Thursday, January 10, 2013

ပန်းကန်ထဲမှာ ပြောင်တလင်းခါသည်အထိ ကျေးဇူးတရားကို အသိအမှတ်ပြုပါ

(တစ်)
စင်ကာပူရောက် မြန်မာလူငယ်တစ်ယောက် ရန်ကုန်မြို့သို့ ခေတ္တခဏရောက်ရှိ၍ လာခဲ့ပြီး ရန်ကုန်ကနေ စင်ကာပူသို့ ပြန်အထွက် တစ်နံနက်ခင်း၌ ကျွန်တော့်အတွက် စာအုပ်ကလေးတစ်အုပ်ကို လူကြုံကတစ်ဆင့် လက်ဆောင်အဖြစ်ထားရစ်ခဲ့ပါသည်။ မြန်မာစာရေးဆရာအချို့၊ မြန်မာစာဖတ်သူအချို့နှင့် ထိစပ်ရင်းနှီးပြီးဖြစ်သော စာရေးဆရာတစ်ယောက်၏ စာအုပ်ပဲဖြစ်ပါသည်။ သစ်နတ်ဟန်း ( Thich Nhat Hanh) တဲ့။ ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး။ ဇင်ဘုန်းတော်ကြီး၊ စာအုပ်အမည်က Happiness  တဲ့။ ပျော်ရွှင်မှုဟုဆိုကြပါစို့။

ထိုစာအုပ်၌ Family Meals ဟူ၍ မိသားစုထမင်းဝိုင်းနှင့်ပတ်သက်၍ အခန်းတစ်ခန်းပါဝင်ရာ ထိုအခန်း၌ သည်အစားအစာကို ကောင်းကင်၊ မြေကြီး၊ မိုးစက်နှင့် နေရောင်ခြည်အပါအ၀င် စကြ၀ဠာကြီးက လက်ဆောင်ပေးသည်ဟု နှလုံးသွင်းတဲ့။ ရောင်းချသူများ ချက်ပြုတ်သူများ အထူးသဖြင့် တောင်သူ လယ်သမားကြီးများ၏ ကျေးဇူးကို နှလုံးသွင်းတဲ့။ စားနိုင်သလောက်ကိုသာ ပန်းကန်ထဲကို ထည့်တဲ့စသည် စသည်ဖြင့် အချက်ခြောက်ချက် ဖော်ပြထားခဲ့ရာ ကျန်သောအချက်တွေကို ထားလိုက်ပါတော့။ ကျွန်တော့်အတွက်ကတော့ ထိုပထမ နှစ်ချက်၊ သုံးချက်၌ပင်လျှင် သစ်နက်ဟန်း (Thich Nhat Hanh) ကို ငြိသွားခဲ့ပါလေပြီ။




(နှစ်)
ကမ္ဘာပေါ်၌ လူလေးယောက်တွင် တစ်ယောက်နှုန်း ဆင်းရဲကာ အစာအာဟာရပြည့်ဝအောင် မစားရသူက ၄ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရပါသည်။ ဒါဆိုငတ်နေသူက လူ ၁၀၀ မှာ ၅ ယောက်လောက်ဆိုသည့် သဘောပဲပေါ့။ လူတစ်ယောက်အဖို့ တစ်ရက်လျှင် ကယ်လိုရီ ၂၃၀၀ လောက်စားသုံးရန် လိုအပ်ပြီး ၂၀၁၀ ခုနှစ် ကုန်ဈေးနှုန်းများအရ လူတစ်ယောက်လူအဖြစ် ရှင်သန် နေထိုင်နိုင်ရန်အလို့ငှာ စားသုံးဖို့အတွက် မြန်မာကျပ်ငွေ ၇၆၃ ကျပ်နေ့စဉ်လိုအပ်ပါသည်။ အကယ်၍ မိသားစုငါးယောက်ရှိလျှင် နေ့စဉ် ၃၈၁၅ ကျပ်(သို့မဟုတ်) ၄၀၀၀ ကျပ် ကျသင့်မည်ဆိုသည့်သဘော။

ဒါက စားဖို့တစ်ခုတည်းအတွက် လိုအပ်ချက်။ ၀တ်ဖို့တွေ၊ နေဖို့တွေ ပညာရေးတွေ ကျန်းမာရေးတွေ၊ သာရေးနာရေးတွေ ဘာတစ်ခုမှ မပါသေး။ မိသားစုတိုင်း မိသားစုတိုင်း စားဖို့တစ်ခုတည်းအတွက် ငွေကျပ် ၄၀၀၀ နေ့စဉ်သုံးနိုင်ကြပါစေ။

