Saturday, October 3, 2015

တစ်နေ့


ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သောက်ခဲ့တဲ့ မိုးခါးရေတွေ လက်ထိုးအန်မယ်။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ စကားထဲမှာ ပိုက်ဆံဆိုတဲ့အကြောင်းထည့်မပြောကြေး။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ ကဗျာရေးတာဘာရသလဲဆိုသူတွေကို ပိုက်ဆံပေါ်မှာ ကဗျာတွေရေးပြီး ဝေပေးကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ငါမမြင်ဖူးတဲ့ သစ္စာတရားဆိုတဲ့ဟာကြီးကို လိုက်ရှာဝယ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ နှလုံးသားမရှိတော့သူများသမဂ္ဂဖွဲ့ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကြေးစားလူသတ်သမားတွေငှားပြီး ကြာကူလီကောင်တွေကို သုတ်သင်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ချစ်ခြင်းမေတ္တာစစ်စစ်ကတစ်ဖက်၊ ရာထူးတွေဂုဏ်တွေကတစ်ဖက် ထည့်ချိန်လို့ရတဲ့ ချိန်ခွင်ကြီးတစ်ခု အော်ဒါမှာရမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ စာအုပ်တွေကို ချေမွအခြောက်လှမ်း ဆေးလိပ်အကြမ်းတွေထဲ ထည့်သောက်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ရုပ်ရှင်တွေကို နည်းနည်းချင်း ဖဲ့ အစိမ်းလိုက် မျိုချကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ပန်းချီကားတွေကို အရည်ဖျော်ပြီး အကြောထဲထိုးထည့်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သီချင်းတွေကို ခဲပြားပေါ်တင် မီးရှို့ပြီး ရှိုက်သွင်းကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကဗျာတွေကို အမှုန့်ကြိတ် ငါတို့နားထင်တွေကို ဓားနဲ့မွှန်းပြီး သိပ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ Promise ဆိုတဲ့နာမည်နဲ့ တန်ဖိုးနည်း Handset တွေ ထုတ်ကြမယ်။ သူ့ရဲ့ အားသာချက်က ဖုန်းဘေလ်အားလုံးဟာ ငါတို့ပိုက်ဆံတွေထဲက ဖြတ်သွားလိမ့်မယ်။ အားနည်းချက်ကတော့ Ringtone သုံးခုပဲပါမယ်၊ ထပ်ထည့်လို့မရဘူး။ "အရမ်းချစ်တာပဲ"၊"တစ်သက်လုံးအတူတူနေမယ်"၊"ဘယ်တော့မှမခွဲဘူးနော်"။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ - အချစ်ကို ငွေကြေးကြောင့် မစွန့်လွှတ်မိပါစေနှင့် - ဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်ထောင်မယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ သိပ်ချစ်ကြတဲ့စုံတွဲတွေကို ထောက်ပံ့ကူညီပေးဖို့ ရုံးခန်းတွေအများကြီးဖွင့်ရမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ရုပ်သံလိုင်းတွေတည်ထောင်ပြီး ငွေကြေးရဲ့ဒုက္ခပေးပုံတွေကို ဝါဒဖြန့်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ နွားတွေမျက်လုံးမှာတပ်ထားတဲ့ မျက်မှန်စိမ်းတွေ လိုက်ချွတ်ပေးကြမယ်။ ငါတို့တွေပိုက်ဆံရှိလာတဲ့တစ်နေ့ ဘယ်သူသေသေ မာနေဦးမယ်ဆိုတဲ့ ငတေတွေကို ပျော့သွားအောင်လုပ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ မျက်ခုံးထူထူနက်နက်နဲ့ ကောင်မလေးတွေကို လိုက်ငေးကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ကတိတစ်ခုကို ဒေါ်လာတစ်သန်းနဲ့ တင်ဒါခေါ်ကြမယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့ ငါတို့ပိုက်ဆံတွေရှိလာကြလိမ့်မယ်။ ငါတို့တွေ ပိုက်ဆံရှိလာတဲ့တစ်နေ့အတွက် ငါတို့လည်း မဖြစ်မနေ ရှိနေကြရဦးမယ်လေ။

