Wednesday, May 15, 2013

တစ်လောကလုံးရယ်ချင်ရယ်ကြလည်း၊ သမီးကတော့ ငို


သမီးရေ ... ။
"နားပါရယ်ချင် .. နား"ဆိုတဲ့ တစ်ခါတစ်ခါမှ ကြားရတတ်တဲ့အသံကလေးကို အမှတ်မထင်ဘဲ ဖေဖေကြားလိုက်ရတော့ ကိုယ့်စာရေးစားပွဲခုံကလေးမှာကိုယ် စာရေးနေရာက နည်းနည်းကလေး တန့်သွားမိတာကတော့ အမှန်ပါပဲသမီးရေ ..။ ပြီးတော့ ဘောလ်ပင်ကို လက်မှာကိုင်ထားရင်း ရေးလက်စ စာကို ခဏဖြတ်ထား၊ ရပ်ထားရင်းကနေ လမ်းမဘက်ကို လှမ်းကြည့်လိုက်မိတာကလည်း အမှန်ပါပဲ။ သည်တော့လည်း ဟထားတဲ့ တရုတ်ကတ်မှန်ချပ်တွေကြားကနေ ဖေဖေလှမ်းတွေ့လိုက်ရတာက ဟိုသားအမိနှစ်ယောက်ပဲလေ။
လောကဓံသားအမိ။ လောကဓံသားအမိ။ ထုံးစံအတိုင်း ငါးဗန်းကိုခေါင်းမှာရွက်လို့။ ကလေးကို ခါးမှာ ခါးထစ်ခွင်လို့။ လမ်းပေါ်မှာ တရွေ့ရွေ့လျှောက်နေတဲ့ သည်သားအမိကိုကြည့်ရင်း ဖေဖေ့ဘာသာဖေဖေ တိတ်တခိုးပေးထားတဲ့ လောကဓံသားအမိဆိုတဲ့ နာမည်ကလေးကို အမှတ်ရမိကာ သက်ပြင်းချမိပါရဲ့ သမီးရယ်။ သမီးသာ အိမ်မှာရှိနေခဲ့ရင် သားအဖနှစ်ယောက်တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိကြဦးမှာ။ ခုတော့.. သမီးကကျောင်းသွားနေလို့သာပဲပေါ့။
"နားပါရယ်ချင် .. နား"ဆိုတဲ့ အော်သံနဲ့အတူ လောကဓံသားအမိနှစ်ယောက်ကို
ဖေဖေတို့အိမ်ရှေ့လမ်းများပေါ်ကနေ ဖြတ်ကာဖြတ်ကာသွားနေခဲ့တာကဖြင့် ဘယ်အချိန်ဘယ်ကာလက စလို့လဲဆိုတာကိုတော့ မပြောတတ်နိုင်ဘူးသမီးရယ်။ ဒါပေမယ့် ဖေဖေ စပြီး သတိထားမိခဲ့တာကတော့ ဖေဖေ့စိတ်ထင် သုံးလေးလလောက်ပဲ ရှိပါလိမ့်ဦးမယ်။
သူ့"နားပါရယ်ချင် .. နား"က နေ့တိုင်းလည်း မဟုတ်ဘူးသမီးရဲ့၊ ငါးရက်မှတစ်ခါ၊ ဆယ်ရက်မှတစ်ခါ၊ တစ်ခါတစ်ခါကျပြန်တော့ မေ့လောက်ပြီဆိုမှ ပေါ်ပေါ်လာတတ်ပြန်ရဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ.. သည် သားအမိနှစ်ယောက်ကို အခြေခံပြီးတော့မှ သမီးကိုပြောပြစရာတွေက ရှိလာခဲ့ရတာပဲ မဟုတ်လား။

