လိုအပ်နေသေးရင်

Thursday, January 10, 2013

စိတ်သတ္တိရှင် “ဟင့်အင်း” သမား

(တစ်)
    ငယ်တုန်းရွယ်တုန်း သွေးကြွတုန်းအရွယ်ဟု ဆိုကြပါစို့။ ဆေးမင်ကြောင်ခေါ် တက်တူး( Tattoo ) ထိုးဖို့လည်း စိတ်ကူးပေါ်သည်ဟု ဆိုကြပါစို့။ အရုပ်ကြီးကြီးမားမား ကြီးတွေကို မထိုးဘဲ စာလုံးကလေး တစ်လုံးစ၊ နှစ်လုံးစလောက်သာ ထိုးမည်ဟု ရည်ရွယ်ထားသည် လည်း ဆိုပါစို့။ ချာတိတ်အရွယ် လူငယ်အများစု အရွေးများသည့် စကားလုံးမှာ ““သတ္တိ””ဆိုတာပဲဖြစ်ပါသည်။ လက်မောင်းပေါ်မှာ““သတ္တိ””။ လက်ခုံပေါ်မှာ သတ္တိ။ လက်ဖျံပေါ်မှာ သတ္တိ။ ရင်ဘတ် ပေါ်မှာ သတ္တိ။ သေရာပါ သတ္တိ တွေကို ဘယ်လိုမှ ဖျက်မရနိုင်ပါ လေတော့။ မည်သူ့ကိုမဆို ရင်ဆိုင်မယ် ထိုးနှက်မယ်၊ တိုက်ခိုက်မယ်။

ချေမှုန်းမယ်ဆိုသည့်အနက် အဓိပ္ပာယ်ဗျူပ္ပတ်များဖြင့် သတ္တိကို နားလည်ခဲ့သည့် အရွယ်မတိုင်မီ နေ့ရက်များ။
    နောက်တော့ ဟိုနားစပ်စပ် သည်နားစပ်စပ်ဖြင့် စာအုပ်တွေ  ဖတ်ဖြစ်လာသောအခါ မြန်မာ စကားလုံး သတ္တိ နှင့် ညီညွတ် သည့် ကားရေ့ဂ်ျ( courage )ဟူ သော စကားလုံးကို သွားတွေ့ပါ သည်။ သူ့တစ်လုံးတည်းတောင် မဟုတ်။  intellectual courage  တဲ့။ Moral courage  တဲ့။ ပထမ စကားလုံးကို ဉာဏသတ္တိ၊ ဉာဏ် သတ္တိဟုပဲဆိုကြပါစို့။ ဒုတိယ စကားလုံးကိုလည်း ကိုယ်ကျင့် တရားသတ္တိ၊ စာရိတ္တသတ္တိဟု ဆို ကြပါစို့။
    ထိုသတ္တိ နှစ်မျိုးအနက် လူတစ်ယောက်ကို သမိုင်းကအဆုံး အဖြတ်ပေးသွားသည်က  Moral Courage  ခေါ် ကိုယ်ကျင့်တရား သတ္တိ၊ စာရိတ္တသတ္တိ၊ စိတ်သတ္တိဆို ပါလား။ ကိုယ့်ခန္ဓာအရေပြားပေါ် မှာရေးထိုးထားမိတာတွေက ဘယ်လိုသတ္တိအမျိုးအစားများပါလိမ့်။