ကုလသမဂ္ဂကတော့ လူတစ်ယောက်ချင်း၏ ၀င်ငွေတစ်နှစ်ကို ဒေါ်လာ ၉၀၅ ဒေါ်လာထက် နည်းလျှင် ဆင်းရဲသည်ဟု သတ်မှတ်ပါသည်။ ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ ဘရူနိုင်းက လူတစ်ယောက် တစ်နှစ်ကို ဒေါ်လာ ၅၀၇၉၀၊ စင်ကာပူက ဒေါ်လာ ၄၉၇၅၄ တဲ့။ သို့ဖြင့် မလေးရှားက ၁၃၃၈၅ ဒေါ်လာ၊ ထိုင်းက ၇၉၀၇ ဒေါ်လာ၊ အင်ဒိုနီးရှားကတော့ ၃၇၂၈ ဒေါ်လာ၊ ဖိလစ်ပိုင်က ၃၃၈၃ ဒေါ်လာ၊ လာအိုက ၂၀၅၄ ဒေါ်လာ၊ ဗီယက်နမ်က ၁၅၈၉ ဒေါ်လာ၊ ကမ္ဘောဒီးယားက ၁၈၁၈ ဒေါ်လာ စသည်စသည်ဖြင့် ဆင်းသွားလိုက်ရာ မြန်မာက ၁၀၄၀ ဒေါ်လာဖြင့် အာဆီယံနိုင်ငံ ၁၀ နိုင် ငံမှာ စာရင်းပိတ်ပါသည်။

ဤတွင် ကုလသမဂ္ဂက ၉၀၅ ဒေါ်လာပဲ သတ်မှတ်ထားတာတို့များ ၁၀၄၀ ဒေါ်လာကြီးများတောင်ဟု အလောတကြီး ဘ၀ကြွမသွားလိုက်ပါနှင့်ဦး။ တစ်ဦးချင်းဝင်ငွေဆိုသည်ကလေးကိုဖြင့် သတိကလေးကပ်ထားလိုက်စေချင်ပါသည်။ ယခုလောလောလတ်လတ် ငွေကြေးတန်ဖိုးအရ တစ်ဒေါ်လာ ကို ၈၅၀ ကျပ်ဟုဆိုရာ မြန်မာတို့၏ တစ်ဦးချင်းဝင်ငွေ ၁၀၄၀ ဒေါ်လာ ကို ၈၅၀ နှင့်မြှောက်လိုက်တော့ ၈၈၄၀၀၀ ကျပ်။ ဒါကို ၁၂ နှင့်စားလိုက်တော့ တစ်လကို ခုနစ်သောင်း ကျော်ကျော်။ သည်ခုနစ်သောင်းကျော်ကို မိသားစုဝင်ဦးရေနဲ့သာ မြှောက်လိုက်ပေတော့။ ယင်းသည် တစ်လ၀င်ရမည့် မိသားစုဝင်ငွေ။ ၀င်သလား မ၀င်ဘူးလားဆိုသည်ကတော့ ကိုယ်တိုင်သာ ဖြေကြည့်ကြပေတော့။

ဆိုလိုတာက ကျွန်တော်တို့ အဆင်မပြေကြပါဘူးဆိုတာပဲ ဖြစ်ပါသည်။ ကျွန်တော်တို့မှသာမဟုတ် ပါ။ အာဖရိကမှာ၊ လက်တင်အမေရိကမှာ၊ အာရှတိုက်ကြီးထဲမှာ ကမ္ဘာအနှံ့အပြား ဆင်းရဲသူတွေ ဆင်းရဲသူတွေ။ လူလေးယောက်မှာ တစ်ယောက်ဆင်းရဲ၍ လူ ၁၀၀ တွင် ၄ ဒသမ ၈ ယောက် ငတ်သည်ဟုဆိုခဲ့ပြီးမဟုတ်လော။



(သုံး)
တစ်ခါက ရန်ကုန်မြို့တစ်နေရာရှိ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီသို့ ရောက်သွားခဲ့ရာ ဘူဖေး (buffet) ပုံစံဖြင့် နေ့လယ်စာကျွေးပါသည်။ ကိုယ်တိုင်ယူငင်စားသုံးသည့် စနစ်။ ထမင်းဟင်းလျာတွေက ခုံတန်းရှည်ကြီးပေါ်မှာ အလျှံပယ်။ ဟိုနံရံ၊ သည်နံရံများ ရှိရာသို့အကြည့်ရောက်သွားတော့ ဆရာတော် ဘုရား၏ သတိပေးစာတန်းများကိုတွေ့ရာ ယင်းအပေါ်၌ ရိုသေလေးစားစိတ်ဖြစ်ရပါသည်။

“ကြိုက်သလောက်စား၊ ကုန်သလောက်ထည့်” တဲ့။ ဟုတ်ပါသည်။ ကိုယ့်ခန္ဓာကိုယ်၏ လိုအပ်ချက်အရ ကြိုက်သလောက်စား၍ရပါသည်။ တစ်ခေါက်နှင့်မ၀သေးလျှင် နောက်တစ်ခေါက်။ နောက်တစ်ခေါက်နှင့် မ၀သေးလျှင် နောက် ထပ်တစ်ခေါက်။ ကြိုက်သလောက်ထည့် ကြိုက်သလောက်စား။ သို့သော် အလိုရမ္မက်ကြီးကြီးနှင့် ခူးခပ်ထည့်ထားပြီး မကုန်နိုင်မခန်းနိုင် ထားပစ်ခဲ့တာမျိုးကိုတော့ ကျောင်းက အလွန်အထင်သေးပြီး အလွန်စက်ဆုပ်ပါသည်။

