Thursday, January 10, 2013

ဒဿဂီရိကြားရင် ဖျားသွားမယ်

(တစ်)
    ကျွန်တော်နယ်တက္ကသိုလ်ကြီးတစ်ခုတွင် တာဝန်ကျစဉ်ကဆိုက်ကားဆရာတစ်ဦးနှင့် ညီရင်းအစ်ကိုပမာရင်းနှီးခဲ့ပါသည်။ ထိုဆိုက်ကားဆရာက ကျွန်တော်နှင့်မှမဟုတ်ပါ၊ တက္ကသိုလ်ကျောင်းထဲက ဆရာ၊ ဆရာမ တော်တော်များများနှင့်လည်း ရင်းနှီးကျွမ်းဝင် သူဖြစ်ပါသည်။ ကျွန်တော်နှင့်ကတော့ အထူးတလည်ဟုပဲ ဆိုကြပါစို့ရဲ့။ ဈေးသွားဈေးပြန်လို ကိစ္စလေးတွေမျှသာမကတော့ဘဲတစ်ခါတစ်ခါသူ့ဆိုက်ကားလေးကိုအေးအေးလူလူလှိမ့်သွားကြရင်းက  စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားထိုင်ပြီး တောင်ရောက်မြောက်ရောက် စကားဝိုင်းဖွဲ့ဖြစ်တာမျိုးတွေပင် မကြာမကြာရှိ တတ်ပါသည်။

    တစ်ညနေ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ရှုပ်ယှက်ခတ်နေသည့်ရက်များအတွင်း၌ သူနှင့်ကျွန်တော်တို့ ထုံးစံအတိုင်းဆုံဖြစ်ပြန်ပါသည်။ သူက သူ့ဆိုင်ကလေးကို ခဏထားခဲ့ကာ ကျွန်တော်နှင့်အတူ လိုက်ထိုင်ခြင်းဖြစ်ပါသည်။ သူ့ဆိုင်ဆိုသည်က အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ရောက်လာတော့မှ ခါ တော်မီဖွင့်သည့် ယာယီလက်ဖက်ရည်၊ အအေး စားသောက်ဆိုင် ကလေးကိုဆိုလိုခြင်းဖြစ်ပါသည်။ တက္ကသိုလ် ကောလိပ်ဝန်းကျင်၌ အဝေးသင်တက္ကသိုလ်ရက်တွေ ရောက်တော့မှ ထထပြီးဖွင့်ကြ သည့် သည်လိုဆိုင်လေးတွေက အများအပြားပဲဖြစ်ရာ သူ့ဆိုင်ကသည်လိုဆိုင်မျိုးဖြစ်ပါသည်။ လက်ဖက်ရည်အဖျော်ဆရာက ခါတော် မီအဖျော်ဆရာ။ စားပွဲထိုးက ခါ တော်မီစားပွဲထိုး။ အကြော်သမားက ခါတော်မီအကြော်သမား။
    စကားတွေ တောင်ရောက် မြောက်ရောက်ပြောကြရင်း တစ်နေရာရောက်တော့ ဆိုက်ကားဆရာက သူ့ဆိုင်က အဖျော်ဆရာ အပုံ၊ နပုံ၊ အကင်း မပါးပုံများကို ရင်ဖွင့်လာခဲ့ရာ ကျွန်တော့်မှာခေါင်းနားပန်းတွေပင်ကြီးသွားမိပါသည်။
    ကျောင်းသားလူငယ် စားပွဲဝိုင်းတစ်ဝိုင်းတဲ့။ ယောက်ျားလေးက နှစ်ယောက်သုံးယောက်။ မိန်းကလေးက နှစ်ယောက်သုံးယောက်။ ယောက်ျားလေးတွေက လက်ဖက်ရည်၊ မိန်းကလေးတွေက အအေး။ သို့ဖြင့် စားပွဲထိုးကလေးကို လှမ်းမှာလိုက်ပြီးနောက် ယောက်ျားလေးတွေထဲမှ တစ် ယောက်က ထကာဆေးလိပ်ပဲ ထ၀ယ်သလိုလို၊ ဆေးလိပ်မီးပဲထညှိသလိုလို၊ အပေါ့အပါးပဲသွားသလိုလိုနှင့် လက်ဖက်ရည်ဖျော်သည့် ကောင်တာရှိရာဆီ ရောက်လာပါလေသတဲ့။ ပြီးတော့ အဖျော်ဆရာဆီသို့ အသာချဉ်းကပ်လာကာ ဆေးပြားကလေး အချို့လှမ်းပေးလေသတဲ့။ မိန်းကလေးတို့၏ အအေးခွက်များအတွင်း၌ ထည့်ပေးလိုက်ရန်။ ဘုရား ဘုရား။ ကြက်သီးမွေးညင်းထစရာ ကြီးပါလား။
    အဖျော်ဆရာက ဟုတ်ကဲ့ထည့်ပေးလိုက်ပါ့မယ်ဟူသော သင်္ကေတဖြင့် ခေါင်းညိတ်ပြကာသူ့ဆိုင်ရှင် ဆိုက်ကားဆရာကို ဆန္ဒတောင်းခံပါသည်။ ထည့်ပေး လိုက်ရမှာလား၊ မထည့်ပေးလိုက်ရဘူးလားဆိုသည့်အဖြေ။ သည် တော့မှ ဆိုင်ရှင် ဆိုက်ကားဆရာကဒေါသထွက်ကာ အဖျော်ဆရာကို အနားဆွဲခေါ်ပြီး အသုံးမကျရကောင်းလားဟု တိတ်တိတ်ကြိတ်၍ ဆူပူကြိမ်းမောင်းပြီး အဲသည့်ဆေးပြားတွေ အသာလွှင့် ပစ်လိုက်ဟုလုပ်လိုက်ရခြင်းဖြစ်ပါ သတဲ့။ သြော်..ကံကြီးပေလို့ပေါ့။
    ယင်းအဖြစ်အပျက်သည် ၂၀၀၀ပြည့်နှစ်လောက်တုန်းဆီက။ ကျောင်းသားတွေ၊ ကျောင်းသူတွေကြားက အဖြစ်အပျက်။ သည်တုန်းက ဆိုက်ကားဆရာ၏ မျက်နှာကိုကြည့်ရင်း ကျွန်တော့်စိတ်ညစ်ညူးသွားခဲ့ပုံများကို အခု ပြန်သတိရတော့လည်း ပြန်၍ ညစ်ညူးမြဲသာဖြစ် ပါသည်။ ကမ္ဘာပေါ်၌ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ချစ်ခြင်းမေတ္တာတရားတွေ ခန်းခြောက်သွားခဲ့လေပြီလား။

