Friday, February 22, 2013

လက်ပစ်ဗုံး ◄ ညိမ်းညို ►

ခန္ဓာအိမ်သေးသေးထဲ
အဆမတန်ပေါက်ကွဲအားကို မြိုသိပ်သိုဝှက်ထားရ
အသက်ပြင်းပြင်းမရှူရဲ
မျက်တောင်မခတ်ရဲ
လွမ်းလို့မှ အမှတ်တရပုံရိပ်လေးတွေကို ပွတ်သပ်မကြည့်ရဲ
တစ်ပါးသူရဲ့ ငြိမ်းချမ်းနယ်မြေထဲ
ပေါက်ကွဲသွားမှာကို စိုးရွံ့အားနာ။

လက်ပစ်ဗုံးဖြစ်ပြီး မပေါက်ကွဲရဲတဲ့အခါ
ကိုယ့်စနစ်တံကိုယ်မြိုလို့
တငွေ့ငွေ့....တုန်...ခါ...။

ညိမ်းညို

အချစ် (သို့) မာမာ ◄ နွယ်စိမ်းဝေ ►

လမ်းတွေက
ကိုယ့်ကို မလျှောက်ကြတော့ဘူး။

မီးတွေက
ကိုယ့်ကို မလင်းကြတော့ဘူး။

ဖုန်းတွေက
ကိုယ့်ကို မပြောကြတော့ဘူး။

ရောက်ချင်ရာရောက်
အဖုံးပိတ်ပြီး
ပင်လယ်ထဲ ပုလင်းတစ်လုံး ပစ်ထည့်လိုက်သလို
ဖြစ်ချင်ရာဖြစ်
ဘ၀ထဲ ကိုယ့်ကိုယ်ကို ပစ်ထည့်လိုက်တယ်။

အံ့သြစရာ ..
ဘုရားပေးတဲ့ အသက်
ဒီ "ညီမလေး" က ကိုယ့်ကို ဆယ်ယူခဲ့တယ်။ ။


နွယ်စိမ်းဝေ

Thursday, February 21, 2013

မာယာကော့ဖ်စကီးရဲ့ အစည်းအဝေးနဲ့ ဒေါက်တာသန်းထွန်းရဲ့စ,တော့


(တစ်)
ကျွန်တော်တို့ခပ်ငယ်ငယ် ဘာသာပြန်စာအုပ်များကို အငမ်းမရ ဖတ်ကြစဉ်တုန်းက တော်တော်ကလေး အဖတ်အရှုများသည့် စာအုပ်များမှာ ရုရှနှင့် တရုတ်ကစာအုပ်များ ဖြစ်ခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိပါသည်။ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ကို လူငယ်တို့ စိတ်ဝင်စားကြရာ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ဆယ်စုနှစ်ကာလများဖြစ်ရာ ထိုဝါဒများ အားကောင်းမောင်းသန် ရှင်သန်ခဲ့သည့် ရုရှနှင့် တရုတ်တို့ကို စိတ်ဝင်စားရာက ထိုနိုင်ငံထွက် စာပေလက်ရာများကို အဖတ်အရှု များခဲ့ကြပုံရပါသည်။
ရုရှစာရေးဆရာ ကဗျာဆရာများထဲ၌ လီယိုတော်စတွိုင်း၊ မက္ကဇင်ဂေါ်ကီ၊ တူရဂေညက်၊ ဆိုဇင်နစ်ဇင်၊ အန်တွန်ချက်ကော့ဖ်၊ ပွတ်ရှကင်၊ နီကိုလိုင်သြထရော့စကီ၊ ဂိုဂိုးလ်၊ မစ်ခေးရှိုလိုကော့ဖ်၊ ဒေါ့စတိုယက်စကီး၊ မာယာကော့ဖ်စကီး၊ ယက်တူရှင်ကို၊ ဘောရစ်ပါစတာညက် စသည် စသည် စသည်တို့သည်ကား မြန်မာစာဖတ်ပရိသတ်နှင့် အထူးကို ရင်းနှီးကျွမ်းဝင်သည့် စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ပါသည်။