လူလေးယောက်၌ တစ်ယောက် ဆင်းရဲကာ လူ ၁၀၀ မှ ၅ ယောက်လောက်ငတ်နေသည့် ကမ္ဘာ၌ သည်လိုဖြုန်းတီးခဲ့ခြင်းသည် လူ့အဖွဲ့အစည်းကို မထီမဲ့မြင်လုပ်မှု၊ စိုက်ပျိုးထုတ်လုပ်ချက်ပြုတ်သူတို့၏ သွေးနှင့်ချွေးကို စော်ကားမှု။


(လေး)
ဂျပန်အတွေ့အကြုံ ကြွယ်ဝသူများနှင့် စကားဝိုင်းဖွဲ့သည့်အခါ အံ့မခန်း ပြောကြလေ့ရှိသည်က ဂျပန်တို့ စားသောက်ကြပုံဟန်ပန် တစ်ကွက်ဖြစ်ပါသည်။ ဂျပန်တွေဟာ ထမင်းကို အကုန်မစားဘဲနဲ့ ပန်းကန်ထဲမှာ ချန်ထားခဲ့တာမျိုးကို ဘယ်တော့မှ မလုပ်ကြဘူးလို့ ဆိုပါလား။ ချန်ထားသူကို အထင်သေးလေသတဲ့။ ထမင်းမစားခင်မှာ သူတို့ပြောကြမြဲဖြစ်တာက အီတာရာ ကိမာ့စ် (itakimasu)တဲ့။ ဤအသက်ခန္ဓာ ရှင်သန်ရန်အတွက် စာရသည့်အစာအာဟာရအတွက် ကျေးဇူးတင်ပါကြောင်းဆိုလား။

သူတို့လူမျိုးတွေရဲ့ စိတ်နေသဘာဝတွေက ကြက်သီးမွေးညင်း ထစရာကောင်းလိုက်တာ။ ကျေးဇူး။ ကျေးဇူး။ ကျေးဇူး။ တင်တတ်ရင် တင်လို့ရတဲ့ ကျေးဇူး။ ထမင်းပဲစားစား၊ ထမင်းကြော်ပဲစားစား ပန်းကန်ထဲမှာ ထမင်းတစ်စေ့မှ မကျန်သည်အထိ ကျွန်တော်စားဖြစ်နေခဲ့သည်မှာ ကြာလှပါပြီ။

တောင်သူလယ်သမားကြီးတို့ရဲ့ ချွေးတွေသွေးတွေကို ကျွန်တော်အားနာလို့။ ချို့တဲ့ ငတ်မွတ်သူတို့ရဲ့ မျက်နှာတွေကို ကျွန်တော်မလုံမလဲဖြစ်လို့။အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ ဧည့်ခံပွဲတွေ၊ တတ်နိုင်သူတွေရဲ့ထမင်းဝိုင်းကြီးတွေဆီက ပေါပေါလောလောဖောဖောသီသီ စွန့်ပစ်လိုက်တဲ့ ထမင်းလုံးပေါင်းထောင်သောင်းသိန်းသန်းကုဋေကုဋာကို ကျွန်တော်နှမြောလိုက်တာ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တတ်နိုင်လို့ လွှင့်ပစ်တာ ဘာဖြစ်သလဲလို့များ ပြောကြလေမလားမသိ။

ကျွန်တော်ကတော့ ကိုယ်မစားနိုင်ဘဲနဲ့ အလဟဿ စွန့်ပစ်ခဲ့သူ၊ ငွေပေးပြီး ၀ယ်ထားတာမို့ ဘယ်သူ့ မှကျေးဇူးတင်စရာမလိုဘူးဟု သဘောထားရှိသူ မှန်သမျှကို လူနှင့်လူ့အဖွဲ့အစည်းအား စော်ကားနေသူများဟု စွပ်စွဲလိုက်ချင်သည်။

သစ်နက်ဟန်း (Thich Nhat Hanh) ပြောသလို ထမင်းပန်းကန်ထဲက ထမင်းစေ့များစွာကို ကြည့်ရင်း သည်ထမင်းဖြစ်လာဖို့ ပေးဆပ်သူ များအားလုံးကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါသည်။ မွတ်သိပ်ဆာလောင်သူတို့၏ ဘ၀များစွာကို အားနာစွာဖြင့် တစ်စေ့မှမကျန်သည် အထိလည်း ကျွန်တော်စားသုံးပါသည်။ တတ်နိုင်တာပဲဟူသော စိတ်ဓာတ်ဖြင့် ဘယ်တော့မှ သွန်မပစ်စတမ်း။ မှောက်မပစ်စတမ်း။        ။

မောင်သာချို

No comments:

Post a Comment