Thursday, January 10, 2013

လွမ်းလို့ရေးတဲ့ အက်ဆေး


ကျွန်တော် ကွမ်းစားခဲ့သည်မှာ ကြာပြီ ။ ဟိုတစ်ယာ ဒီတစ်ယာ အပျင်းပြေ၀ါးခဲ့သော ငယ်ဘ၀ကာလများကို ထည့်မတွက်ဘူးဆိုလျှင်ပင် ဆယ်တန်းပြီး ကတည်းကဆိုတော့ ၁နှစ်ကျော် ရှိရော့မည်။ ကျန်ခဲ့သော တစ်လလောက်ဆီကတော့ ကျွန်တော် စွဲစွဲလန်းလန်း မက်မက်စက်စက် စားခဲ့သော ကွမ်းယာကို အကြောင်းတစ်ခုကြောင့် ကျွန်တော်နားပစ်လိုက်သည်။ ကွမ်းဖြတ်လိုက်သော ထိုနေ့က ပီကေများ တစ်ခုပြီးတစ်ခု ၀ါးရင်း ၊ ပါးစပ်ထဲ ခပ်ချဉ်ချဉ်ဖြစ်လာတိုင်း တံတွေးများ တထွီထွီထွေးရင်း ၊ ကျွန်တော့်စိတ်သည် ကျွန်တော်ကိုယ်တိုင် ဖမ်းဆုပ်မမိလိုက်ခင်မှာတင် လွမ်းမောစရာကောင်းသော ဆယ်တန်းကျောင်းသား ဘ၀ဆီ လွင့်ထွက်သွားလေသည်။




                                                           ***

အချိန်ကား စာမေးပွဲကြီးဖြေရန် နှစ်လ၊သုံးလလောက် အလိုဖြစ်မည် ထင်သည်။ အမေရိကန် သမ္မတ အိုဘားမား မပြောခင် ကတည်းက We Can Change ဆိုသောစကားကို ကျွန်တော်တို့ အဆောင်က လိုက်နာကျင့်သုံး နေပြီဖြစ်သည်။ ထိုအချိန်သည် ပင်မ(၅) တွင် တကယ်အပြောင်းအလဲဖြစ်သော အချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး အ.ထ.က (၃) တွင် ကျောင်းတက်စာရင်းပြ၍ အဆောင်တွင် စာသင်နေခဲ့ရရာမှ ပြိုင်ဘက်အဆောင်တစ်ခု၏ တိုင်စာကြောင့် ကျွန်တော်တို့မှာ ဇန်န၀ါရီလရောက်မှ ကျောင်းသွားတက်ရသည်။ အဆောင်တွင်း ပြဿနာတစ်ချို့ကြောင့် အဆောင်မှူးအပြောင်းအလဲ ဖြစ်သည်။ ည(၁၁)နာရီ study ပြီးလျှင် မအိပ်ရသေး။ ကျောင်းစစ်ဆေးရေးလာလျှင် တစ်နှစ်ပတ်လုံး ကျောင်းတက်ပါသည် ဟု သက်သေပြနိုင်ဖို့ ကျောင်းစာတွေ ကူးရသည်။ တစ်နှစ်စာ လပတ်စာမေးပွဲ တွေ ကူးရသည်။ ထိုသို့သော အပြောင်းအလဲတွေနှင့်အတူ ကျွန်တော်တို့လည်း ကွမ်းပေါင်းဟုခေါ်သော အထုပ်များ ကို အဆောင်တွင်းတွင်ခိုးစားရာမှ အပြင်သို့ခိုးထွက်ပြီး ကွမ်းယာဝယ်စားသော အဆင့်သို့ ပြောင်းလဲခဲ့လေသည်။

