Wednesday, January 1, 2014

The Water (2005) ◄ မားဆိုး ►




ဒေါပုံတံတားအဆင်း SECD ထိပ်မှာ လမ်းဘေးအခွေဆိုင်လေးတစ်ခုရှိတယ်ဗျ။ ဟိုး..... နိုင်တီးဂွမ်တီးက အဟောင်းအမြင်း အဆွေးအသိုး ဓါတ်ရှင်တွေ ရနိုင်တာမို့ ကျနော်မကြာခဏ သွားမွှေလေ့ရှိပါတယ်။ The Brothers Karamazov တို့၊ Dr Zhivago တို့၊ The Far Pavilions တို့၊ Cuba တို့ ၊ Gone With the Wind တို့ စသဖြင့်ပေါ့။တစ်နေ့ကျတော့ .. ဆိုင်ပိုင်ရှင်ဘဲကြီးက မေးတယ်။
“ညီလေး .. မင်း ကုလားကားတွေ ကြိုက်လား”
“ဟင့်အင်း.. မျက်စိရှုပ် နားရှုပ် ” 
“အေး.. ဒီကား ယူသွားကွာ။ေ-ာက်သရမ်းမိုက်တယ်”
“အိုကေလေ ခင်ဗျားက ညွှန်းတဲ့ကားမို့ ယူသွားပါ့မယ်”

ဒီဘဲကြီးက ဓါတ်ရှင်ဂျိုးကြီး။ ဓ်ါတ်ရှင့်လက်ကောက်ကြီး။ သူကိုယ်တိုင် တခုတ်တရ ညွှန်းတာမို့ Water ဆိုတဲ့ ဘောလိဝုဒ် ဓါတ်ရှင်တစ်ချပ်ကို ယူလာမိခဲ့ပါတယ်။

ဒီနိုင်ငံကို ပြန်ရောက်ပြီး အတော်ကြာတဲ့အထိ မကြည့်ဖြစ်သေးပါဘူး။ အားလပ်တဲ့တစ်ရက်ကျမှ အပျင်းပြေဆိုပြီး ကြည့်လိုက်မိတယ်။
တော်တော် ဟုတ်တဲ့ကားဗျာ။


1938 ဗြိတိသျှကိုလိုနီ အိန္ဒိယနိုင်ငံမှာ ဇာတ်လမ်းတည်ပါတယ်။ ဟိန္ဒူယဉ်ကျေးမှုအရ မိန်းကလေးများဟာ အရွယ်မရောက်မီ အသက် ၈ နှစ်၊ ၉ နှစ် လောက်နဲ့ မိဘများက အိမ်ထောင်ချပေးလေ့ရှိပါတယ်။ အဲ့ဒီခေတ် ဟိန္ဒူယဉ်ကျေးမှုမှာ အမျိုးသမီးအခွင့်အရေးတွေက ပါးပါးလျလျလေး။ မုဆိုးမ ဖြစ်သွားတာနဲ့တစ်ပြိုင်နက် ကတုံး တုံးရတယ်။ ဆာရီအဖြူကိုသာ တစ်သက်တာလုံး ဝတ်ဆင်ရတော့တယ်။ ပွဲလမ်းသဘင် ဆင်ယင်ခွင့်မရှိ၊ အပျော်အပါး ဝင်ရောက်ကစားခွင့်မရှိ၊ နောက်အိမ်ထောင် ပြုခွင့်မရှိ။ တော်တော်ကြီးကို နိမ့်ကျဆိုးရွားတဲ့ နေထိုင်မှုတစ်ခုပါဘဲ။

