လိုအပ်နေသေးရင်

Thursday, January 10, 2013

နှစ်ကိုယ်ခွဲပေးလိုက်ရတဲ့ လူတစ်စုံ ◄မြခွာညို/မိုးခါး lပန်းလောင်မြေl►


ကမ္ဘာမြေပေါ်မှာ ငါတို့နှစ်ယောက်ထဲ နှစ်ကိုယ်ခွဲနေရသလို
ငါ့ခံနိုင်ရည်က နည်းနည်းပါးပါး
ခေတ္တဆိုတဲ့ စကားကြီးစီးပြီး
ငါ့ကို အိမ်မက်တွေ ဆက်ပေးပါဦး
နင့်ကဗျာတွေထဲလဲ ငါ့ကို အလည်ခေါ်ပေါ့
ပုံပြင်ပူပူနွေးနွေးတွေ ချက်ပြုတ်ဖြစ်ရင်လဲ
ငါ့ကို သတိရပေါ့ ကဗျာဆရာရေ .. ။

ကဗျာတစ်လှည့်၊ ငါ့ကိုတစ်လှည့် အသက်သွင်းပါ
(စီးကရက်တွေ မပါရ)
စီးကရက်များသည် ငါ့ကို ဆိုးဝါးစွာ သ၀န်တိုစေပါသည်။

ညဘက်ဘယ်အရာကိုမှ စကားပြောမရအောင်
Silent Sign အခန်းထဲ ခတ်ထားလိုက်
အားနာနာနဲ့ လွမ်းနေရတဲ့စိတ်က
ထိန်းချုပ်ခန်းမရှိတာ မဆန်းဘူးမို့လား .. ။
အတိတ်တွေ အိပ်ပျော်ပျော်ချင်း ငါနိုးထချင်ရဲ့ .. ။

ငါ၏ 'ပရိတ်သတ် ဇာတ်ဝင်ခန်းများ'

ဟောဒီရင်ဘတ်ထဲက တစ်လမ်းမောင်းဟာ သူ့အတွက်
မိုးရာသီဝင်နေတဲ့ ခန္ဓာဘယ်ဘက်အခြမ်းဟာ
ကဗျာ သို့မဟုတ် ကဗျာဆရာကို ကိုယ်စားပြုတယ်။

ကမ္ဘာအပျက် ခေတ်အပျက်မှာ
ငါတို့နှစ်ယောက်ဆိုက်တဲ့ ကပ်က 'ဝေးကွာခြင်းကပ်'
ဘ၀အပျက်တွေ အသက်ရှုဖို့
ငါ့ခြေထောက်တွေကို ဖြုတ်သိမ်းထားလိုက်ရတာ ကြာပေါ့
အိမ်မက်မှတပါး အခြားမရှိ
ငါ့ကို ဒီနေ့ည အိမ်မက်ထဲ ဆက်ဆက်လာကြိုလှည့်ပါ။


ညနက်နက်ထဲ မျက်ရည်ဟာ မြစ်ဖြစ်သွားပေါ့ .. ။
ကြောက်တယ်
ရေတံခွန်လို ဖြာနေတဲ့ နင့်ဆံပင် အညိုရောင်တွေထဲ
ငါ့မျက်နှာ ဖွက်ထားခွင့်ပြုပါ။

ဘ၀တစ်ခုက ဘ၀တစ်ခုကို မျှားခေါ်
အိမ်မက်တစ်ခုက အိမ်မက်တစ်ခုထဲ တိုးဝင်
လက်ဖ၀ါးတစ်ဖက်က လက်ဖ၀ါးလေးတစ်ဖက်ကို ဆာလောင်သလိုမျိုး
တစ်ယောက်အရိပ်နဲ့ တစ်ယောက်မိုး
တစ်ယောက်ရင်ခွင်အောက် တစ်ယောက်ခို
ကောင်းကင်ဆီ ခိုးခိုးရှိုက်နေမိတဲ့ မိုးသား
မိုးသားဆီ ပြေးပြေးနမ်းချင်မိတဲ့ ကောင်းကင်

သတင်းစာခေါင်းကြီးပိုင်းက အရေးပေါ်ကြော်ငြာ

စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။
စိတ်ဖိစီးမှုတွေရဲ့ ထွက်ပေါက်ဟာ ပြေးလမ်းမဲ့
ရောက်ရာအရပ်က အမြန်ပြန်လာပါ မြခွာညို .. ။

မြခွာညို/မိုးခါး lပန်းလောင်မြေl

ဇန်န၀ါရီ ၇ ၊ ၂၀၁၃ (တနင်္လာနေ့)

12 : 36 : 10 AM

No comments:

Post a Comment