Thursday, January 23, 2014

ရီရီအေး ◄ ဟံလင်း ►

ကျွန်တော့်ကို မနက်ဖြန် နံနက် ၄နာရီခွဲ နှိုးပေး ။ ကြက်ဥကြော်တစ်လုံး ဘေကင်နည်းနည်း နဲ့ ငှက်ပျောသီးဖြစ်ဖြစ် သစ်တော်သီးဖြစ်ဖြစ် တစ်ခုခုအဆင်သင့်လုပ်ထားလိုက် ။ ဂျုစ် မလုပ်နဲ့တော့ ကော်ဖီပဲလုပ်ထားလိုက် ။ သောက်ရမယ့်ဆေးတွေပါတစ်ခါတည်းထုတ်ထားလိုက် ။ ရေချိုးခန်းကိုသန့်ရှင်းရေးလုပ်ထားပေး ။ ဘပ်တပ်ကိုသေသေချာချာဆေး  ရေဖြည့်  နှင်းဆီပန်းပုံပါတဲ့ဆပ်ပြာရည်များများထည့်ထားလိုက် ။ ကျွန်တော့်အဝတ်၃စုံထုတ်ထားတာတွေ့လိမ့်မယ် ။ ဘာဝတ်ရမှန်းမသိသေး ။ အကုန်လုံးမီးပူပြန်တိုက်ထားလိုက် ။ တအားကြီး ခေါက်ရိုးကြီးကျမနေစေနဲ့ ။ ယူသွားမယ့်ကျောပိုးအိတ်ကို ဖုန်တွေဘာတွေခါထားလိုက် ။ အိမ်ဖုန်းကိုဘယ်သူဆက်ဆက် မရှိဘူး ၊ ကျွန်မ မသိဘူး ဘာညာ ကြည့်ကျက်ပြောထားလိုက် ။ ခြံရှေ့ကနေ ဘဲလ်လာတီးနေလည်း ဘယ်သူလဲဆိုတာပဲ တစ်ချက်ကြည့်ထားလိုက် ။ အိမ်ပြူတင်းပေါက်တွေအကုန်ဖွင့်ထားလိုက် ။ ဝရန်တာကဂမုန်းတွေကိုရေဖျန်းထားလိုက် ။ ဪ ဖိနပ် ဖိနပ် ။ စီးနေကျတစ်ခုပဲ ။ ပေပြုနေရင်နည်းနည်းတိုက်ထားလိုက် ။ ခြေအိတ်တွေ အသစ်လဲထားလိုက် ။ ဖရီဇာထဲက ကကတစ်တွေကို မားဆိုးတို့စားဖို့ ကြော်ထားလိုက် ။ ကြွပ်ကြွပ်ကြော် ။ ကြွပ်မှစားကြမှာ ။ သူတို့ဆရာဝန်လာမယ့်ရက်ဆိုတော့ ဘရပ်လေးဘာလေးနဲ့နည်းနည်းပါးပါးပေါ့ ။ ဝှိုက်ဘုတ်ပေါ်ကဟာတွေ အစအဆုံးဖျက်ထားလိုက် ။ ဂုဏ်တော်ကွန်ချာခွေကို ခပ်တိုးတိုးဖွင့်ထားလိုက် ။ ဆွမ်း ရေချမ်း ဖယောင်းတိုင် အမွှေးတိုင် အကုန်လုံးအဆင်သင့်ပြင်ထားလိုက် ကျွန်တော်ဘုရားကပ်ဖို့ ။ စီးကရက်တစ်လိပ်ယူ မီးညှိ နည်းနည်းဖွာလိုက် ပြီး ဘိုးမင်းခေါင်လက်ကြားထဲညှပ်ထားလိုက် ။ ဂဲဂျနရေးရှင်းခွေဘယ်နားသွားထားမိမှန်းမသိဘူး ။ စကတ်တိုနဲ့ ကိုရီးယားမလေး၉ယောက်ခွေကိုပြောတာ ။ မတွေ့ တွေ့အောင်ရှာပြီး ကားထဲထည့်ထားလိုက် ။ လက်တော့ကိုလည်း ကားထဲထည့်ထားလိုက် အိတ်ထဲသိမ်းပြီးတော့ ။ ကားကိုရေဆေးထားလိုက် ။ အထဲက ကူရှင်အစွပ်တွေကလျှော်ပြီးချက်ချင်းမခြောက်တဲ့ အနံ့မျိုးဖြစ်နေရင် ဖြုတ်ထားလိုက် ။ ၄ခွဲနှိုးဖို့ မမေ့နဲ့ ။ မနိုး နိုးအောင်နှိုး ။ မနိုး မဖြစ် ။ အရမ်းအရေးကြီး ။