                                                           ***

  ကျွန်တော်တို့တုန်းက ပင်မ(၅) ယောက်ျားလေးများနှင့် ယုဇန မိန်းကလေးများတက်ရသော အတန်းကို Apex(1) ဟုခေါ်သည်။ အခုနောက်ပိုင်း ထိုအတန်းမရှိတော့ဟု ကြားသည်။ Crown တန်းဟု ပြောင်းခေါ်သည် ထင်သည်။ Apex(1) စာသင်ဆောင်သည် ကျွန်တော်တို့ ပင်မ(၅) ၏ မျက်နှာချင်းဆိုင်တွင် ရှိသည်။ ပင်မ(၅) အဆောင်ရှေ့လမ်းကို ဘာလမ်းဟုခေါ်သည်မသိ။ အဆောင်ကိုကျော်၍ ကုန်းတက်လေးအတိုင်းနည်းနည်း ဆက်သွားလျှင် န၀ရတ်လမ်း ဖြစ်သည်။ ကျွန်တော် လွမ်းသောအခိုက်အတန့်တွင် ထိုနေရာတစ်ဝိုက်အပါအ၀င်ဖြစ်သည်။

                                                         ***

စာမေးပွဲကြီးနီးလာသောကာလတွင် ကျွန်တော်တို့မှာ စာသင်ချိန်ဟူ၍ မည်မည်ရရ မရှိတော့။ စာကျက်ချိန်ပေးထားသည်ကသာ များလေသည်။ အဆောင်မှူးအပြောင်းအလဲကြောင့် လက်ထောက်အဆောင်မှူးဆရာ ဦးသိန်းဝင်းက ယာယီအဆောင်မှူးတာဝန်ယူထားချိန် ၊ ဆက်တိုက်ဖြေနေရသော Operation ခေါ် သုံးနာရီ စာမေးပွဲငယ် ကိစ္စများကြောင့် သူ့မှာ ပင်မ(၁)ရုံးခန်းနှင့် ပင်မ(၅) မရပ်မနားပြေးလွှားနေရချိန်...။ ကျွန်တော်တို့ ကွမ်းဝါသနာရှင်များ အသင်းမှာ ကောင်းကောင်း ကမြင်းကျောထခွင့် ရလေသည်......။

                                                          ***

မှတ်မှတ်ရရ ...မနက် ၉ နာရီ မထိုးခင် ဆယ်မိနစ်ခန့်..။ကျွန်တော်က ကျွန်တော့်နံဘေးတွင် ထိုင်သော ချစ်ကိုကိုလင်း ခေါ် ချစ်ကလုံး ကို သင်္ချာံရှင်းပြချင်ယောင်ဆောင်၍ အကြမ်းစာအုပ်ဖြင့် SMS ပို့လေသည်။ Stydy Guide ဆရာများ မရိပ်မိအောင်လည်း သတိထားရသေးသည်။

ဝါးထွေး...? ...အဓိပ္ပါယ်မှာ ကွမ်းယာစားမလား ဖြစ်သည်။

ဧ..........အဓိပ္ပါယ်က အေး ...။

ကျွန်တော်က ပြန်ရေးသည်။

စွန့်စားစို့..............အဓိပ္ပါယ်မှာ အုတ်တံတိုင်းကျော်၍ သွားဝယ်မည် ပေါ့.....။

ဒီလိုနှင့် ကျွန်တော်နှင့် ချစ်ကလုံး အဆင်ပြေသွားသည်။ အကြံကတော့ အိမ်သာသွားမည်ဟု တစ်ယောက်တစ်ခြားစီ ထွက်ကာ အိမ်သာနောက်က အုတ်တံတိုင်းကိုကျော်၍ လမ်းကြားလေးအတိုင်း နည်းနည်းပြေးလျှင် န၀ရတ်လမ်းပေါ်က ကွမ်းယာဆိုင်ကိုရောက်မည်။ ဟိုက ဒီက လမ်းကြုံမှာကြသော သူငယ်ချင်းများ အတွက်နှင့် ကျွန်တော်တို့ အတွက် ၀ယ်ပြီး ပြန်ပြေးလာလျှင် (၁၅)မိနစ်ခန့် အနားပေးသော မနက် ၉ နာရီအချိန်နှင့် ကွက်တိဖြစ်သွားမည်။ ၉ နာရီ ၁၅ မိနစ်.........အထဲပြန်ဝင်ချိန်ကျမှ အများနှင့်ရောယောင်ဝင်သွားပြီး ခပ်တည်တည်နှင့် တစ်ယာပြီးတစ်ယာဝါးလိုက် သင်္ချာလေးတွက်လိုက် ဘိုင်အိုလေးကျက်လိုက် လုပ်မည် ပေါ့....။