ဟိန်း

တောင်းတောင်းပန်ပန် ဇာတ်ဝင်ခန်းများ


ကိုယ်ဟာ အကြမ်းထည် သစ်သားတုံးတစ်တုံးပဲ
မင်းခွာချပေးလိုက်တဲ့ အသားစတွေကို ငုံ့ကြည့်ပြီးမှ
ရုပ်လုံးပေါ်လာတဲ့ ဘဝမှာ တန်ဖိုးတစ်ခုရှိခဲ့သူပါ
ကိုယ် မင်းကိုလေ ....
ရေတံခွန်ထိပ်ဖျားက ခုန်ချပြပြီး ပြန်ပေါ်မလာသူတစ်ယောက်လို
သစ္စာပန်းစည်းပေါ်က နှင်းစက်ကလေးတွေကို တို့ထိကြည့်မိသူတစ်ယောက်လို
ထွက်ခွာသွားတဲ့ရထားကို ဘူတာရုံဟောင်းထဲက ငေးကြည့်နေသူလို
ယူကလစ်ရွက်ခြောက်တွေကြွေနေတဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး
ကောင်းကင်ပြာပြာကြီးကို မျက်နှာမူထားသူတစ်ယောက်လို
ဖျော်ဖြေပြချင်လိုက်တာ
အေးချမ်းပြချင်လိုက်တာ
လွမ်းဆွေးပြချင်လိုက်တာ
ပျော်ရွှင်ပြချင်လိုက်တာ
လွတ်လပ်ပြချင်လိုက်တာ
ဒါပေမယ့် ဘဝဆိုတာ
အနှောင့်မှာ ဘာမှရေးမထားတဲ့စာအုပ်တွေအပြည့်နဲ့ စာအုပ်စင်ပါ
ကိုယ်မဖတ်ချင်ဘဲ ဆွဲထုတ်မိတဲ့ စာအုပ်တွေလည်း များခဲ့ပေါ့
တခါတလေကျတော့လည်း
ချစ်ခြင်းမေတ္တာစစ်စစ်ဆိုတာ
မင်းပခုံးသားနုနုလေးကို ကိုယ့်နှုတ်ခမ်းတွေနဲ့ ဖိကပ်စုပ်နမ်းခဲ့တာလောက်တောင်
အရာ ထင်ချင်မှထင်တာ
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ပိုမှောင်လာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်တွေ ရှုပ်ပွလာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ အသက်ရှုကြပ်လာတယ်
ကလေးလေးရေ ...
သဲသဲရေ ....
သဲသဲတုံးရေ ....
အချစ်ရေ ....
ပုတုတုလေးရေ ...
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့အခန်းသော့ကို ဖွင့်နေတယ်
နာမ်စားတစ်ခုချင်းစီဟာ အမှတ်တရတွေနဲ့ ပေကျံလို့ ...
လက်ထဲကနေ ချော်ချော်ကျသွားတာကို ရင်ဘတ်နဲ့ မရရအောင် ပြန်ဖမ်းနေမိတယ်
ပိတ်သွားတဲ့ တံခါးအောက် နေရာလွတ်ကလေးကနေ
မင်းရပ်နေတာ မြင်ရသေးတယ်။
မင်းမသွားသေးဘူးဆိုတာ မြင်ရသေးတယ်။
အခန်းသော့ကို ဆက်ဖွင့်နေမယ် ...
ရွှေသော့ငွေသော့တွေနဲ့ မဟုတ်ပါဘူးကွယ်
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့ .... ။

