လိုအပ်နေသေးရင်

Tuesday, May 28, 2013

ဒီသစ်ပင်ဟာ ဘယ်သူပဲလာလာ အေးမြမှုတစ်ခုပဲ အလွတ်ရသမို့

ဝါယာရှော့ဖြစ်တာတွေ ခဏထားခဲ့
မိတ္ထီလာကန်တော်အောက်က ထောင်ချောက်တွေ ခဏထားခဲ့
ကြေးနီတောင်ထဲက သွေးနီရောင် သမိုင်းဝင်အရိုးစုတွေ ခဏထားခဲ့။

တစ်ဘ၀လုံးရွက်ထားမယ့် ကျမ်းတွေ ခဏထားခဲ့
တစ်သက်လုံးထမ်းထားမယ့် ယုံကြည်မှုတွေ ခဏထားခဲ့
တစ်သံသရာလုံး ရွတ်ဆိုနေမယ့် ဂါထာတွေ ခဏထားခဲ့။
အသားအရောင်နဲ့ဘာသာစကား စစ်ပွဲတွေ ခဏထားခဲ့။

မောနေပြီ မအိပ်ရတာ မောနေပြီ မစားရတာမောနေပြီ ကြောက်ရတာမောနေပြီ
လျှောက်ရတာမောနေပြီ ။ မောနေပြီ သေရတာလည်းမောနေပြီ ကြွေရတာလည်းမောနေပြီ
မီးဖြိုင်ဖြိုင်အထိုးခံလို့
မျက်ရည်တွေဝေကျပြီးမှ ကျက်မယ့်/နပ်မယ့် ဒီထမင်းကို စားရတဲ့ ဒီအဖြစ်တွေ မောနေပြီ။
မောနေပြီ မောနေတာတွေဖြတ်လာခဲ့ကြတယ်။

ဒီ သစ်ပင်အောက်မှာ ဘာစကားတစ်ခွန်းမှမပြောပဲ ရပ်လိုက်ပါ
ဒီ သစ်ပင်အောက်မှာ ဘာအတွေးအခေါ်တစ်ခုမှမရေးပဲ ထိုင်ချလိုက်ပါ
ဒီ သစ်ပင်ဟာ ဘယ်သူဘယ်ဝါမှန်းမသိအောင် ကန်းနေတဲ့ အကန်းကြီးပါ
ဒါကြောင့် ခင်ဗျားတို့အားလုံးကို
သူ့မှာရှိသမျှ အညီအမျှ ခွဲဝေချကြွေး အေးမြရိပ်ကိုပေးပါလိမ့်မယ်။
အခက်ထပ်ပြီး ချိုးမသွားဖို့ပဲ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ စောင့်ရှောက်လိုက်ကြပါ။ ။

                                                                                       ခရမ်းပြာထက်လူ
                                                                                       (  ၂  ၀  ၁  ၃  )

No comments:

Post a Comment