Thursday, January 10, 2013

ကမ္ဘာမြေပေါ်မှာဘယ်သူတွေပြေးလွှားနေကြလဲ ◄မှူးနေဝန်း►

အဖေဒီမှာကြည့်ပါဦး
မုန့်ဖက်ထုပ်ထဲမှာ လက်ညှိုးအပြတ်လေးပါလာတယ်
ညိုညိုပုပ်ပုပ် ချစ်စရာလေး
အဖြူရောင် အမာရွတ်လေးလည်းပါတယ်ဆိုတော့
ဟာ ဒါ ညီမလေးရဲ့လက်ညှိုးလေးထင်ရဲ့
ဟုတ်မယ်။ လက်သည်းခွံပေါ်မှာ ဆေးနီနဲ့ သစ်ရွက်ကြွေပုံဖော်ထားတာ
ဟောပြောရင်းဆိုရင်း လေယာဉ်ပျံတွေလာပြီအဖေ
သားကို နားကြပ်လေးပေးပါဦး


နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြင်တည်း သီချင်းဟာ
ဒီအချိန်မှာနားထောင်လို့အကောင်းဆုံးပေါ့
ဒါနဲ့ ဒီရက်ပိုင်း လူတွေသက်သက်လွတ်အစား များသတဲ့
တွဲလောင်းကျနေတဲ့ လတ်လတ်ဆတ်ဆတ် ပေါင်တစ်ချောင်းကို
ဘယ်လောက်ဈေးလျော့ရောင်းရောင်း မဝယ်တော့ဘူးတဲ့ ဖေဖေ
မနေ့ညကလည်း နောက်ဖေးအိမ်မှာ
ခွေးအ တွေ ပါတီပွဲကျင်းပကြတယ်
ဆူဆူညံညံဆိုပေမယ့် သူတို့အူသံဟာလွမ်းစရာ ကောင်းရဲ့
ဟင်ဖေဖေလည်း ထမင်းထုပ်ထဲမှာ မေမေ့နားရွက်ကို တွေ့တယ် ဟုတ်လား
ဖွားဖွားရဲ့အရိုးကို ချွန်ပြီးလုပ်ထားတဲ့ နားဋောင်းလေးလည်းပါတယ်ဆိုတော့
မေမေ့နားရွက်ဆိုတာ သေချာပါတယ်လေ
ကျွန်တော့်ကို ခဏလောက်ပြပါဦး
အဲဒီ့နားရွက်လေးနား တိုးတိုးလေးကပ်ပြောရင်
မေမေကြားကောင်းကြားရမှာ
ညီမလေးလက်ညှိုးကိုတော့ လက်ကိုင်ပုဝါလေး ခြုံပေးထားတယ်
သူချမ်းရှာမှာ
ပြီးတော့ သူ့လက်ညှိုးလေးကို ချစ်စနိုးမကိုက်တော့ပါဘူးလို့
ကျွန်တော်ကတိပေးထား တယ်ဖေဖေ
ဟင် ဖေဖေ အိပ်ပြီလား
ကျွန်တော့ရဲ့ သားရေ ရှူးဖိနပ်လေးကို
ဘလက်ကီကိုပဲကျွေးလိုက်တော့မယ်နော်
ကျွန်တော်လမ်းလျှောက်ရင် ခြေရာမထင်တာ ကြာပြီပဲ
ဖေဖေ အိပ်ရင် ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနဲ့ အိပ်မရဘူးလေ
ပြီးတော့ ရှူး ရှဲ ရှူး ရှဲ အဲလို အသက်ရှူရတယ်
ပြန်လုပ်ကြည့် ရှူး ရှဲ ရှူး ရှဲ
ဟော လေယာဉ်ပျံတွေလာပြန်ပြီ
သီချင်းနားထောင်ပြီးထိုင်နေရတာ ဘယ်လောက်ဇိမ်ရှိလိုက်သလဲ။ ။

မှူးနေဝန်း

No comments:

Post a Comment