးဆိုသည့် စကားပဲဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ ဥပဓိရုပ် (Identity) သို့မဟုတ် ထင်ရှားသည့် အမှတ်အသားများကို ဖော်ပြပြောဆိုရာ၌ ထိုသူတို့ မည်သို့ စား၊ မည်သို့ဝတ်၊ မည်သို့နေထိုင်၊ မည်သို့သွားလာ၊ မည်သို့ယုံကြည် ကိုးကွယ်၊ မည်သို့ကခုန်တီးမှုတ်၊ မည်သို့ ရေးသားဖတ်ရှုစသည်ဖြင့် ထိုအခြေခံများပေါ်၌မူတည်ကာ ယင်းလူမျိုး၏ ဥပဓိရုပ်(Identity) ကို ဖမ်းယူရပါသည်။
ယခု ကျွန်တော်တို့၏ ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှု ကခုန်တီးမှုတ်မှုများကအစ ဥပဓိရုပ်များ ပျောက်ဆုံးသွားခဲ့ပြီဆိုတာ အမြော်အမြင်ကြီး သူတို့ရိပ်စားမိခဲ့ပြီး ဖြစ်ပါသည်။ ၁၃၀၄ ခု ၀ါခေါင်လပြည့်ကျော် ၁၂ ရက်တုန်းက မင်္ဂလာ ဆွမ်းကျွေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာစာတို့ မြန်မာစကားတို့ဆိုတာ မေ့သွားရမယ့်အရာ မဟုတ်ဘူးတဲ့။
ဒါဆို ကျွန်တော်တို့က ဘယ်လိုများ ရှေ့ဆက်လျှောက်ကြမှာလိမ့်။ မထူးပါဘူးကွာဟုဆိုကာ မေ့လက်စနဲ့ပဲ ဆက်မေ့ထားကြရင် ကောင်းမလား။ ဒါမှမဟုတ် ကိုယ့်ဥပဓိရုပ်နဲ့ ကိုယ့်အမျိုးသား ဘာသာစကားကို စောင့်ရှောက်ထိန်းသိမ်းကြမလား။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းက စဉ်းစားရမည့် မေးခွန်းမဟုတ်။ တစ်မျိုးသားလုံးက စဉ်းစားရမည့် မေးခွန်းပဲ ဖြစ်ပါလေသည်။ ။

ဒဿဂီရိကြားရင် ဖျားသွားမယ်
(တစ်)
ကျွန်တော်နယ်တက္ကသိုလ်ကြီးတစ်ခုတွင် တာဝန်ကျစဉ်ကဆိုက်ကားဆရာတစ်ဦးနှင့် ညီရင်းအစ်ကိုပမာရင်းနှီးခဲ့ပါသည်။ ထိုဆိုက်ကားဆရာက ကျွန်တော်နှင့်မှမဟုတ်ပါ၊ တက္ကသိုလ်ကျောင်းထဲက ဆရာ၊ ဆရာမ တော်တော်များများနှင့်လည်း ရင်းနှီးကျွမ်းဝင် သူဖြစ်ပါသည်။ ကျွန်တော်နှင့်ကတော့ အထူးတလည်ဟုပဲ ဆိုကြပါစို့ရဲ့။ ဈေးသွားဈေးပြန်လို ကိစ္စလေးတွေမျှသာမကတော့ဘဲတစ်ခါတစ်ခါသူ့ဆိုက်ကားလေးကိုအေးအေးလူလူလှိမ့်သွားကြရင်းက စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားထိုင်ပြီး တောင်ရောက်မြောက်ရောက် စကားဝိုင်းဖွဲ့ဖြစ်တာမျိုးတွေပင် မကြာမကြာရှိ တတ်ပါသည်။
တစ်ညနေ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ရှုပ်ယှက်ခတ်နေသည့်ရက်များအတွင်း၌ သူနှင့်ကျွန်တော်တို့ ထုံးစံအတိုင်းဆုံဖြစ်ပြန်ပါသည်။ သူက သူ့ဆိုင်ကလေးကို ခဏထားခဲ့ကာ ကျွန်တော်နှင့်အတူ လိုက်ထိုင်ခြင်းဖြစ်ပါသည်။ သူ့ဆိုင်ဆိုသည်က အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ရောက်လာတော့မှ ခါ တော်မီဖွင့်သည့် ယာယီလက်ဖက်ရည်၊ အအေး စားသောက်ဆိုင် ကလေးကိုဆိုလိုခြင်းဖြစ်ပါသည်။ တက္ကသိုလ် ကောလိပ်ဝန်းကျင်၌ အဝေးသင်တက္ကသိုလ်ရက်တွေ ရောက်တော့မှ ထထပြီးဖွင့်ကြ သည့် သည်လိုဆိုင်လေးတွေက အများအပြားပဲဖြစ်ရာ သူ့ဆိုင်ကသည်လိုဆိုင်မျိုးဖြစ်ပါသည်။ လက်ဖက်ရည်အဖျော်ဆရာက ခါတော် မီအဖျော်ဆရာ။ စားပွဲထိုးက ခါ တော်မီစားပွဲထိုး။ အကြော်သမားက ခါတော်မီအကြော်သမား။
စကားတွေ တောင်ရောက် မြောက်ရောက်ပြောကြရင်း တစ်နေရာရောက်တော့ ဆိုက်ကားဆရာက သူ့ဆိုင်က အဖျော်ဆရာ အပုံ၊ နပုံ၊ အကင်း မပါးပုံများကို ရင်ဖွင့်လာခဲ့ရာ ကျွန်တော့်မှာခေါင်းနားပန်းတွေပင်ကြီးသွားမိပါသည်။
ကျောင်းသားလူငယ် စားပွဲဝိုင်းတစ်ဝိုင်းတဲ့။ ယောက်ျားလေးက နှစ်ယောက်သုံးယောက်။ မိန်းကလေးက နှစ်ယောက်သုံးယောက်။ ယောက်ျားလေးတွေက လက်ဖက်ရည်၊ မိန်းကလေးတွေက အအေး။ သို့ဖြင့် စားပွဲထိုးကလေးကို လှမ်းမှာလိုက်ပြီးနောက် ယောက်ျားလေးတွေထဲမှ တစ် ယောက်က ထကာဆေးလိပ်ပဲ ထ၀ယ်သလိုလို၊ ဆေးလိပ်မီးပဲထညှိသလိုလို၊ အပေါ့အပါးပဲသွားသလိုလိုနှင့် လက်ဖက်ရည်ဖျော်သည့် ကောင်တာရှိရာဆီ ရောက်လာပါလေသတဲ့။ ပြီးတော့ အဖျော်ဆရာဆီသို့ အသာချဉ်းကပ်လာကာ ဆေးပြားကလေး အချို့လှမ်းပေးလေသတဲ့။ မိန်းကလေးတို့၏ အအေးခွက်များအတွင်း၌ ထည့်ပေးလိုက်ရန်။ ဘုရား ဘုရား။ ကြက်သီးမွေးညင်းထစရာ ကြီးပါလား။
အဖျော်ဆရာက ဟုတ်ကဲ့ထည့်ပေးလိုက်ပါ့မယ်ဟူသော သင်္ကေတဖြင့် ခေါင်းညိတ်ပြကာသူ့ဆိုင်ရှင် ဆိုက်ကားဆရာကို ဆန္ဒတောင်းခံပါသည်။ ထည့်ပေး လိုက်ရမှာလား၊ မထည့်ပေးလိုက်ရဘူးလားဆိုသည့်အဖြေ။ သည် တော့မှ ဆိုင်ရှင် ဆိုက်ကားဆရာကဒေါသထွက်ကာ အဖျော်ဆရာကို အနားဆွဲခေါ်ပြီး အသုံးမကျရကောင်းလားဟု တိတ်တိတ်ကြိတ်၍ ဆူပူကြိမ်းမောင်းပြီး အဲသည့်ဆေးပြားတွေ အသာလွှင့် ပစ်လိုက်ဟုလုပ်လိုက်ရခြင်းဖြစ်ပါ သတဲ့။ သြော်..ကံကြီးပေလို့ပေါ့။
ယင်းအဖြစ်အပျက်သည် ၂၀၀၀ပြည့်နှစ်လောက်တုန်းဆီက။ ကျောင်းသားတွေ၊ ကျောင်းသူတွေကြားက အဖြစ်အပျက်။ သည်တုန်းက ဆိုက်ကားဆရာ၏ မျက်နှာကိုကြည့်ရင်း ကျွန်တော့်စိတ်ညစ်ညူးသွားခဲ့ပုံများကို အခု ပြန်သတိရတော့လည်း ပြန်၍ ညစ်ညူးမြဲသာဖြစ် ပါသည်။ ကမ္ဘာပေါ်၌ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ချစ်ခြင်းမေတ္တာတရားတွေ ခန်းခြောက်သွားခဲ့လေပြီလား။
(နှစ်)
