Thursday, April 18, 2013

ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ်

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ စာရှုသူအဆွေမှာ ဒီကောင်ငဟိန်း ဘာတုန်းဟ လို့ ရေရွတ်မိမည်ထင့်။ သမိုင်းပညာရပ်နယ်ပယ်၌ နေလိုလလိုပင်လယ်လိုကောင်းကင်လို ထင်ရှားသည့်ဆရာကြီး ဒေါက်တာသန်းထွန်း၊ ၁၉၅၆တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၃တွင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊ ၁၉၈၈တွင် အမေရိကန်မြောက်အီလီနွိုက်နှင့် ဂျပန်မီရှီဂန်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းခဲ့သော ဒေါက်တာသန်းထွန်း၊  နိုင်ငံတွင်းတက္ကသိုလ်များတွင် နည်းပြဆရာလေးဘ၀မှ ပါမောက္ခအထိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာသန်းထွန်း နှင့် ကဗျာခံစားမှုများ၊ဆောင်းပါးများ ရေးသားအောင်မြင်ခဲ့၊ ရေးသားအောင်မြင်ဆဲဖြစ်သော ဆရာမောင်သာချို၊ စာပေဟောပြောပွဲများတွင် ပရိသတ်ရင်ကို အညှို့ငင်နိုင်ဆုံးဆရာမောင်သာချို၊ သူ၏ဆောင်းပါးများကို အက်ဖ်အမ်များမှပင် ဖတ်ပြထုတ်လွှင့်ပေးနေရာသော ဆရာမောင်သာချို၊ ပါရဂူဘွဲ့အတွက်စာတမ်းပြုစုနေသော ဆရာမောင်သာချို။ ဤသို့သော ပုဂ္ဂိုလ်ကြီးများကို ဘာကောင်မှမဟုတ်သည့် ငဟိန်းက သုံးသပ်ထည့်လိုက်ပါပြီ။ ဒေါက်တာသန်းထွန်း စာဖတ်အားနည်းတယ်၊ မောင်သာချို တုံးတယ် တဲ့။

                                                                     ♦  ♦  ♦

အလကားသုံးသပ်ချက်မဟုတ်၊ မတရားသုံးသပ်ချက်မဟုတ်ကြောင်းကိုတော့ သက်သေခိုင်လုံစွာဖြင့်ရှင်းပြချင်ပါသေးသည်။ သတင်းတစ်ပုဒ်ကို ထမင်းတစ်လုတ်လို နှစ်ခြိုက်မက်မောသော ကျွန်ုပ်ငဟိန်းသည် ၇ရက်သတင်းများ ခေါ် 7Day News ဂျာနယ်ကလေးကို အပတ်စဉ်ဝယ်ယူလှန်လှောတတ်လေ၏။ ဖေဖော်ဝါရီလ ၇ရက်နေ့စွဲဖြင့် ထုတ်ဝေသောဂျာနယ်၏တစ်နေရာတွင် ဆရာမောင်သာချိုရေးသားသည့် ဆောင်းပါးတစ်ပုဒ်ကြောင့်ပင်။ သူ့စိတ်ထဲ၌ ဆရာကြီးနှင့်ပတ်သက်၍တွယ်ငြိနေမိတာလေးတစ်ခုရှိကြောင်း၊ စာတမ်းဖတ်ပွဲတစ်ခု၌ ဆရာကြီးကို အဖွင့်မိန့်ခွန်းပြောပေးဖို့ အစီအစဉ်တင်ဆက်သူက ခေါ်ယူလိုက်ကြောင်း၊ တိုက်ပုံတွေဘာတွေနှင့် သပ်သပ်ရပ်ရပ်ဝတ်စားလာသောဆရာကြီးကလည်း စကားပြောခွက်ရှိရာသို့ လျှောက်လာခဲ့ကြောင်း၊ ပြီးတော့ မိန့်ခွန်းပြောကြောင်း၊ မိန့်ခွန်းမှာ နှစ်လုံးတည်းဖြစ်ကြောင်း၊ "စ,တော့"...တဲ့ ဖြစ်ကြောင်း၊ ဤနှယ်ရေးပြထားသည်။ ဆက်၍ ဆရာမောင်သာချိုက ဆရာကြီးထိုသို့အတိုဆုံးပြောချလိုက်သည်မှာ အချိန်ကို တန်ဖိုးထား၍ဖြစ်ကြောင်း၊ သူတစ်ပါးအချိန်ကို အကြောင်းမဲ့မဖြုန်းတီးလိုကြောင်း စသဖြင့် ဆက်၍ဆက်၍တွေးပြရေးပြသွားလေ၏။ ဖတ်ရင်းတန်းလန်းဤနေရာအရောက်တွင် ကျွန်ုပ်ငဟိန်းမှာ "တုံးလိုက်တဲ့ဆရာချိုရယ်"ဟု ကရုဏာဒေါသောဖြင့် မြည်တမ်းမိပါလေသည်။