ဟံလင်း

ရန်နိုင်ဟာ လမ်းကို ကူးတုန်း ◄ ထွဏ်းသွေးအိမ် ►

အပျက်အပျက်နဲ့
နှာခေါင်းသွေးထွက်မလာတော့ဘူး

ဘုရားပန်းတွေညှိုးနေပြီ
အသံလည်းပြာနေပြီ
ရန်နိုင်ဟာ
အမှားကိုငွေကြေးနဲ့ဖုံးတုန်း။

သွေးလေးပူတော့
ကဗျာအကြောင်းတွေပြောပြီး
သွေးအေးသွားတော့
ငါတို့မမြင်ကွယ်ရာ
သူ့အတိုင်းလာတဲ့ဆေးပေါ့လိပ်ကို
ဖြည်ချလိုက်တယ်။

မင်းလက်မောင်းဟာ
ဆရာဝန်ထိုးထားတဲ့အပ်ပေါက်ရာ
တွေမဟုတ်ဘူး
မင်းမျက်လုံးဟာ
မင်းအမေပေးထားတဲ့
မျက်လုံးတွေမဟုတ်ဘူး
မင်းကိုမေးရင်
လမ်းကိုကူးတုန်းပဲလို့ပြောအုံးမယ်။

ဆန်ကောထဲ
ဇီးဖြုသီးထည့်လှိမ့်ခံရတဲ့ခေတ်မှာ
မင်းက
လမ်းကြမ်းကြမ်းကိုမှရွေးတယ်။

မရှိဘူး
မသိဘူးဆိုပြီး
ဘဝကို
မင်းရူးချင်ယောင်ဆောင်တယ်။

အရင်က
ရန်နိုင် B.A (myanmar)
ရန်နိုင် A.G.T. I(Civil)
အခု
ရန်နိုင်(ဆေးစပ်ပြီးဆေးပေါ့လိပ်များ)
ရန်နိုင်(တိုက်ကြိုတိုက်ကြားဆေးထိုးအပ်များ)။

အာစင်းဝင်းဂါးဟာ
ဗီအဲရာကိုရောင်းတာ
သူမှားတယ်ဆိုတာဝန်ခံတယ်။

ငါတို့မျှော်လင့်တာ
အဲဒီလိုမျိုး
နောက်
မင်းပြောလာမဲ့
ကဗျာတွေအကြောင်း
ပြီး
မင်းကူးနေတဲ့လမ်းတွေအကြောင်း။

ထွဏ်းသွေးအိမ်

လင်ငယ် ◄ ဟံလင်း ►

ဝုန်းခနဲ တံခါးပွင့်သွားလို့
လင်ငယ် လန့်သွားတယ်

ရဲတွေ အရပ်ဝတ်တွေ
အခန်းထဲဝင်လာတယ်

လင်ငယ် ကြောင်သွားတယ်

ဂျင်းဘောင်းဘီကို အမြန်ယူဝတ်
ဒေါသတကြီး အော်ဟစ်တယ်
ခင်ဗျားတို့ဒါဘာလုပ်တာလဲ
သူ့ကိုယ်သူ လင်ငယ်မှန်းမသိတဲ့ လင်ငယ်