(မှတ်ချက်။ ။ကျွန်တော်တို့မှာ ကွမ်းသွေးထွေးစရာမလိုအောင် ၊ ပါးစပ်မလှုပ်အောင် ၊ နှုတ်ခမ်းမနီအောင် ၀ါးတတ်ကြပါသည်။)........အဓိက က ဦးသိန်းဝင်းကို အခြေအနေကြည့်ဖို့ ဖြစ်သည်။ ကြည့်လိုက်တော့ မတွေ့....။ ဆိုင်ကယ်လည်း မရှိ......။ ပင်မ(၁) ကို သွားပုံရသည်။ ကဲ.....ဘာလိုသေးလဲ..။ အိုကေ....။ကျွန်တော် ထရပ်ပြီး လက်ညှိုးထောင်လိုက်ပါသည်။

ဆရာ..... ရှူးပေါက်.....

                                                           ***

အဆောင်အိမ်သာရှေ့က ရေကန်နားရောက်တော့ ကပ်ရက်ခြံက ချာတိတ် ၃ ကောင်က ကျွန်တော့်ကို မျက်လုံးပြူးကြီးများဖြင့် အသေအချာလိုက်ကြည့်နေလေသည်။ ကျွန်တော်လဲ စိတ်ထဲ တစ်ခုတွေးမိသဖြင့် အစ်အောက် ကြည့်သည်။ ကြာကြာမမေးလိုက်ရ....။ ထွက်လာသည်။ ဦးသိန်းဝင်းက ကျောင်းသားတွေ အုတ်တံတိုင်းကျော် ၊ မကျော် ကြည့်ထားပေး...မုန့်ဖိုးတစ်ရာစီပေးမည် ဟု ပြောသည်တဲ့....။အော်......တော်သေးတာပေါ့..။ မသိမသာမို့လို့....။မျက်လုံးပြူးကြီးတွေနဲ့.......။

ထိုအချိန် ချစ်ကလုံး ရောက်လာသည်။ ကြောင်ကလေး ချွဲကပ်နေသော အသံဖြင့်ရယ်ရင်း....

ဒီမှာ ဟေ့ကောင်တွေ ရော့...တစ်ယောက် ၃၀၀ စီယူလိုက်..ဟူ၍ ၁၀၀၀တန် တစ်ရွက်ထုတ်ပေးလေသည်။ ပြီးတော့

ကြေးစားဆိုတာ ကြေးပိုပေးတဲ့အလုပ်ရှင်ကို သစ္စာရှိရတယ်ကွ...တဲ့.။ ဩော်...အရေးထဲ တရုတ်ကားထဲက စကားတွေ ယူသုံးနေသေးသည်။ ချာတိတ် ၃ ကောင်ကို ကျွန်တော် သေချာမှာရသည်။ ဦးသိန်းဝင်းကို သွားမပြောဖို့...။ ထို့နောက် ချစ်ကလုံး က သူ့လက်ထဲမှ ပါလာသော စက္ကူခေါက်ဖြင့် အိမ်သာတံခါးနှစ်ခုကို ညှပ်ပိတ်လေသည်။ အဆောင်အိမ်သာ တံခါးများ၏ထုံးစံမှာ လူမရှိလျှင် ဟောင်းလောင်းပွင့်နေတတ်ပြီး အထဲကလူက ဆွဲပြီး ဂျက် ချမှ ပိတ်သည်။ သဘောကတော့ စက္ကူညှပ်ထားသော တံခါးနှစ်ချပ်ကို ဆွဲမကြည့်လျှင် လူနှစ်ယောက် အိမ်သာတက်နေသည်ပေါ့.....။ ထိုမျှလောက် ထောင့်စေ့သော ကျွန်တော်တို့၏ Project ကြီးသည် မအောင်မြင်ဘဲ ရှိပါအံ့နည်း.........................။