လူအိုရုံ ◄ မှူးနေ၀န်း ►

ကြယ်သီးပေါက်တွေမှားတပ်မိတာကအစ
ကိုယ့်အိပ်ရာကို ပြန်မေ့လျော့နေတာကအဆုံး
လွဲချော်မှုတစ်ခုခုမရှိတဲ့နေ့ဟာ
တစ်ခုခုလွဲချော်နေပြီ။

ပြူတင်းပေါက်သံတိုင်ကို ကိုင်လိုက်တော့အေးစက်နေတယ်
အရင်တုန်းကဒီလမ်းမှာလျှောက်ဖို့
ဖိနပ်ဆိုဒ်သေးသေးရှိရင်ရပြီ
အခုတော့ရေခဲမုန့်မကြိုက်ချင်တော့ဘူး
ရောင်စုံဘောလုံးဆိုတာ
ထိတ်လန့်ဖွယ်ပေါက်ကွဲတတ်တဲ့အရာ။

Friday, February 15, 2013

ဘတ်စ်ကားက တစ်စီး ကဗျာဆရာက နှစ်ယောက်

အခြားအခြားသော ကမ္ဘာ့နိုင်ငံအသီးသီး၌ ဘယ်လိုရှိလေမလဲ ဆိုသည်ကိုဖြင့် ကျွန်တော်မသိပါ။ ကျွန်တော်တို့နိုင်ငံတွင်ကား ကဗျာဆရာတွေက အခြေခံလူတန်းစားတွေပဲဖြစ်လေ့ရှိပါသည်။ ဒါကြောင့်မို့လို့လားမသိ။ ကဗျာဆရာ မှန်သမျှ လူထုနှင့် အကြားအလပ်မရှိ ထိတွေ့ဆက်စပ်နေလေ့ရှိပါသည်။

လူထုစားသလို ကဗျာဆရာစား ၊ လူထုသွားသလို ကဗျာဆရာသွား၊ လူထုနားသလို ကဗျာဆရာနားကြမြဲ ဆိုသည်ကိုဖြင့် အထူးရှင်းပြစရာမလိုအပ်တော့ဟုပင် ကျွန်တော်ထင်မိပါသည်။ ဒါကြောင့်လည်း ကဗျာဆိုတာ လူထုရင်ခုန်သံဖြစ်နေတာပဲ မဟုတ်ပါလား။

တကယ့်ကဗျာ ◄ သုခမိန်လှိုင် ►

ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့ အရည်အသွေးပါ။
ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်ကပ်
ဆွမ်းတော်တင်တင်
စိတ်ကို ချမ်းသာနေတာပဲ။

သုခမိန်လှိုင်
 

နှစ်ယောက်စလုံး နောက်ကျွမ်း

လူနှစ်ယောက် ပြဇာတ်ထဲကလို ဘွားခနဲ အမှတ်မထင် ပြန်ဆုံတွေ့လိုက်ပုံဇာတ်ကွက်မျိုးက ကမ္ဘာ့နေရာတိုင်းမှာ အချိန်တိုင်း ဖြစ်ပေါ်နေတတ်သော ဇာတ်ကွက်ပင် ဖြစ်ပါသည်။ သို့သော် ထိုလူနှစ်ယောက်က သစ္စာဖောက်နှစ်ယောက် သို့မဟုတ် အညံ့ခံသူနှစ်ယောက် သို့မဟုတ် လက်နက်ချသူနှစ်ယောက် သို့မဟုတ် ကျောခိုင်းထွက်ပြေးသူနှစ်ယောက် သို့မဟုတ် လက်မြှောက်အရှုံးပေးသူနှစ်ယောက်။

သူတို့သစ္စာဖောက်ခဲ့ရာ၊ အညံ့ခံခဲ့ရာ၊ လက်နက်ချခဲ့ရာ၊ ကျောခိုင်းထွက်ပြေးခဲ့ရာ၊ လက်မြှောက်အရှုံးပေးခဲ့ရာ လောကကလည်း အမျိုးမျိုးအထွေထွေသော လောကဖြစ်နိုင်ပါသည်။ နိုင်ငံေ၇းလောကသော်လည်းကောင်း၊ အနုပညာလောကသော်လည်းကောင်း၊ ပရဟိတလောကသော်လည်းကောင်း၊ ကောင်းမြတ်သော လောက တစ်ခုခုဖြစ်နိုင်ပါသည်။