Thursday, January 10, 2013

မြန်မာလိုတော့ ရေးလိုက်မိပါပြီ

(တစ်)
    အားလုံးအတွက် ပညာရေး ( Education for All ) ၊ ပညာလူ့အဖွဲ့အစည်း ( Knowledge Society ) ၊ ပညာခေတ် ( Knowledge  Age )၊ ထာဝစဉ် သင်ယူလေ့လာ
နေသည့် လူ့အဖွဲ့အစည်း (  Lear-ning Society ) စသော အသံဗလံများကို နေရာတိုင်းမှာ ကြားနေရသည့်အတွက် သည်နေ့ ခေတ်လောက် ပညာကို ဆာလောင်မွတ်
သိပ် အငမ်းမရဖြစ်နေသောခေတ်မရှိဟုပင် ပြောရလောက်မည်ထင်ပါသည်။ ပုဂ္ဂလိကကျောင်းတွေက ဟိုနားတစ်ကျောင်းသည်နားတစ်ကျောင်း၊ နိုင်ငံတကာရှိ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ချိတ်ဆက်ပေးမည့် အကျိုးဆောင် ကုမ္ပဏီတွေက ဟိုနားတစ်ခုသည်နားတစ်ခု၊ နိုင်ငံတကာပညာရေးမိတ်ဆက်ဟောပြောပွဲတွေက ဟိုနားတစ်ပွဲ သည်နားတစ်
ပွဲနှင့် အပြိုင်ကြဲနေကြသောကာလကြီးထဲ၌ International Sch-ool တွေကလည်း မြို့ကြီးပြကြီးများ၊ အထူးသဖြင့် ရန်ကုန်လို မြို့ကြီးများ၌ မိုးဦးကျမှာမှိုများထွက်
ပြူလာကြသလို ထွက်ပေါ်လာကြပါသည်။ International Sch-ool ဟု ဆိုကတည်းက ပြည်တွင်းစာမေးပွဲများနှင့် လားလားမှမသက်ဆိုင်၊  GCE ( A )လို နိုင်ငံတကာ စာမေးပွဲကိုဝင်၊ နိုင်ငံတကာတက္ကသိုလ်များသို့ ချိတ်ဆက်တက်ရောက် စသည်ဖြင့် ရည်မှန်းထားသော ကျောင်းများဖြစ်ကြောင်း ထင်ရှား ပါသည်။ သည်ကျောင်းများ၌ အချို့ International School တွေက မြန်မာစာဘာသာရပ်ကို လုံးဝထည့်သွင်းသင်ကြားခြင်းမရှိ ပါ။ စာမေးပွဲဖြေဆိုသောအခါ မပါဝင်သော ဘာသာရပ်ဖြစ်သ ဖြင့် သူတို့ ထည့်သွင်းမသင်ကြား ခြင်းမှာ ယုတ္တိတန်ပါသည်။ အချို့ကမူ Pre-School လေးနှစ်နှင့် Primary ခြောက်နှစ် စုစုပေါင်း ၁၀ နှစ် ကလေးအသက် ၁၂နှစ် လောက်ရောက်သွား သည်အထိ မြန်မာဘာသာရပ်ကို ထည့်သွင်း သင်ကြားပေးပါသည်။




    တစ်နေ့ ကျွန်တော် ထို  International School  ကလေးတစ်ကျောင်းရှိရာဆီရောက်သွားပါ သည်။ ဆရာမသုံးလေးယောက် က ညည်းပါသည်။ အချို့မိဘများ က မြန်မာစာသင်ကြားပေးနေ သည်ကို လုံးဝမကျေနပ်ကြောင်း၊ မြန်မာစာအချိန်ရောက်လျှင် သူ တို့၏ သားသမီးများကို စာသင် ခန်းအပြင်သို့ ထွက်ခွင့်ပေး၍ ဆော့ကစားခွင့်ပေးစေလိုကြောင်း တောင်းဆိုတတ်ကြသဖြင့် စိတ် ညစ်ရကြောင်း ညည်းခြင်းဖြစ်ပါ သည်။ ဆရာမတို့က မိခင်ဘာ သာစကား ( Mother Language )
တတ်ကျွမ်းခြင်းသည် နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ရာ၌ ပိုမို၍ထိရောက်ကြောင်း ဆွဲဆောင်နားချနေကြရသည်ဟု ဆိုပါ၏။ဆရာမကလေးတွေ ပြိုင်တူသက်
ပြင်းချတော့ ကျွန်တော်လည်း သူတို့နှင့်အတူသက်ပြင်းချရပါသည်။

