ငါတို့မြို့ဟာ အသားဖြူလာတယ်တဲ့။
ငါတို့မြို့မှာ နီစပ်စပ်၊ ဖြူဖတ်ဖြူလျော် အသားအရေတွေ ရှိတယ်
သူတို့ဟာ ကူးစက်ရောဂါလို ပျံ့နှံ့စီးဝင်လွယ်တယ်။
ငါတို့မြို့ဟာ ပေါင်တိုလာတယ်၊ လည်ဟိုက်လာတယ်
ငါတို့မြို့ဟာ ပြိုင်ကားတွေ ၀ူးခနဲ၊၀ူးခနဲ မောင်းလာတယ်။
ငါတို့မြို့မှာ ပေါ့ပျက်ပျက်ယဉ်ကျေးမှုတွေ ရှိတယ်။
တိုက်အမြင့်ကြီးတွေ --- သွားမကြည့်နဲ့
အဲ့ဒါ အသားဖြူတွေ ပိုင်တာ။
လုပ်ငန်းအကြီးကြီးတွေ --- သွားမကြည့်နဲ့
အဲ့ဒါ အသားဖြူတွေ ပိုင်တာ။
ဟိုမှာ ခပ်ချာချာရပ်ကွက်လေး တွေ့လား
အဲ့ဒါ ငါတို့။
ဟိုမှာ အကြော်ဆိုင် တွေ့လား
အဲ့ဒါ ငါတို့။
ဟိုမှာ ပိန်လှီလှီ ကလေးတွေ တွေ့လား
အဲ့ဒါ ငါတို့။
သူတို့က ငါတို့ မြေပေါ်မှာ
ငါတို့က သူတို့ကို ငေး...လို့ ။
သူတို့က ငါတို့ ရေကိုသောက်
ငါတို့က သူတို့ကို ငေး...လို့။
သူတို့က ငါတို့---သီချင်းကို ဆိုလို့
ငါတို့ . . . ညံ့ဖျင်းခဲ့ပါတယ်။
ငါတို့မြို့မှာ သူတို့ယူလာတဲ့
မယ်လမင်းနို့မှုန့် ရှိတယ်
ငါတို့ သောက်ခဲ့ပြီးပြီ။
ငါတို့မြို့မှာ သူတို့ ယူလာတဲ့
ကျင်းထုံခြင်ဆေးခွေ ရှိတယ်
ငါတို့ ရှူရှိုက်ခဲ့ရပြီးပြီ။
ငါတို့မြို့မှာ သူတို့ယူလာတဲ့
စားသုံးဆီအတုတွေ ရှိတယ်
ငါတို့ သုံးစွဲခဲ့ပြီးပြီ။
ငါတို့မြို့မှာ သူတို့ယူလာတဲ့
အစပ်ချောင်းမုန့်တွေ ရှိတယ်
ကလေးတွေ ဗိုက်နာခဲ့ရပြီးပြီ။
ငါတို့မြို့မှာ သူတို့ယူလာတဲ့
ပလတ်စတစ်ဆန်စေ့တွေ ရှိတယ်
ငါတို့ ...................။
သူတို့ရဲ့စီမံကိန်းနဲ့
ငါတို့ရဲ့ဧရာဝတီဟာ အစော်ကားခံရလုနီးပါး ဖြစ်ခဲ့ရဖူးတယ်။
အခုတော့
သူတို့ဟာ ငါတို့မြေပေါ်မှာ အိမ်ရှင်လိုလို ဘာလိုလို
သူတို့စကားပြောပုံမှာ သူတို့ဘာသာစကားဟာ ကျွတ်ကျွတ်ညံလို့
ငါတို့ နန်းမြို့ရိုးရှေ့မှာ
သူတို့ဟာ ကွိကွိကွကွ လေ့ကျင့်ခန်းကို လုပ်လို့
သူတို့ဟာ ပိုင်စိုးပိုင်နင်း ရှိလာတယ်။
ငါတို့မြို့မှာ . . .
ငါတို့ဟာ အလုပ်ရှင်မျက်နှာကြည့်နေရတဲ့ အလုပ်သမားလို မျက်နှာငယ်လို့
ငါတို့က သည်းခံတတ်လေတော့
ငါတို့က အားနာတတ်လေတော့
ငါတို့မြေပေါ်မှာ ငါတို့ဟာ အသက်ရှူမဖြောင့်တော့တဲ့အဖြစ်။
ငါတို့ ညံ့ဖျင်းခဲ့ကြပါတယ်
ငါတို့ မညံ့ဖျင်းအောင် ကြိုးစားကြရပါလိမ့်မယ်
မဟုတ်ရင် . . . ။
ငါတို့မြို့ရဲ့သမိုင်းကို
ဘူးသီးငါးပေါင်းကြော်စာနဲ့ ရေး ထိုး ကြ ရ ပါ လိမ့် . . . ။ ။
နရီမင်းထက်
No comments:
Post a Comment