ကိုယ်မှာတဘက်အဖြူပတ်ထားတဲ့မိန်းမကို
အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်က
လင်ငယ်နေတဲ့ဟာမ
ပါးစပ်ကပြောပြီး ပါးပိတ်ရိုက်ပစ်တယ်

လင်ငယ် အ သွားတယ်

ချက်ချင်းဆိုသလို အခြေအနေကို
လင်ငယ် သဘောပေါက်သွားတယ်

လင်ငယ် တအား တုန်လှုပ်သွားတယ်
လင်ငယ် တအား ခြောက်ခြားသွားတယ်

လင်ရှိမယားကို လင်ရှိမယားမှန်း
မသိခဲ့တဲ့ လင်ငယ်
လင်ရှိမယားကို လင်ရှိမယားမှန်း
သိသွားတဲ့ လင်ငယ်

လူကြီး နဲ့ လူငယ်
လင်ကြီး နဲ့ လင်ငယ်
နှစ်လင် တစ်မယား

မဟုတ်ဘူး မဟုတ်ဘူး
ကျွန်တော် လင်ငယ်မဟုတ်ဘူး
အကြောက်အကန်
လင်ငယ် ငြင်းဆန်တယ်

လက်ပူးလက်ကြပ်မိနေတာတောင်မှ
မင်းကငြင်းချင်သေးလို့လား
လင်ငယ်ကို ၀ိုင်းဟောက်တယ်

ကျ...ကျွန်တော်ရှင်းပြပါရစေဦး
အထစ်ထစ် အငေါ့ငေါ့
ညှိုးညှိုးငယ်ငယ်
လင်ငယ် တောင်းပန်တယ်

သေချင်လို့လား
စခန်းရောက်မှရှင်း
လင်ငယ်ကို လက်ထိပ်ခတ်လိုက်တယ်

လွန်ခဲ့တဲ့ ဆယ်မိနစ်က
ကာမသူရဲကောင်းကြီး
အခု
လင်ငယ် ။

ဟံလင်း

Tuesday, January 21, 2014

ရှင်တို့ရဲ့ အမေနာမည် ဘယ်သူလဲ

ကျွန်မက ဘရာဇီးသူ (၁၈)နှစ်သမီး
အမေဇုန်သစ်တောကြီးရှိရဲ့သားနဲ့
အမေ့ရဲ့ဆေးကုသစရိတ်အတွက်
ကျွန်မကိုယ်ကျွန်မ online ပေါ်တင်လိုက်ရတယ်။

ကျွန်မက အိန္ဒိယသူ
ဒီနေ့တော့
ကျွန်မကိုယ်ကျွန်မ အဆုံးသတ်လိုက်ပြီ
ဘတ်စ်ကားတစ်စီးပေါ်မှာ အမှုကိုရုပ်သိမ်းလိုက်ပါပြောပြီး
တရားရုံးတစ်ရုံးမှာ ကျွန်မကိုအဓမ္မကျင့်လိုက်တဲ့ကိစ္စ။

ကျမက
ကျမတို့ကို ‘‘ကျွန်မ’’လို့သိတဲ့တိုင်းပြည်က ‘‘ကျွန်မ’’ ပေါ့
ရောင်းစားလိုက်တယ် ဘုံမယားတဲ့
ရောင်းစားလိုက်တယ် နေ့ခင်းမှာ စက်ရုံ ၊ ဥယျာဉ်ခြံမြေ ၊ ကျောက်ထုလမ်းခင်း
ညကျတော့ လ္လိင်လုပ်သား ကျွန်မကို ၃ လိပ်ကိုတစ်ကျပ်နဲ့ မီးညှိပေးလိုက်တယ်။

အကာအကွယ်မရှိ ကျမကိုဆက်ဆံလိုက်တယ်
ကျွန်မနိုင်ငံကိုယ်တိုင်က ကျွန်မကိုမဒိမ်းကျင့်ပြီး ဟိုဘက်တိုင်းပြည်ကိုလွှင့်ပစ်ခဲ့တာ။

