Wednesday, January 1, 2014
ကြံမိကြံရာ ညီမလေး (၁)
ရှေးလူကြီးတွေရဲ့ စကား
အချိန်စီးလှချည်ရဲ့
နက်ရှိုင်းအားကောင်းလှချည်ရဲ့
ကြံမိကြံရာတဲ့။
ကြံမိကြံရာနေ့ရက်တွေထဲ
ကြံမိကြံရာ အဖြစ်အပျက်တွေထဲမှာပဲ တွေ့ခဲ့သမို့
ကြံမိကြံရာ ညီမလေးလို့ခေါ်လိုက်မယ်
ငါ့ရဲ့ ကြံမိကြံရာညီမလေးရေ….
ကြံမိကြံရာ ညီမလေးရေ
ငါခေါင်းတွေ မူးနေပြီ
အငွေ့တလူလူထွက်နေပြီ
ခေါင်းတွေခြစ်ခြစ်တောက်ပူနေပြီ
ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့
ပျော်ရွှင်မှုဟာ တစ်စက်တစ်လေတောင်ကျမလာဘူး
မီးခလုတ်ကို ဖွင့်လိုက်တော့
ကျေနပ်မှုဟာ မှိန်ပျပျတောင် လင်းမလာဘူး
ဘယ်မှာလဲ ဘ၀ကိုကျေနပ်နှစ်သိမ့်မှု
အင်တာနက်ထဲမှာလား
သန္တာမင်းဆိုတဲ့ ဇိမ်ခံအပျော်စီး သင်္ဘောပေါ်မှာလား
တောင်ပေါ်အပန်းဖြေစခန်းက ကာစီနိုခန်းမထဲမှာလား
ပထမတန်းစား ရေမွှေးပုလင်းလှလှတစ်လုံးထဲမှာလား
မင်းလည်း ဖန်အိုးထဲက အလှမွေးငါးတစ်ကောင်မဟုတ်ခဲ့
ငါလည်း ရွှံ့နွံထဲကို တိုးဝင်နေတဲ့ ငါးရှဥ့်တစ်ကောင်မဟုတ်ခဲ့
ငါ့ရဲ့ ကြံမိကြံရာ ညီမလေးရေ
ငါဟာ အသဲကွဲ ရဲဘော်ဟောင်းတစ်ယောက်ပါ
ငါဟာ ကြည့်မှန်တစ်ချပ်ပေါ်မှာ
ကိုယ့်မျက်နှာကို ကြက်ခြေခတ်ခဲ့သူပါ။
ဝိုင်မဖြစ်တဲ့ သစ်သီးဟာ
ရှာလကာရည်လည်း ဖြစ်မလာပါဘူး တဲ့
တရုတ်ပြည်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့
တရုတ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာမှာ ဖတ်ရတယ်။
မင်းအတွက် သွေးသန့်ဆေးလိုအပ်သလား
ငါ့အတွက် အားဖြည့်ဆေးလိုအပ်သလား
ငါမစဉ်းစားတတ်တော့ဘူး
ကြံမိကြံရာ ညီမလေးရေ
ငါ့ရဲ့ ကြံမိကြံရာ ညီမလေးရေ
မင်းရဲ့ မျက်ခုံးမွေးထူထူကို လွမ်းတယ်
မွေးညင်းနုလေးတွေနဲ့ လက်မောင်းလှလှကို လွမ်းတယ်
မင်းရဲ့ ကျန်းမာသန်စွမ်းတဲ့
ကိုယ်ကာယတစ်ခုလုံးကို လွမ်းတယ်
ပြီးတော့ အရှေ့တီမောကို လွမ်းတယ်
မလက္ကာရေလက်ကြားကို လွမ်းတယ်
ဆူမတြားကျွန်းပေါ်က
လောင်ကျွမ်းသွားတဲ့ တောအုပ်တွေကို လွမ်းတယ်
ကျေးငှက်တွေရဲ့ ချစ်စဖွယ်ဂီတသံကို
လေးလေးစားစားနားထောင်တတ်တဲ့
မင်းတို့ရဲ့ ယဉ်ကျေးမှုကို လွမ်းတယ်။
လှသန်း
ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့
အချစ်
အစားအစာမှာ
အဟာရ ရှိတယ်
လိမ္မာပါးနပ်မှု ရှိတယ်
မြင့်မြတ်တဲ့ လုပ်အားတွေရှိတယ်။
အ၀တ်အထည်တွေမှာ
ယဉ်ကျေးမှု ရှိတယ်
သွေးဆောင်ဖြားယောင်းမှု ရှိတယ်
ပြောင်းလဲတဲ့ အဘိဓမ္မာ ရှိတယ်။
အိမ်တွေမှာ
တည်ငြိမ်တဲ့ အလင်း ရှိတယ်
သန့်ရှင်းတဲ့ ဂီတ ရှိတယ်
သေခြင်းတရားလည်း ရှိတယ်။
သူမမှာ
နာရီတစ်လုံး ရှိတယ်။
ကျွန်တော့်မှာ
ဖျာတစ်ချပ် ရှိတယ်။