ဟုတ်ပါသည်။ ခွင့်ပြုမိန့်ရရန်ခက်ခဲသော ကျွန်ုပ်ငဟိန်းတို့မြို့ကလေးတွင် မဝေးသောကာလတစ်ခုဆီက စာပေဟောပြောပွဲကြီးတစ်ခု ကျင်းပလေ၏။ စာနှင့်ပေနှင့် ပတ်သက်လျှင် အမြီးကလေးနှန့်ကာနှန့်ကာ ပြေးပြေးကြည့်တတ်သော ကျွန်ုပ်အတွက် အကွက်ကောင်းပင်။ ဟောပြောမည့်ဆရာတွေက မိုးလေ၀သဦးထွန်းလွင်၊ ဆရာဝန်စာရေးဆရာမ ဂျူး၊ နာရေးကူညီမှုအသင်းဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်။ ကြိုက်ပြီ။ နယ်ပယ်စုံ၊ကဏ္ဍစုံမှ အကြောင်းအရာမျိုးစုံကို ဟောပြောမည့်ဆရာ၊ဆရာမတွေ။ ဟောပြောပွဲစတင်မည့်အချိန်က နေ့လည် ၁ နာရီ။ ဒါက ရာသီဥတုအေးသောတောင်ပေါ်မြို့ကလေးဖြစ်သည့်အတွက် ဆရာ၊ဆရာမများကို၊ ပရိတ်သတ်များကို ညှာတာသည့်သဘော။ ဒီရာသီဆို မြို့ကလေးမှာက နေရောင်ပျောက်လျှင် အတော်အေးပြီ။ ၀ီရိယလွန်နေသော ကျွန်ုပ်ငဟိန်းမှာ ၁၂း၄၅ တွင် ခန်းမထဲရောက်နှင့်ပြီ။ စာအုပ်ကို ဖွင့်ထားပြီ။ ဘောပင်ကို ကိုင်ထားပြီ။ နားထောင်ရုံမက ရေး၍မှတ်သားဦးမည်လေ။ ဤသို့ဖြင့် ၁း၁၅ ခန့်တွင် အစီအစဉ်ကြေညာသူက အိပ်ချင်မူးတူးသံဖြင့် ကြေညာပြီ။"အခမ်းအနားအစီအစဉ် ၁ အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး အခမ်းအနားအစီအစဉ်များကို ဖတ်ကြားပေးသွားမှာပါရှင်" ....

အစီအစဉ်များကို ကြေညာအပြီး အစီအစဉ် ၂ အရ ပုဂ္ဂိုလ်တစ်ဦးစင်ပေါ်တက်လာသည်။ ရွှေကြယ်သီးနှင့် နံ့သာရောင်တိုက်ပုံနှင့်၊ ပိုးပုဆိုးတရွတ်ဆွဲနှင့် ကတ္တီပါဖိနပ်နှင့်။ သူ့ခမျာ အကယ်ဒမီပွဲနှင့်မှား၍ လာသည်ထင့်။ ပွဲစီစဉ်သူတစ်ဦးဟု သူ့ကိုယ်သူ မိတ်ဆက်၏။ မှာတမ်းစခြွေပြီ။