    ကျွန်တော်လည်း မြန်မာ၊ ဆရာမကလေးတွေလည်း မြန်မာ၊ကလေးတွေကလည်း မြန်မာ၊ ကလေးမိဘတွေကလည်း မြန်မာ ဘယ်လိုများ ဖြစ်ကုန်ကြပါလိမ့်။ မြန်မာစာအချိန်မှာ သူတို့ကလေး တွေ မြန်မာစာ၊ မြန်မာစကားနှင့် မရင်းနှီးစေဖို့ အခန်းအပြင်ကို ထုတ်ပေးထားရလေမတဲ့။ သြော်...။


(နှစ်)
သင်၏ မျိုးသား၊ စာစကားလည်းကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
    ဒါက ကွယ်လွန်သူ ဆရာ ဇော်ဂျီ၏ “သင်သေသွားသော်” ကဗျာထဲက စာသားတစ်ပိုင်းတစ်စပါ။ကိုယ်ပြောသည့်စကားနှင့် ကိုယ်ရေးသည့်စာကို ကြီးပွားအောင်
လုပ်ဖို့က ကိုယ့်ကိစ္စပါတဲ့။
    ၁၉၃၀ မေလ ၃၀ ရက် တို့ဗမာအစည်းအရုံးကို တည်ထောင်စဉ် သခင်ဘသောင်းတို့ ထုတ်ပြန်ခဲ့သည့် ကြွေးကြော်သံက ဤသို့ဖြစ်ပါသည်။
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ..တဲ့။
    အခု ဘယ်လိုဖြစ်ကုန်ကြ တာလဲမသိ။

(သုံး)
    တောင်ကိုရီးယားနိုင်ငံ၌ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကျွမ်း ကျင်ရန်အလို့ငှာ အင်္ဂလိပ်ကျေး ရွာ ၁၀ ရွာတည်ထောင်ကြောင်း သတင်းတွေထဲမှာဖတ်ရပါသည်။ ၂၀၁၀ ပြည့်နှစ်က တောင်ကိုရီး ယားနိုင်ငံ ချေဂျူးကျွန်းပေါ်တွင် English My Town အမည်ဖြင့် အင်္ဂလိပ်လိုပဲ ပြောကြရေးကြရ မည့် မြို့တစ်မြို့တည်ထောင် ကြောင်း သတင်းကိုလည်း ဖတ် ခွင့်ရပါသည်။ စင်ကာပူတွင်လည်း အင်္ဂလိပ်စကား အသံထွက်ပီသ စေရန်အတွက် ကလေးတို့၏လျှာ များကို ခွဲစိတ်ပြုပြင်သူတွေများ လာသဖြင့် ၀န်ကြီးချုပ်လီကွမ်ယု လက်ထက်က သတိပေးစကားဆို ခဲ့ရကြောင်းကိုလည်း ကြားသိခွင့် ရခဲ့ပါသည်။ ရုရှားတွင်ကား ၀န် ထမ်းများနှင့် မီဒီယာသမားများ အင်္ဂလိပ်အသံထွက် တစ်ခါမှား လျှင် ရူဘီ ၁၀၀၀ (ဒေါ်လာ ၃၀)
ဒဏ်ရိုက်မည်ဖြစ်ကြောင်းကို ဘာသာစကား ကော်မရှင်မှ တက်ယာနာပီထရိုဗာက ထိုစဉ်က သမ္မတပူတင်ထံ ဥပဒေမူကြမ်းရေးတင်ခဲ့ကြောင်း သတင်းကိုလည်းဖတ်ခဲ့ရပါသည်။
    ကမ္ဘာပတ်လည် ဆက်သွယ် မှုလွယ်ကူလျင်မြန်လာစေရန်အ တွက် အင်္ဂလိပ်စာ၊ အင်္ဂလိပ် စကားသင်ကြားမှု တိုးမြှင့်ခြင်းကို အပြစ်ဆိုစရာ အလျဉ်းမရှိပါ။ သို့ သော် မိခင်ဘာသာစကားနှင့် စာ ပေကိုသင်ယူခြင်းသည် အလကား ဟူသော စိတ်ဓာတ်များ မိဘများ ကိုယ်တိုင်၌ ရှိနေ၊ ထိုစိတ်မျိုးကို မိမိ၏ သားသမီးများထံသို့လည်း စီးဆင်းဝင်ရောက်စေသည်ကမူ အန္တရာယ်ဟု ကျွန်တော်မြင်မိပါ သည်။