ဟိန်း

Friday, January 2, 2015

RC - 1814

ငါ့တပည့်များ အောင်ပါစေကွာ ဆိုတဲ့စကားသံအဆုံးမှာ
နိုင်ငံတော်ကြီးလည်း နှစ်ပေါင်း(၆၀)ကျော် ကျဆုံးတော့တာပဲ
သွေးရူးသွေးတန်းနဲ့ ချက်ချင်းထလုပ်ခဲ့တာမဟုတ်ဘူး
လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကျော်ကတည်းက ဘရင်းဂန်းတွေ ပြင်ထားတယ်
လွန်ခဲ့တဲ့(၃)လကျော်ကျော်ကတည်းက တပည့်တပန်းတွေ ပြင်ထားတယ်
အောင်ပွဲခံဖို့ အရက်ဝိုင်းတစ်ခု ပြင်ထားတယ်
ကုန်ကုန်ပြောမယ် ...
U Saw-Prime Minister ဆိုတဲ့ ရာဘာတံဆိပ်တုံးကိုတောင် ကြိုတင်ပြင်ဆင်ထားတယ်
ကမူးရူးထိုးကောင်လေးတစ်ယောက်ပါ လို့ သူထင်ထားတဲ့သူက
အခု နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတော့
နေ့နေ့ညည စားမဝင်အိပ်မပျော်ဘူး
ပြည်သူတွေအတွက် ကိုးထပ်မြောက် ငရဲကြီး တစ်ခုကို ဖန်တီးသူတွေထဲ
တပည့်အရင်း သက်နှင်းက ထိပ်ဆုံးက ပါတယ်
တံခါးကို အတင်းဆွဲဖွင့်၊ စားပွဲထိပ်မှာ ခြေစုံရပ်ပြီး
သက်နှင်း၊ စိန်ကြီး၊ မောင်စိုး၊ ရန်ကြီးအောင် ...ခွေးတွေလို ထိုးဟောင်တော့တာပဲ
လက်မောင်းမှာ ခြင်္သေ့တပ်မ(၁၂)တံဆိပ်နဲ့ ဟောင်သံတွေက
အမှန်တရားကို မသိတဲ့ ကျည်ဆံတွေဖြစ်သွားတယ်
ဟိုမှာ လက်ကာပြပြီး တစ်ခုခုပြောချိန်လေးကိုတောင် မစောင့်နိုင်တဲ့ မိစ္ဆာရဲ့ သံတမန်တွေလေ။
ခန္ဓာကိုယ်တွေထဲ မွှေနှောက်ဖောက်ဝင်သွားတော့တယ်။
သေရမှာမကြောက်တဲ့ ခေါင်းဆောင်ရယ်၊
သူ့ရဲ့ အစိုးရအဖွဲ့ဝင် ၇ ဦးရယ်၊
သက်တော်စောင့်လေး ၁ ဦးရယ်၊
ပြီးတော့ ငါတို့ နိုင်ငံတော်ကြီးရယ် ...
စုစုပေါင်း ကျည်ဆံရာ အချက်(၆၀)။
တန်ဖိုးဖြတ်မရတဲ့လူတွေကို သတ်ရဲတယ်
ဂျစ်ကားစက်ကို မသတ်ရဲတဲ့ကောင်တွေ ...
ဗိုလ်အောင်ကျော်လမ်းအတိုင်း သုခ မောင်းပြေးတဲ့ ကားနောက်မှာ
ယမ်းငွေ့တွေ၊ မီးခိုးငွေ့တွေ ကျန်ခဲ့တယ်၊
အဲ့ဒီ အခိုးအငွေ့တွေကြောင့် ပြည်သူတွေလည်း
နောက်ထပ်မျိုးဆက်(၄)ခုလောက် မှုန်ဝါးသွားတော့တာပေါ့။
ဘာ အနှောင့်အယှက်မှ မရှိဘဲ ဦးစောရဲ့ ခြံထဲကို ပြန်နိုင်ခဲ့ကြသတဲ့။
သေချာလား၊ သေချာရဲ့လား၊ လုံးဝသေချာပြီလား။
တကယ်တမ်းက အဲ့ဒီဂျစ်ကား၊
အစိမ်းရောင်ဂျစ်ကား၊ RC-1814 ...
ငါတို့ ခေါင်းဆောင်တွေ၊
ငါတို့ မျှော်လင့်ချက်တွေ၊
ငါတို့ အနာဂတ်နိုင်ငံတော်၊
ငါတို့ အမြုတေ၊
ပြီးတော့ ငါတို့ ပြည်သူတစ်ယောက်ချင်းစီ ...
အားလုံးကို အရှိန်မလျှော့ဘဲ ဝင်တိုက် ဖျက်ဆီး ချေမွ ပြီးမှ
ကိုးထပ်မြောက်ငရဲကြီးထဲ မောင်းဝင်သွားတာပါပဲ။

ဟိန်း

ညဝတ်အင်္ကျီအစင်းကျားနဲ့ ကောင်လေး



ကျွန်တော်ပျင်းတယ်
အခိုင်အမာဆောက်ထားတဲ့ အိမ်အသစ်ကြီးထဲမှာ
သူငယ်ချင်းတွေနဲ့အတူ လက်တွေကို
လေထဲဆန့်တန်း ပျံဝဲပြေးလွှားလို့မရဘူး
အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပွဲမှာ
အားလုံးက ဟိုင်း ဟစ်တလာ လို့ လက်တွေကို လေထဲဆန့်တန်းကြတယ်
ဒါပေမယ့် ကျွန်တော်တို့လို ပြေးလွှားမနေကြဘူး
ပိုအရေးကြီးတဲ့တာဝန်တစ်ခုဟာ အဖေ့ပခုံးပေါ်ကျလာတယ် ထင်တယ်
သူတို့ဘာကို ဂုဏ်ယူနေကြသလဲ ကျွန်တော်မသိဘူး။
အိပ်ခန်းပြတင်းကနေ တစ်ခါပဲ ချောင်းကြည့်လိုက်တယ်
ဒီနေရာမှာ ကျွန်တော်တို့ပဲ မဟုတ်ဘူး
လယ်သမားတွေလည်း ရှိတယ်၊ လယ်သမားတွေမှာ ကလေးတွေရှိမှာပဲ၊ 
ကျွန်တော်သူတို့နဲ့ ဆော့ချင်တယ် လို့ အမေ့ကို ပြောပြမိကတည်းက
ပြတင်းပေါက်ကို အိမ်ကလူတွေက ရိုက်ပိတ်လိုက်တယ်
မီးခိုးမည်းမည်းတွေ ထိုးတက်လာတာ ကျွန်တော်မြင်တယ်
အဲ့ဒီက ထွက်တဲ့ အနံ့ဟာ အရမ်းဆိုးတယ်
(၈)နှစ်သားတစ်ယောက်ဖြစ်နေပေမယ့်
အမေပြောသလို အဝတ်ဟောင်းတွေ မီးရှို့တယ်ဆိုတာ ကျွန်တော် မယုံဘူး။
ဒါပေမယ့် ဘာတွေဆိုတာလည်း ကျွန်တော်မသိဘူး။
အိမ်အကူ အဘိုးကြီးဟာ ညဝတ်အင်္ကျီအစင်းကျားတွေပဲ ဝတ်တယ်။
အာလူးသီးတွေ အခွံနွှာနွှာနေတဲ့သူက ဆရာဝန်လို့ ပြောတယ်။
သူ ကျွန်တော်တို့နဲ့ ဘာကြောင့်မတူတာလဲ 
မေးခွန်းအားလုံးကို တစ်ခွန်းတည်းဖြေတယ်
ဂျူး ဖြစ်နေလို့ တဲ့။
သူငယ်ချင်းအသစ်တွေကို ဆာလောင်စိတ်က
အိမ်နောက်ဖေးတံခါးကနေ ခိုးထွက်သွားတယ်။
လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေထဲမှာ ရှမူး ထိုင်နေတယ်
သူ့ရဲ့ ညဝတ်အကျီ င်္အစင်းကျားပေါ်မှာ နံပါတ်တွေ ရေးထားတယ်
အဲ့ဒါ ဘာကစားနည်းလဲ ကျွန်တော် သိပ်သိချင်တယ်
ကျွန်တော်မေးသမျှကို စိတ်မဝင်စားဘဲ ရှမူးက ဗိုက်ဆာတဲ့အကြောင်းပဲ ပြောတယ်။
ရှမူးအတွက် ပေါင်မုန့်တွေ အမေမသိအောင် ခိုးခဲ့မယ်။
တစ်ရက်လောက်တော့ ကျွန်တော့်အိမ်ကို ရှမူး လာလည်စေချင်လို့
ကျွန်တော် သူနဲ့ ဘောလုံးပစ်တမ်း ကစားတယ်။
သံဆူးကြိုးတွေအပေါ်ကနေ သူ့ဆီကို ပစ်ပေးလိုက်တဲ့ဘောလုံးကြောင့်
သူပျော်သွားမယ်ထင်ထားတာ၊ သူသိပ်ကြောက်သွားတယ်။
အိမ်ရှေ့မှာ ဒန်းသွားစီးမယ်လို့ အမေ့ကို ပြောခဲ့တိုင်း
အိမ်နောက်ဖေးတောအုပ်ကလေးကနေတဆင့် ရှမူးဆီ ကျွန်တော်ပြေးပြေးလာတယ်။
ကျွန်တော့်ကြောင့် ရှမူး မျက်လုံးတစ်ဖက် ပိတ်သွားတဲ့အထိ အရိုက်ခံရတယ်