အဲ့ထက် အယင်ခေတ်တွေကဆိုယင် မုဆိုးမတွေရဲ့ ဘဝဟာ ပိုပြီး ကြေကွဲဖို့ကောင်းလှပါသေးတယ်။ မိန်းမတွေဟာ မိမိရဲ့ လက်ထပ်မင်္ဂလာပွဲတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံကို သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားရတယ်။ နောင်တစ်ချိန်မှာ သူက အယင်သေသွားယင် ဖြေသာသေးရဲ့။ သူ့ခင်ပွန်းကသာ သူ့ထက်အယင် သေသွားလို့ကတော့ တကယ့် ကွိုင်ဘဲ။ မိမိယောင်္ကျားကို သဂြိုလ်မယ့် မီးပုံပေါ်မှာ မင်္ဂလာဦးဝတ်စုံကိုဆင်မြန်းပြီး မိမိယောင်္ကျားအလောင်းကို ရင်ဝယ်ပိုက်လို့ အရှင်လတ်လတ် မီးရှို့ခံရပါသတဲ့။အဲ့ဒီ လုပ်ငန်းစဉ်ကို ဆတ္တီး လို့ ခေါ်ပါတယ်။ ဒီလောက် ကြောက်စရာကောင်းတဲ့အလေ့အထကြီးကို အင်္ဂလိပ်တွေ လက်ထက်မှာ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်ခဲ့ပေလို့သာ။ ( ဆြာမြ ဘာသာပြန်တဲ့ “ရွှေပြည်တော်မျှော်တိုင်းဝေး” The Far Pavilion နဲ့ “သုခမြို့တော်” City of the Joy ထဲမှာ ဟိန္ဒူယဉ်ကျေးမှုအစဉ်အလာထဲက မုဆိုးမတွေအကြောင်း  တော်တော်လေး အကျယ်တဝံ့ ရှင်းပြထားပါတယ်။)

ကဲ ... ဆက်ပွားမယ်ဗျာ။ချာတိတ်မလေး ချူရီယာ ဟာ အသက် ၈ နှစ်လောက်မှာ သူ့ထက် အသက် ၄၀ လောက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ မိဘများအလိုအရ လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီး သိပ်မကြာခင် သူ့ခင်ပွန်း ကွယ်လွန်သွားတာကြောင့်  ကလေးသာသာအရွယ်လေးနဲ့ မုဆိုးမ ဖြစ်ရရှာပါတယ်။

အဲ့ဒီခေတ် ဟိန္ဒူယဉ်ကျေးမှုအရ မုဆိုးမများဟာ ခိုက်တတ်တယ်၊ လာဘ်တိတ်တယ် ၊ အမင်္ဂလာ ဆိုတဲ့ အယူကြောင့် မိဘရပ်ထံ ပြန်ခွင့်မရကြပါဘူး။ နောက်အိမ်ထောင် ထူထောင်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ ဒါ့ကြောင့် မုဆိုးမတွေဟာ ဂေဟာ တစ်ခုခုမှာ စုဝေး နေထိုင်ကြရပါတယ်။

ချူရီယာလေးခမျာကိုလည်း မိဘများက လက်မခံတော့ဘဲ ကတုံးတုံး၊ ပိတ်ဖြူပတ်ပြီး ဘာသာရေးမြို့တော် ဗာရာဏသီမြို့  မြင့်မြတ်သောဂင်္ဂါမြစ်ကမ်းက ဂေဟာတစ်ခုကို ပို့လိုက်ပါတော့တယ်။ အဲ့သမှာ ဂေဟာမှူးမုဆိုးမကြီးဟာ အင်မတန် ဆိုးရွားလွန်းလှတယ်ပေါ့။ တခြား သက်ကြီးရွယ်အို မုဆိုးမတွေကြားမှာ ချူရီယားလေးက ကလေးသာသာ မြေးသာသာအရွယ်လေး။သူ့ခမျာ ဘာမှမသိလိုက်ခင် အိမ်ထောင်ကျ၊ ဘာမှမသိလိုက်ခင် မုဆိုးမဖြစ်ပြီး၊ ဘာမှမသိလိုက်ခင် ဂေဟာပေါ်ရောက်လာရရှာတယ်။

