လိုအပ်နေသေးရင်

Thursday, January 10, 2013

စာချူပ် ဖေါက်ဖျက်ခြင်း ◄မောင်ရှင်စော►


ငါတို့
နောက်ထပ်မတွေ့ကြရတော့ဘူး ……………ကလေးရေ..။
ကူးစက်ရောဂါ မရှိစေရ
ဘယ်တော့မှ ပြန်မဆက်သွယ်ရ
တရားရုံး မှ တဆင့်တောင်းဆိုခြင်း မပြုရ
မီဒီယာများအား သတင်းရောင်းချခြင်း မပြုရ

စာရွက်ထပ်ကြီးရဲ့ အောက်ခြေက ပလူပျံ နေတဲ့ လက်မှတ်တွေ
ကျွန်မ အနာဂတ်ကို လက်ထိပ် ခတ်လိုက်ကြတယ်
ကျွန်မဟာ…….အနုတ်ခံထားရတဲ့ ပျိုးခင်း
ကျွန်မဟာ…….ကျောင်းအထုတ်ခံလိုက်ရတဲ့ အတန်းပိုင်ဆရာ
ကျွန်မဟာ……ဥသြငှက်ဥ ပေါ် ဆောင့်ကြောင့်ထိုင်နေတဲ့ ကျီးကန်းမ

အမေရိကမှာ
နေရာတိုင်း အခကြေးငွေပဲ
အချိန်တိုင်း တရားဥပဒေပဲ
ကျွန်မ  အခကြေးငွေနဲ့ ဒါကိုလုပ်ခဲ့တယ်
ကျွန်မ  အခကြေးငွေနဲ့ ဒါကိုမလုပ်နိုင်တော့ဘူး
ကျွန်မ တို့ဟာ
ခွန်အားတွေကို ခွဲဝေသုံးစွဲ ကြတဲ့ အင်္ဂါ အစိတ်အပိုင်း နှစ်ခုပဲ
ကျွန်မတို့ဟာ
နှလုံးသားချင်း ဆက်သွယ်ထား တဲ့ ရေလှောင်ကန်တွေပဲ
ကျွန်မတို့  အတူလျှောက်ခဲ့ကြ  လမ်းတစ်လမ်း ပေါ်မှာ
ကျွန်မတို့  အတူရေချိုးခဲ့ကြ အခန်းတစ်ခန်းထဲမှာ
ကျွန်မတို့  အတူအိပ်စက်ခဲ့ကြ  ခန္ဓာကိုယ် တစ်ခုထဲမှာ
တစ်ယောက်နဲ့ တစ်ယောက် ဒီထက်နီးကပ်စရာ မရှိတဲ့တော့တဲ့ တစ်နှစ်တာ
နောက်တော့လဲ
ဝပ်ရှော့ ဆရာတွေ ကားအင်ဂျင်တစ်လုံး ကို
ဘောနက်ထဲက ဆွဲထုတ်လိုက်ကြ သလိုပေါ့
ကျွန်မသားအိမ် ကို လက်သီးပုန်းထိုးခဲ့သူ
ကျွန်မကလီစာတွေကို ကန်ကျောက်ခဲ့သူ
ကျွန်မ အစာအိမ်ကို ကျွမ်းထိုးမှောက်ခုံ လှန်ခဲ့သူ
ကျွန်မ သွေးကြောပေါင်းတစ်ထောင်က စိမ့်ထွက်လာတဲ့ မေတ္တာဒြပ်စင်
အဲဒါနဲ့ လုပ်ထားတဲ့ သက်ရှိပန်းပု
တခြားမိန်းမတစ်ယောက်ကို အမေလို့ခေါ်နေမယ့်
အဲဒီ ကလေးဟာ……….
…………….
တော်ပြီ
အငှါး ကိုယ်ဝန်ဆောင်ဖို့ ကိစ္စ
ကျွန်မ နောက်ထပ်ဘယ်သူ့ကိုမှ လက်ခံမှာ မဟုတ်တော့။          ။

မောင်ရှင်စော

No comments:

Post a Comment