အဲ့ဒီ သုံးလေးရက်မှာ ချောကလက်တွေခိုးလာပြီး သံဆူးကြိုးနားမှာ ကျွန်တော်စောင့်နေတယ်
ရှမူး လုံးဝမလာဘူး။ ကျွန်တော့်ကို စိတ်နာသွားပြီ ထင်ပါရဲ့။
မကြာခင်မှာပဲ ကျွန်တော်ပေးတဲ့ ချောကလက်တွေကို စားရင်း
ပေါက်ပြဲနေတဲ့ နှုတ်ခမ်းတွေနဲ့ ရှမူး ကျွန်တော့်ကို ရယ်ပြတယ်။
ကျွန်တော်တို့ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ပြီလို့ ထင်တယ်။
ဘာတွေကို ရှို့နေလဲ၊ ညှော်နံ့တွေကတော့ အရင်လို ဆိုးဝါးဆဲပါပဲ။
ရှမူးတို့ဟာ လယ်သမားတွေလည်းမဟုတ်ဘူး
ဆော့နေတဲ့သူတွေလည်း မဟုတ်ဘူး ကျွန်တော်သိတယ်
ဒါပေမယ့် ဘယ်သူတွေလဲ ကျွန်တော်မစဉ်းစားတတ်ဘူး။
အဖေက ကျွန်တော်တို့ကို ဒီနေရာမှာ မနေစေချင်တော့ဘူး။
အဒေါ်တစ်ယောက်နဲ့ အတူတူနေဖို့ သွားခိုင်းနေပြီ။
သံဆူးကြိုးတွေနဲ့ ခြံကြီးထဲမှာ ပျောက်သွားတဲ့ ရှမူးအဖေကို ကူရှာပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။
ခြံကြီးထဲမှာ အစောင့်တွေ ကျွန်တော့်ကို မရိပ်မိအောင်
ညဝတ်အင်္ကျီအစင်းကျားတစ်ထည် ယူခဲ့မယ်လို့ သူက ပြန်ကတိပေးတယ်။
သံဆူးကြိုးအောက်မှာ ကျင်းတစ်ကျင်းတူးပြီး ရှမူးဆီ ရောက်တော့
အဆောင်တွေထဲမှာ သူ့အဖေကို အတူတူလိုက်ရှာကြတယ်
ယောက်ျားတွေ အများကြီး ထိုင်နေတဲ့ အဆောင်မှာ ရှာကြတယ်
ခရာသံတွေ ဆူညံနေတယ်၊ ခွေးဟောင်သံတွေ ဆူညံနေတယ်၊
တစ်ဆောင်လုံးကို အပြင်ထွက်ခိုင်းတယ်၊ တစ်နေရာကို ခေါ်သွားကြတယ်။
အပြင်မှာ မိုးတွေရွာနေတော့ မိုးတိတ်တဲ့အထိ 
ဒီနေရာမှာ ထိုင်နေရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
ပြီးတော့ ကျွန်တော်တို့ကို အဝတ်အစားတွေတစ်ခုမကျန် ချွတ်ခိုင်းတယ်။
ရေချိုးရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
အဒေါ်ဖြစ်တဲ့သူဆီကို ခရီးထွက်ဖို့ အဖေတို့အမေတို့ ကျွန်တော့်ကို လိုက်ရှာနေကြပြီ ထင်ပါရဲ့။
သံတံခါးကြီးကို မိုးသံလေသံတွေ တိခနဲ ပြတ်ကျသွားအောင် ပိတ်လိုက်တယ်။
တစ်ခန်းလုံးကို အမှောင်ချလိုက်တယ်။
အမိုးပေါ်က အပေါက်သေးသေးလေးပေါ်မှာ
ဓာတ်ငွေ့ကာ မျက်နှာဖုံးနဲ့ အစောင့်တွေကို ကျွန်တော် မြင်တယ်။
ဘယ်ကထွက်လာမှန်းမသိတဲ့ မီးခိုးငွေ့တွေကြားမှာ 
ကျွန်တော် နဲ့ ရှမူး ရဲ့ လက်ဖဝါးသေးသေးလေးတွေဟာ 
အသက်ရှုကြပ်လာတဲ့အထိ
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ကြပါတယ်။

