Thursday, April 11, 2013

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်းလှုပ်လှုပ်
မြင်းကလည်းလှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိနိုင်ပါ့မလား

ရေပြင်ရဲ့ မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကိုသနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး

ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးလ်တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘ၀ကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်

အသက်တစ်ချောင်းလုံး ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာ မြေမရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ။  


လှသန်း

No comments:

Post a Comment