အမှီအကူမဲ့၊ ထောက်ပံ့သူမရှိတဲ့ ဂေဟာမှ မုဆိုးမများဟာ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဘူုရားကျောင်းများမှာ တောင်းရမ်းစားသောက်ကြရပါတယ်။ ချူရီးယားတို့ မုဆိုးမအားလုံး ၈တုံးတွေဖြစ်ကြပါလျက် ကတုံး မတုံးဘဲ ဆံရှည်ကလေးနဲ့ အရမ်းလှနေတဲ့ မုဆိုးမလေး ကလျာနီ ကို တွေ့တော့ ချူရီးယား အံ့သြသွားတယ်။ ကလေးသာသာ မုဆိုးမလေး ချူရီးယားနဲံ့ ဆံရှည်ထားခွင့်ရထားတဲ့ ဘူဇွာမုဆိုးမလေး ကလျာနီတို့  ချစ်ခင်စွာ နေထိုင်ကြပါတယ်။

တကယ်တော့ ကလျာနီဟာ ချို့တဲ့လှတဲ့ ဂေဟာရဲ့ ဝမ်းရေးအတွက် ဂင်္ဂါမြစ် တစ်ဘက်ကမ်းက သူဌေးကြီးထံမှာ အခကြေးငွေယူပြီး ပျော်တော်ဆက်ပေးနေရသူပါ။ ညဖက် ညဖက်ဆို လှေကလေးလှော်ပြီး မြစ်တစ်ဘက်ကမ်းကူးသွားတဲ့ ကလျာနီကို ချူရီးယား သဘောမပေါက်ခဲ့ပါဘူး။

တစ်နေ့တော့.... ဂင်္ဂါမြစ်ကမ်းတစ်နေရာမှာ ကလျာနီတို့ဟာ ယောင်္ကျားလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ အနှီအမျိုးသားဟာ မြို့ကြီးပြကြီးမှ ကျောင်းပိတ်လို့ပြန်လာတဲ့ တိုးတက်သောအတွေးအခေါ်နဲ့ တိုးတက်သောဂန္ဓီကြီးရဲ့ သြဝါဒခံ တိုးတက်သောကောလိပ်ကျောင်းသားလေးပေါ့ခင်ဗျာ။ ( တိုးတက်တာတွေ များသွားပြီ :D )အတိုချုံ့ပြီး ပြောရယင် တိုးတက်သောကျောင်းသားလေး နာရာယန်းနဲ့ မုဆိုးမကလေး ကလျာနီိတို့ ချစ်မိသွားကြတယ်ပေါ့။ခက်နေတာက မုဆိုးမများဟာ နောက်အိမ်ထောင် ပြုခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုနဲ့ ... ဂန္ဓီကြီးနဲ့တကွ ကွန်ဂရက်စ်တွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုများကြောင့် မုဆိုးမများ နောက်အိမ်ထောင် ထူထောင်ခွင့်ကို အင်္ဂလိပ်အစိုးရက ဥပဒေြုပဋ္ဌာန်းပေးလိုက်ရောဗျိုး။နာရာယန်းဟာ... ကလျာနီ့ဆီကို လြာေ့ပာတော့ သမီးရီးဇား၂ယောက် ဖလှမ်းဖလှမ်းတွေ ထကုန်တော့တာပေါ့။ နာရာယန်းဟာ သူ့ချစ်သူကို ဂင်္ဂါဖြစ်တစ်ဘက်ကမ်းက သူတို့အိမ်ကြီးဆီခေါ်ပြီး မိဘများနဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုတဲ့အခါ ဂေဟာမှူးနဲ့ ဗီလိန်မုဆိုးမများက ကန့်ကွက်ကြပါတယ်။

သူတို့ဂေဟာအတွက် တစ်နေ့ကို ရွှေဥတစ်လုံးကျ အုပေးနေတဲ့ ငန်းမလေးကလျာနီ့ကို လက်လွှတ်မခံချင်ကြဘူး။ ဒါ့ကြောင့် ကလျာ့နီ့ကို သွားခွင့်မပြုဘူးပေါ့။ ဒါပေမယ့် အချစ်အတွက်တစ်ဖန်မွေးဖွားလာတဲ့ ကလျာနီလေးဟာ ဂေဟာမှူးကို ခြေစုံကန်ပြီး နာရာယန်းခေါ်ဆောင်ရာ ဂင်္ဂါဖြစ်တစ်ဘက်ကမ်းကို လိုက်ခဲ့ပါတယ်...။မြစ်တစ်ဘက်ကမ်းရောက်ခါနီး... သူတို့အိမ်ကြီးကို နာရာယန်းက လက်ညှိုးညွှန်ပြလေတော့မှ ကလျာနီလည်း ရှောခ့်ဖြစ်သွားတော့တာဘဲ။

