Thursday, January 10, 2013

ဘာသာစကား စစ်မြေပြင်မှာ နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေတချို့

(တစ်)
ကျွန်တော့်မိတ်ဆွေစာရေး ဆရာတစ်ယောက် စာပေစင်မြင့်တက်၌ ဟောပြော၍နေစဉ် သူ့ဟောပြောချက်ထဲ၌ ဂျပန်လူမျိုးတို့ သူတို့ ဂျပန်ဘာသာစကားနှင့် စာပေအပေါ်၌ အလေးအနက်ထားပုံ တစ်ကွက်ကို သူ့အတွေ့အကြုံကို အခြေခံလျက်က ထည့်သွင်းပြောကြားသွားသည်ကို ကြားလိုက်ရပါသည်။ သူတို့စာရေး ဆရာတစ်သိုက် ဂျပန်ဘူတာရုံ တစ်ခုသို့ရောက်ခိုက် ဘူတာရုံပတ်ဝန်းကျင်တစ်ဝိုက်သို့  စေ့ငုကြည့်လိုက်ရာ စာမှန်သမျှ ဂျပန်ဘာသာ စကားချည်းသက်သက်ဖြင့်သာ ရေးသားထားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ ဘုရားစူးမိုးကြိုးပစ်ရှားရှားပါးပါး      Exit ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်ကလေးတစ်ခုကိုသာလျှင် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားခဲ့ပြီး ဂျပန်နိုင်ငံအနှံ့အပြား၌လည်း သည်အတိုင်းပဲဖြစ်ကာ အင်္ဂလိပ်ဘာသာစကားနှင့် တွေ့ရဖို့က ခဲတောင့်ခဲယဉ်းကိစ္စဟုဆိုပါသည်။

သည်လို ပြောလိုက်သည့်အတွက် ဂျပန်တို့ အင်္ဂလိပ်ဘာသာ စကားကို လုံးဝကျောခိုင်းထားကြသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အင်္ဂလိပ်ဘာသာကို သင်ကြပါသည်။ အင်္ဂလိပ်စာအုပ်များစွာကိုလည်း ဘာသာပြန်ဆိုကြပါသည်။ သို့သော် အမျိုးသား ဘာသာစကားနှင့် စာပေကို ကပြက်ကချော်မလုပ်
ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ သတင်းများကို ဖတ်တော့ တရုတ်နိုင်ငံ၌ နိုင်ငံတကာဘာသာပြန် အသင်းဟူ၍ရှိကြောင်း သိရပါသည်။ ဥက္ကဋ္ဌက ဟွမ်ဟူရီဖြစ်ပါသည်။

သူက တရုတ်တို့၏ နေ့စဉ်သုံး စကားထဲ၌ အိုကေ (Okay)၊ ဘိုင့်ဘိုင် (Bye-Bye)၊ ဆောရီး (Sorry)၊ ရယ်ဒီ(Ready)၊ နိုက်စ် (Nice)၊ မော်ဒန် (Modern)၊ နိုး (No)၊  ရက်စ် (Yes) စသည့် စကားများကို  ညှပ်မပြောသင့်ကြောင်း တိုက်တွန်းထားသည်ဟု ဆိုပါသည်။ ကြာလျှင် တရုတ်နေ့စဉ်သုံး စကားတွေ မှေးမှိန်ပျောက်ပျက်သွားမည်ကို စိုး၍ဟု ဆိုပါ၏။ စဉ်းစားသင့်သော အချက်ဟု ထင်ပါ၏။

(နှစ်)
မြန်မာတို့၏ နေ့စဉ်လူမှု ဘ၀ကို ကြည့်တော့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးပြကြီးများကို အသာထား အတန်အသင့်အတောင်အလက်စုံလာသည့်  မြို့ကလေးများ၌ပင်လျှင် ဆိုင်းဘုတ်အများစုက အင်္ဂလိပ်ဘာသာနှင့် ဖြစ်ပါသည်။ မန္တလေးလို မြို့ကြီးများတွင်ကား တရုတ်ဘာသာနှင့်ကပင် ပိုများနေပါလိမ့်မည်။