(လေး)
    စာရေးဆရာကိုတာက True News ဂျာနယ်(၃-၅-၁၁)၌ “မြန် မာစာကို အရိုအသေမတန်ကြရန်” ဆိုသော ဆောင်းပါးတစ်ပုဒ်ရေး ခဲ့ရာ စင်ကာပူပညာရေးဝန်ကြီး  Dr. Ng Eng Hen က ၀န်ကြီးချုပ်  Lee Hsein Loong ထံ တင်သွင်း ရသည့် အစီရင်ခံစာကလေးကို ဖော်ပြပေးထားခဲ့ပါသည်။ ဆရာ များ၊ ကျောင်းသားများ၊ ဘာသာ စကားပညာရှင်များ၊ မီဒီယာ သမားများအပါအ၀င် မိဘပေါင်းနှစ်ထောင်ခန့်ကိုတွေ့ဆုံပြီးနောက်သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား စသည့်နိုင်ငံများသို့ပါ ကွင်းဆင်းလေ့လာကာ မိခင်ဘာ သာစကားသင်ကြားရေးကော်မတီ ၏ အစီရင်ခံစာအဖြစ် တင်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ တစ်ဆင့် ကူး ယူကောက်နုတ်ဖော်ပြပါရစေ။
    Mother tongue language has to be a living language for students, to be used and valued, and not just to be taken as an examination subject.    မိခင်ဘာသာစကားသည် ကျောင်းသားများအတွက် ရှင်သန်နေသောဘာသာစကားဖြစ်ရမတဲ့။ အသုံးလည်းချ တန်ဖိုးလည်းရှိရမတဲ့။ စာမေးပွဲမှာ ဖြေဆိုရမယ့် ဘာသာဖြစ်လို့ သင်နေရာတာမျိုး မဖြစ်စေရပါတဲ့။     We must do our utmost to maintain our linguistic heritage and advantage.    သူတို့ရဲ့ ဘာသာစကား အ
မွေအနှစ်နဲ့ အရေးပါမှုကို သူတို့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားကြ လေမတဲ့။
    အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သင်ယူခြင်းက အပြစ်မဟုတ်ပါ။ သင်ကို သင်ယူရမယ့်ကိစ္စဖြစ်ပါ သည်။ သို့သော် မြန်မာစာက သင်စရာမလိုသောစာ၊ မြန်မာစကား
က မပြောသင့်သောစကားအဖြစ်ကျောင်းတွေ၊ ကျောင်းသားတွေ ခံယူလာခြင်းမျိုးမျှသာ မဟုတ်ဘဲ မိဘတွေကပါ ခံယူလာကြခြင်းကမူ အလားအလာကောင်း၏ မ
ကောင်း၏ တွေးချင့်ချိန်စရာဖြစ်ပါသည်။
    သြော်...သည်ဆောင်းပါး ကို မြန်မာလို ရေးနေမိတာကိုက ကျွန်တော့်မှာ အပြစ်တစ်ခုများဖြစ်နေခဲ့လေပြီလား မသိပါလေ တော့။                   ။




မောင်သာချို

No comments:

Post a Comment