အခု ၂၀၁၁ ခုနှစ်ဝန်းကျင်ကိုရောက်လာတော့ စာနယ်ဇင်းတွေပေါ်မှာ ကာမစိတ်လှုံ့ဆော် စေသော အစားအစာဆိုတာကိုရံဖန်ရံခါတွေ့ တွေ့လာရပါသည်။ တရားမ၀င် ၀င်ရောက်လာသည့် ဆေးဝါးတွေ၊ ပီကေတွေ၊ ချိုချဉ်တွေ၊ ကော်ဖီတွေ၊ ချောကလက်တွေကို ဖမ်းမိသဖြင့် အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူရ ကြောင်း သတင်းတွေကိုပါဖတ်ခွင့် ရလာပါသည်။ မိန်းကလေးတို့အဖို့ လောကကို ကျောပေး၍ မထိုင်ရဲလောက်အောင် မလုံခြုံတော့ သောနေ့ရက်များဟု တင်စားရ မည်လား မပြောတတ်တော့ပါ။ ဒါ..အချစ်လား။ သို့မဟုတ် အချစ်လို့ ထင်မှတ်နေကြတာလား။ မိန်းကလေးတစ်ယောက်ကို ဘယ်လိုနည်းနဲ့ရရ၊ ရရင်ပြီး စတမ်းလား။ သည်လိုယောက်ျားမျိုးတွေကို ၃၁ ဘုံမှာ ဘယ်လို ခေါင်းစဉ်အောက်မှာထားပြီး ဘယ်လိုစာရင်းအင်းထဲ သွင်းထားရပါ့။
(သုံး)
ကမ္ဘာကျော် ရာမယဏ ဇာတ်တော်ကြီးထဲ၌ ဒဿဂီရိက လူသွမ်းလူကြမ်းကြီးအဖြစ် ထင်ရှားပါသည်။ သူသီတာဒေ၀ီကို ခိုးယူသွားပြီးနောက် သိဃုဠ်ကျွန်း၌ ထားရှိစဉ် ထိုသီတာဒေ၀ီကို လက်ဖျားနှင့်ပင် မတို့ခဲ့ပါ။ ဘယ် လိုနည်းနဲ့ပဲရရဟုဆိုကာ အဓမ္မတွေ အောက်လမ်းတွေနှင့် မကြိုး ပမ်းလေခဲ့။
သည်ကနေ့ လှုံ့ဆော်ဆေး ၀ါး အစားအသောက်တွေအ ကြောင်းများ ကြားခဲ့ရင် ဒဿဂီရိ ဖျားများဖျားသွားလေမလားမသိ။
(လေး)
သည်ကနေ့ ရုပ်ရှင်အချို့က ကာမကိုလှုံ့ဆော်ပါသည်။ အ၀တ် အစားအပြင်အဆင်တွေက ရမ္မက်ကိုနှိုးဆွပါသည်။ အကတွေကတဏှာကို ညှို့မြှူပါသည်။ သည်အထဲမှာမှ ဆေးပြားတွေ၊ ဆေးမှုန့် တွေ၊ အစားအသောက်တွေတဲ့။
မိန်းကလေးတစ်ယောက်ကို အမြတ်တနိုး တန်ဖိုးထားပြီး အချစ်ကို ခမ်းနားကြီးကျယ် အောင်ဖွဲ့ဆိုသည့် တစ်ခါက အချစ်ကဗျာများ၊ အချစ်ဝတ္ထုများ၊ အချစ်သီချင်းများကို အခုရက်တွေထဲမှာကျွန်တော်သတိရ၍ မဆုံးပါလေတော့။ ။

ရေအိုးလည်းခွဲမယ် သစ်ကြားသီးလည်း ခိုးမယ်
(တစ်)
တစ်ခါက ဧရာဝတီမြစ်ကြီး မှသည် မြစ်လက်တက်တစ်ခုအ ဖြစ် ခွဲထွက်၍သွားသော င၀န်မြစ် ကို မြောက်မှတောင်သို့ကျွန်တော် စုန်ဆင်းခဲ့ဖူးပါသည်။ လေးမျက်နှာ တို့ အိုင်သပြုတို့ကို ကျော်လွန်ပြီး နောက် ငသိုင်းချောင်းသို့ မရောက် တတ်ရောက်တတ်တွင် ငါးသိုင်း ချောင်းနှင့် မျက်စောင်းထိုးအနေ အထား၌ င၀န်မြစ်ကြီး၏ အ နောက်ဘက်ကမ်းပါးပေါ်တွင်ရပ် တည်နေသော ရွာကြီးတစ်ရွာကို စက်လှေပေါ်က မိတ်ဆွေကလက် ညှိုးညွှန်ပြပါသည်။ သူက အဲဒါ ဒေါင့်ကြီးပဲတဲ့။ ကြည့်စမ်း ကျွန် တော့်စိတ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိုက်တာ။ ဒါဆိုသည် ရွာက ဆရာကြီးဒေါက်တာသန်း ထွန်းရဲ့ ဇာတိကျေးရွာကလေးပါ ပဲလား။ အော် ရခိုင်ရိုးမရဲ့အရိပ် မှာ ...။