နိုး (No) တို့လို၊ ရက်စ်(Yes) တို့လို၊ အိုကေ (Okay) တို့လို၊ မောနင်း (Morning) တို့လို၊ ဂွတ်နိုက် (Good Night) တို့လို၊ ဆောရီး (Sorry) တို့လို၊  ဆီးယူ (See You) တို့လို၊ ရယ်ဒီ (Ready) တို့လို၊ ရှူးဝါ (Sure) တို့လို အသံဗလံတွေကဖြင့် မကြားချင်အဆုံးပဲ ဖြစ်ပါသည်။

တိုက်ဆိုင်၍ မြန်မာစာနယ်ဇင်းလောက အကြောင်းကလေး ပြောပါရစေ။ မဂ္ဂဇင်းတော်တော်များများက အင်္ဂလိပ်နာမည်တွေ ဖြစ်ပါသည်။       Beauty, Faces, Icon, Instyle, Beauty Max, Family, Joke, Wave, International Look, Heart, Health for All, Living Color, Idea          စသည်စသည်။ ထို့အတူ ဂျာနယ်အများစုကလည်း အင်္ဂလိပ်နာမည်။ The Voice, Weekly Eleven, 7Day News, True News, Popular, The First, News Watch, Job, The Nation, Good Health, The Myanmar Independent, Messenger စသည် စသည်။

တချို့ တချို့သော မဂ္ဂဇင်းများဆိုလျှင် မာတိကာကိုပင် Content တဲ့။ အယ်ဒီတာ့စကားကိုပင် Editorial တဲ့။ ဆောင်းပါးကဏ္ဍကို Article Section ၊ ကဗျာကဏ္ဍကို Poetry Section ၊ ၀တ္ထုတိုကဏ္ဍကို Short Story Section စသည် စသည်ဖြင့် လုပ်နေကြသည်မှာ ကောင်းသလား၊ မကောင်း သလား ကျွန်တော်မပြောတတ်တော့သည်။

ထို့ပြင် လူနာမည်တွေမှာလည်း မြန်မာနာမည်စစ်စစ်ဆိုလျှင် တောကျသည်လို့များ ခံယူနေကြလေရော့သလား မသိ။ ရောဘတ်တင်သိန်း၊ မိုက်ကယ်လှမြင့်၊ လူစီစိုးနိုင်၊ မေရီသန်းထိုက်၊ ဂရေဟမ်ဇော်ဦး၊ အဲလက်စ်မိုးဇော် စသည်ဖြင့် စသည်ဖြင့်။

(သုံး)
တစ်ရက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကလေးများ တောင်ဖတ်၊ မြောက်ဖတ်လျှောက်ဖတ်မိတော့  ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏  မင်္ဂလာဆွမ်းကျွေးဖိတ်စာကလေးကို စိတ်ဝင်စားစရာ သွားတွေ့ရပါသည်။

မင်္ဂလာထမင်းစားပွဲ ဖိတ်ကြားစာတဲ့။ ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး  ဗိုလ်တေဇနှင့် ဇနီးဒေါ်ခင်ကြည်တို့က မင်္ဂလာထမင်း တည်ခင်းကျွေးမွေးလိုပါ၍ တဲ့။ ၁၃၀၄ ခု ၀ါခေါင်လ ပြည့်ကျော် ၁၂ ရက် တနင်္လာနေ့ ညနေ ဗမာ ၅ နာရီအချိန် ရန်ကုန်မြို့ Nippon Military Club (ပင်တိုပင်ရှင်) ဟိုတယ်သို့ ဆက်ဆက် ကြွရောက်စေလိုပါကြောင်းတဲ့။

ကျွန်တော်သည် ဖိတ်စာကလေးကို ကြည့်ရင်းက တော်တော်ကြာကြာ ငိုင်နေမိပါသည်။ ထိုဖိတ်စာ၏ အသက်ဝိညာဉ်က ၁၃၀၄ ခု ၀ါခေါင်လပြည့်ကျော် ၁၂ ရက်ဆိုတာပဲ ဖြစ်ပါသည်။ မြန်မာ ခေါင်းဆောင်က မြန်မာနေ့ ရက်လနှစ်တွေအပေါ် ဂရုတစိုက်ရှိလိုက်တာဟူသော အတွေးဖြင့် ကျွန်တော်ကြည်နူးနေမိခြင်းလည်း ဖြစ်ပါသည်။

