လိုအပ်နေသေးရင်

Thursday, January 10, 2013

ကျားတစ်ကောင်လို ပလက်ဖေါင်းပေါ်ခုန်အုပ်လာနိုင်ပြီး သမင်တစ်ကောင်လို မျဉ်းကြားမှာအစားခံရဖို့ရှိနေတယ်။ ပြီးရင် ကိုယ့်အလောင်းကိုယ်ထမ်း ပြန်သွားရုံပဲ ။ မြို့မှာ မြို့စောင့်နတ်တွေမရှိဘူး။

မိမဆုံးမ ဖမဆုံးမလမ်းမကြီးပေါ်မှာ
အလေနတ္တောယာဉ်ကြောတွေနဲ့ရှုပ်ထွေး။
တက္ကဆတ်ကကောင်းဘွိုင်တွေလား
နယူးယောက်မြို့ကြီးထဲကလမ်းသူရဲတွေလား။

ဒီမှာတော့
ဒီမိုကရက်တစ်တစ်ယောက်လား ကဗျာဆရာတစ်ယောက်လား
အော်နေတယ် နေနဲ့လတစ်လှည့်စီ။ အစိုးမရတဲ့ကောင်းကင်ကြီးကိုကြည့်ကြည့်ပြီး။


ခဏနေစမ်းပါဦး ဒီမှာ မင်း ism နဲ့ မင်နာမည်ကြီးပြန်ယူသွား
ဒီမှာ ငါအရေးကြီးနေလို့။ငါပြောမယ် အညွှန့်အဖူးလေးတွေခဏဖြုတ်ချထား။
လောလောဆယ် ငါ ကတောင်းကြိုက်ပြီး ကတုတ်ကျင်းထဲကခုန်ထွက်ချင်ထွက်ရတော့မှာမို့။

ဒီမှာလိုနေတာက စီးကရက်တစ်လိပ် မိန်းမပျက်တစ်ယောက် ၀ီစကီတစ်ခွက် မဟုတ်ဘူးကွ
ဒီမှာလိုနေတာက ၀၀လင်လင်အိပ်နိုင်ဖို့ အေးအေးချမ်းချမ်းစားနိုင်ဖို့  အနည်းဆုံး
ဒီ ဇီဝလိုင်စင်လေး သက်တမ်းပြည့်မောင်းနှင် ခရီးဆက်နိုင်ဖို့။

အစစ်တစ်ပွဲအတွက် စစ်ပွဲတစ်ရာတိုက်နေရတယ်
မင်းတိုက်မဲ့လ္ဘက်ရည်တောင် ငါမသောက်နိုင်ဘူး။

ဒီလိုကွာ မိသားစုအသံကို
လေးဘက်လေးတန် နံရံတွေကာထားတဲ့မြေကွက်လပ်ပေါ်မှာရပ်ပြီး
နေ့ရောညပါကောင်းကင်မော့မော့ကြည့်စုပ်ယူနေတဲ့ ယုံကြည်ချက်အကျဉ်းသားတစ်ယောက်ရဲ့
စက္ကန့်တွေကို မင်း ရေတွက်ကြည့်မိဘူးသလား။

ဒီလိုကွာ သွေးတွေ အသက်တွေ မျိုးဆက်တွေနဲ့ရင်းပြီးမှ တဖျပ်ဖျပ်လွင့်ခဲ့ရတဲ့အလံတစ်ခုရဲ့
ပြန်လည်လွတ်ကျသွားတဲ့ လွတ်လပ်ရေးတစ်ခုရဲ့ ဈာပနတစ်ခုကိုရော မင်းလွမ်းနေခဲ့ဘူးသလား။

ဒီလိုကွာ လမ်းမပေါ်မှာ *ရိုးဘော့(ထ်)တွေလား *ဗန်ပိုင်းယားတွေလား
အကျယ်ချုပ်ထားတဲ့ အကျဉ်းသားတွေလား
သံခြေကျင်းတချွင်ချွင်နဲ့ ဒုက္ခကိုတီးမှုတ်နေတဲ့ပျော်တော်ဆက်တွေလား။

ငါတို့စီးလာတဲ့ဖိနပ်နဲ့ သူတို့စီးလာတဲ့ကားတိုက်မိကြတယ်
သေလိုက်တဲ့အမှန်တရားတွေ ။

ဒီလိုကွာ memory stick လေးတွေထဲ
ကိုယ့်ဘ၀ကိုယ် နေ့စဉ် သပ်သပ်ရပ်ရပ်လေးခုတ်ထစ်ထည့်
တစ်နေရာမှတစ်နေရာ ကူးသန်း ဈေးကိုသွားကြ အလုပ်ရုံစက်ရုံတွေဆီသွားကြ
စာသင်ကျောင်း ရုံးနဲ့ အာရုံကျရာတွေဆီ မကျဆုံးခင်သွားကြ။
ညနေအိမ်ပြန်ရောက်ပြီဆိုမှ
ကွန်ပျူတာတစ်လုံးရဲ့ USB နံကြားထဲဓါးမြှောင်တစ်ချောင်းလို စွပ်ကနဲထိုးထည့်

ဖွင့်ကြည့်ခဲ့ကြတယ် အမောတကော
ငါ့အသက်ရှိသေးရဲ့လား ဆိုသော ချောက်ချားခြင်းဆိုင်ရာ ဆင်းရဲခြင်းများနဲ့။ ။

ခရမ်းပြာထက်လူ
၂   ၀  ၁   ၃

*Robot
*vampire

No comments:

Post a Comment