ဟိန်း

- The Boy In The Striped Pajamas - သို့

ရောင်းတမ်းဝင် သတို့သမီး

ပြည်တွင်းစစ်ပွဲတွေရဲ့ အပြင်ကို ပြေးထွက်လိုက်တော့
တစ်ကိုယ်တော်စစ်ပွဲတစ်ခုရဲ့ အလယ်ကို သူရောက်သွားတယ်
ကြံစိုက်ခင်းတစ်ခုမှာ တစ်နေ့ကို ၈ ဒေါ်လာဆိုတာ
မိသားစုတစ်ခုလုံးအတွက် မက်လောက်စရာမဟုတ်ဘူး
လန်မွန်ဗောက်ဒင် သိသမျှ မူလတန်းပညာလေးနဲ့
မွဲတေစုတ်ပြတ်မှုဟာ
အသားဖြူစပ်စပ်လူတစ်ယောက်ရဲ့ ပြောသမျှစကားကို
ယုံကြည်ပစ်လိုက်ဖို့ အဓိကအကြောင်းရင်းပဲ
မှတ်ပုံတင်မရှိဘူး၊ ပတ်စပို့မရှိဘူး၊ တရုတ်လိုမပြောတတ်ဘူး။
၁၉နှစ်အရွယ် တိုင်းရင်းသူလေးတစ်ယောက်ကို
ဒေါ်လာ ၆၅၀၀ နဲ့ ဈေးဖြတ်လိုက်တယ်။
လန်မွန်ဗောက်ဒင် တစ်ပြားမှမရဘူး
သူ့မိသားစုလည်း တစ်ပြားမှ မရဘူး
သူ့နိုင်ငံလည်း တစ်ပြားမှ မရဘူး
သူတို့နယ်မြေမှာ တဒိုင်းဒိုင်း ပစ်နေတဲ့ စစ်သားတွေလည်း တစ်ပြားမှ မရဘူး
စစ်ပွဲကို ဖန်တီးနေကြတဲ့ နှစ်ဖက်ခေါင်းဆောင်တွေလည်း တစ်ပြားမှ မရဘူး
ဒါပေမယ့် ဗောက်ဒင် ရဲ့ ခန္ဓာကိုယ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ ရင်သားတွေဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
ဗောက်ဒင် ရဲ့ သားအိမ်ဟာ ဒေါ်လာ ၆၅၀၀ ဖြစ်တယ်
တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒမှာ
မိန်းမတွေဟာ ရှားပါးပစ္စည်းဖြစ်လာတယ်
ဟုတ်တယ် ဗောက်ဒင်ဟာ အဲဒီ မိသားစုရဲ့ ပစ္စည်းတစ်ခုဖြစ်တယ်
ညီိနဲ့ လက်ထပ်ထားပေးမယ့်လည်း အစ်ကိုကြီးကို ငြင်းဖို့မကြိုးစားနဲ့
အစ်ကိုကြီး အိပ်ယာထဲက ထသွားလို့ အဖေ ဝင်လာရင်လည်း ဘာမှပြန်မပြောနဲ့
ဘာလို့လဲဆိုတော့ ဒေါ်လာ ၆၅၀၀ ပေးဝယ်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်နေလို့ပဲ။
အိမ်ထဲမှာ ပိတ်ထားတယ်၊ ပေးတာ ယူ၊ ကျွေးတာ စားရတယ်။
လက်ထဲမှာ ပိုက်ဆံနည်းနည်းစုမိလာတော့
နှစ်ထပ်အိမ်ပေါ်ကနေ ဗောက်ဒင် ခုန်ချလိုက်တယ်။
အခက်အခဲတွေ အများကြီးကြားကနေ အိမ်ကို ပြန်ရောက်လာတယ်။
မိတ်ဆွေတွေက အလုပ်နားလို့ ပြန်လာတယ် ထင်ကြတယ်။
တချို့က အားကျကြတယ်။
အသုံးချခံပစ္စည်းတစ်ခုအဖြစ်ကနေ လွတ်မြောက်လာတာကို ဗောက်ဒင် မပြောရဲဘူး
သူ မသွားခင်က စစ်ပွဲတွေ အခု သူပြန်လာတော့လည်း ရှိနေတုန်းပဲ။
၁၉နှစ်သမီးလေးဟာ ၁၉နှစ်မဟုတ်တော့ဘူး၊
သူ့အကြောင်းကို တဖြည်းဖြည်း သိသွားတဲ့ အသိုင်းအဝိုင်းမှာ
ဗောက်ဒင် အရင်လို နေလို့မရတော့ဘူး၊
ခွဲခြားတယ်၊ နှိမ့်ချတယ်၊ အရာမသွင်းဘူး။
ဒါပေမယ့် ပြန်မလာနိုင်တော့တဲ့ သူတွေထက်စာရင် ဗောက်ဒင် ပျော်တယ်။
သူ့ကို တကယ်ချစ်တဲ့ လူမျိုးတူ ခင်ပွန်းတစ်ယောက်ရတယ်။
တောထဲမှာ ဟင်းရွက်ခူးပြီး ဈေးမှာ ပြန်ရောင်းတယ်။
စစ်ဘေး ဒုက္ခသည်စခန်းမှာ နေတယ်။
သူတို့ နယ်မြေကလေးမှာတိုက်ပွဲတစ်ခါဖြစ်တိုင်း
နှစ်ဖက်က ကျည်ဆံတွေရဲ့ တန်ဖိုးဟာ
ဒေါ်လာ ၆၅၀၀ ထက် ပိုတယ်ဆိုတာ
လန်မွန်ဗောက်ဒင်ကို မပြောပြဘဲ နေကြရအောင်ပါ ။