"ဟောဒီတောင်ပေါ်မြို့လေးဟာ အနုပညာအရာမှာ သွေးကြောင်ခဲ့တဲ့မြို့လေးမဟုတ်ပါဘူး။ ဟောဒီ ပေသုံးထောင်ကျော်ပေါ်မှာလည်း အနုပညာကို ချစ်တဲ့နှလုံးသားတွေ အများကြီးပါ။ ဟောဒီလို နှလုံးသားတွေကြောင့် ဟောဒီလိုပွဲကြီးကျင်းပနိုင်တာပါ။ ကျွန်တော်ဖတ်ဖူးတာတစ်ခုရှိပါတယ်။ စာပေဟောပြောပွဲဆိုတာ နားနဲ့စာဖတ်ခြင်းပါ တဲ့။ ဟောဒီလို ဦးနှောက်တွေ၊ ဟောဒီလိုနှလုံးသားတွေကို ပိုမိုဖွံ့ဖြိုးစေဖို့ စာပေဟောပြောပွဲတွေ နားထောင်သင့်ပါတယ်။ စာအုပ်တွေဖတ်သင့်ပါတယ်။ ခုနပြောတဲ့စကားဆို ကျွန်တော်ကိုယ်တိုင်ဖတ်ရှုလေ့လာထားတဲ့စကားပါ။ ဟောဒီလို စာအုပ်တွေကို များများဖတ်ရှုခြင်းရဲ့ အကျိုးကြောင့်လည်း ကျွန်တော်ဟောဒီနေရာမှာ စကားပြောဆိုနေနိုင်တာပါ။ ......... .......... ....."

အနှီသို့ဖြင့် ဟောဒီလို ပေါင်းမြောက်များစွာကို တွင်တွင်သုံးကာ စာအုပ်တွေသူဘယ်လောက်ဖတ်ထားကြောင်းပြောလေ၏။ ဆရာမောင်သာချို့ဆောင်းပါးထဲမှ ဆရာကြီးဒေါက်တာသန်းထွန်းခမျာမှာတော့ စာဖတ်အားနည်းသဖြင့် ပြောစရာစကားမရှိရှာ။ စ,တော့ ... တဲ့။ ဆရာမောင်သာချိုခမျာမှာလည်း ဆရာကြီးဒေါက်တာသန်းထွန်းစာဖတ်အားနည်းကြောင်းမသိရှာ။ တုံးလှပေ၏။ ထိုပုဂ္ဂိုလ်၏ အဖွင့်အမှာစကားအဆုံးတွင် နာရီခြေလှမ်းများမှာ ၂နာရီရောက်လုပြီ။ ဟောပြောမည့် ဒေါ်သန်းမြင့်အောင်မှာ "ဟောဒီလို" အလုံးပေါင်းများစွာကို တရားသဘောဖြင့် လိုက်မှတ်နေသည်ထင့်။ ခေါင်းငိုက်စိုက်ကျလျက်။

အစီအစဉ် ၃ အရ စာပေဟောပြောပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ။

"ကျွန်တော်တို့က ၀ါသနာကိုအရင်းခံပြီးဒီပွဲကိုဖြစ်အောင်လုပ်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း စာတွေအများကြီးဖတ်ပါတယ်။ ဘ၀အဆင်ပြေဖို့အတွက်သာ စာပေကို စွန့်လွှတ်ခဲ့ရတာ။ အမှန်က ကျွန်တော်က စာပေလောကထဲ ခြေစုံပစ်ဝင်ချင်တာ။ စာပေကို သိပ်မြတ်နိုးတာ။ မြတ်နိုးဆို အဖေကလည်း အားပေးတာကိုး။ ကျွန်တော့်အိမ်မှာဆို ငယ်ငယ်က ဖတ်ခဲ့တဲ့ တေဇတို့၊ မိုးသောက်ပန်းတို့၊ ရွှေသွေးတို့ တစ်ပုံကြီး။ နည်းနည်းကြီးလာတော့ သိုင်းဝတ္ထုတွေပေါ့။ သိပ်စိတ်ကူးယဉ်လို့ကောင်းတာ။ မင်းသားနဲ့ရန်သူအယောက် ၃၀ဆယ်နဲ့ ချတာ ပထမမနိုင်ဘူးရယ်။ နောက်မှ မင်းသားက သူ့ဆရာ အနှစ်တစ်ထောင်ဘိုးဘိုးကြီးသင်ပေးထားတဲ့ မဟူရာရေခဲလက်ဝါးသိုင်း ထုတ်သုံးလိုက်တာ အားလုံးသေရော။ အဲ့လိုမျိုးပေါ့။ စာဖတ်တာများတော့ ဇာတ်လမ်းထဲကို ကိုယ်တိုင်ဝင်ခံစားလို့ရလာတာ။ ဦးနှောက်လည်း အငြိမ်မနေရတော့ ဥာဏ်တွေပိုကောင်းလာတာပေါ့။ ခင်ဗျားတို့လည်း စာများများဖတ်စေချင်တယ်ဗှာ။ လူတွေစာဖတ်အားတက်လာဖို့ ဒီပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ်ကွ ဆိုတဲ့စိတ်နဲ့ ..... .......... ........... "

