Wednesday, January 9, 2013

အနှစ်(၂၀)ခန့်ကြာသော်

ဖေဖေ...........
သား မမွေးခင်တုန်းက ဟော့ဒီ နေရာမှာ
နာမည်လှလှလေးနဲ့ မြစ်ကြီးတစ်စင်းရှိတယ်ဆို.....။
သူ့ရေတွေကို
လူတွေက ကုန်အောင်သောက်လိုက်ကြတာလား..။
ကုန်အောင် ချိုးလိုက်ကြတာလား....။
ဒါမှမဟုတ် ခပ်ထုတ်လိုက်ကြတာလား ဟင်....။
ဘွားဘွားပြောပြတော့ အဲ့ဒီထဲမှာ လင်းပိုင်လေးတွေလည်း
ရှိခဲ့ဖူးတယ်တဲ့.....။
လင်းပိုင်ဆိုတာက လိပ်လိုမျိုးလား ဟင်...။

အဲ့ဒီမြစ်ကြီးကို
သားမြင်ဖူးချင်လိုက်တာ...
အကျယ်ကြီးနေမှာနော်.........ဖေဖေ။
သူဘာလို့ပျောက်သွားတာလဲ...
မှော်ဆရာကြီးက ဖြောက်ပစ်လိုက်တာလား....။
သားတို့ကျောင်းက ပထ၀ီဆရာမကိုမေးတော့
သေချာလည်းမပြောပြဘူး...။
ဒီနေရာမှာ ဒီလိုဆွဲ ...ဆိုပြီးတော့ပဲ သင်တာ..။
ပြောလေ ဖေဖေ...။ဘာလို့လဲလို့...။
သူက လူတွေကို မချစ်လို့လား...။
လူတွေက သူ့ကို မချစ်လို့လား...။
ဖေဖေ.....ဘာလို့မျက်ရည်တွေ ၀ဲနေတာလဲ ဟင်.။
မပြောပြချင်ဘူးလား...။
အဲ့ဒါဆိုလည်း ...ဖေဖေ ဟိုတစ်ခါပြောဖူးတဲ့
လူ့အဖွဲ့အစည်းမှာ
ဦးနှောက်လှလှတွေထက် နှလုံးသားလှလှတွေ
ပိုလိုတယ် ဆိုတဲ့ အကြောင်း
ပြန်ရှင်းပြပါဦး.......သားသိပ်နားမလည်လို့........။

ဟိန်း

(22.9.2011)

No comments:

Post a Comment