တကယ်တော့ .... ညဖက်ညဖက် တိတ်တဆိတ်ဂေဟာကထွက့်ပြီး ပျော်တော်ဆက်ပေးနေရတဲ့ သူဋ္ဌေးကြီးဟာ နာရာယန်းရဲ့ အဖေ ဖြစ်နေခဲ့ပါတယ်။ကလျာနီ ဆွေးပြီပေါ့။ အကြောင်းပြချက်မပေး၊ ငြင်းချက်မထုတ်ဘဲ နာရာယန်းဆီက ထွက်ပြေးလာခဲ့တော့တယ်။ တိုးတက်သော ချာတိတ်လေးက ဒီနေရာတော့ မတိုးတက်နိုင်တော့ပါဘူး။ ကလျာနီ ဘာ့ကြောင့် ဒိုးသွားတယ်ဆိုတာလည်း နဇာမိ ၊ ငါမသိ။ဂေဟာကို ပြန်ရောက်လာတဲ့ ကလျာနီ့ကို ဂေဟာမှူးက လုံးဝ ပြန်ပြီး လက်မခံတော့...။

တကယ်တော့ အိန္ဒိယမှာ မုဆိုးမတစ်ယောက်ရဲ့ ဘဝရပ်တည်ရေးဟာ တွေးကြည့်ရေးကြည့်တာထက် အင်မတန် ကြမ်းတမ်းလှပါတယ်။ ကလျာနိ့ အနေနဲ့ ဘယ်လိုမှ တစ်ဦးတစ်ယောက်တည်း မရပ်တည်နိုင်တော့။ သူ့ချစ်သူနဲ့ ပေါင်းရဖို့လည်း အခြေအနေ မပေးတော့တာကြောင့် သနားစရာမုဆိုးမလေးဟာ ဂင်္ဂါမြစ်ရေထဲမှာဘဲ သူ့ဘဝကို စတေးပြစ်ခဲ့ပါတယ်။

“ကိန္နရာချောင်းခြားလေပြီ.... နှစ်ကိုယ်တူမှန်းတဲ့ အနာဂါတ်ချစ်တိုင်းပြည်......” ပေါ့။
“ ရေမှာကွယ်လွန်သူရှိသည်..” ပေါ့
“စတေးခဲ့တဲ့ေ၇ပြင်ကလေး ... လှိုင်းထလို့ ကျန်ခဲ့ပါသည်” ပေါ့။

ဘတ်ဂျတ်ထိခိုက်သွားတဲ့ ဂေဟာမှူး မိန်းမဂျမ်းကြီးဟာ သူ့ရဲ့ ရသုံးမှန်းခြေငွေစာရင်းမှာ လိုငွေတွေ ပြနေတဲ့အခါ ယုတ်ယုတ်မာမာ ကြံစည်ပြန်ပါတယ်။ လူမမယ် မုဆိုးမလေး ချူရီယားကို လှေပေါ်တင်ပြီး ဂင်္ဂါတစ်ဘက်ကမ်းကို ပို့ပြန်ပါတယ်။ ချူရီးယားလေးတစ်ယောက် မြစ်တစ်ဘက်ကမ်းကနေ သေလုမျောပါး  မြော့မြော့ကလေး ပြန်လာတဲ့အခါ သူတို့ကို ကြင်နာစွာ အကူအညီတွေပေးတတ်တဲ့ ဂေဟာနေ မုဆိုးမကြီး သကုတလ္လက ဝင်ရောက် ကယ်ဆယ်ပါတယ်။ ဘူတာရုံဆီ ပြေးပါတယ်။