                                                                ***

ဒီလိုနှင့်.......အုတ်တံတိုင်းပေါ်သို့ ချစ်ကလုံး က စ၍တက်သည်။ အုတ်တံတိုင်းမှာ ပုံမှန် အမြင့်ပင်ဖြစ်သော်လည်း နင်း၍တက်စရာ မရှိသဖြင့် နည်းနည်းခက်သည်။ ကုပ်တွယ်ပြီးတက်ရသည်။ ကိစ္စမရှိ.....။ အုတ်တံတိုင်းပေါ်ရောက်ပြီ...။ ဒီနေရာမှာ ဇာတ်လမ်း စ တော့သည်...။

                                                           ***

နည်းနည်းတော့ ပြောစရာရှိသည်။ ပြင်ဦးလွင်၏ ဆောင်းတွင်း မနက်ခင်း မြို့သစ် ရှုခင်းကို မြင်ဖူးသူတိုင်း သိကြမည်။ မြူတွေက လွင့်တချို့...၊ ဆိုင်းတချို့...။ တောင်ကုန်းတွေက နိမ့်တချို့...၊ မြင့်တချို့...။

နေကြာရိုင်းတွေက နှင်းမြူတွေကြားထဲမှ နေလုံးနီနီကြီးဆီ ငေးလို့ ...။ လမ်းဘေးခြုံပုတ် မြက်ပင်လေးတွေက ညက ကျခဲ့တဲ့ နှင်းတွေကြောင့် စိုလို့...၊ ရွှဲလို့ ...။ ပန်းချီကားတစ်ချပ်လိုမြင်ကွင်းလေး......။ ဒီလို..မြင်ကွင်းနဲ့ ဘယ်လိုမှ အပ်စပ်ကြည့်လို့ မရအောင် ချစ်ကလုံး က အိမ်သာအနောက်က အုတ်တံတိုင်းပေါ်မှာ ရပ်လို့ ................။

***

ချစ်ကလုံး ဟိုဘက်မြန်မြန်ဆင်းဟ..။ ငါတက်မလို့....လို့ပြောတာကို မရဘူး။ ကျွန်တော်က သူဆင်းမှ တက်လို့ ရမှာ...။ဘေးမှာက ပုလင်းကွဲတွေ သံဆူးကြိုးတွေနဲ့ တက်လို့ မကောင်းဘူး..။ အဲ့ဒီ တစ်နေရာပဲ လွတ်တာ။ အဲ့ဒါကို မောင်မင်းကြီးသားက.......

နေပါဦးဟ ငါ့ကောင်ရ.....။ အဆောင်ထဲမှာ တစ်ချိန်လုံး စာပဲလုပ်နေရတာ။ ဒီလိုအချိန်လေး ရှုခင်းလေး ဘာလေး ငေးရင်း လေ့ကျင့်ခန်းလေး လုပ်ပါရစေဦး..........တဲ့။

ဒီလိုနဲ့ပဲ မောင်ချစ်ကလုံး ဟာ လေ့ကျင့်ခန်းတွေကို ၁၊၂၊၃၊၄၊၅၊၆၊၇၊၈...၈၊၇၊၆၊၅၊၄၊၃၊ တစ်မျိုးပြောင်း.....ဆိုပြီးတော့ လုပ်နေလိုက်တာ ၅ မိနစ်လောက်ကြာပါတယ်...။ ကျွန်တော့်မှာတော့ ဆရာတစ်ယောက်ယောက်မြင်မှာ ကြောက်လှပြီ.။ ရင်တွေက ခုန်လှပြီ...။

ဟေ့ကောင် ငါတွန်းချတော့မှာနော် ....လို့ပြောမှ ဟိုဘက်က ခြုံပုတ်ထဲကို ဖုတ်ခနဲ ခုန်ချသွားပါတယ်။ ဒါနဲ့

ကျွန်တော်လည်း အုတ်တံတိုင်းပေါ်တက်ခဲ့တယ်။

အံမယ်......သူပြောတာ ဟုတ်သားဟ..။ ရှုခင်းလေးက ငေးလို့အကောင်းသား..။အဲ့ဒီ အချိန်မှာပဲ ကျွန်တော့်စိတ်ထဲ ဖြတ်ခနဲ ဖြစ်သွားတယ်..။ လူတိုင်းဖြစ်ဖူးတဲ့...ကိုယ့်ကို အကြည့်ခံနေရရင် အလိုလို သိတဲ့..... ခံစားချက် မျိုးပေါ့။ ဒါနဲ့...မရဲတရဲ ကျွန်တော်တို့ ကွမ်းသွားဝယ်မဲ့ ဆိုင်ကလေးဆီ မျှော်ကြည့်လိုက်တော့..................

အမယ်လေး........လေး.....။ ကျွန်တော်တို့က ပင်မ(၁)သွားတယ်လို့ ထင်တဲ့....ဦးသိန်းဝင်းဟာ..နေလုံးကြီးကို ကျောပေးလို့....။ ကျွန်တော်တို့ဆီ မျက်နှာမူလို့ ......။ သူ့ပုံစံအတိုင်း ပုဆိုးကိုတိုတိုဝတ်လို့........။ ခါးထောက်လို့........။

                                                             ***

ဒီလိုနဲ့ပဲ ချစ်ကလုံးကို ဒီဘက်ပြန်ခေါ်...၁၅ မိနစ် ဆင်းလာတဲ့ သူများတွေနဲ့ ရောယောင်ပြီး အတန်းထဲပြန်ဝင်။...ရုပ်တည်ကြီးတွေနဲ့ စာအုပ်နဲ့ မျက်နှာ အပ်ထားတာပေါ့...။ မကြာပါဘူး...။ ကြိမ်နှစ်ချောင်းကို လိမ်ပြီး တိပ်နဲ့ ပတ်ထားတဲ့ လက်နက်ကြီးကို ကိုင်လို့ ဦးသိန်းဝင်း ရောက်လာတယ်...။

ခုန နှစ်ကောင် စင်ပေါ်တက် .....တဲ့။ ကျွန်တော်တို့ မငြင်းချင်တော့ပါဘူး။ ငြင်းလို့လဲ မရတော့ပါဘူး...။

ချမ်းချမ်းစီးစီးနဲ့ မေမြို့ဆောင်းမှာ ခြေသလုံးပေါ်ကျလာတဲ့ ကြိမ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ စပ်ဖြဲဖြဲမျက်နှာတွေကို မဲ့သွားအောင်တော့ မလုပ်နိုင်ခဲ့ဘူး..........။

                                                                  ***

ဒီဘက်နောက်ပိုင်း ကွမ်းယာကို အတိအလင်း စားတဲ့အချိန်မှာ ဘယ်လိုအရသာခံပြီးပဲ စားစား...၊ အဲ့ဒီလိုမျိုး
ပုန်းလျှိုးကွယ်လျှိုးနဲ့ အောင်မြင်ခဲ့သော...၊ မအောင်မြင်ခဲ့သော....၊ စီမံကိန်းချပြီး စားခဲ့ရသော....
ကွမ်းယာများလောက် အရသာမရှိတော့ဘူးဆိုတာ.....................ဦးသိန်းဝင်းကို လွမ်းရင်း.....၊ ချစ်ကလုံးကို လွမ်းရင်း.....၊ သူငယ်ချင်းများကို လွမ်းရင်း.....၊ မေမြို့ဆောင်းကို လွမ်းရင်း.....၊ ငယ်ဘ၀ကို လွမ်းရင်း....၊ အတိတ်တွေကို လွမ်းရင်း...................၊ ကျွန်တော်............ သိလာခဲ့တယ်..........။......။


ဟိန်း ( 15.4.2007 )


(ဆယ်တန်းပြီးကာစ တစ်နှစ်လောက်က လက်ပါခင်ဗျ။ လိုအပ်တာတွေရှိရင်လည်းခွင့်လွှတ်သည်းခံပေးပါ)

No comments:

Post a Comment