သမီးကို ပြောပြချင်စရာအကြောင်းတွေ ရှိလာခဲ့တဲ့နေ့တုန်းကလည်း အဲသည့် လောကဓံသားအမိဟာ "နားပါရယ်ချင် .. နား"ဆိုတဲ့ အသံနဲ့အတူ ဖေဖေတို့လမ်းကို ၀င်လာခဲ့တာပါပဲ။ နေကြာပွင့်တွေတောင် ဘယ်ဘက်ကို လှည့်ပွင့်ရမှန်းမသိတတ်နိုင်အောင် ပူတဲ့ နေပူကျဲကျဲရဲ့အောက်မှာ အမေလုပ်တဲ့လူက ငါးဗန်းကို ခေါင်းမှာရွက်လို့။ လေးငါးခြောက်လသားအရွယ် ကလေးလေးကို ခါးမှာ ခါးထစ်ခွင်လို့။ နှုတ်ခမ်းဟက်တက်ကွဲနေတဲ့ အမေခမျာ"ငါးပါတယ်ရှင်..ငါး"ဆိုတာကိုတောင် ပီပီသသမအော်နိုင်ရှာပါဘူး။ နှာသံကတစ်ဝက်၊ လည်ချောင်းအက်ကွဲနေတဲ့အသံကတစ်ဝက်နဲ့ "နားပါရယ်ချင်"မှာ တစ်ဖြတ်ရပ်ထားလိုက်ပြီး "နား"လို့ သံရှည်ဆွဲအော်လိုက်တဲ့အသံဟာ အမင်္ဂလာတေးသွားတစ်ပုဒ်ကို ကြားလိုက်ရသလို ကြက်သီးထချင်စရာပါ သမီးရယ်။ သူ့ခမျာ မျက်လုံးတစ်ဖက်ကလည်း ဟောက်ပက်ကြီးနဲ့။ မျက်သားတွေက နီရဲလို့။ သည် ချောင်းငါး၊ မြောင်းငါးကလေးတွေဟာ ကိုယ်တိုင်ရှာလာတာလား၊ ယောက်ျားလုပ်တဲ့လူကပဲ ရှာပေးလိုက်တာလား။ သူများဟာကိုပဲ ယူရောင်းတာလား။ ဒါကတော့ မသိနိုင်ဘူးပေါ့ သမီးရယ် ...။
အဲသည့်နေ့တုန်းက သမီးတို့ ကျောင်းပိတ်ထားတဲ့နေ့ သမီးရဲ့။ ဖေဖေစာရေးနေတဲ့စားပွဲနဲ့ မလှမ်းမကမ်းက လှေကားထစ်တွေပေါ်မှာ သမီးရယ်၊ သမီးသူငယ်ချင်းသုံးလေးယောက်ရယ်က ကစားစရာမျိုးစုံနဲ့ ကစားလို့။

"နားပါရယ်ချင်..နား"ဆိုတဲ့ အသံနဲ့အတူ အဲသည့်လောကဓံသားအမိတို့ အိမ်ရှေ့ကနေ ဖြတ်သွားကြတော့ ဖေဖေ့လိုပဲ သမီးတို့သူငယ်ချင်းတစ်စုလည်း လှမ်းကြည့်နေလိုက်ကြတာကို ဖေဖေကသတိပြုမိပါတယ်။ အထူးသဖြင့် သတိပြုမိတာကတော့ သမီးသူငယ်ချင်းတွေရဲ့ ပြုံးစိစိမျက်နှာတွေလေ။ သည်တုန်းက သူတို့လေးတွေရဲ့ မျက်နှာပေါ်က ပြုံးစိစိအမူအရာတွေတောင်မှ ပျက်ပြယ်မသွားတတ်သေးဘူး။ ဟိုသားအမိခမျာမှာ အကုသိုလ်ဝင်ခဲ့ပြီပေါ့။ ခြေခေါက်ပြီး လဲကျသွားဟန်တူပါရဲ့၊ လင်ပန်းတခြား လူတခြား။
ဖေဖေ့စိတ်ထဲမှာ ထိတ်ခနဲဖြစ်သွားမိရင်းက သမီးတို့ရှိရာကို အလန့်တကြား လှမ်းကြည့်မိလိုက်တော့ သမီးသူငယ်ချင်းတွေက တခွိခွိနဲ့ရယ်လို့။ ဘုရား .. ဘုရား .. ကံကြီးပေလို့၊ သည်တခွိခွိနဲ့ရယ်နေတဲ့သူတွေထဲမှာ ဖေဖေ့သမီးမပါတာပါလား။ သမီးကလေ လဲကျသွားတဲ့သားအမိဆီကို လှမ်းကြည့်ပြီး မျက်နှာကလေးညှိုးလို့။ ဖေဖေ အားရလိုက်တာ။ သမီး အဲသည့်လိုမျက်နှာညှိုးသွားတာမျိုးကို ဖေဖေ လိုချင်တာ၊ ကြိုက်တာ။ သူများတွေ တခွိခွိရယ်ချင်ရယ် မရယ်ချင်နေ။

