Wednesday, January 23, 2013

နောက်ဆုံးပေါ် ◄နန်းအသင်္ခယာ►



စစ်မက်မသိတဲ့ သူမရဲ့ကမ္ဘာမှာ
လက်သည်းလေးတွေ ရောင်စုံခြယ်လို့ ...

စစ်ဘေးဒုက္ခသည်ပုံပါတဲ့ သတင်းစာဖြတ်ပိုင်းပေါ်
အိမ်ဖော်လေးက စားကြွင်းစားကျန်တွေတင်ပြီး
လမ်းဘေးခွေးကို ကျွေးလို့ ..

စစ်အကြောင်း ရေဒီယိုမှာလွှင့်တော့
သူမ မျက်နှာဟာမော့ပြီး ...
ခပ်ပျော့ပျော့ စိန်လည်ဆွဲကို ဆင်မြန်းလို့



စစ်သီချင်းသံအကြားမှာ
သူမအိပ်မက်လေးထဲ ကြယ်လေးတွေ ကခုန်လို့

စစ်ဆိုတာ သူမရဲ့ ညည့်လွှာရုံလေးလို
ပါးပါးပျော့ပျော့ .. ပိုးဖဲကတ္တီပါလေးလား ...

စစ်ဆိုတာ သူမရဲ့ နှုတ်ခမ်းနီလေးလို
အရောင်တဖိတ်ဖိတ် .. စိတ်ဝင်စားဖွယ်ရာလား

စစ်ဆိုတာ သူမရဲ့ ဒေါက်ဖိနပ်လေးလို
ချွန်ချွန်မြမြ ကြွကြွရွရွလေးလား ....

စစ်ဟာ .. သူမ ထည်လဲတွဲခဲ့တဲ့
ချစ်သူတွေလို စိတ်ပျက်စရာပဲလား ...။

သူမရဲ့ ဖက်ရှင်အတွက်
ပျောက်ကြားအဆင်တွေကို ဂါဝန်ချုပ်ဝတ်ချင်လည်း ၀တ်မယ်၊

သူမရဲ့ အလှအပအတွက်
ကျည်ခွံပုံစံနားဆွဲလည်း ပခုံးထက်မှာ ၀ဲချင်ဝဲမယ်၊

သူမ ကမ္ဘာမှာ .. သူမနေလေရဲ့ ....

သူမရဲ့ ကာဒီလက်လေးဟာ ...
စစ်မြေပြင်ကို ဖြတ်မမောင်းဖူးလေတော့
စစ်အကြောင်းမသိတာ .. သူမမှာ အလွန်မရှိဘူး။

သူမရဲ့ အိုင်ပေါ့ပ်ဟာ ...
ဂျက်စတင်ဘီဘာနဲ့ပြည့်နေတာမို့
စစ်အကြောင်းမသိတာ .. သူမမှာ အလွန်မရှိဘူး။

သူမရဲ့ ရည်းစားတွေလို
စစ်ဟာ သူမပါးပြင်ကို မနမ်းရှိုက်ဖူးတာမို့
စစ်အကြောင်းမသိတာ .. သူမမှာ အလွန်မရှိဘူး။

သူမ ကမ္ဘာမှာ ... သူမနေလေရဲ့ ....

ဒါပေမယ့် ....
မနေ့က ... စစ်ဟာ ဖက်ရှင်တစ်ခုဖြစ်လာတယ်
မနေ့က ... စစ်ဟာ တက်သက်စ မင်းသားလို ရေပန်းစားလာတယ်
မနေ့က ... စစ်ဟာ သူမရဲ့အလှအပထက် လူအာရုံကျခြင်းကို ခံလာရတယ်

အဲဒီ့နောက် ....
သူမ ပါးစပ်ဖျားမှာ စစ်ဟာ နေရာရလာတယ်
သူမဟာ ရှောင်တခင် မာသာထရီဇာ ဖြစ်လာတယ်
သူမဟာ ဒုတိယ ဂန္ဓီဖြစ်လာတယ်

သူမ အိုင်းရှဲဒိုးကို ထူထူဆွဲပြီး .. မျက်ရည်ဝဲတယ်
သူမ တီရှပ်ကို ကျပ်ကျပ်ဝတ်ပြီး ... စစ်ကို ရပ်မယ်
သူမ facebook မှာ စစ်ဟာ ..ခေတ်နဲ့လျှော်ညီနေရမယ် ....

သူမ ကမ္ဘာမှာ သူမ မနေတော့ဘူး ....

အဲယားကွန်းခန်းထဲက လော်ရန်ဇို ဆက်တီပေါ်မှာ
အိုင်ဖုန်းလေးကိုင်လို့ ... စစ်ကို မုန်းကြောင်း
သူမလို နောက်ထပ် သူမတစ်ယောက်ကို ပြောပြနေတယ် ...

သူမရဲ့ ခြံထိပ်မှာတော့ ...
စစ်ဘေးဒုက္ခသည်ပုံပါတဲ့ သတင်းစာဖြတ်ပိုင်းလေးဟာ
ခွေးစာခွက်ဖြစ်လို့ ..........။ ။

နန်းအသင်္ခယာ

No comments:

Post a Comment