Friday, March 15, 2013

ကျွန်တော့်ကျက်သရေကို သူတို့လာတုံးတယ်မေမေ

ဓားဟာ ရေမြွေလို ခွေထားတဲ့အရာပဲ။
ဘာအကြောင်းနဲ့မှ နောက်ကျောတွေနဲ့ မရင်းနှီးစေခဲ့။
စားပွဲပေါ်ပစ်စိုက်ပြီး တစ်ယောက်နဲ့တစ်အုပ်တစ်သင်း
ရှင်းရဲပါတယ်။

ငါးပါးသီလမမြဲဘူး
ကျွန်တော့်လိပ်ပြာ ရဲတယ်။
ဒါကြောင့် ..
မေမေငိုခဲ့
အောင်စာရင်းတွေနဲ့လွဲခဲ့
တောင်တန်းပေါ်ကခုန်ချခဲ့
ဆံပင်တွေရှည်ခဲ့
နေ့တွေမှာ လောကကြီးအပြင်ကို ကျွန်တော်ရောက်ရောက်နေပြီး
ညတွေမှာ ကျွန်တော့်အပြင်ကို လောကကြီးရောက်ရောက်နေခဲ့
ဒီလိုရင်းပြီး ဒီလမ်းကိုဖောက်၊ ဒီလမ်းကိုလျှောက်နေတုန်း
သူတို့က ခပ်လွယ်လွယ်ဖြတ်တားတယ်။ 
ပခုံးပေါ်က ဂစ်တာဟာ သစ်ရွက်လိုကြွေသွား
ကျွန်တော်ဟာ လက်မအားလို့ လွှတ်ချလိုက်ရပေါ့
လက်တစ်ဖက်က ကဗျာရေးတယ်
လက်တစ်ဖက်က နှလုံးသားကိုဖိတယ်
ရှင်းရှင်းပြောရရင်
နှလုံးသားကိုဖိဖိပြီး ထွက်ကျလာသမျှကို ရေးတယ်

ကျွန်တော့်အကြောင်းမေမေလည်းသိနေတာပဲ
ဖုန်မှုန့်ကလေးတစ်မှုန်ကိုတောင် လေထဲလွင့်သွားမှာကြောက်နေတဲ့ကောင်။
ကြယ်တွေ မော့မော့ကြည့်ပြီး
သူရဲကောင်းတို့သမိုင်းနဲ့ မှေးအိပ်တတ်တဲ့ကောင်။
ငွေသံကြေးသံတွေမကြားချင်လို့
နားတွေ ဝေးဝေးလွှင့်ထားတတ်တဲ့ကောင်။

ခုတော့
ဂျင်းဘောင်းဘီထဲက လက်တွေကို ကျွန်တော်ကျစ်ကျစ်ဆုပ်မိတယ်
မျက်နှာပြောင်သူတွေရဲ့ကမ္ဘာမှာ ကျွန်တော့်အသွေးအသားဟာ
ကတ္တားပေါ် ပစ်တင်ခံလိုက်ရတော့
ခပ်ကိုင်းကိုင်းငုံ့နေတဲ့ ဦးခေါင်းဟာ
မျဉ်းမတ်တွေအဖြစ်ပြောင်းသွား

မယုံမရှိနဲ့ မေမေ
ဆတ်ခနဲ ချိုးပစ်လိုက်တဲ့ အညွန့်တစ်ခုဟာ
ဒိုင်းခနဲ ပြန်ထွက်လာပြီး
အောက်တန်းစားတို့ကမ္ဘာကို
အုပ်မိုးလွှမ်းခြုံပစ်တော့တာပါပဲ။

ဟိန်း

14.3.13

No comments:

Post a Comment