သမီးရယ် .. နှုတ်ခမ်းကလေးကွဲနေရှာတဲ့ မိန်းမတစ်ယောက်။ မျက်စိတစ်ဖက်လပ်နေရှာတဲ့ မိန်းမတစ်ယောက်။ ကလေးကို ခါးထစ်ခွင်ချီထားရင်းက ငါးဗန်းကို ခေါင်းပေါ်ရွက်ကာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်ရောင်းနေရှာတဲ့ မိန်းမတစ်ယောက်။ အဲသည့် မိန်းမတစ်ယောက်က "နားပါရယ်ချင် .. နား"လို့ လူစဉ်မမီတဲ့အသံနဲ့ ဆို့အစ်အစ်အော်ရင်းက လမ်းပေါ်မှာ ခြေချော်ပြီးလဲကျသွားတဲ့ မြင်ကွင်းဟာ တခွိခွိနဲ့ ရယ်ဖို့ကောင်းတဲ့မြင်ကွင်းလား၊ စုတ်တသပ်သပ်နဲ့ ကရုဏာသက်ဖို့ကောင်းတို့ မြင်ကွင်းလားဆိုတာ လောကကြီးကို
ဖေဖေ မေးစမ်းချင်လှတယ်။ လူတွေ .. လူတွေ ၊ ခံစားမှုစံနှုန်းတွေက လွဲချော်နေလိုက်ကြတာလေ။
သမီးရေ .. အများစုကြီးရဲ့ဘ၀တွေ ကောင်းမွန်လှပလာရေးအတွက်၊ ကမ္ဘာလောကကြိးရဲ့ အကျိုးစီးပွားတွေ ပိုမိုထွန်းကားလာရေးအတွက်၊ ကိုယ့်ပုဂ္ဂိလက ဘ၀ကို အပွန်းအပဲ့ခံ၊ ကိုယ့်မိသားစုကို ဖရိုဖရဲအဖြစ်ခံ၊ ကိုယ့်ဥစ္စာစီးပွားကို ချွတ်ခြုံကျခံပြီး ကိုယ်ကျိုးစွန့်သွားတဲ့သူတွေကို ဖေဖေတို့ ပတ်ဝန်းကျင်မှာ တွေ့ဖူးခဲ့ကြတယ်။ အဲသည့်လိုလူတွေကို ကြည့်ပြီး အလကားဟာတွေပါဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ရွံရှာစက်ဆုပ်အော့နှလုံးနာသလို လုပ်သွားတဲ့သူတွေကိုလည်း ဖေဖေတို့တွေ့ဖူးကြတယ်။ သမီးဆိုရင်ရော ဘယ်လို ဘာသာပြန်ဆိုမှာပါလိမ့်။ စက်ဆုပ်ခြင်းတွေနဲ့ ဦးခေါင်းကို ယမ်းခါပစ်လိုက်မှာလား။ လေးစားခြင်းတွေနဲ့ ဦးခေါင်းကို ငုံ့ညွတ်လိုက်မှာလား။

သမီးရေ .. ဘယ်အရပ်မှာ မိုးခေါင်ခေါင် ငါ့ယာခင်းပေါ်မှာကတော့ မိုးလေ၀သအောင်ရမယ်ဆိုတဲ့စိတ်နဲ့ စောင့်စည်းအပ်တဲ့သီလ တာရိုးကြီးတွေ အကျိုးအပေါက်ခံ၊ တည်ဆောက်အပ်တဲ့ ကိုယ်ကျင့်တရား ကျောက်ဆောင်ကြီးတွေ အပြိုအလဲခံ၊ ကာဆီးထားအပ်တဲ့ အယူအဆ ခံတပ်ကြီးတွေအကျအဆုံးခ့ကာ သွားကြားမှာ အသားစ အမြဲညပ်နေတဲ့ သူတွေကို ဖေဖေတို့ပတ်ဝန်းကျင်မှာ မြင်ဖူးခဲ့ကြတယ်။ အဲသည့်လို လူတွေကိုကြည့်ပြီး အားကျလိုက်တာဆိုတဲ့ အဓိပ္ပါယ်နဲ့ ပါးစပ်အဟောင်းသား၊ မျက်လုံးအ၀ိုင်းသား ဖြစ်သွားသူတွေကိုလည်း ဖေဖေတို့ တွေ့ဖူးကြတယ်။ သမီးဆိုရင်ရော၊ ဘယ်လိုအမှားအမှန် ရွေးချယ်မှာပါလိမ့်။ အားကျတဲ့စိတ်နဲ့ ငေးမျှော်နေမှာလား၊ ရွံရှာတဲ့စိတ်နဲ့ ကျောခိုင်းပစ်ခဲ့မှာလား။
သမီးရယ်၊ ဖေဖေလေ ဖေဖေ့သမီးတစ်ယောက် လောကအပေါ် ရှုမြင်သုံးသပ်ပုံ၊ နားလည်ခံစားပုံတွေ လွဲချော်နေမှာကို စိုးရိမ်မိလိုက်တာ။