သူမနဲ့ ကျွန်တော့်ရဲ့ကြားထဲမှာ
အသက်ရှူကြပ်နေတဲ့ ကမ္ဘာကြီးရှိတယ်။ ။
လှသန်း
ကျွန်တော့်ရဲ့ တော်ရုံတန်ရုံအဓိပ္ပာယ်
သစ်ပင်တွေငြိမ်သက်
လေကလဲငြိမ်သက်
ငါ့မှာသာငှက်တစ်ကောင်လိုဂနာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုံ့သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့
ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေကာနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာ ပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက်ယုံတစ်ဝက်
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ
ရူးချင်ယောင်ဆောင်လို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမဲ့သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်းစာရင်းထဲက
ရုန်းမထွက်နိုင်သေး
ငါ့ရဲ့ ရွေ့ပြောင်းပုံစံ
ဘယ်နေ့များဘယ်သူ့ထံရောက်မှာလဲ
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ
တစ်နေ့ထမင်းနှစ်နပ်စားသလို
တစ်နေ့ကဗျာနှစ်ပုဒ်ဖတ်လို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ်
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ ။
လှသန်း
ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့
ဒီနှစ်အတွက် သံဝေဂ
ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တစ်နှစ်ပိုကြီးခဲ့
ခန္ဓာကိုယ်မှာ အလေးချိန်တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှုထဲမှာ
စီးကရက်လည်းဖြတ်နိုင်ခဲ့။
ဖြစ်သင့်တဲ့ ကိစ္စ
ဖြစ်သင့်တဲ့ ကိစ္စကို
ဘာလို့ မလုပ်သေးတာလဲ
ဖြစ်သင့်တဲ့ ကိစ္စကို
ဘာလို့ နှောင့်နှေးနေကြတာလဲ
ဖြစ်သင့်တဲ့ ကိစ္စ
မာန်မာနတွေရှိနေလို့လား
ဖြစ်သင့်တဲ့ ကိစ္စ
ငဲ့ကွက်စရာတွေရှိနေလို့လား
ဖြစ်သင့်တဲ့ ကိစ္စ
နစ်နာစရာတွေ မရှိဘူးလို့ထင်ပါတယ်
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးကောင်းမယ့် ကိစ္စပါ
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးကောင်းမယ့် ကိစ္စပါ
ဖြစ်သင့်တဲ့ ကိစ္စ
အားလုံးဝမ်းသာကြမှာပါ
ဖြစ်သင့်တဲ့ ကိစ္စ
လက်ခုပ်ဆိုတာ တစ်ဘက်တည်း တီးလို့မရဘူးလေ
ဖြစ်သင့်တဲ့ ကိစ္စ
လက်ဆွဲနှုတ်ဆက်ရမှာပါ့
ုဖြစ်သင့်တဲ့ ကိစ္စ
နောက်မကျသေးပါဘူး
ဖြစ်သင့်တဲ့ ကိစ္စ
အချိန်ရှိပါသေးတယ်
ဖြစ်သင့်တဲ့ ကိစ္စ
စိတ်ရှည်ပေးကြပါ
ဖြစ်သင့်တဲ့ ကိစ္စ
နတ်လူသာဓုခေါ်မှာပါ။
လှသန်း
ကျားနာတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ
ကိုယ့်ကျန်းမာရေး ကိုယ်မယုံရတဲ့ဘ၀မှာ
နောက်ထပ် ဘာကို ယုံရဦးမှာလဲ။