(နှစ်)
    ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်းတွေကို အခုနှစ်တွေထဲ ပလူပျံအောင်ဖတ်ရတော့ ရွှေဘို က အငြိမ့်မင်းသမီး ညိုညိုစိန်နှင့် ကိစ္စကိုပါ သိခွင့်ရပါသည်။ ၁၉၄၇ ရွေးကောက်ပွဲအကြိုကာလ ဖဆ ပလအဖွဲ့ချုပ် မဲဆွယ်ရေးအတွက် ဗိုလ်ချုပ်တို့ရွှေဘိုမြို့သို့ ရောက် သွားစဉ် ဦးစံထွား၏တိုက်၌ ရွှေ ဘိုညိုညိုစိန်အငြိမ့်အဖွဲ့ဖြင့် ဧည့် ခံခဲ့သည်ဟု ဆိုပါသည်။ ဤတွင် အငြိမ့်ပွဲစီစဉ်သူတို့က အငြိမ့်မင်း သမီးအား ချဉ်းကပ်ကာ ဗိုလ်ချုပ် အောင်ဆန်း၏ လက်ကိုရအောင် ဆွဲဖို့နှင့် ဆွဲနိုင်လျှင် ဆုငွေ ၅၀ ကျပ်ချီးမြှင့်မည်ဖြစ်ကြောင်း ညှိ နှိုင်းပါသည်။ မင်းသမီးကလည်း ဆွဲဖို့ ကြိုးစားပါသည်။ ယင်းကို ရိပ်မိသွားသူ ဗိုလ်ချုပ်အောင်ဆန်းက ...
    “မင်းသမီး ကျုပ်ကိုဆွဲလား ရမ်းလားလုပ်ဖို့တော့ မကြိုးစားနဲ့ ကျုပ်မှာကာမပိုင်ရှိတယ်။ မခင်ကြည်ကြားရင် စိတ်ဆိုးသွားလိမ့် မယ်”စသည်ဖြင့် ပြောခဲ့ကြောင်း စာမျက်နှာများပေါ်၌ ကျွန်တော်တို့ဖတ်ရှုကြရပြီး ဖြစ်ပါသည်။ သည်လို စိတ်သတ္တိမျိုးကိုပင်  Moral Courage  ဟုခေါ်နေကြခြင်းဖြစ်ပါသည်။
    အများသိပြီးဖြစ်သည့် သာ ဓကတစ်ခုကို ထပ်ဆင့်တင်ပြလို ပါသေးသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏  Moral Courage ပင်ဖြစ်ပါ၏။ ၁၉၂၁ ခုနှစ်၌ ၀တ်လုံတော်ရ ဦးမေအောင်က ဆရာကြီးထံသို့ ချဉ်းကပ်ကာဘုန်း တော်ဘွဲ့ရတုတစ်ပုဒ်ရေးဖွဲ့ပေးဖို့  မေတ္တာရပ်ခံပါသည်။ အင်္ဂလန် နိုင်ငံရှိ ဂျော့ဘုရင်၏ သားကြီး ဝေလမင်းသားကို ချီးကျူးဖွဲ့ဆိုရ မည့် ဘုန်းတော်ဘွဲ့ရတု။ ဆုငွေ က အသပြာကျပ် ၁၀၀၀။ သို့ သော် ဆရာကြီးသခင်ကိုယ်တော် မှိုင်း “ဟင့်အင်း” လုပ်ခဲ့သည်ကို အား လုံးအသိပင်ဖြစ်ပါသည်။
    ၂၀ ရာစု၏ အထူးချွန်ဆုံး လူသား( Man of The Century ) အိုင်းစတိုင်း၊ ရူပဗေဒဆိုင်ရာနို ဘယ်ဆုရှင် အိုင်းစတိုင်း၊ ထို Albert Einstein ဟူသည်က ကမ္ဘာသိ ဖြစ်ပါသည်။ အစ္စရေး နိုင်ငံ တည်ထောင်ခါစက နိုင်ငံ ရေးခေါင်းဆောင် ဒေးဗစ်ဘင်ဂူ ရီယန်( David Ben Gurian )က အစ္စရေးသမ္မတလုပ်ပေးဖို့အတွက် ဂျူးလူမျိုးဖြစ်သော အိုင်းစတိုင်းကို ကမ်းလှမ်းပါသည်။ အိုင်းစတိုင်း ၏အဖြေက ““ဟင့်အင်း”” ဆိုသည် သာ။ ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသမီးသမ္မတဟောင်းကိုရာဇန်အကွီနို ( Corazan Aquino )ဆိုလျှင်လည်း
 ““ဟင့်အင်း”” နှင့် နာမည်ကြီးပါ သည်။ သူဖိလစ်ပိုင်သမ္မတဖြစ်နေ စဉ် နိုင်ငံတော်က မာစီဒီးကားပေး သည်။ အကွီနိုက ““ဟင့်အင်း””။ သမ္မတသက်တမ်းခြောက်နှစ်ပြည့် စဉ် သမ္မတသက်တမ်းတစ်ကြိမ် သာဟု ရှိထားသည့် ဥပဒေကို ပြင် ဆင်ကာ နောက်ထပ်သက်တမ်း တစ်ကြိမ်ဆက်လက်အုပ်ချုပ်ဖို့ ၀ိုင်းဝန်းအကြံပေးကြတော့လည်း ““ဟင့်အင်း””။
    ဟိန္ဒူကြီးစိုးသည့် အိန္ဒိယ နိုင်ငံ၌ ရှားရှားပါးပါး အစ္စလာမ်သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ အဗဒူကလမ်( Abdul Kalam ) ဆိုလျှင်လည်း ဒုံးပျံအင်ဂျင်
နီယာ၊ ဒုံးပျံလက်နက် စီမံကိန်း ဦးဆောင်သူ၊ သုတေသနဌာန အ ကြီးအမှူး၊  Ph.D  သင်တန်းဆရာ စသည် စသည်။ ငယ်ငယ်ကလေး တည်းကသူ၏ ဖခင်ကုတို့မှူးကြီး က ဘာလက်ဆောင်မှ လက်မခံ နဲ့ဟု ဆုံးမခဲ့သည့်အတွက် မည် သည့်လက်ဆောင်ကိုမှ လက်မခံ ခဲ့သူ။ သူ့သမ္မတသက်တမ်းက ၂၀၀၂ ခုနှစ် ဇူလိုင် ၂၄ မှ စတင် ရာ ၂၀၀၇ ခုနှစ် ဇူလိုင် ၂၄ ၌ ငါးနှစ်သက်တမ်းကုန်ဆုံးပါသည်။ သို့ဖြစ်ရာ အိန္ဒိယသမ္မတ အဗဒူ ကလမ် သမ္မတနန်းတော်ပေါ်က ဆင်းသည့်နေ့က ၂၀၀၇ ခုနှစ် ဇူလိုင် ၂၅။ တစ်ရက်ကလေးမှ ပို မနေ။ ဟင့်အင်း။

