လိုအပ်နေသေးရင်

Friday, January 2, 2015

ရောင်းတမ်းဝင် သတို့သမီး

ပြည်တွင်းစစ်ပွဲတွေရဲ့ အပြင်ကို ပြေးထွက်လိုက်တော့
တစ်ကိုယ်တော်စစ်ပွဲတစ်ခုရဲ့ အလယ်ကို သူရောက်သွားတယ်
ကြံစိုက်ခင်းတစ်ခုမှာ တစ်နေ့ကို ၈ ဒေါ်လာဆိုတာ
မိသားစုတစ်ခုလုံးအတွက် မက်လောက်စရာမဟုတ်ဘူး
လန်မွန်ဗောက်ဒင် သိသမျှ မူလတန်းပညာလေးနဲ့
မွဲတေစုတ်ပြတ်မှုဟာ
အသားဖြူစပ်စပ်လူတစ်ယောက်ရဲ့ ပြောသမျှစကားကို
ယုံကြည်ပစ်လိုက်ဖို့ အဓိကအကြောင်းရင်းပဲ
မှတ်ပုံတင်မရှိဘူး၊ ပတ်စပို့မရှိဘူး၊ တရုတ်လိုမပြောတတ်ဘူး။
၁၉နှစ်အရွယ် တိုင်းရင်းသူလေးတစ်ယောက်ကို
ဒေါ်လာ ၆၅၀၀ နဲ့ ဈေးဖြတ်လိုက်တယ်။
လန်မွန်ဗောက်ဒင် တစ်ပြားမှမရဘူး
သူ့မိသားစုလည်း တစ်ပြားမှ မရဘူး
သူ့နိုင်ငံလည်း တစ်ပြားမှ မရဘူး
သူတို့နယ်မြေမှာ တဒိုင်းဒိုင်း ပစ်နေတဲ့ စစ်သားတွေလည်း တစ်ပြားမှ မရဘူး
စစ်ပွဲကို ဖန်တီးနေကြတဲ့ နှစ်ဖက်ခေါင်းဆောင်တွေလည်း တစ်ပြားမှ မရဘူး
ဒါပေမယ့် ဗောက်ဒင် ရဲ့ ခန္ဓာကိုယ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ ရင်သားတွေဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ သားအိမ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒမှာ
မိန်းမတွေဟာ ရှားပါးပစ္စည်းဖြစ်လာတယ်
ဟုတ်တယ် ဗောက်ဒင်ဟာ အဲဒီ မိသားစုရဲ့ ပစ္စည်းတစ်ခုဖြစ်တယ်
ညီိနဲ့ လက်ထပ်ထားပေးမယ့်လည်း အစ်ကိုကြီးကို ငြင်းဖို့မကြိုးစားနဲ့
အစ်ကိုကြီး အိပ်ယာထဲက ထသွားလို့ အဖေ ဝင်လာရင်လည်း ဘာမှပြန်မပြောနဲ့
ဘာလို့လဲဆိုတော့ ဒေါ်လာ ၆၅၀၀ ပေးဝယ်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်နေလို့ပဲ။
အိမ်ထဲမှာ ပိတ်ထားတယ်၊ ပေးတာ ယူ၊ ကျွေးတာ စားရတယ်။
လက်ထဲမှာ ပိုက်ဆံနည်းနည်းစုမိလာတော့
နှစ်ထပ်အိမ်ပေါ်ကနေ ဗောက်ဒင် ခုန်ချလိုက်တယ်။
အခက်အခဲတွေ အများကြီးကြားကနေ အိမ်ကို ပြန်ရောက်လာတယ်။
မိတ်ဆွေတွေက အလုပ်နားလို့ ပြန်လာတယ် ထင်ကြတယ်။
တချို့က အားကျကြတယ်။
အသုံးချခံပစ္စည်းတစ်ခုအဖြစ်ကနေ လွတ်မြောက်လာတာကို ဗောက်ဒင် မပြောရဲဘူး
သူ မသွားခင်က စစ်ပွဲတွေ အခု သူပြန်လာတော့လည်း ရှိနေတုန်းပဲ။
၁၉နှစ်သမီးလေးဟာ ၁၉နှစ်မဟုတ်တော့ဘူး၊
သူ့အကြောင်းကို တဖြည်းဖြည်း သိသွားတဲ့ အသိုင်းအဝိုင်းမှာ
ဗောက်ဒင် အရင်လို နေလို့မရတော့ဘူး၊
ခွဲခြားတယ်၊ နှိမ့်ချတယ်၊ အရာမသွင်းဘူး။
ဒါပေမယ့် ပြန်မလာနိုင်တော့တဲ့ သူတွေထက်စာရင် ဗောက်ဒင် ပျော်တယ်။
သူ့ကို တကယ်ချစ်တဲ့ လူမျိုးတူ ခင်ပွန်းတစ်ယောက်ရတယ်။
တောထဲမှာ ဟင်းရွက်ခူးပြီး ဈေးမှာ ပြန်ရောင်းတယ်။
စစ်ဘေး ဒုက္ခသည်စခန်းမှာ နေတယ်။
သူတို့ နယ်မြေကလေးမှာတိုက်ပွဲတစ်ခါဖြစ်တိုင်း
နှစ်ဖက်က ကျည်ဆံတွေရဲ့ တန်ဖိုးဟာ
ဒေါ်လာ ၆၅၀၀ ထက် ပိုတယ်ဆိုတာ
လန်မွန်ဗောက်ဒင်ကို မပြောပြဘဲ နေကြရအောင်ပါ ။


ဟိန်း

No comments:

Post a Comment