သူ့အမှာစကားပြီးတော့ အချိန်အတော်လင့်ပြီ။ မိုးလေ၀သဦးထွန်းလွင်မှာ သူ့ရှေ့ပြတင်းပေါက်မှ ကျနေသောနေရောင်ကိုသာစိုက်ကြည့်နေ၏။ လက်မှ နာရီကို မြှောက်ကြည့်ရမှာ အားနာနေ၍ အရိပ်ကျနေပုံဖြင့် အချိန်ကို ခန့်မှန်းနေဟန်။ ဖြစ်မြောက်ရေးဥက္ကဋ္ဌကြီးကတော့ ပြုံးတုံးပြုံးတုံးဖြင့် ဆင်းသွားချေပြီ။ သိုင်းဝတ္ထုတို့အကြောင်း အကျယ်တ၀င့်ကိုးကား၍ စာဖတ်အားကောင်းကြောင်းပြခဲ့လေပြီ။ စာဖတ်အားနည်းသူကြီး ဒေါက်တာသန်းထွန်းကို ခေါ်ပြချင်ပါဘိ။ စ,တော့ ... ဟုဆိုခဲ့သဖြင့် လေးစားသွားသော ဆရာမောင်သာချိုကို ခေါ်ပြချင်ပါဘိ။

အစီအစဉ် ၄ အရ .. မြို့ခံစာရေးဆရာကြီး၏ ရင်တွင်းပီတိစကား ။ သူကလည်း ရှေ့က ပုဂ္ဂိုလ်များခြေရာ ထပ်တူနင်းနိုင်၏။ မြန်မာစာပေသမိုင်းကို ပုဂံခေတ်ထံ ပြန်ကောက်လိုက်ရာ ဆရာမဂျူးမှာ မျက်နှာမကောင်းတော့။ ပုဂံခေတ်ပြီးလျှင် အင်းဝ၊ ပြီးတော့ တောင်ငူ ... စသဖြင့် ခေတ်တို့ကို စိတ်တွက်ဖြင့်ရေနေပုံရ၏။ မျက်လုံးတို့မှာ ဝေသီလျက်။ စာရေးဆရာကြီး၏ ၀မ်းသာစကားကြီးနိဂုံးချုပ်တော့ ၂နာရီခွဲကျော်လေပြီ။ ဤသို့ ဖြင့် မြို့ကလေး၏ ရှားရှားပါးပါးစာပေဟောပြောပွဲကလေးသည် ......................... ။

                                                                         ♦  ♦  ♦

မဝေးလှသော နေ့ရက်များဆီသို့ လွင့်ထွက်သွားသောစိတ်သည် မျက်စိရှေ့ရှိဂျာနယ်ပေါ်သို့ ဖျတ်ခနဲပြန်ရောက်လာလေသည်။ "စ,တော့" ဟူသော အမှာစကားကို တိုတိုပြောခဲ့သည့် ဆရာကြီးဒေါက်တာသန်းထွန်း၊ ထိုသို့ပြောကြားခဲ့မှုကို စိတ်အစဉ်တွင် လေးစားတွယ်ငြိနေမိသည့် ဆရာမောင်သာချိုတို့ကို ကျွန်ုပ်ငဟိန်းက သနားလိုက်ပါဘိချေသည်တကား။



ဟိန်း

15.2.13

1 comment:

  1. ကောင်းတယ်ဗျာ ။
    ဟုတ်လည်းဟုတ်တယ် ။ ဒီလိုပွဲကိစ္စတွေမှာ မလိုအပ်ပဲရှည်လျားထွေပြားနေတာ အတော်စိတ်ပျက်မိတယ် ။
    ဒီလိုသရော်ပေးမယ့်သူတွေလည်းရှိဦးပါမှပဲ ။ ကာယကံရှင်တွေသိပါစေဗျား ။

    ReplyDelete