ဟိန်း

အဝေးစကား


အဝေးစကားကို မင်းဘယ်လိုကြားမလဲ
မင်းအလုပ်တွေနဲ့ မင်း ရှုပ်နေတယ်
ငါ့အလုပ်တွေနဲ့ ငါ ထမင်းမစားရသေးဘူး
တစ်ရက်ကို တစ်ခါပြော ၁နာရီနဲ့ ၅ခါလောက် ဆက်တဲ့ဖုန်းတွေ မင်း သတိမရတော့ဘူး
ငါ ဖုန်းဆက်တော့ မင်းအိပ်နေပြီ
မင်း ဖုန်းဆက်တော့ ငါ ဆိုင်ကယ်စီးနေတယ်
မင်း လျှာဖျားမှာ အဖုလေးတွေပေါက်နေတာ
ငါ ဘယ်လိုသိတော့မှာလဲ
အဝေးစကားဟာ စကားတွေနဲ့ ဝေးခဲ့ပြီ
မင်းဆံပင်တွေ ညှပ်ပစ်ပြီးမှ
ဆံပင်ရှည်ရှည်လေးထားကွာ ဆိုတဲ့ ငါ့စကားမင်းဆီရောက်တယ်
မျက်စိတစ်မှိတ်အတွင်းမှာ မင်း ငါ့မျက်လုံးကို မှိတ်လိုက်တယ်
အခန်းမီးကို မှိတ်လိုက်တော့ မင်းအချစ်က တစ်ညလုံးလင်းနေတယ်
တစ်ညလုံးလင်းနေတော့ မင်းမသိတဲ့စကားတွေ ငါ မအိပ်ဘဲလျှောက်ပြောနေတာပေါ့
အချစ်ရေ ... ခေါ်မကြားအော်မကြား မိုင်တွေရဲ့ အဝေးမှာ
မင်းနှလုံးခုန်သံဟာ ငါ့နာမည်ကို ရေရွတ်သေးရဲ့လား
အချစ်တွေ မြင့်တက်လာလေ
စကားလုံးတွေ ရှားပါးလာလေ ဒီလို မင်း တွက်ချက်တာလား
ဒီပုံစံအတိုင်းဆို
သံသရာကို မင်းနဲ့ လည်ပတ်မှာပါလို့ တွေးထားတဲ့ငါ့မှာ
မနမ်းဖြစ်တာကြာနေတဲ့ မျက်ခုံးလေးကို ဘယ်လိုစိတ်နဲ့ ပြန်နမ်းရပါ့။