စာလုံးတွေကို စုပ်ယူရင်း
လူဖြစ်အောင်လုပ်ခဲ့ရ
ပီပီသသတော့လည်း မဟုတ်ပါဘူး။
နေ့စဉ်နဲ့အမျှ ၀တ္တရားတွေ ထူထပ်ဖိစီး
ကြာလာတော့ ၀ဋ်ကြွေးတွေဖြစ်
ဟောဒီနာကျည်းဖွယ်နှစ်တွေအတွင်း
ငြင်းဆန်ခဲ့ရတာ ခပ်များများ
လက်ခံနိုင်စရာ နည်းပါးလွန်းတယ်။
တချို့လူတွေအတွက် လိုအပ်ချင် လိုအပ်လိမ့်မယ်
လက်ဝတ်ရတနာ
ဒါမှမဟုတ် အားဖြည့်အချိုရည်
ဒါမှမဟုတ် ယာဉ်မောင်းလိုင်းစင်။
ကျွန်တော့်အတွက်
အရေးတကြီး လိုအပ်နေတာ မျက်ရည်
ကိုယ့်မျက်ရည် ကိုယ်စောင့်မျှော်နေခဲ့တာ
နှစ် ၂၀ ကျော် ကြာပြီ။
ရန်ကုန်ရဲ့ မြေအောက်လောကမှာ ကျင်လည်ခဲ့သူတစ်ယောက်
အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲ မြို့တစ်မြို့မှာ
ခန္ဓာကိုယ်သာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့။
သက်တမ်းတွေကို ဘာနဲ့တိုင်းတာကြမလဲ
ပတ်သတ်ဖူးခဲ့တဲ့ မိန်းမတွေနဲ့လား
ရှာဖွေခဲ့သမျှ ငွေစက္ကူတွေနဲ့လား
သတင်းစာတွေနဲ့ပဲလား။
ပြန်စဉ်းစားကြည့်တော့လည်း
ကိုယ့်နာမည်ရှေ့မှာ ဘာမှ မရှိ
ကိုယ့်နာမည်နောက်မှာလည်း ဘာမှ မရှိ
ပကတိ အထီးကျန်မှုမှာ
လေသံကို လျှော့ချထားခဲ့ပါတယ်။
ညက
စပါတာကတ်ကို ပြန်ဖတ်တယ်
သီချင်းတွေကို တ၀တပြဲ ထိုင်သောက်တယ်
ကိုယ့်ကိုကိုယ် သစ္စာဖောက်ဖို့ ကြိုစားကြည့်တယ်
(ဒါပေမယ့် မအောင်မြင်ပါဘူး)။
ခုတော့
ဆိုင်းဘုတ်တွေကြားမှာ
မင်းရော ငါပါ အသက်ရှုမှားခဲ့ကြပြီ
လှသန်း
၁၉၉၇
ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့
အယူသည်းခြင်း သီချင်းတစ်ပုဒ်
မယူပါရစေနဲ့
သူများနှာခေါင်းပေါက်နဲ့ ဦးနှောက်တွေ
မယူပါရစေနဲ့
မျက်ရည်ပေါက်ကြီးငယ်နဲ့ သူများမသဒ္ဓါရေစာကို
မယူပါရစေနဲ့
လူရာဝင်ရုံသက်သက် အ၀တ်အစားတွေကို
မယူပါရစေနဲ့
နေမြင်ညပျောက် ငွေစက္ကူတွေကို
မယူပါရစေနဲ့
အရူးပါးတွေရဲ့ သင်ခန်းစာကို
မယူပါရစေနဲ့
လူနာခုတင်ပေါ်က သံယောဇဉ်တွေကို
မယူပါရစေနဲ့
ကျန်စာသင့်နေတဲ့ အဆောက်အဦးကို
မယူပါရစေနဲ့
မိန်းမပျက်တစ်ယောက်ရဲ့ ကရုဏာသန့်သန့်ကို
မယူပါရစေနဲ့
မျက်ဖြူဆိုက်နေတဲ့ အစီရင်ခံစာကို
မယူပါရစေနဲ့
အပူတပြင်း ၀န်ဆောင်မှုတွေကို
မယူပါရစေနဲ့
ရန်သူက ချီးမြှင့်တဲ့ နှစ်သိမ့်ဆုတွေကို
မယူပါရစေနဲ့
အလှူခံထားတဲ့ အသွေးအသားတွေကို
မယူပါရစေနဲ့
သက်တမ်းမဲ့ နှောင်ကြိုးတွေကို
မယူပါရစေနဲ့
မယူပါရစေနဲ့
မယူပါရစေနဲ့
အကြောက်အကန် ငြင်းဆန်လိုက်ရဲ့
မယူပါရစေနဲ့
ဒီဘ၀အတွက် နောက်ကျနေတဲ့လူပါ
မယူပါရစေနဲ့
နောက်ဘ၀အတွက်စောပါသေးတယ်
မယူပါရစေနဲ့။
လှသန်း
ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့
Subscribe to:
Posts (Atom)