ဘူုတာရုံထဲမှာတော့ မဟတ္တမကြီးဟာ ညနေခင်းဝတ်ပြုပြီးနောက် လူထုကို တရားဟောနေတယ်။ ဂန္ဓီကြီးရဲ့ နောက်တော်ပါးလေး နာရာယန်းလည်း ရထားပေါ် တက်ပြီ။ ရထားက ထွက်စပြုနေပြီ။။။။ သကုတလ္လဟာ.. ချူရီးယားလေးကို အပြေးအလွှား သက်စွန့်ဆံဖျား.... ရထားပေါ် တင်ပေးလိုက်ပါတယ်။

ချူရီးယားလေးဟာ သူ့သူငယ်ချင်း နာရာယန်းနဲ့ မြို့ကို ပါသွားခဲ့ပါပြီ။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ ကျနော်လည်း မသိလိုက်ဘူးဗျ။ “ပြီးပါပြီ...” လို့ စာတမ်း ထိုးသွားတာကိုး။ :P

_______________________________________________


ဒီဇာတ်ထုပ်မှာ အဓိက သရုပ်ဆောင် ကလျာနီ အဖြစ် ကနေဒါအခြေစိုက် ဘောလိဝုဒ် အလှပဂေးလေး Lisa Rayတိုးတက်သောအတွေးအခေါ်နဲ့ တိုးတက်သောကျောင်းသားလေး နာရာယန်းအဖြစ် အန်ထိုနီယိုဘန်းဒရပ်စ်နဲ့ ယောင်ယောင်လေးတူတဲ့ John Abraham

ဒါပေမယ့် သူတို့ရဲ့ သရုပ်ဆောင်အားထက် လူမမယ်မုဆိုးမလေးအဖြစ် လက်ဖျားခါလောက်အောင် သရုပ်ဆောင်ပြသွားတဲ့ ချူရီးယားလေးကို သဘောကျတယ်ဗျာ။

တကယ်တော့် ဘောလိဝုဒ်ဓါတ်ရှင်တွေလည်း သူတို့ပြည်တွင်းပိတ်တတ်ရဲ့ဆန္ဒကို မတော်လှန်နိုင်သေးလို့ပါ။ အရောင်စုံ အသွေးစုံ လူပင်လယ်ကြီးနဲ့ ခုန်ပေါက်ကပြ၊ သီချင်းဆိုပြ၊ ပိုးစိုးပက်စက် ဇာတ်နာလွန်းတဲ့ လံကြုတ်ဇာတ်လမ်းတွေကနေ ရုန်းမထွက်နိုင်သေးပေမယ့် ... တစ်ခါတလေတော့လည်း အခုလို ဟောလိဝုဒ်စတိုင် ဓါတ်ရှင်လေးတွေ ကြည့်ရတာ ဖီးလ်ရှိပါသဗျ။ ကုလားကားတော်တော်များများကတော့ လွမ်းလည်း က၊ ပျော်လည်းက၊ ချစ်လည်းက၊ မုန်းလည်းက ။ ၃ နာရီခွဲ ကြာတဲ့ ဓါတ်ရှင်တစ်ကားမှာ တစ်ပုဒ်ကို ၁၅ မိနစ်စီရှိတဲ့ သီချင်းက ၄ ပုဒ် ၅ ပုဒ်၊ ကဲ ... တွက်ကြည့်ပေတော့။ :P

ကျနော် ဒီကားကို ကြိုက်လွန်းလို့ ကျနော့်မိတ်ဆွေ အိန္ဒိယသားများကို ပေးကြည့်တယ်။ အားလုံးက နှာခေါင်းရှုံ့ခေါင်းခါ...။လုံးဝ မကြိုက်ဘူးး တဲ့။  :D

မုဆိုးမအခွင့်အရေး တက်ကြွလှုပ်ရှားသူ - မောင်မား

1 comment:

  1. သွားပါပြီ...သွားပါပြီ...
    စာကိုအစအဆုံးဖတ်လိုက်မိတာသွားပါပြီ ။
    ဇာတ်ကားတကားလုံးကိုထိုင်ကြည့်လိုက်ရသလိုဖြစ်သွားလို့ ။
    အကုန်လုံးလျှောက်ရေးပြစ်ရသလားဟဲ့ ။

    ReplyDelete