၆ ဧပြီ ၁၉၂၃ တွင်မွေး၍ ၃၀ နိုဝင်ဘာ ၂၀၀၅ တွင် အနိစ္စရောက်ခဲ့ရှာသော ဆရာကြီး ဒေါက်တာသန်းထွန်းက သူ့ဘ၀ တစ်သက်တာလုံးကို သမိုင်းပညာ ရပ်ထဲ၌ နှစ်မြှုပ်၍ထားခဲ့သော ပညာရှင်ကြီးဖြစ်ပါသည်။ မအ\ အောင်လို့ သမိုင်းကိုသင်ရပါတယ် ဟု ဆိုလေသူ ဆရာကြီးဒေါက်တာသန်းထွန်း၊ လက်တစ်ဖက်ကကလေးပုခက်ကို လွှဲရင်းကျန်လက်
တစ်ဖက်က စာရေးနေခဲ့ရပါသည် ဆိုသော ဆရာကြီးဒေါက်တာသန်း ထွန်း၊ မည်သည့်အလုပ်ကို မဆို ကောင်းကောင်းစ၍ ကောင်း ကောင်းဆုံးတတ်ပါသည်ဟူသော ဆရာကြီးဒေါက်တာသန်းထွန်း၊ ကိုယ်နှင့်အတူနေသောသူကို စိတ် မဆင်းရဲစေရဟူသောမူဖြင့် နေ ထိုင်ခဲ့ပါသည်ဆိုသော ဆရာကြီး ဒေါက်တာသန်းထွန်း၊ “ဒီစာအုပ်က ဖတ်ကောင်းမယ်လို့ အာမမခံ”ဟုဆိုကာ ကိုယ့်စာအုပ်ကို ကိုယ် ရည်ညွှန်းခဲ့လေသူ ဆရာကြီး ဒေါက်တာသန်းထွန်း၊ သို့နှယ်ထို့ နှယ်သော ဆရာကြီးဒေါက်တာသန်း ထွန်းတစ်ယောက် ပြုစုရေးသား သွားခဲ့သော စာအုပ်စာတမ်းတွေ ကဖြင့် ထုနှင့်ထည်နှင့်ကိုပဲကျန် ရစ်ခဲ့ပါလေသည်။

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့
(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။
လူတိုင်းနှင့် ရင်းနှီးသည့် ကဗျာကောက်နုတ်ချက်ကလေးပဲ ဖြစ်ပါသည်။စာမျက်နှာတစ်နေရာရာ ဒါမှမဟုတ် ရုံးခန်း၊ဧည့်ခန်း၊ အ စည်းအဝေးခန်းမ နံရံတစ်နေရာ ရာတို့၌ သည်ကဗျာ ကောက်နုတ် ချက်ကလေးကို အများပြည်သူ မြင်သာစေရန် သပ်သပ်ရပ်ရပ် ရေးသားချိတ်ဆွဲထားသည်များကို မကြာခဏတွေ့ရတတ်ပါသည်။ ငယ်ငယ် တုန်းကတော့သည်ကဗျာ ကောက်နုတ်ချက်အတိုကလေး ပေါ်မှာ ဘာမှ အလေးအနက်မရှိလှ။ နောက်တော့ကြီးလာလေလေ တစိမ့်စိမ့်တွေးမိလေလေ အောင် မြင်ခြင်း၏ သော့ချက်ကို ရိပ်စား မိလေဖြစ်လာရသည်ကို ၀န်ခံလိုပါသည်။
လောကကို လိုသလို ထုဆစ် ပိုင်းဖြတ်ပုံဖော်နိုင်ဖို့အတွက် နှစ်ခုပဲလိုပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှသောနှလုံးသား။ ဒါက ကဗျာကောက်နုတ်ချက်၏ ဆိုလိုရင်း။ သည်ကဗျာ ကောက်နုတ် ချက်က မဃဒေ၀ လင်္ကာသစ် ထဲက ကောက်နုတ်ချက်ဖြစ်ပါ သည်။ ကဗျာစာဆိုက မန်လည် ဆရာတော် ဘုရား။ “မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည် သာပ၊ ငယ်မည်မှာ နကို သက်ရုံပဲ”ဟု ဆရာတော် ကိုယ်တိုင် ဖွဲ့ စပ်ဖူးခဲ့လေရာ ငယ်နာမည်ကို န သတ်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုတာ ကတော့ ထင်ရှားပါသည်။

Subscribe to:
Posts (Atom)