Friday, March 8, 2013

ဗေဒင်မေးကြည့်ခြင်း

၂၀၁၁မှာ အောင်မြင်မယ် တဲ့
ဘာတွေ အောင်မြင်မှာလဲ
အလုပ်လုပ်မယ်ဆိုရင် ကြာသပတေးနေ့ စ လုပ်ပါ တဲ့
ဘာထူးမှာမို့လို့လဲ
အလုပ်လုပ်မယ်ဆိုရင် တနင်္ဂနွေနံနဲ့စတဲ့ အလုပ်လုပ်တဲ့
အရက်ဆိုင်ဖွင့်ရမှာလား၊ အနှိပ်ခန်းဖွင့်ရမှာလား
သူရဿတီမယ်တော် စောင့်ရှောက်မယ်တဲ့
ကိုယ့်မိန်းမလောက် စိတ်မချရဘူး
ငွေရှာလို့လွယ်မယ် ပိုက်ဆံမမြဲဘူး တဲ့
မဟုတ်ပါ မဖြစ်နိုင်ပါ
တစ်ဦးတည်းဆို မဟုတ်တာမလုပ် အများနဲ့ဆို မဟုတ်တာလုပ်တယ် တဲ့
အများငဲ့နေရလို့ တစ်ယောက်တည်းကျမှ မဟုတ်တာ ပိုလုပ်တာ
ကိုယ့်ရှိတဲ့အခါ သူများကို ကျွေးချင်မွေးချင်
ကိုယ့်မရှိတဲ့အခါ ကျွေးမယ့်သူ မရှိ တဲ့
အဲ့ဒါတော့ ဟုတ်ပါတယ်
ငွေချေးခြင်း မလုပ်ရ၊ လုပ်လျှင် ဆုံးမည် တဲ့။
ချေးစရာငွေလည်းမရှိ
အသက်ကြီးရင် ဘာသာရေးလုပ်လိမ့်မယ် တဲ့
ဘာသာရေးက အသက်ကြီးမှ လုပ်စရာလား
ထီထိုးပါ တဲ့ ထီပေါက်ကိန်းရှိတယ်တဲ့ ၂အစ၄အဆုံး တဲ့
ထီထိုးဖို့ မေ့နေတတ်တယ်။
နဂါးရုံဘုရားကို ထန်းလျက်ခဲ(၁၁)ခဲ လှူရမယ် တဲ့
ပုရွက်ဆိတ်ကို အစာကျွေးခိုင်းတာလား
နှလုံးနဲ့ ပတ်သက်တဲ့ရောဂါဖြစ်မယ် အဆစ်အမြစ်ကိုက်မယ်
မျက်မှန်တပ်ရမယ် တဲ့
မျက်မှန်က တပ်နေရာတာကြာပြီ
သွေးတိုးသမား နှလုံးနဲ့ပတ်သက်တဲ့ရောဂါ မဖြစ်ဘဲနေပါ့မလား
ပြည်ပခရီးစဉ်ရှိတယ် တဲ့
ဘယ်နိုင်ငံကို သွားရမှာလဲ ရ၀မ်ဒါ ကိုလား အင်ဂိုလာ ကိုလား
ပြည်ပအဆက်အသွယ် ရနိုင်တယ် တဲ့
ဘာကိစ္စ ဆက်သွယ်ရမှာလဲ
အလုပ်လုပ်မယ်ဆိုရင် သူရဿတီမယ်တော်ကိုတိုင်တည် တဲ့
ကိုယ့်အမေတောင် အသိပေးတာ မဟုတ်ဘူး
တနင်္ဂနွေ၊သောကြာ၊စနေနံ အထူးအကျိုးပေးမယ် တဲ့
စောင့်ကြည့်ဦးမယ်
သောကြာနေ့တိုင်း ကောက်ညှင်းပေါင်းလှူပါ တဲ့
ကိုယ့်ဟာကိုယ်တောင် မကြိုက်လို့မစားတာ
ဘယ်သူ့ကို လှူရမှာလဲ
ကျန်းမာရေးအတွက်ပါ တဲ့
ကျန်းမာရေးအတွက် ဆရာဝန်နဲ့ပြနေတယ်
သစ်ပင်မခုတ်ရ၊ ခြံ မကာရ တဲ့
သစ်ပင်တစ်ပင်ခုတ် ထောင်(၃)နှစ်
တိုက်ခန်းနဲ့နေလို့ ကာစရာ ခြံလည်းမရှိ
ခေါင်းအုံးစွပ်ကို မကြာခဏ လဲပေးပါ တဲ့
ဆံပင်တွေ ကျွတ်ကျွတ်နေလို့ မကြာခဏ လဲဖြစ်ပါတယ်
ခရီးထွက်ရမယ် တဲ့
မထွက်ချင်ဘူး၊ ကျန်းမာရေးမကောင်းလို့
ဒီနှစ်ခရီးသွားမယ်ကြံပြီးမှ ရုတ်တရက် ပျက်မယ် တဲ့
ဒါပေမဲ့ ဒုတိယအကြိမ်ကျ သွားဖြစ်လိမ့်မယ် တဲ့
ဘယ်ခရီးကို သွားရမှာလဲ ကျန်းမာရေးမကောင်းတဲ့ကြားထဲ
တမလွန်ခရီးလား
ယတြာက ကြေးဖလား သေးသေးဝယ် ထောပတ်တစ်ဝက်ထည့်
"ငါ့ဆံဖျားက ခြေဖျားအထိ ရောဂါတွေ ကြေးဖလားခွက်ထဲက ထွက်ပါစေ"
ခွက်ကို ကြည့်ပြီး သုံးကြိမ်ရွတ်ရမယ် တဲ့
ခရေရွက် ၆ ရွက် ဖျာအောက်ခင်းအိပ်ရမယ် တဲ့
သောကြာနေ့ တစ်နေ့တည်း ယတြာက
ဆီးကိုင်းကို ဆူးသပ် ကန့်လန့်ထား
ခြေထောက်အောက်မှာ ထားအိပ်
နောက်နေ့မှာ အမှိုက်ပုံးတွင်ချိုးပြီးလွှင့်ပစ်
ပြီးတော့ ပါးစပ်ကနေ အသံထွက်ရွတ်
"ငါ ညံ့ နင် ခံ" တဲ့
ကောင်းလှချည်လား။     ။


လှသန်း


(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)

No comments:

Post a Comment