(သုံး)
    တကယ်တော့ အမျိုးမျိုး သော ဖြားယောင်းသွေးဆောင်မှု  တို့ကို ““ဟင့်အင်း””လုပ်ရသည်က တော်ရုံတန်ရုံ စိတ်သတ္တိ၊ ကိုယ် ကျင့်တရားသတ္တိတို့နှင့် မလွယ်ကူ လှပါ။ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကာမပိုင်မဟုတ်သည်ကို “ဟင့် အင်း” ၊ ဆရာကြီး သခင်ကိုယ် တော်မှိုင်းက သူမယုံကြည်ရာကို ကဗျာဖွဲ့ဆိုပေးဖို့ “ဟင့်အင်း”၊ အိုင်း စတိုင်းက သူ့အလုပ်မဟုတ်သည့် သမ္မတရာထူးကို “ဟင့်အင်း”၊ ဖိလစ်ပိုင်သမ္မတကိုရာဇန်အကွီနို က အဆောင်အယောင်အခမ်းအ နား မာစီဒီးကားကို “ဟင့်အင်း” ၊ အိနိယသမ္မတ အဗဒူကလမ်က လက်ဆောင်ပစ္စည်းကို “ဟင့်အင်း”၊ သမ္မတအိမ်မှာ နောက်တစ်ရက် ထပ်နေဖို့ “ဟင့်အင်း” ။
    ထိုသို့ ဟင့်အင်းလုပ်ရဲသည့် စိတ်သတ္တိကိုပင်  Moral Courage  ဟု အမည်ပေးခဲ့ကြခြင်းဖြစ် ပါသည်။ ကမ္ဘာကလည်းသည်လို ဟင့်အင်း လုပ်ရဲသူတွေကိုသာ ခေတ်အဆက်ဆက် သတိတရ လွမ်းဆွတ်နေခဲ့ကြခြင်း ဖြစ်ပါ သည်။ အရေပြားပေါ်မှာသာ““သတ္တိ””လို့ ဆေးမင်ကြောင်ထိုး ထားတာမျိုး မဟုတ်ဘဲ စိတ်ဝိညာဉ် လိပ်ပြာပေါ်မှာပါ အဲသည့်သတ္တိ ကို ဆေးမင်ကြောင်ထိုးထားလိုက် ချင်စမ်းပါဘိ။                     ။



မောင်သာချို

No comments:

Post a Comment