ဟိန်း

အက်ကြောင်း .. အကြောင်း


ငါ့အကြောင်းကို အမှတ်တရတွေက ပြန်ပြောပြတဲ့အခါ
မကြားချင်ယောင်ဆောင်တယ်
ငါ့အကြောင်းကို မိတ်ဆွေတွေက စကားထဲထည့်ပြောတဲ့အခါ
စကားလမ်းကြောင်းလွှဲတယ်
ငါ့အကြောင်းကို င့ါကိုယ်တိုင် မက်ဆေ့ပို့တဲ့အခါ
အဲဒီမက်ဆေ့ကို မမြင်ချင်ယောင်ဆောင်တယ်
မင်းရင်ထဲမှာ တိမ်မြုပ်ပျောက်ကွယ်ချင်နေတဲ့ ငါ့အကြောင်းကို
ငါ ဘယ်လိုပြန်ဆယ်ယူရမလဲ
ငါတို့နှစ်ယောက်အကြောင်း ဆိုတာ ငါ့အကြောင်းမပါဘဲ မဖြစ်ဘူး
ဒီလိုပဲ မင်းအကြောင်းမပါလည်း မရဘူး။
မင်းမိသားစုအကြောင်း၊ မင်းစားဝတ်နေရေးအကြောင်း၊
မင်းအလုပ်တာဝန်အကြောင်း ပြီးရင် ငါ့အကြောင်း ဖြစ်ရမယ်
နည်းနည်းလေးပဲဖြစ်ဖြစ် ဖြစ်ရမယ်
မင်းအိပ်ယာကို ငါ့အကြောင်းနဲ့ ခင်းရမယ်
မင်းမနက်စာကို ငါ့အကြောင်းနဲ့ စားရမယ်
မင်းဆံပင်တွေကို ငါ့အကြောင်းနဲ့ ဖီးရမယ်
မင်းအတိတ်ကို ငါ့အကြောင်းနဲ့ အစားထိုးရမယ်
မင်းမျက်လုံးတွေ မှုန်ဝါးလာရင်လည်း ငါ့အကြောင်းပဲ တပ်ရမယ်
အစ်မ ဒီနေ့ဝတ်ထားတာလေး လှတယ် ဒီလိုပြောကြလည်း
ဟုတ်တယ် သူ့အကြောင်းနဲ့ ချုပ်ထားတာလေ .. မင်း ပြန်ပြောလိုက်
ဖုန်းလိုင်းတွေကလည်း စုတ်လိုက်တာ ဒီလိုလာပြောရင်
ဟုတ်တယ် သူ့အကြောင်းနဲ့ စုတ်နေတာလေ ... မင်း ပြန်ပြောလိုက်
ငါလည်း မင်းအကြောင်းနဲ့ စကားပြောနေတာ
ငါလည်း မင်းအကြောင်းနဲ့ အသက်ရှုနေတာ
ငါလည်း မင်းအကြောင်းနဲ့ ခရီးထွက်နေတာ
မင်းလည်း ငါ့အကြောင်းကို ဆလင်းဘတ်ထဲမှာ ထည့်ထားရမယ်
မင်းလည်း ငါ့အကြောင်းကို ခေါင်းအုံးဘေးမှာ ထားအိပ်ရမယ်
မင်းလည်း ငါ့အကြောင်းကို သနပ်ခါးတုံးလို သွေးလိမ်းရမယ်
ယာဉ်ကြောပိတ်ဆို့မှုတွေကြားကနေ တိုးတိုက်ဖောက်ထွက်ပြီး
ငါ့အကြောင်းတွေ မင်းဆီကို လာနေတယ်
ဓာတ်ကြိုးတွေဟာ လျှပ်စစ်ကို မစီးစေတော့ဘူး
ငါ့အကြောင်းတွေနဲ့ မင်းဆီကို သွယ်တန်းစီးဆင်းနေတယ်
မြစ်ကမ်းပါးကို ငါ့အကြောင်းတွေက တိုက်စားလို့
မြို့ထဲမှာ ငါ့အကြောင်းတွေ လျှံနေတယ်
အနောက်ပိုင်းမှာ ငါ့အကြောင်းတွေ အလျင်အမြန်ကူးစက်နေတယ်
အရှေ့အလယ်ပိုင်းမှာ ငါ့အကြောင်းတွေ ကျရောက်ပေါက်ကွဲနေတယ်
ကမ္ဘာတစ်ဝန်းက ဆန္ဒပြသူတွေဟာ ငါ့အကြောင်းတွေ ကိုင်မြှောက်ပြီး
မင်းဆီကို ချီတက်လာကြပြီ
နိုင်ငံတကာက ခေါင်းဆောင်တွေဟာ ငါ့အကြောင်းကို
အရေးတကြီးဆွေးနွေးအဖြေရှာနေပြီ
မင်း တစ်ခုခုလုပ်တော့
ငါတို့နှစ်ယောက်အကြောင်းမှာ င့ါအကြောင်းကို နည်းနည်းထပ်ဖြည့်လိုက်တော့
တခြားအကြောင်းတွေ နည်းနည်းလျှော့
ငါ့အကြောင်းကို အမြန်ထပ်ဖြည့်လိုက်တော့။


ဟိန်း

၁၇.၈.၁၄