Thursday, January 10, 2013
မဇ္ဈိမနိုင်ငံသား (သို့မဟုတ်) သူ့နေရာသူပြန်သွားတဲ့ကြယ်
စိတ်အလှုပ်ရှားဆုံးအချိန်မှာ ချစ်လိုက်ရတာ
တကယ့်အမှန်တရားနဲ့ ကံတရားပါ။
စိတ်အလှုပ်အရှားဆုံးအချိန်မှာ လွမ်းလိုက်ရတာ
တကယ့်အရသာနဲ့ ကံတရားပါ။
အချစ်ခံချင်လို့ အချမ်းခံပြီး နှင်းတောထဲသွားရပ်နေလို့ မရသလို
အလွမ်းခံချင်လို့ ရင်ခွဲရုံထဲပြေးဝင် ရင်အခွဲခံချင်လို့လည်းမရဘူး။
မြို့မငြိမ်းပြီးရင် သူ့ကိုကျွန်တော်သိတယ်။
ကျွန်တော့်နာမည်ပေါ်မှာတောင် သူ့သီချင်းကပြေးလွှားနေသေး။
ဆန်ကြမ်းနည်းနည်း သူ့သီချင်းများများနဲ့ ကျွန်တော်အရွယ်ရောက်ခဲ့ပါတယ်ဆိုရင်
အမေကမျက်စောင်းလှမ်းထိုးနေပါဦးမယ်။
ကျွန်တော်ဖြစ်သွားတာက
အကျီ င်္အချွတ်ခံလိုက်ရတာမဟုတ်ဘူး
အရေပြားအလှီးခံလိုက်ရတာ။
သူတို့သီချင်းဆိုတာက
မိသားစုစကားဝိုင်းလေးတစ်ဝိုင်းလို ပြီးပြည့်စုံလှတယ်
သူတို့က ဒီလေနဲ့ဒီမြေကိုတီးခတ်ထားတာ ဒီရေဒီလှေနဲ့။
ပြတ်ရွေ့ကြောတွေက
ဘယ်လိုပဲမြို့ကြီးတွေကို ရွှေ့ပစ်ရွှေ့ပစ်
သူတို့ကိုတော့ရွှေ့ပစ်လို့ရမယ်မဟုတ်ဘူး။
ခင်ဗျားဘယ်လိုလုပ်လုပ်
ကျွန်တော်ဦးမညွှတ်ဘူးဆိုတဲ့ ကျောက်ဆောင်တွေလိုပဲ
ခင်ဗျားဘယ်လိုလုပ်လုပ်
ကျွန်တော်ချစ်မြတ်နိုးလျက်ပါပဲဆိုတဲ့ တောအုပ်တွေလို
ကျွန်တော့်လူငယ်ဘ၀ဟာ
သူတို့လက်ထဲမှာ လူလားမြောက်ခဲ့ပါတယ်။
သီချင်းတွေအတွက်
ကျွန်တော်ဘာဆက်လုပ်ရမလဲလို့ သူ့ခရေဇီလူငယ်လေးတစ်ယောက်ကမေးရင်
ကျုံးထဲဝင် ရေဆင်းစိမ်နေလိုက်ပါလားလို့တော့ ခင်ဗျားတို့မပြောလိုက်ပါနဲ့။ ။
ခရမ်းပြာထက်လူ
၁၅/၁၁/၂၀၁၂
(၁၅/၁၁/၂၀၁၂ တွင်ကွယ်လွန်သွားသော အဆိုတော် “ကိုတိုးကြီး”သို့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment