Friday, January 25, 2013

လက်ပတ်အနီ ◄နွယ်စိမ်းဝေ►


လက်ပတ်အနီဟာ ကျွန်တော်ဦးကြီး
ကျွန်တော်အဖေရဲ့ အစ်ကို ဝမ်းကွဲပေါ့
လက်ပတ်အနီရဲ့ သမီးဟာ ကျွန်တော်မိန်းမ
ဒါကြောင့်
လက်ပတ်အနီဟာ ကျွန်တော်ယောက္ခမ။
၁၉၁၉
အထက်မြန်မာပြည်မြို့လေးတစ်မြို့မှာ
လက်ပတ်အနီကိုမွေးတယ်။

ဆေးရုံရှိပေမယ့်
အိမ်မှာ လက်သည်ခေါ်မွေးကြတဲ့ခေတ်မို့
လှေကားရင်း ချက်မြုပ်
သူများနည်းတူ နနွင်းတက်ရှူပြီး
သူ့အမေလည်း သူ့ကိုမွေးခဲ့ရတာပေါ့။
လက်ပတ်အနီဟာ
ခြောက်နှစ်သားမှာ ကျောင်းစနေတယ်..
သူဟာ
စည်းကမ်းကောင်းတဲ့
အောင်ချမ်းသာကျောင်းထွက်ပေါ့..
တို့ဗမာ အစည်းအရုံးဖွဲ့တော့
လက်ပတ်အနီဟာ သခင်ပေါက်စ
အာရှလူငယ်ဖွဲ့တော့
လက်ပတ်အနီဟာ အာရှလူငယ်
အဲဒီတုန်းက
လွတ်မြောက်ရေးကလွဲပြီး
သူ့ခေါင်းထဲမှာ ဘာမှ မရှိဘူး.။
တစ်ဖက်က ဓါးဆိုရင် သူလည်းဓါး
တစ်ဖက်က တုတ်ဆိုရင် သူလည်း တုတ်
သူ့ထုံးစံက
ကျူပင်ခုတ်ရင် ကျူငုတ်ကိုလည်း
အမြစ်ချန်လေ့ မရှိဘူး.။
အကောင်းဆုံးထိုးစစ်ဟာ အကောင်းဆုံးခံစစ်
အကောင်းဆုံးခံစစ်ဟာ အကောင်းဆုံးထိုးစစ်
ရန်သူသိမ်းပိုက်ထားတဲ့ မြို့ကို ပြန်တိုက်တော့
လက်ပတ်အနီဟာ အသေခံပြောက်ကျား
ဆွန်ယက်ဆင် အုတ်ဂူကို မမှိတ်မသုန် စိုက်ကြည့်လို့
အနာဂတ်သစ်ကို ရည်စူးလို့
၁၉၅၂ ပီကင်း
အာရှ ပစိဖိတ်ငြိမ်းချမ်းရေးညီလာခံမှာ
သူဟာ သူ့အဖွဲနဲ့ တက်တက်ကြွကြွ။
လက်ပတ်အနီဟာ လူငယ်မဟုတ်ဘူး
ဒါပေမယ့် လူငယ်တွေကို နားလည်တယ်
လက်ပတ်အနီဟာ ခေတ်ပေါ်ကဗျာ မဟုတ်ဘူး
ဒါပေမယ့်
ခေတ်ပေါ်ကဗျာကို လက်ခံတယ်.။
စကားစပ်မိတိုင်း
လက်ပတ်အနီဟာ
သူဖြတ်သန်းခဲ့တဲ့ သမိုင်းခေတ်တွေအကြောင်း
ကျွန်တော်ကို ပြန်ပြောင်းပြောနေကျ။
စာဖတ်တိုင်း
သူကြိုက်တဲ့စာကြောင်းတွေ့ရင်
ကျွန်တော်ကို ခဲတားခိုင်းနေကျ။
လက်ပတ်အနီဟာ
ရှင်ကြီးဝမ်းမှာလည်း အုန်းပင်တက်ခဲ့ဖူးတယ်။
ရှင်ငယ်ဝမ်းမှာလည်း ဖားခုန် ခုန်ခဲ့ဖူးတယ်။
လက်ပတ်အနီဟာ
အခု ၈၆ နစ်
ဒါပေမယ့်
သူ့ယုံကြည်ချက်က ၁၆ နှစ်
သန်တုန်း မြန်တုန်းပဲ။ ။

နွယ်စိမ်းဝေ
၂၀၀၇ သြဂုတ်

No comments:

Post a Comment