Wednesday, May 29, 2013
ယဉ်ကျေးမှု အရောင်းအ၀ယ်
စကားပြောရင် ပွင့်ပွင့်လင်းလင်းပြော
မြစ်တစ်မြစ်လို မိန်းမတစ်ယောက်လို
ကော်မာတွေ ဖူးစတော့တွေ ခံမနေနဲ့။
‘‘ငြိမ်းချမ်းရေးကတော့ ဂိုး စသွင်းနေပြီ’’
ဒါ ငါပြောတာမဟုတ်ပါဘူး
ကလေးတွေကြည့်တဲ့ ကာတွန့်ကားထဲကပြောတာ။
ကလေးတွေက လေးနက်နေပြီး
လူကြီးတွေကတော့ ပေါ့ပေါ့ပါးပါးပဲ။
ဂေါ့ဖ်သီးလေးရိုက်လိုက် ဂလိုက်တာလေးစီးလိုက်
အာကာသခရီးစဉ်လေးသွားဖို့ ငွေသွားသွင်းလိုက်
ဘီယာလေးသောက်လိုက် ဟိုညအကြောင်းလေး ပြန်တွေးလိုက်
မနက်ဖြန် ဘယ်သူ့အသိုက်ထဲ ၀င်အုလိုက်ရမလဲ တွေးခေါ်လိုက်
တစ်ခါစားရင် လိုက်ပွဲတွေမနိုင်မနင်းနဲ့။
‘‘လေ ဘယ်လောက်တိုက်တိုက်
တောင်တွေကတော့ ဘယ်တော့မှ ဦးမညွတ်ဘူး’’
ဒါလည်း ကလေးတွေရဲ့ အခွေလေးထဲက ထွက်ကျလာတာ။
အိမ်က မိန်းမကွာ
သမီးကလေးများ အစာစားလို့ ပလပ်ပလပ်မြည်ခဲ့ရင်
ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အောက်တန်းကျခဲ့သလိုအော်ဟစ်
ငါကတော့ တစ်ခွန်းတည်းပြောတယ်
ဂုဏ်သရေရှိတွေရှေ့မှာ
စားပွဲဝိုင်းပေါ်က ဗယာကြော်တစ်ခုကို
ဆတ်ကနဲ ကောက်ယူပြီးစားပစ်လိုက်တာ
ငါတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပေါ့လို့
သူ ငါတို့တစ်မျိုးသားလုံးရဲ့ လွတ်လပ်ရေးကို ယူပေးခဲ့တာမဟုတ်လား။
ယဉ်ကျေးတယ်ဆိုတာ ဘာလဲ
ဟော့ဟို ခန်းဆီးလိုက်ကာနောက်က တခစ်ခစ်ရယ်သံနဲ့
လက်ကလေးကာ သွားကြားထိုးနေတဲ့ ငနဲတစ်ကောင်ရဲ့ အိနြေ္ဒရနေမှုလား။
ဂေါ့ဖ်ကွင်းထဲ တကောက်ကောက်လျှောက်လိုက်ပြီး
လာဘ်ပေးလာဘ်ယူ သင်ယူနေတဲ့ ခွေးစုတ်ဖွားလေးတစ်ကောင်လား။
ယဉ်ကျေးတယ်ဆိုတာ ဘာလဲ
မေးခွန်းတွေကတော့ အများကြီးပဲ အဖြေကသာ မရှိတာ။
တကယ်တော့
လူကြီးတွေက ကလေးတွေလိုနေကြပြီး
ကလေးတွေက လူကြီးတွေလိုနေကြရင် ကမ္ဘာကြီး အတိအကျသာယာမှာ။ ။
ခရမ်းပြာထက်လူ
March,2013 ပင်းယ မဂ္ဂဇင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment