Thursday, January 10, 2013

စကားထဲထည့်ထည့်ပြောရတယ် ◄နေသစ်(ပုတီးကုန်း)►

ကျီးနဲ့ကြောင်က ကျီးကြည့်ကြောင်ကြည့်
ယာဉ်တိုက်မှုကင်းမဲ့ဇုန်နဲ့ လွတ်ရာကျွတ်ရာမှာ
လက်ကိုင်ဖုန်းက ဆက်သွယ်မှုဧရိယာအပြင်ဘက်ရောက်လုရောက်ခင်
နေပူထဲကြာကြာချွတ်ထားမိရင် သားရေဖိနပ်ဆိုတာဒီအတိုင်းပါပဲ။
လေပြေလေညင်းဆိုတာလည်း(အဲဒီ)သစ်ရွက်ကြွေကျမှာပဲ
လမ်းပေါ်ပဲ့ကျလာတဲ့ ရင်ကွဲတေးသံ
ရုပ်ရှင်မှာအိမ်ပျက်ကြီးထဲက ထွက်ပြေးလာတဲ့ ဆံပင်ရှည်ဖရိုဖရဲ
ကျောက်တုံးအရည်ညှစ်သလို
ဘတ်စ်ကားဟာ မရယ်ရတဲ့ ပျက်လုံးတွေညှစ်ညှစ်ချ
ခွဲစိတ်ဆောင်သွားတိုင်း
ဆရာမလေးက မအားဘူး မအားဘူးနဲ့ ၀ါကျကတစ်ကြောင်းတည်း
ကိုယ်တို့အလုပ်တွေဖြစ်ဖို့ ပြောစရာဆိုစရာတွေရလို့
ဆိတ်ကဆင်ကျီစားတာမခံနိုင်ပါကြောင်း
ဆင်ပိန်လည်း ကျွဲလောက်တော့ ရှိပါသေးကြောင်း
ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင်တော့မဖြစ်လိုပါကြောင်း
မြက်ခင်းပေါ်ဖြတ်မနင်းရ ဆိုင်းဘုတ်များအတွက်
ကျေးဇူးအထူးတင်ရှိပါကြောင်း
အထီးတစ်ကောင်တည်းကျန်ခဲ့တော့လည်း အထီးကျန်ပေါ့လေ
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် လွမ်းရပါတယ်သဲမွန်။          ။



နေသစ်(ပုတီးကုန်း)

No comments:

Post a Comment