ကျွန်မတစ်ခုသိပါရစေ
မြင်လေရာ လက်ညှိုးတရမ်းရမ်း ပါးစပ်တဗွမ်းဗွမ်းနဲ့ရှင်တို့
ကိုယ့်အချင်းကိုယ်ပြန်စားပြီး ကိုယ်ချင်းမစာ
ရှင်တို့ကို ဒီလောကကြီးထဲခါထုတ်လိုက်တဲ့ရှင်တို့အမေတွေရဲ့နာမည်တွေဘယ်သူပါလဲ

ဒီမှာ ကျွန်မ ရှာကြည့်မလို့ ။ ။

ခရမ်းပြာထက်လူ

၂၀၁၄ ၊ ဇန်န၀ါရီ

Saturday, January 18, 2014

မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ


Photo

(တစ်)

တစ်ခါက အမှောင်ထုအင်နှင့်အားနှင့် ကြီးစိုး၍နေဆဲ မနက်စောစောကြီးထဲမှာ ကချင်ပြည်နယ်၏အစပ် ဟောင်ပါးဆိုသော ရွာကလေးကနေ ဆယ်ဇင်းတို့၊ တာမခန်တို့၊ ဖားကန့်တို့ကိုဖြတ်ကာ မြစ်ကြီးနားသို့ ပြန်လာခဲ့ဖူးပါသည်။ တောင်ဆင်းတောင်တက်တွေက များမှများ၊ မှောင်ကလည်းမှောင်မို့ တောင်တွေးမြောက်တွေးနှင့် စိတ်အားငယ်နေစဉ်မှာပင် ကားပေါ်၌ အတူပါလာသူ ဒေသခံမိတ်ဆွေက ကားရှေ့မီးရောင်၏အလင်း၌ ပေါ်လာသည့် ကားလမ်းအချိုင့်တစ်နေရာကို လှမ်းပြပါသည်။

“အဲဒါ.. မကြာသေးခင်က မိုင်းကွဲသွားတဲ့နေရာပေါ့”

ကျွန်တော့်ခြေထောက်တွေ ယားကျိကျိဖြစ်သွားပါသည်။ သူက သူ့စကားကိုဆက်၍နေသောအခါ ခြေထောက်တွေ ယားကျိကျိဖြစ်လာရုံမျှသာမက ကိုယ့်ဒူးခေါင်းအောက်ပိုင်းကို ကိုယ်ပြန်စမ်းကြည့်မိသည့်အထိကိုပင်လျှင် ကျောချမ်း၍သွားပါလေသည်။ တိုင်းရင်းသား သားအဖနှစ်ယောက်တို့ မနက်စောစောကြီး ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ခဲ့ပါလေသတဲ့။ နာရေးဖြစ်သည့် ဆွေမျိုးသားချင်းများရှိရာ ရွာကလေးတစ်ရွာဆီသို့ ခရီးနှင်ခဲ့ခြင်းဖြစ်ပါသတဲ့။ အဖေနှင့်သမီး စကားတစ်ခွန်းစ နှစ်ခွန်းစပြော၍ လာခဲ့စဉ်မှာပင် ကားလမ်းတစ်နေရာ၌ မြှုပ်ထားသည့်မိုင်းကို ဆိုင်ကယ်ကနင်းကာ ၀ုန်းဝုန်းဒိုင်းဒိုင်းပေါက်ကွဲကုန်ခြင်းဖြစ်ပါသည်။

“သမီးလေးကတော့ ပွဲချင်းပြီးပေါ့.. အဖေက ခြေထောက်နှစ်ချောင်းလုံး ဒူးဆစ်ကနေပြတ်ထွက်ကုန်တာ.. ကားမောင်းစားတာလေ.. အခု.. ကားမမောင်းနိုင်တော့ဘူး.. ရပ်ရွာက စောင့်ရှောက်ထားရတယ်”