သမီးရေ...။
လူတစ်ယောက်ပဲဖြစ်ဖြစ်၊ လူမျိုးတစ်မျိုးပဲဖြစ်ဖြစ် အဲသည့်လူ၊ အဲသည့်လူမျိုးဟာ သနားစရာတွေကို သနားတတ်ဖို့၊ စက်ဆုပ်စရာတွေကို စက်ဆုပ်တတ်ဖို့၊ လေးစားစရာတွေကို လေးစားတတ်ဖို့၊ ရယ်မောစရာတွေကို ရယ်မောတတ်ဖို့၊ လိုအပ်လိမ့်မယ်လို့ အလေးအနက်ကိုပဲ ဖေဖေယုံကြည်နေမိတယ်။ သည်လိုမှ မဟုတ်ဘဲ သနားကရုဏာသက်စရာကို ဟားတိုက်ရယ်မောနေခဲ့ကြပြီဆိုရင်၊ လေးစားစရာကို နှာခေါင်းရှုံ့စက်ဆုပ်နေကြပြီဆိုရင်၊ ရွံမုန်းစရာကို အထင်ကြီးမြတ်နိုးနေကြပြီဆိုရင် မစဉ်းစားဝံ့အောင်ပါလား သမီးရယ်။ ဒါ့ကြောင့်လည်း ငယ်ငယ်လေးကတည်းက ဖေဖေ့သမီးကို ကဗျာလေးတွေ၊ သီချင်းလေးတွေ၊ ပုံပြင်လေးတွေ၊ ကာတွန်းရုပ်ရှင်လေးတွေနဲ့ ဖေဖေက တည့်မတ်ခဲ့ရတာပေါ့။
အဲသည့်နေတုန်းကလည်း ကြည့်။

မိန်းမတစ်ယောက်က နှုတ်ခမ်းဟက်တက်ကွဲလို့၊ မျက်စိတစ်လုံးက လပ်ဟာလို့၊ လသားကလေးကို ခါးထစ်ခွင်လို့၊ ငါးဗန်းကို ခေါင်းမှာရွက်လို့။ မပီမသ မမြည်လှတဲ့အသံနဲ့ အော်လို့။ လမ်းပေါ်မှာ ခြေခေါက်ကာချော်လဲလို့။ ဒါကို မြင်တဲ့ သမီးရဲ့ကစားဖော်တွေကလည်း တခွိခွိရယ်လို့။ ဖေဖေ့သမီးကတော့လေ မျက်နှာညှိုးညှိုးကလေးနဲ့ ငါးသည်သားအမိကို လှမ်းကြည့်လို့နေခဲ့ပါရဲ့။
"နားပါရယ်ချင် .. နား"ဆိုတာဟာ ရယ်စရာလား သမီးရယ်။ ဒုက္ခိတ သားအမိ လမ်းပေါ်မှာ ချော်လဲတာကရော ရယ်စရာတဲ့လား။ အင်းလေ .. ရယ်မောကြစမ်းပါစေ။ သမီးရဲ့ ကစားဖော်တွေသာမက တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်လောကလုံး ရယ်ချင်သလောက် ရယ်ကြစမ်းပါစေ။ သမီးကတော့ မျက်နှာညိုရမယ်လေ။ ပြီးတော့လည်း ငိုချင်ငိုရလေမပေါ့။ ငိုပါသမီးရယ် ငိုပါ။ ငိုချင်စရာကောင်းတဲ့အဖြစ်ကို ငိုတတ်တဲ့လူတွေရှိနေသမျှ ဖေဖေတို့လောက မပျက်စီးသွားသေးပါဘူးလို့ ဖေဖေယုံကြည်နေမိပါတယ်။

မောင်သာချို

(မြားနတ်မောင်၊ သြဂုတ် ၁၉၉၈)

No comments:

Post a Comment