တိုင်းပြည်ကြီးဟာ သစ်သီးဝလံတွေပေါများလို့
တစ်ကိုက်ဖဲ့စားလိုက်တိုင်း ခွမ်းကနဲ ခွမ်းကနဲ မာလကာသီးကြီးတွေ အုန်းသီးခန့်
အုန်းသီးမှာ အခွံမရှိတော့တဲ့ ငါတို့တိုင်းပြည်ရဲ့ ဒီနေ့နည်းပညာ ...
ငါဟာ မူလတန်းပြဆရာတစ်ဦးပါ
ငါ့ကျောင်းက ကလေးတွေဟာ အင်တာနက်နဲ့ မလုံလောက်တော့
ပဋိပညာရေး anti-education ကို တောင်းဆိုနေပြီ
ကမ္ဘာ့ကဗျာဆရာမောင်ချောနွယ်
ကမ္ဘာ့ကဗျာဆရာဇေယျာလင်းတို့ရဲ့ လာရောက်ဟောပြောမှုကို
မုန့်စားဆင်းချိန်မှာ အသေးစိတ်ဆွေးနွေးလို့ ...
ငါ့အိမ်ခေါင်မိုးမှာ ဆိုလာအမိုးပြားတွေနဲ့
ငါ့အိမ်ရှေ့က နိုင်လွန်ကတ္တရာလမ်းသွယ်
ငါတို့လမ်းထဲက အိမ်တွေဟာ ရွှေဖြူမျက်နှာကြက်နဲ့
ငါတို့လမ်းထိပ်မှာ ငါ့မိန်းမဟာ
လေးထပ်မြင့် ဟင်းသီးဟင်းရွက် mart တစ်ခုကို ဦးစီးရောင်းချလို့
လက်ထဲမှာ မြစ်ဝကျွန်းပေါ်မြောက်ဖျားစီးပွားရေးစာစောင်ကိုဖတ်လို့
အို ...ငါတို့မြို့လေးမှာ
ရွာသာကုန်းတိုင်းမ်သတင်းစာ
ပိုးစာတောစထရိဂျာနယ်
ရွှေကူပို့စ်သတင်းစာ
နေ့စဉ်ထုတ်သတင်းစာတွေဟာ ပလူပျံလို့ ...
ဆေးရုံတွေမှာ လူနာမရှိသလောက်ဘဲ
မြို့ဟာ ကျန်းမာရေးနဲ့ညီညွတ်လို့
စက်ရုံက မီးခိုးတွေနဲ့ အိတ်ဇောငွေ့တွေကို
မြို့တော်ဝန်ဟာ အောက်စီဂျင်အဖြစ် ပြောင်းလဲထုတ်လုပ်လို့
မြို့ထဲက ပလက်ဖောင်းတွေ၊ ပလက်ဖောင်းတွေရဲ့ ပခုံးသားမှာ
သင် လျှောက်ခဲ့တဲ့ခြေလှမ်းတွေကို ဖော်ပြလို့
ပဲစပါးပြတိုက်၊ ရေချိုးငါးပြတိုက်၊ ယဉ်ကျေးမှုပြတိုက်ကြီးတွေဟာ မိုးထိမြင့်လို့
ပန်းဘဲတန်းစကွဲယားပန်းခြံထဲမှာ
ကဗျာဆရာမောင်လင်းခက်ရဲ့ဖယောင်းပန်းပုဟာ တိတ်ဆိတ်ငြိမ်သက်လို့
ဟင်္သာတကိုဝင်ထွက်ခဲ့ဖူးတဲ့ ကဗျာဆရာတွေရဲ့ရုပ်ပုံဟာ
ကဖေးဆိုင်တိုင်းမှာ ချိတ်ဆွဲလို့
လမ်းထောင့်တိုင်းမှာ သူရဲကောင်းနဲ့ စာဆိုတို့ရဲ့ကြေးသွန်းရုပ်ကြီးတွေ
မြို့ရဲ့တစ်ခုတည်းသော လေယာဉ်ကွင်းကနေ ...
ကဗျာတစ်ပုဒ်ထဲသို့ ဝင်ရောက်ပါ
တကယ့်အဖြစ်အပျက်များသာ တွေ့ရမှာ။ ။
မြတ်ခိုင်ဦး
No comments:
Post a Comment