သည်ကနေ့ ကျွန်တော်အပါအ၀င် ရန်ကုန်၊ မန္တလေးစသည်ဖြင့် မြို့ကြီးနေအများ ပြည်သူလူထုတို့ မြန်မာရက်လနှစ်များအပေါ်၌ သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့ကြသည်မှာ ကြာလှပါပြီ။ တပို့တွဲ လပြည့်ကျော် ၁၂ ရက်တို့၊ တန်ဆောင်မုန်းလဆန်း ၂ ရက်တို့စသော အသံများကို ပုဂံ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မုံရွာတစ်ဝိုက်က ဗမာကြီးများထံကသာ ကြားရတတ်ပါတော့သည်။ လူများရာစုကြီးကမူ ဇန်န၀ါရီတွေ ဖေဖော်ဝါရီတွေ Sunday တွေ Monday တွေနှင့်၏။

(လေး)
ယခု ၂၀၁၂ ခုနှစ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံသို့ ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလအတွင်း၌ သွားရောက်ခဲ့ရာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အမေရိကန်ရောက် မြန်မာနိုင်ငံဖွားတစ်ဦးက မေးခွန်းများ မေးမြန်းခဲ့ရာ ထိုသူက ဗမာလို ဘယ်လိုပြောရမလဲဆိုတော့ဟူသည့် စကားကို မကြာခဏညှပ်၍ ညှပ်၍ ပြောရာ ဒေါ်အောင်ဆန်း စုကြည်ပြန်ဖြေသည့် စကားထဲက တစ်ခွန်းကို လူထုက အသည်းခိုက်သွားခဲ့ပါသည်။

မြန်မာစာတို့ မြန်မာစကားတို့ဆိုတာ မေ့သွားရမယ့် အရာမဟုတ်ဘူးဆိုသည့် စကားပဲဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ ဥပဓိရုပ် (Identity) သို့မဟုတ် ထင်ရှားသည့် အမှတ်အသားများကို ဖော်ပြပြောဆိုရာ၌ ထိုသူတို့ မည်သို့ စား၊ မည်သို့ဝတ်၊ မည်သို့နေထိုင်၊ မည်သို့သွားလာ၊ မည်သို့ယုံကြည် ကိုးကွယ်၊ မည်သို့ကခုန်တီးမှုတ်၊ မည်သို့ ရေးသားဖတ်ရှုစသည်ဖြင့် ထိုအခြေခံများပေါ်၌မူတည်ကာ ယင်းလူမျိုး၏ ဥပဓိရုပ်(Identity) ကို ဖမ်းယူရပါသည်။

ယခု ကျွန်တော်တို့၏ ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှု ကခုန်တီးမှုတ်မှုများကအစ ဥပဓိရုပ်များ ပျောက်ဆုံးသွားခဲ့ပြီဆိုတာ အမြော်အမြင်ကြီး သူတို့ရိပ်စားမိခဲ့ပြီး ဖြစ်ပါသည်။ ၁၃၀၄ ခု ၀ါခေါင်လပြည့်ကျော် ၁၂ ရက်တုန်းက မင်္ဂလာ ဆွမ်းကျွေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဒေါ်အောင်ဆန်းစုကြည်ကတော့  မြန်မာစာတို့ မြန်မာစကားတို့ဆိုတာ မေ့သွားရမယ့်အရာ မဟုတ်ဘူးတဲ့။

ဒါဆို ကျွန်တော်တို့က ဘယ်လိုများ ရှေ့ဆက်လျှောက်ကြမှာလိမ့်။ မထူးပါဘူးကွာဟုဆိုကာ မေ့လက်စနဲ့ပဲ ဆက်မေ့ထားကြရင် ကောင်းမလား။ ဒါမှမဟုတ် ကိုယ့်ဥပဓိရုပ်နဲ့ ကိုယ့်အမျိုးသား ဘာသာစကားကို စောင့်ရှောက်ထိန်းသိမ်းကြမလား။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းက စဉ်းစားရမည့် မေးခွန်းမဟုတ်။ တစ်မျိုးသားလုံးက စဉ်းစားရမည့် မေးခွန်းပဲ ဖြစ်ပါလေသည်။     ။



မောင်သာချို

No comments:

Post a Comment