(နှစ်)
    အခု ၂၀၁၁ ခုနှစ်ဝန်းကျင်ကိုရောက်လာတော့ စာနယ်ဇင်းတွေပေါ်မှာ ကာမစိတ်လှုံ့ဆော် စေသော အစားအစာဆိုတာကိုရံဖန်ရံခါတွေ့ တွေ့လာရပါသည်။ တရားမ၀င် ၀င်ရောက်လာသည့် ဆေးဝါးတွေ၊ ပီကေတွေ၊ ချိုချဉ်တွေ၊ ကော်ဖီတွေ၊ ချောကလက်တွေကို ဖမ်းမိသဖြင့် အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူရ ကြောင်း သတင်းတွေကိုပါဖတ်ခွင့် ရလာပါသည်။ မိန်းကလေးတို့အဖို့ လောကကို ကျောပေး၍ မထိုင်ရဲလောက်အောင် မလုံခြုံတော့ သောနေ့ရက်များဟု တင်စားရ မည်လား မပြောတတ်တော့ပါ။ ဒါ..အချစ်လား။ သို့မဟုတ် အချစ်လို့ ထင်မှတ်နေကြတာလား။ မိန်းကလေးတစ်ယောက်ကို  ဘယ်လိုနည်းနဲ့ရရ၊ ရရင်ပြီး စတမ်းလား။ သည်လိုယောက်ျားမျိုးတွေကို ၃၁ ဘုံမှာ ဘယ်လို ခေါင်းစဉ်အောက်မှာထားပြီး ဘယ်လိုစာရင်းအင်းထဲ သွင်းထားရပါ့။

(သုံး)
    ကမ္ဘာကျော် ရာမယဏ ဇာတ်တော်ကြီးထဲ၌ ဒဿဂီရိက လူသွမ်းလူကြမ်းကြီးအဖြစ် ထင်ရှားပါသည်။ သူသီတာဒေ၀ီကို ခိုးယူသွားပြီးနောက် သိဃုဠ်ကျွန်း၌ ထားရှိစဉ် ထိုသီတာဒေ၀ီကို လက်ဖျားနှင့်ပင် မတို့ခဲ့ပါ။ ဘယ် လိုနည်းနဲ့ပဲရရဟုဆိုကာ အဓမ္မတွေ အောက်လမ်းတွေနှင့် မကြိုး ပမ်းလေခဲ့။
    သည်ကနေ့ လှုံ့ဆော်ဆေး ၀ါး အစားအသောက်တွေအ ကြောင်းများ ကြားခဲ့ရင် ဒဿဂီရိ ဖျားများဖျားသွားလေမလားမသိ။

(လေး)
    သည်ကနေ့ ရုပ်ရှင်အချို့က ကာမကိုလှုံ့ဆော်ပါသည်။ အ၀တ် အစားအပြင်အဆင်တွေက ရမ္မက်ကိုနှိုးဆွပါသည်။ အကတွေကတဏှာကို ညှို့မြှူပါသည်။ သည်အထဲမှာမှ ဆေးပြားတွေ၊ ဆေးမှုန့် တွေ၊ အစားအသောက်တွေတဲ့။
    မိန်းကလေးတစ်ယောက်ကို အမြတ်တနိုး တန်ဖိုးထားပြီး အချစ်ကို ခမ်းနားကြီးကျယ် အောင်ဖွဲ့ဆိုသည့် တစ်ခါက အချစ်ကဗျာများ၊ အချစ်ဝတ္ထုများ၊ အချစ်သီချင်းများကို အခုရက်တွေထဲမှာကျွန်တော်သတိရ၍ မဆုံးပါလေတော့။                 ။

မောင်သာချို

No comments:

Post a Comment