တိုင်းရင်းသားအချင်းချင်း စစ်ခင်းကြရသည့် ပဋိပက္ခဖြစ်စဉ်ကြီးထဲတွင် သူတို့နှင့်ဘာမှမဆိုင်သည့် အဖေနှင့်သမီးတို့က အသက်နှင့်ဘ၀ကို ပေးလိုက်ကြရခြင်းဖြစ်ပါသည်။

ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ


Photo


(တစ်)

ဒေါင်းရောင်နေ
မှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ
ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌
အခိုက်အခွင့်မဟန်
အိုကွယ်
ခွေးလိုကိုက်ချင်တဲ့
စရိုက်အကျင့်တန်

ကဗျာ့ပါရဂူငြိမ်းချမ်းရေးဖခင်ကြီး၊ အမျိုးသားစာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးတစ်ပုဒ်ထဲမှ ကောက်နုတ်ဖော်ပြလိုက်သည့် စာသားအချို့ပင်ဖြစ်ပါသည်။

နိုင်ငံ့ခေါင်းဆောင်တို့ နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိယတရားခုနစ်ပါးစသည့် ရှေးရှေးကထုံးတမ်းစဉ်လာများအတိုင်း မကျင့်ကြ၊ မကြံကြတော့ဘဲ တစ်ဦးနှင့်တစ်ဦး ခွေးကဲ့သို့မာန်ဖီကာ တိုက်ချင်ခိုက်ချင်၊ ကိုက်ချင်ခဲချင်လာကြသဖြင့် တိုင်းမှုပြည်မှုအနာဂတ်ကို ဆစ်ထုသည့်လုပ်ငန်းများတွင် သိပ်ဟန်မကျလာရာက ဒေါင်း၏အရောင်အ၀ါများ မှေးမှိန်လာရပါပြီဟု ရေးဖွဲ့လိုက်ခြင်းပင်ဖြစ်ပါသည်။

ဒေါင်းဆိုသည်မှာ မြန်မာ၏သင်္ကေတပေပဲပေါ့။ ဒေါင်းရောင်မှေးပြီဆိုခြင်းမှာ မြန်မာတို့၏အရောင်အ၀ါအရှိန်အစော်မှေးပြီဟု ဆိုလိုခြင်းပေပဲပေါ့။ ကမ္ဘာက စော်ကား။ အိမ်နားနီးချင်းတွေက မတော်မတရား။ ပြည်သူလူထုမှာ ဘာမှအပြစ်မရှိ။ တာဝန်ရှိသူက ခေတ်အဆက်ဆက် စီမံခန့်ခွဲခဲ့ကြသည့် အစိုးရဆိုသည့် လူပုဂ္ဂိုလ်များ။

မူဆယ် ကြယ်ဂေါင် ရွှေလီ မန်စီ စိနရဋ္ဌခရီးသည်

Photo



(တစ်)
ယခုခေတ်က ခရီးသွားရလာရတာ တော်တော့ကို လွယ်ကူချောမွေ့လာသော ခေတ်ပဲဖြစ်ပါသည်။ ကိုယ့်ပြည်တွင်းမှာရှိသည့် မြို့များ ရွာများကို အသာထား၊ အိမ်နီးနားချင်းဒေသများသို့ပါ ဥဒဟိုသွားလာဝင်ထွက် ရောင်းဝယ်ဖောက်ကားခရီးကို ဆန့်ချင်သလောက်ဆန့်ထား၍ ရသည့်နေ့ရက်များဟုဆိုရမည့်ခေတ်ကြီး ဖြစ်ပါသည်။

ထိုင်းနိုင်ငံထဲကို မြ၀တီကနေကူးမလား၊ ဘုရားသုံးဆူကနေကူးမလား၊ တာချီလိတ်ကနေကူးမလား၊ မြန်မာငွေထောင်ဂဏန်းဝန်းကျင်ခန့်နှင့် ညီမျှသည့် ဘတ်ငွေလည်း ပေးဆောင်လိုက်ရုံမျှဖြင့် ကျွန်တော်တို့ ရောက်သွားနိုင်ကြပါသည်။